ချစ်ခြင်းမေတ္တာ—အဖိုးတန် အရည်အသွေး
သန့်ရှင်းသော စွမ်းအားတော် အရည်အသွေး ကိုးမျိုးအကြောင်း တမန်တော်ပေါလု ရေးခဲ့တယ်။ (ဂလ. ၅:၂၂၊ ၂၃) ဒီနှစ်လို့ဖွယ် အရည်အသွေးတွေကို “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ”a လို့ ဖော်ပြတယ်။ ဒီအရည်အသွေးတွေက “စရိုက်သစ်” ဖြစ်တယ်။ (ကော. ၃:၁၀) အပင်ကို ကောင်းကောင်းမွန်မွန် ပြုစုပေးရင် အသီးသီးသလို လူတစ်ယောက်ရဲ့ဘဝမှာ သန့်ရှင်းသော စွမ်းအားတော် လွတ်လွတ်လပ်လပ် စီးဆင်းတဲ့အခါ စွမ်းအားတော် အရည်အသွေးတွေ ထင်ရှားလာပါလိမ့်မယ်။—ဆာ. ၁:၁-၃။
ပေါလု ဖော်ပြခဲ့တဲ့ စွမ်းအားတော်ရဲ့ ပထမ အရည်အသွေးက မေတ္တာပါပဲ။ မေတ္တာ ဘယ်လောက် တန်ဖိုးရှိသလဲ။ မေတ္တာ မရှိရင် “အချည်းနှီးပဲ” လို့ ပေါလု ပြောတယ်။ (၁ ကော. ၁၃:၂) မေတ္တာဆိုတာ ဘာလဲ။ ဘယ်လို ပျိုးထောင်နိုင်သလဲ။ နေ့စဉ် ဘယ်လို ပြသနိုင်သလဲ။
မေတ္တာ တင်ပြနိုင်ပုံ
မေတ္တာကို အလွယ်တကူ အဓိပ္ပာယ် မဖွင့်ဆိုနိုင်ပေမဲ့ မေတ္တာပြနိုင်ပုံအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ မေတ္တာဟာ “စိတ်ရှည်တတ်တယ်။ ကြင်နာတတ်တယ်” လို့ ဖတ်ရတယ်။ “အမှန်တရားကြောင့် ဝမ်းသာတတ်တယ်။” “အရာရာကို သည်းခံတတ်တယ်။ အရာရာကို ယုံတတ်တယ်။ အရာရာကို မျှော်လင့်တတ်တယ်။ အရာရာကို ကြံ့ကြံ့ခံတတ်တယ်။” တခြားသူတွေကို နှစ်နှစ်ကာကာ ချစ်ခင်တွယ်တာပြီး စိုးရိမ်ပေးတတ်တယ်။ မေတ္တာမရှိရင်တော့ မနာလိုဖြစ်မယ်၊ မာနကြီးမယ်၊ မတော်မလျော် ကျင့်ကြံမယ်၊ တစ်ကိုယ်ကောင်းဆန်မယ်၊ အငြိုးအတေး ထားမယ်၊ ခွင့်မလွှတ်တတ်ဘူး။ အဲဒီလို မေတ္တာမဲ့၊ အကျိုးမဲ့အရည်အသွေးတွေနဲ့ မတူဘဲ ကျွန်တော်တို့ ပျိုးထောင်လိုတဲ့ မေတ္တာက “ကိုယ်ကျိုး မရှာတတ်” ဘူး။—၁ ကော. ၁၃:၄-၈။
ယေဟောဝါနဲ့ ယေရှု ပြတဲ့ မေတ္တာစံနမူနာ
‘ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်။’ ယေဟောဝါဟာ မေတ္တာရဲ့ တကယ့်အနှစ်သာရပဲ။ (၁ ယော. ၄:၈) ဘုရားရဲ့ လုပ်ရပ်မှန်သမျှ မေတ္တာကို သက်သေထူတယ်။ အကြီးမားဆုံး မေတ္တာပါတဲ့လုပ်ရပ်ကတော့ လူသားတွေအတွက် ဝေဒနာခံပြီး သေဆုံးဖို့ ယေရှုကို စေလွှတ်ခဲ့တာပါပဲ။ “ဘုရားသခင်က တစ်ဦးတည်းသောသားကို ဒီလောကဆီ စေလွှတ်ပြီး သူ့အားဖြင့် အသက်လမ်း ဖွင့်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ကို