လေ့လာရန် ဆောင်းပါး ၆
ယေဟောဝါဘုရားရဲ့ လုပ်ဆောင်ပုံနည်းလမ်းတွေကို ယုံကြည်စိတ်ချသလား
“ဘုရားသခင်ဟာ ကျောက်ဆောင်ပဲ။ လုပ်ဆောင်သမျှ ပြီးပြည့်စုံတယ်။ နည်းလမ်းတော်တွေ တရားမျှတတယ်။ သစ္စာရှိတဲ့ဘုရား၊ မတရားမှုကင်းတဲ့ဘုရား၊ ဖြောင့်မတ်၊ မှန်ကန်တဲ့ဘုရားပဲ။”—တရား. ၃၂:၄။
သီချင်း ၃ တို့မျှော်လင့်ကိုးစားရာ
အကြိုသုံးသပ်ချက်a
၁-၂။ (က) အခွင့်အာဏာ ရှိသူတွေကို လူတွေ ဘာကြောင့် သိပ်မယုံကြတာလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
ဒီနေ့ခေတ်မှာ အခွင့်အာဏာ ရှိသူတွေကို လူတွေ သိပ်မယုံကြတော့ဘူး။ အစိုးရတွေ၊ တရားရေး စနစ်တွေက သူဌေးတွေ၊ ဩဇာအာဏာ ရှိသူတွေကို မျက်နှာသာပေးပြီး ဆင်းရဲသားတွေကိုတော့ မကာကွယ်ပေးဘူး။ “လူလူချင်း အုပ်ချုပ်တာဟာ ထိခိုက်နစ်နာစရာတွေပဲ ဖြစ်စေ” တယ်လို့ ကျမ်းစာ ပြောတာ သိပ်မှန်တယ်။ (ဒေ. ၈:၉) ဘာသာရေး ခေါင်းဆောင်တချို့လည်း အကျင့်မကောင်းလို့ လူတချို့ ဘုရားကို အယုံအကြည် မဲ့လာကြတယ်။ ဒါကြောင့် ယေဟောဝါနဲ့ ဘုရားရဲ့ မြေကြီးကိုယ်စားလှယ်တွေကို ယုံကြည်စိတ်ချလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးဖို့ လိုတယ်။
၂ ကျမ်းစာသင်သားတွေပဲ ယေဟောဝါနဲ့ အဖွဲ့အစည်းကို ယုံကြည်ကိုးစားဖို့ လိုတာ မဟုတ်ဘူး။ အမှန်တရားထဲ နှစ်ပေါင်းများစွာ ရှိနေသူတွေတောင် ယေဟောဝါရဲ့ နည်းလမ်းတွေ အမြဲ အကောင်းဆုံး ဖြစ်တယ်ဆိုတာ ယုံကြည်စိတ်ချနေဖို့ လိုတယ်။ တစ်ခါတလေ အဲဒီယုံကြည်စိတ်ချမှုကို စမ်းသပ်တဲ့ အခြေအနေတွေ ပေါ်လာနိုင်တယ်။ အခြေအနေ သုံးခုကို ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်– (၁) ကျမ်းစာ မှတ်တမ်းတချို့ ဖတ်တဲ့အခါ၊ (၂) ယေဟောဝါရဲ့ အဖွဲ့အစည်းကနေ လမ်းညွှန်မှု ရတဲ့အခါ၊ (၃) အနာဂတ်မှာ အခက်အခဲတွေ ကြုံရတဲ့အခါ။
ကျမ်းစာ ဖတ်တဲ့အခါ ယေဟောဝါကို ယုံကြည်ကိုးစားပါ
၃။ ကျမ်းစာမှတ်တမ်းတချို့က ယေဟောဝါအပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှုကို ဘယ်လို စမ်းသပ်မှု ဖြစ်စေနိုင်သလဲ။
၃ ကျမ်းစာ ဖတ်တဲ့အခါ လူတချို့နဲ့ ယေဟောဝါ ဆက်ဆံပုံ၊ ဆုံးဖြတ်ချက်တချို့ ချပုံကို နားမလည်ဘဲ ဖြစ်မိနိုင်တယ်။ ဥပမာ၊ ဥပုသ်နေ့မှာ ထင်းခွေတဲ့ အစ္စရေး တစ်ယောက်ကို ယေဟောဝါ သေဒဏ်စီရင်တဲ့အကြောင်း တောလည်ရာကျမ်းမှာ ဖတ်ရတယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ရှမွေလ ဒုတိယစောင်မှာတော့ အိမ်ထောင်ရေး ဖောက်ပြန်ပြီး လူသတ်မှု ကျူးလွန်တဲ့ ဘုရင် ဒါဝိဒ်ကို ယေဟောဝါ ခွင့်လွှတ်ပေးတယ်လို့ ဖတ်ရတယ်။ (တော. ၁၅:၃၂၊ ၃၅။ ၂ ရှ. ၁၂:၉၊ ၁၃) ‘အိမ်ထောင်ရေး ဖောက်ပြန်ပြီး လူသတ်တဲ့ ဒါဝိဒ်ကိုကျတော့ ယေဟောဝါ ခွင့်လွှတ်ပြီး အပြစ်သေးသေးလေး လုပ်မိသူကိုတော့ သေဒဏ်စီရင်တာ ဘာကြောင့်လဲ’ လို့ ကျွန်တော်တို့ စဉ်းစားမိနိုင်တယ်။ အဲဒီမေးခွန်းကို ဖြေဖို့ ကျမ်းစာ ဖတ်တဲ့အခါ မှတ်ထားသင့်တဲ့ အချက် သုံးချက်ကို ဆွေးနွေးကြည့်ကြစို့။
၄။ ကမ္ဘာဦး ၁၈:၂၀၊ ၂၁ နဲ့ တရားဟောရာ ၁၀:၁၇ က ယေဟောဝါရဲ့ စီရင်ဆုံးဖြတ်ချက်တွေကို ယုံကြည်စိတ်ချဖို့ ဘယ်လို ကူညီပေးသလဲ။
၄ ကျမ်းစာမှာ မှတ်တမ်းတစ်ခုရဲ့ အသေးစိတ် အချက်တွေကို အမြဲ ဖော်ပြတာ မဟုတ်ဘူး။ ဥပမာ၊ ဒါဝိဒ်ဟာ ကိုယ့်လုပ်ရပ်အတွက် စိတ်ရင်းမှန်နဲ့ နောင်တရကြောင်း ကျွန်တော်တို့ သိတယ်။ (ဆာ. ၅၁:၂-၄) ဒါပေမဲ့ ဥပုသ်ပညတ် ချိုးဖောက်သူကတော့ ဘယ်လို လူစားမျိုးလဲ။ လုပ်မိခဲ့တာအတွက် နောင်တရရဲ့လား။ အရင်ကလည်း ယေဟောဝါရဲ့ ပညတ်ကို မနာခံခဲ့သူလား။ သတိပေးချက်တွေကို ဂရုမစိုက်သူလား။ ငြင်းပယ်တာမျိုးတောင် ရှိသလား။ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ ယေဟောဝါဟာ “မတရားမှုကင်းတဲ့ဘုရား” ဆိုတာ စိတ်ချနိုင်ပါတယ်။ (တရား. ၃၂:၄) များသောအားဖြင့် လူတွေက တခြားသူ ပြောတဲ့ စကား ဒါမှမဟုတ် ကိုယ့်ရဲ့ တစ်ဖက်သတ် အစွဲတွေကို အခြေခံပြီး ဆုံးဖြတ်တတ်ကြတယ်။ ဒါကြောင့် တလွဲ စီရင်ဆုံးဖြတ်မိကြတယ်။ ယေဟောဝါကတော့ အချက်အလက် အားလုံးကို အခြေခံပြီး စီရင်ဆုံးဖြတ်တယ်။ (ကမ္ဘာဦး ၁၈:၂၀၊ ၂၁။ တရားဟောရာ ၁၀:၁၇ ကို ဖတ်ပါ။) ယေဟောဝါအကြောင်း၊ ဘုရားစံနှုန်းတွေအကြောင်း ပိုသိလာလေ ဘုရားရဲ့ စီရင်ဆုံးဖြတ်ချက်တွေကို ပိုယုံကြည်လေ ဖြစ်လာမယ်။ ကျမ်းစာမှတ်တမ်းတစ်ခုမှာ လောလောဆယ် အဖြေ မရှိတဲ့ မေးခွန်းတွေ ရှိနေရင်တောင် ဘုရားအကြောင်း ကောင်းကောင်း သိထားတဲ့အတွက် “နည်းလမ်း မှန်သမျှ ဖြောင့်မတ်” ကြောင်း စိတ်ချနိုင်ပါတယ်။—ဆာ. ၁၄၅:၁၇။
၅။ ကျွန်တော်တို့ရဲ့ မစုံလင်မှုက တရားမျှတစိတ်အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ။ (“မစုံလင်မှုက ကျွန်တော်တို့ရဲ့ တရားမျှတစိတ်ကို ဝေဝါးစေ” လေးထောင့်ကွက်ကို ကြည့်ပါ။)
၅ ကျွန်တော်တို့ရဲ့ တရားမျှတစိတ်ဟာ ပြည့်ဝစုံလင်မှု မရှိဘူး။ ဘုရားပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံထားရလို့ လူတွေ မျှမျှတတ ဆက်ဆံခံရတာကို ကျွန်တော်တို့ မြင်ချင်ကြတယ်။ (က. ၁:၂၆) ဒါပေမဲ့ အချက်အလက် အားလုံး သိတယ်လို့ ထင်ရင်တောင် မစုံလင်သူတွေ ဖြစ်လို့ ကိစ္စရပ်တွေကို တလွဲ ဝေဖန်ဆုံးဖြတ်မိနိုင်တယ်။ ဥပမာ၊ နိနဝေမြို့သားတွေကို ကရုဏာပြဖို့ ယေဟောဝါ ဆုံးဖြတ်ချိန်မှာ ယောန ဘယ်လောက် စိတ်ဆိုးခဲ့ကြောင်း စဉ်းစားကြည့်ပါ။ (ယောန ၃:၁၀–၄:၁) ဒါပေမဲ့ ဘုရား ကရုဏာပြလို့ ဘာရလဒ် ရသလဲ။ နောင်တရတဲ့ နိနဝေမြို့သား ၁၂၀,၀၀၀ ကျော် အသက်ချမ်းသာရာ ရခဲ့တယ်။ နောက်ဆုံးမှာ ယေဟောဝါ မဟုတ်ဘဲ ယောနပဲ ပြောင်းလဲခဲ့ရတယ်။
၆။ မိမိဆုံးဖြတ်ချက်အကြောင်း ကျွန်တော်တို့ကို ယေဟောဝါ ရှင်းပြဖို့ ဘာကြောင့် မလိုသလဲ။
၆ မိမိဆုံးဖြတ်ချက်အကြောင်း လူတွေကို ရှင်းပြဖို့ ယေဟောဝါမှာ တာဝန် မရှိဘူး။ အရင်တုန်းကတော့ မိမိဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ကျေးကျွန်တွေရဲ့ သဘောထားကို ထုတ်ပြောခွင့် ပြုခဲ့တာ မှန်ပါတယ်။ (က. ၁၈:၂၅။ ယောန ၄:၂၊ ၃) တစ်ခါတလေ မိမိဆုံးဖြတ်ချက်အကြောင်း ရှင်းပြတယ်။ (ယောန ၄:၁၀၊ ၁၁) ဒါပေမဲ့ အဲဒီလို ရှင်းပြဖို့ ယေဟောဝါမှာ တာဝန် မရှိပါဘူး။ ဖန်ဆင်းရှင် ဖြစ်တဲ့အတွက် တစ်ခုခု မလုပ်ခင်မှာရော လုပ်ပြီးနောက်မှာပါ ကျွန်တော်တို့ရဲ့ ခွင့်ပြုချက်၊ သဘောတူညီချက် မလိုပါဘူး။—ဟေရှာ. ၄၀:၁၃၊ ၁၄။ ၅၅:၉။
လမ်းညွှန်မှု ရတဲ့အခါ ယေဟောဝါကို ယုံကြည်ကိုးစားပါ
၇။ ကျွန်တော်တို့အတွက် ပြဿနာက ဘာဖြစ်နိုင်သလဲ။ ဘာကြောင့်လဲ။
၇ မှန်ရာကို ယေဟောဝါ အမြဲ လုပ်ကြောင်း ကျွန်တော်တို့ အကြွင်းမဲ့ ယုံတယ်။ ဒါပေမဲ့ ပြဿနာက ဘုရားရဲ့ လူသားကိုယ်စားလှယ်တွေကို ယုံဖို့ ခက်နေတာ ဖြစ်နိုင်တယ်။ ယေဟောဝါအဖွဲ့အစည်းမှာ အခွင့်အာဏာ အတော်အတန် ရှိသူတွေ ယေဟောဝါရဲ့ လမ်းညွှန်မှုအတိုင်း လုပ်နေရဲ့လား ဒါမှမဟုတ် သူတို့ စိတ်ကြိုက်အတိုင်း လုပ်နေလားလို့ တွေးမိနိုင်တယ်။ ကျမ်းစာခေတ်က လူတချို့လည်း အဲဒီလို တွေးတာမျိုး ရှိနိုင်တယ်။ စာပိုဒ် ၃ မှာ ပါတဲ့ ပုံနမူနာတွေကို စဉ်းစားကြည့်ပါ။ ဥပုသ်ပညတ် ချိုးဖောက်သူကို သေဒဏ် မစီရင်ခင် မောရှေ တကယ်ပဲ ယေဟောဝါကို မေးရဲ့လားလို့ ဆွေမျိုးတစ်ယောက် စဉ်းစားမိနိုင်တယ်။ ဒါဝိဒ် ဖောက်ပြန်တဲ့ မိန်းမရဲ့ ယောက်ျား ဟတ္တိလူ ဥရိယရဲ့ မိတ်ဆွေလည်း ဒါဝိဒ်ဟာ ဘုရင်ဆိုတဲ့ အခွင့်အာဏာကို သုံးပြီး ပြစ်ဒဏ် မခံရအောင် ရှောင်တိမ်းခဲ့သလားလို့ တွေးမိနိုင်တယ်။ ယေဟောဝါ ယုံကြည်စိတ်ချတဲ့ မြေကြီးကိုယ်စားလှယ်တွေကို မယုံဘူးဆိုရင် ယေဟောဝါကို ယုံတယ်လို့ မပြောနိုင်ဘူးဆိုတာ ရှင်းပါတယ်။
၈။ တမန်တော် ၁၆:၄၊ ၅ ပါ မှတ်တမ်းနဲ့ ဒီနေ့ခေတ် အသင်းတော်တွေ လုပ်ဆောင်ပုံ ဘာတူညီချက် ရှိသလဲ။