ဘုရားသခင် ဘယ်လောက် ချစ်မှန်း ပေါ်လွင်ထင်ရှားတယ်။ ကျွန်တော်တို့ရဲ့ အပြစ်အတွက် အပြစ်ဖြေရာ ပူဇော်သက္ကာအဖြစ် သားတော်ကို စေလွှတ်ခဲ့တာဟာ ကျွန်တော်တို့ကို ဘုရားသခင် ချစ်လို့ပါ။ ကျွန်တော်တို့က ဘုရားသခင်ကို ချစ်ခဲ့လို့ မဟုတ်ပါဘူး” လို့ တမန်တော် ယောဟန် ပြောတယ်။ (၁ ယော. ၄:၉၊ ၁၀) ဘုရားသခင့် မေတ္တာကြောင့် ခွင့်လွှတ်မှု၊ မျှော်လင့်ချက်၊ အသက် ရနိုင်တယ်။
ဘုရားအလိုတော်ကို လိုလိုလားလား ထမ်းဆောင်ခြင်းအားဖြင့် လူသားတွေအပေါ် မေတ္တာရှိကြောင်း ယေရှု သက်သေပြခဲ့တယ်။ “‘အလိုတော်ဆောင်ဖို့ ကျွန်တော် ရောက်လာပါပြီ’ လို့ [ယေရှု] ပြောခဲ့တယ်။ အဲဒီ ‘အလိုတော်’ အတိုင်း သူ့ရဲ့ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းအပြီး ပူဇော်လိုက်တဲ့အတွက် ကျွန်တော်တို့ သန့်စင်သွားပြီ” လို့ ပေါလု ရေးခဲ့တယ်။ (ဟီ. ၁၀:၉၊ ၁၀) ဘယ်လူသားမှ ဒီထက်ကြီးမားတဲ့မေတ္တာ မပြနိုင်ဘူး။ “မိတ်ဆွေတွေအတွက် အသက်စွန့်တာထက် ပိုမွန်မြတ်တဲ့ မေတ္တာဆိုတာ မရှိဘူး” လို့ ယေရှု ပြောခဲ့တယ်။ (ယော. ၁၅:၁၃) ယေဟောဝါနဲ့ ယေရှုတို့ ပြခဲ့တဲ့မေတ္တာကို မစုံလင်တဲ့ လူသားတွေ တုပနိုင်သလား။ တုပနိုင်ပါတယ်။ တုပနိုင်ပုံကို သုံးသပ်ကြည့်ကြရအောင်။
“မေတ္တာလမ်းစဉ်မှာ လျှောက်လှမ်းနေကြပါ”
“ခင်ဗျားတို့ဟာ ဘုရားသခင် ချစ်ရတဲ့ သားသမီးတွေ ဖြစ်နေတဲ့အတွက် ဘုရားသခင်ကို အတုယူကြပါ။ မေတ္တာလမ်းစဉ်မှာ လျှောက်လှမ်းနေကြပါ။ ခရစ်တော်က ကျွန်တော်တို့ကို ချစ်လို့ ကျွန်တော်တို့အတွက် . . . သူ့ကိုယ်သူ ဘုရားသခင်ဆီ ဆက်သခဲ့သလိုပဲပေါ့” လို့ ပေါလု တိုက်တွန်းခဲ့တယ်။ (ဧ. ၅:၁၊ ၂) ဘဝကဏ္ဍတိုင်းမှာ မေတ္တာပြခြင်းအားဖြင့် “မေတ္တာလမ်းစဉ်မှာ လျှောက်လှမ်းနေ” ကြတယ်။ အပြောနဲ့သာမက လုပ်ရပ်နဲ့ပါ မေတ္တာ ပြကြတယ်။ “သားသမီးတို့၊ ခင်ဗျားတို့ရဲ့ မေတ္တာကို အပြောလောက်သာ မဟုတ်ဘဲ လုပ်ရပ်နဲ့ တကယ်ပြကြပါ” လို့ ယောဟန် ရေးခဲ့တယ်။ (၁ ယော. ၃:၁၈) ဥပမာ၊ ဘုရားသခင်နဲ့ လူသားချင်းကို ချစ်တယ်ဆိုရင် “နိုင်ငံတော် သတင်းကောင်း” ဟောပြောဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ (မ. ၂၄:၁၄။ လု. ၁၀:၂၇) စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ခွင့်လွှတ်ခြင်းအားဖြင့်လည်း မေတ္တာလမ်းစဉ်မှာ လျှောက်လှမ်းနေကြတယ်။ “ယေဟောဝါက ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သလို ခင်ဗျားတို့လည်း အဲဒီလိုပဲ ခွင့်လွှတ်ကြပါ” လို့ ကျမ်းစာက အကြံပြုထားတယ်။—ကော. ၃:၁၃။