၈ ဒီနေ့ခေတ်မှာ အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို “သစ္စာနဲ့ သတိပညာ ရှိတဲ့ ကျွန်” ကတစ်ဆင့် ယေဟောဝါ ဦးဆောင်နေတယ်။ (မ. ၂၄:၄၅) ပထမရာစု အုပ်ချုပ်ရေးအဖွဲ့လိုပဲ ဒီကျွန်ဟာ ကမ္ဘာချီ ဘုရားလူမျိုးကို ကြီးကြပ်ပေးပြီး အသင်းတော် အကြီးအကဲတွေကို လမ်းညွှန်ပေးတယ်။ (တမန်တော် ၁၆:၄၊ ၅ ကို ဖတ်ပါ။) အကြီးအကဲတွေက လမ်းညွှန်ချက်အတိုင်း အသင်းတော်မှာ လုပ်ဆောင်ကြတယ်။ အဖွဲ့အစည်းနဲ့ အကြီးအကဲတွေဆီက လာတဲ့ လမ်းညွှန်မှုကို နာခံခြင်းအားဖြင့် ယေဟောဝါကို ယုံကြည်စိတ်ချကြောင်း ကျွန်တော်တို့ ဖော်ပြနေကြတယ်။
၉။ အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဘယ်အချိန်မျိုးမှာ ခက်နိုင်သလဲ။ ဘာကြောင့်လဲ။
၉ တစ်ခါတလေ အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်နဲ့အညီ ပူးပေါင်းလုပ်ဆောင်ဖို့ ခက်နိုင်တယ်။ ဥပမာ၊ မကြာသေးခင် နှစ်တွေတုန်းက အသင်းတော်နဲ့ တိုက်နယ် အများစုကို ပြန်ဖွဲ့စည်းခဲ့တယ်။ နိုင်ငံတော် ခန်းမမှာ လူဦးရေ မျှသွားအောင် ကြေညာသူတချို့ကို တခြားအသင်းတော်နဲ့ ပေါင်းဖို့ တောင်းဆိုတယ်။ မိတ်ဆွေတွေ၊ မိသားစုတွေကို ထားခဲ့ရမှာ ခက်နိုင်တယ်။ ဘယ်ကြေညာသူကို ဘယ်မှာ တာဝန်ချပါဆိုပြီး ဘုရားကိုယ်တိုင် အကြီးအကဲတွေကို လာပြောတာလား။ မဟုတ်ပါဘူး။ အဲဒီအချက်ကြောင့် လမ်းညွှန်ချက်ကို လိုက်နာဖို့ ခက်နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလို ဆုံးဖြတ်ချက်တွေ ချဖို့ အကြီးအကဲတွေကို ယေဟောဝါ ယုံကြည်စိတ်ချတယ်။ ကျွန်တော်တို့လည်း ယုံကြည်စိတ်ချဖို့ လိုတယ်။b
၁၀။ ဟီဘရူး ၁၃:၁၇ အရ အကြီးအကဲတွေနဲ့ ဘာကြောင့် ပူးပေါင်းလုပ်ဆောင်သင့်သလဲ။
၁၀ အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ကို မကြိုက်ရင်တောင် ဘာကြောင့် ပူးပေါင်းလုပ်ဆောင်သင့်သလဲ။ ဘုရားလူမျိုးကြားမှာ ငြိမ်သက်စည်းလုံးမှု ဆက်ရှိနေစေဖို့ပဲ။ (ဧ. ၄:၂၊ ၃) အကြီးအကဲအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို အားလုံး နှိမ့်ချစွာ လက်အောက်ခံမှ အသင်းတော် တိုးတက်မယ်။ (ဟီဘရူး ၁၃:၁၇ ကို ဖတ်ပါ။) ပိုအရေးကြီးတာက ကျွန်တော်တို့ကို ဂရုစိုက်စောင့်ရှောက်ဖို့ ယေဟောဝါ ယုံကြည်စိတ်ချစွာ အပ်ထားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာဟာ ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ပြရာရောက်တယ်။—တ. ၂၀:၂၈။
၁၁။ အကြီးအကဲတွေဆီက လာတဲ့ လမ်းညွှန်ချက်ကို ယုံကြည်စိတ်ချဖို့ ဘာက ကူညီပေးနိုင်မလဲ။
၁၁ အကြီးအကဲတွေဟာ သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဆုတောင်းပြီးမှ အသင်းတော် ကိစ္စတွေကို ဆွေးနွေးဆုံးဖြတ်ကြောင်း ကျွန်တော်တို့ အမှတ်ရမယ်ဆိုရင် သူတို့ဆီက လာတဲ့ လမ်းညွှန်ချက်တွေကို ပိုယုံကြည်စိတ်ချလာမယ်။ သက်ဆိုင်တဲ့ ကျမ်းစာမူတွေ၊ ယေဟောဝါ အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်တွေကိုလည်း သူတို့ အသေအချာ သုံးသပ်ကြတယ်။ ယေဟောဝါရဲ့ မျက်နှာသာ ရဖို့၊ ညီအစ်ကို/မတွေကို အကောင်းဆုံး စောင့်ရှောက်ဖို့ အဓိကထားကြတယ်။ ကိုယ့်တာဝန်ကို ဘယ်လို ထမ်းဆောင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ဘုရားနဲ့ စာရင်းရှင်းရမယ်ဆိုတာ ဒီသစ္စာရှိသူတွေ သိတယ်။ (၁ ပေ. ၅:၂၊ ၃) ဒီအချက်ကို စဉ်းစားကြည့်ပါ– လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးကြောင့် တစ်ကမ္ဘာလုံး ကွဲပြားနေချိန်မှာ ယေဟောဝါရဲ့ လူမျိုးကတော့ စစ်မှန်တဲ့ ဘုရား တစ်ဆူတည်းကို စည်းလုံးစွာ ဝတ်ပြုနေကြတယ်။ အဖွဲ့အစည်းကို ယေဟောဝါ ကောင်းချီးပေးနေလို့သာ အဲဒီလို ဝတ်ပြုနိုင်တာ။
၁၂။ လူတစ်ယောက် နောင်တရ မရ ပိုင်းဖြတ်ချိန်မှာ အကြီးအကဲတွေ ဘယ်အချက်တွေကို ထည့်သုံးသပ်ကြသလဲ။
၁၂ အသင်းတော်ကို သန့်ရှင်းအောင် ထားဖို့ဆိုတဲ့ တာဝန်ကြီး အကြီးအကဲတွေကို ယေဟောဝါ အပ်နှင်းထားတယ်။ ခရစ်ယာန်တစ်ယောက် ကြီးလေးတဲ့ အပြစ် ကျူးလွန်မိရင် အသင်းတော်ထဲ သူ့ကို ဆက်ထားမထား အကြီးအကဲတွေ ဆုံးဖြတ်ဖို့ ယေဟောဝါ တောင်းဆိုထားတယ်။ အဲဒီလူ တကယ် နောင်တရ မရဆိုတာကိုလည်း အကြီးအကဲတွေ သိအောင် လုပ်ရမယ်။ နောင်တရတယ်လို့ ပြောပေမဲ့ ကိုယ့်လုပ်ရပ်ကို တကယ် မုန်းရဲ့လား။ အပြစ် ထပ်မလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလား။ မကောင်းတဲ့ အပေါင်းအသင်းတွေကြောင့် အပြစ်လုပ်မိတာဆိုရင် အဲဒီအပေါင်းအသင်းတွေနဲ့ အဆက်ဖြတ်ဖို့ လိုလိုလားလား ရှိသလား။ အကြီးအကဲတွေဟာ ကျမ်းစာကို အခြေခံပြီး အချက်အလက်တွေကို အသေအချာ ဆုတောင်းသုံးသပ်ကြတယ်။ လုပ်မိတဲ့ လုပ်ရပ်ကို အပြစ်ကျူးလွန်သူ ဘယ်လို သဘောထားသလဲဆိုတာလည်း ထည့်စဉ်းစားကြတယ်။ ပြီးနောက် အသင်းတော်ထဲမှာ သူ ဆက်ရှိသင့်၊ မရှိသင့် ဆုံးဖြတ်ကြတယ်။ တချို့ကိစ္စမှာတော့ သူ့ကို နှင်ထုတ်နိုင်တယ်။—၁ ကော. ၅:၁၁-၁၃။
၁၃။ မိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးတစ်ယောက် နှင်ထုတ်ခံရတဲ့အခါ ဘာကို စိုးရိမ်မိနိုင်သလဲ။
၁၃ အကြီးအကဲတွေအပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်စိတ်ချမှု ဘယ်လို စမ်းသပ်ခံရနိုင်သလဲ။ နှင်ထုတ်ခံရသူဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွ၊ ဆွေမျိုး မဟုတ်ဘူးဆိုရင် အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ကို အလွယ်တကူ လက်ခံနိုင်တယ်။ ဒါပေမဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်နေတယ် ဆိုရင်တော့ အချက်အလက် အားလုံးကို အကြီးအကဲတွေ သုံးသပ်ရဲ့လား၊ ယေဟောဝါ စီရင်မယ့် နည်းအတိုင်း စီရင်တာ ဟုတ်ရဲ့လားလို့ စဉ်းစားမိနိုင်တယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်အပေါ် အမြင်မှန် ရှိဖို့ ဘာက ကူညီပေးနိုင်သလဲ။
၁၄။ ကိုယ့်မိတ်ဆွေ၊ ဆွေမျိုးတစ်ယောက်ကို နှင်ထုတ်ဖို့ အကြီးအကဲတွေ ဆုံးဖြတ်တဲ့အခါ ကျွန်တော်တို့ကို ဘာက ကူညီပေးနိုင်သလဲ။
၁၄ နှင်ထုတ်ခြင်းဟာ ယေဟောဝါရဲ့ အစီအစဉ် ဖြစ်ကြောင်း၊ အသင်းတော်ကို အကျိုးပြုကြောင်း၊ အပြစ်ကျူးလွန်သူကိုလည်း အကျိုးပြုနိုင်ကြောင်း သတိရသင့်တယ်။ နောင်တမယူတဲ့ အပြစ်ကျူးလွန်သူကို အသင်းတော်မှာ ဆက်ရှိနေခွင့် ပြုရင် တခြားသူတွေအပေါ် မကောင်းတဲ့ ဩဇာ သက်ရောက်နိုင်တယ်။ (ဂလ. ၅:၉) အဲဒီအပြင် လုပ်မိတဲ့ အပြစ် ဘယ်လောက် ကြီးလေးကြောင်း သူ သိတော့မှာ မဟုတ်ဘူး။ ယေဟောဝါရဲ့ မျက်နှာသာ ပြန်ရဖို့ ကိုယ့်အတွေးအခေါ်နဲ့ လုပ်ရပ်ကို ပြင်စရာ မလိုဘူးလို့တောင် ထင်သွားနိုင်တယ်။ (ဒေ. ၈:၁၁) လူတစ်ယောက်ကို နှင်ထုတ်သင့် မသင့် ဆုံးဖြတ်ရတဲ့ တာဝန်ကို အကြီးအကဲတွေ အလေးအနက် သဘောထားကြတယ်။ ရှေးအစ္စရေး တရားသူကြီးတွေလိုပဲ “ယေဟောဝါဘုရားအတွက် တရားစီရင်နေတာ” ဖြစ်ကြောင်း သတိရကြတယ်။—၂ ရာ. ၁၉:၆၊ ၇။
အခုကတည်းက ယေဟောဝါကို ယုံကြည်ကိုးစားခြင်းက အနာဂတ်အတွက် လေ့ကျင့်ပေး
ကြီးစွာသောဒုက္ခအတွင်း ရလာတဲ့ လမ်းညွှန်ချက်တွေကို ယုံကြည်စိတ်ချစွာ နာခံဖို့ ဘာက ကူညီပေးမလဲ (စာပိုဒ် ၁၅ ကို ကြည့်ပါ)
၁၅။ အရင်ကထက် အခုအချိန်မှာ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို ဘာကြောင့် ပိုယုံကြည်စိတ်ချဖို့ လိုသလဲ။
၁၅ ဒီအစီအစဉ်စနစ်ရဲ့ အဆုံး နီးလာလေ အရင်ကထက် ပိုပြီး ယေဟောဝါကို ယုံကြည်စိတ်ချဖို့ လိုလေပဲ။ ဘာကြောင့်လဲ။ ကြီးစွာသောဒုက္ခအတွင်း ထူးဆန်း၊ လက်တွေ့မကျ၊ နားလည်ရခက်တဲ့ လမ်းညွှန်ချက်တွေ ရနိုင်လို့ပဲ။ ကျွန်တော်တို့ကို ယေဟောဝါ တိုက်ရိုက် လာစကားပြောမှာ မဟုတ်ဘူး။ ခန့်အပ်ခံ ကိုယ်စားလှယ်တွေကတစ်ဆင့် လမ်းညွှန်ချက်တွေ ပေးလာလိမ့်မယ်။ အဲဒီအချိန်ဟာ လမ်းညွှန်ချက်ကို သံသယဝင်ရမယ့်အချိန်၊ ပြစ်တင်ဝေဖန်ရမယ့်အချိန်၊ ‘ဒီလမ်းညွှန်ချက်ဟာ တကယ်ပဲ ယေဟောဝါဆီက လာတာလား ဒါမှမဟုတ် တာဝန်ရှိ ညီအစ်ကိုတွေရဲ့ ထင်မြင်ယူဆချက်လား’ လို့ တွေးနေရမယ့်အချိန် မဟုတ်ဘူး။ လူ့သမိုင်းရဲ့ အဲဒီအရေးကြီးဆုံးအချိန်မှာ ယေဟောဝါနဲ့ အဖွဲ့အစည်းကို သင် ယုံကြည်စိတ်ချမလား။ အဖြေက ဘုရားကိုယ်စားလှယ်တွေရဲ့ လမ်းညွှန်ချက်ကို အခု ဘယ်လို သဘောထားသလဲဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်။ အခုအချိန်မှာ ယုံကြည်စိတ်ချပြီး လိုလိုလားလား နာခံတယ်ဆိုရင် ကြီးစွာသောဒုက္ခအတွင်းမှာလည်း သင် အဲဒီလိုပဲ လုပ်ဆောင်ပါလိမ့်မယ်။—လု. ၁၆:၁၀။
၁၆။ အနာဂတ်မှာ ယေဟောဝါရဲ့ ဆုံးဖြတ်ချက်အပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်စိတ်ချမှု ဘယ်လို စမ်းသပ်ခံရနိုင်သလဲ။
၁၆ ဒီအစီအစဉ်စနစ် အဆုံးမှာ ယေဟောဝါရဲ့ တရားစီရင်ချက်ကို ကျွန်တော်တို့ ဘယ်လို တုံ့ပြန်မလဲဆိုတာကိုလည်း အသေအချာ စဉ်းစားရမယ်။ မယုံကြည်သူ ဆွေမျိုးတွေ အပါအဝင် ယေဟောဝါကို ဝတ်မပြုသူများစွာ အဆုံးမရောက်ခင် ဘုရားကို ဝတ်ပြုလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ အာမဂေဒုန်မှာ သူတို့ရဲ့ အနာဂတ်ကို ယေရှုကတစ်ဆင့် ယေဟောဝါ အပြီးသတ် ဆုံးဖြတ်ပါလိမ့်မယ်။ (မ. ၂၅:၃၁-၃၃။ ၂ သက်. ၁:၇-၉) ဘယ်သူ ကရုဏာ ပြခံရမယ်၊ မခံရဘူးဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ (မ. ၂၅:၃၄၊ ၄၁၊ ၄၆) ယေဟောဝါရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်စိတ်ချမလား ဒါမှမဟုတ် တိုက်မိလဲသွားမလား။ အနာဂတ်မှာ ယေဟောဝါကို အပြည့်အဝ ယုံကြည်စိတ်ချဖို့ဆိုရင် အခုကတည်းက ယုံကြည်စိတ်ချမှု ခိုင်မာအောင် လုပ်ထားဖို့ လိုတာ ရှင်းနေပါတယ်။
၁၇။ ဒီအစီအစဉ်စနစ် အဆုံးမှာ ယေဟောဝါရဲ့ ဆုံးဖြတ်ချက်ကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရမလဲ။
၁၇ ကမ္ဘာသစ်မှာ ယေဟောဝါရဲ့ ဆုံးဖြတ်ချက်ကြောင့် ရလာတဲ့ အကျိုးရလဒ်တွေကို ကျွန်တော်တို့ မြင်ရတဲ့အခါ ဘယ်လို ခံစားရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ မှားယွင်းတဲ့ ဘာသာ မရှိတော့ဘူး။ ခေတ်တစ်လျှောက် လူတွေကို ဖိနှိပ်တဲ့ နိုင်ငံရေး၊ လောဘကြီးတဲ့ စီးပွားရေး မရှိတော့ဘူး။ ကျန်းမာရေး ပြဿနာ၊ အသက်အရွယ် ကြီးရင့်မှု၊ ချစ်ရသူ သေဆုံးတာတွေကို ကြုံရတော့မှာ မဟုတ်ဘူး။ စာတန်နဲ့ နတ်ဆိုးတွေ အနှစ်တစ်ထောင် ချုပ်နှောင်ခံရမယ်။ ပုန်ကန်မှုရဲ့ ဆိုးကျိုးတွေ ရှိတော့မှာ မဟုတ်ဘူး။ (ဗျာ. ၂၀:၂၊ ၃) ယေဟောဝါကို ယုံကြည်စိတ်ချခဲ့လို့ ကျွန်တော်တို့ သိပ်ကျေးဇူးတင်ကြပါလိမ့်မယ်။
၁၈။ တောလည်ရာ ၁၁:၄-၆ နဲ့ ၂၁:၅ မှတ်တမ်းမှာ ပါတဲ့ အစ္စရေးတွေရဲ့ ပုံနမူနာကနေ ဘာသင်ခန်းစာတွေ သင်ယူနိုင်သလဲ။
၁၈ ကမ္ဘာသစ်မှာလည်း ယေဟောဝါအပေါ် ထားတဲ့ ယုံကြည်စိတ်ချမှုကို စမ်းသပ်တဲ့ အခက်အခဲတွေ ကြုံရဦးမလား။ ဥပမာ၊ အစ္စရေးတွေ အီဂျစ် ကျွန်ဘဝကနေ ထွက်လာပြီး မကြာခင် ဘာဖြစ်တယ်ဆိုတာ စဉ်းစားကြည့်ပါ။ အီဂျစ်ပြည်မှာ စားခဲ့ရတဲ့ လတ်လတ်ဆတ်ဆတ် အစားအစာတွေကို တမ်းတလို့ တချို့ ပြစ်တင်ညည်းညူကြတယ်။ ယေဟောဝါ ချပေးတဲ့ မန္နမုန့်ကိုတော့ ရွံစရာလို့ သဘောထားကြတယ်။ (တောလည်ရာ ၁၁:၄-၆။ ၂၁:၅ ကို ဖတ်ပါ။) ကြီးစွာသောဒုက္ခ ပြီးသွားတဲ့ နောက်ပိုင်း ကျွန်တော်တို့မှာ အလားတူ အတွေးတွေ ဝင်လာနိုင်မလား။ ကမ္ဘာမြေကို သန့်ရှင်းရေး လုပ်ဖို့၊ ပရဒိသု ဖြစ်အောင် လုပ်ဖို့ ဘယ်လောက် အလုပ်များမယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ တော်တော် အလုပ်များမှာ ဖြစ်နိုင်တယ်။ အစပိုင်းမှာ အဆင်မပြေတာတွေလည်း ရှိနိုင်တယ်။ အဲဒီအချိန်မှာ ယေဟောဝါ ပြင်ဆင်ပေးတာတွေကို ပြစ်တင်ညည်းညူမလား။ သေချာတာ တစ်ခုကတော့ အခုကတည်းက ယေဟောဝါ ပြင်ဆင်ပေးတာတွေကို တန်ဖိုးထားလေးမြတ်မယ်ဆိုရင် အဲဒီအချိန်မှာလည်း တန်ဖိုးထားလေးမြတ်ပါလိမ့်မယ်။
၁၉။ ဒီဆောင်းပါးမှာ ပါတဲ့ အဓိက အချက်တွေကို အတိုချုပ် ပြောပြပါ။
၁၉ ယေဟောဝါရဲ့ လုပ်ဆောင်ပုံ နည်းလမ်းတွေ အမြဲ မှန်တယ်။ အဲဒါကို ယုံကြည်စိတ်ချနေဖို့ လိုတယ်။ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ဖို့ ယေဟောဝါ ယုံကြည်စိတ်ချစွာ ခန့်အပ်ထားသူတွေကိုလည်း ယုံကြည်စိတ်ချဖို့ လိုတယ်။ “တည်ငြိမ်စွာ ယုံကြည်ကိုးစားမယ်ဆိုရင် ခွန်အားကြီးလိမ့်မယ်” လို့ ပရောဖက် ဟေရှာယကတစ်ဆင့် ယေဟောဝါ ပြောခဲ့တဲ့ စကားတွေကို ဘယ်တော့မှ မမေ့ပါနဲ့။—ဟေရှာ. ၃၀:၁၅။
သီချင်း ၉၈ စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးတဲ့ ကျမ်းစာ
a ယေဟောဝါကို၊ ဘုရားရဲ့ မြေကြီးကိုယ်စားလှယ်တွေကို ယုံကြည်စိတ်ချမှု တိုးများအောင် လုပ်ဖို့ ဘာကြောင့် အရေးကြီးကြောင်း သိလာအောင် ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။ အဲဒီလို လုပ်ခြင်းက အခုချိန်မှာ ဘယ်လို အကျိုးပြုကြောင်း၊ အနာဂတ်မှာ ကြုံရမယ့် အခက်အခဲတွေကို ရင်ဆိုင်နိုင်အောင် ဘယ်လို အသင့်ပြင်ပေးကြောင်းလည်း သိလာပါမယ်။
b တစ်ခါတလေ လက်ရှိ အသင်းတော်မှာ ဆက်နေဖို့ လိုနိုင်တဲ့ သတ်သတ်မှတ်မှတ် အခြေအနေတွေ ရှိနိုင်တယ်။ ၂၀၀၂၊ နိုဝင်ဘာ ကျွန်ုပ်တို့၏ နိုင်ငံတော် ဓမ္မအမှု “မေးခွန်းသေတ္တာ” ကို ကြည့်ပါ။