အဲဒီမေတ္တာစစ်ကို စိတ်ကူးယဉ်မေတ္တာနဲ့ မရောထွေးသင့်ဘူး။ ဥပမာ၊ ငိုနေတဲ့ ကလေးကို ချော့ဖို့ ကလေးတောင်းသမျှ မိဘတွေ အလိုလိုက်မိနိုင်တယ်။ ဒါပေမဲ့ ကလေးကို တကယ်ချစ်တယ်ဆိုရင် လိုအပ်တဲ့အခါ ခိုင်မာပြတ်သားရမယ်။ အလားတူပဲ ဘုရားသခင်ဟာ မေတ္တာဖြစ်ပေမဲ့ “ချစ်ရသူတွေကို ဆုံးမ” တယ်။ (ဟီ. ၁၂:၆) ကျွန်တော်တို့ မေတ္တာလမ်းစဉ်မှာ လျှောက်လှမ်းတယ်ဆိုရင် လိုအပ်တဲ့အခါ သင့်တော်သလို ဆုံးမရပါမယ်။ (ပညာ. ၃:၁၁၊ ၁၂) ဒါပေမဲ့ ကိုယ်တိုင် အပြစ်သားဖြစ်တယ်၊ မညှာမတာ ပြုမူမိနိုင်တယ်ဆိုတာ သတိရပါ။ ဒါကြောင့် မေတ္တာပြရာမှာ တိုးတက်ဖို့ လိုနေတဲ့ကဏ္ဍတွေ ရှိတယ်။ ဘယ်လို တိုးတက်နိုင်သလဲ။ နည်းလမ်းသုံးခုကို သုံးသပ်ကြစို့။
မေတ္တာ ပျိုးထောင်နိုင်ပုံ
ပထမ၊ မေတ္တာဖြစ်ပေါ်စေတဲ့ ဘုရားသခင့် စွမ်းအားတော်ရဖို့ တောင်းခံပါ။ ယေဟောဝါက “တောင်းတဲ့သူတွေကို သန့်ရှင်းသော စွမ်းအားတော်” ပေးတယ်လို့ ယေရှု ပြောတယ်။ (လု. ၁၁:၁၃) သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဆုတောင်းပြီး “စွမ်းအားတော်ရဲ့ လမ်းပြမှုအတိုင်း အမြဲလျှောက်လှမ်း” ရင် ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေ မေတ္တာ ပိုပြည့်လာပါလိမ့်မယ်။ (ဂလ. ၅:၁၆) ဥပမာ၊ သင်ဟာ အသင်းတော်မှာ အကြီးအကဲ ဖြစ်ရင် တခြားသူတွေကို မေတ္တာပါပါ ကျမ်းစာအကြံဉာဏ် ပေးနိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော် တောင်းခံနိုင်တယ်။ မိဘဖြစ်ရင် သားသမီးတွေကို ဒေါသနဲ့ မဟုတ်ဘဲ မေတ္တာနဲ့ ဆုံးမနိုင်ဖို့ ဘုရားသခင့် စွမ်းအားတော် တောင်းခံနိုင်တယ်။
ဒုတိယ၊ ဒေါသ အဆွခံရချိန်မှာတောင် ယေရှု ဘယ်လို မေတ္တာပြခဲ့ကြောင်း စဉ်းစားပါ။ (၁ ပေ. ၂:၂၁၊ ၂၃) ဒေါသ အဆွခံရတဲ့အခါ၊ မတရားမှု ကြုံရတဲ့အခါ ခရစ်တော်ရဲ့ ပုံသက်သေအကြောင်း စဉ်းစားဖို့ ပိုလိုအပ်နိုင်တယ်။ အဲဒီလိုအခြေအနေတွေမှာ ‘ယေရှုသာဆိုရင် ဘာလုပ်မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ အဲဒီမေးခွန်းက စဉ်းစဉ်းစားစား လုပ်ဖို့ ညီအစ်မ လီကို ကူညီပေးခဲ့တယ်။ “တစ်ခါက အလုပ်ဖော်တစ်ယောက် ကျွန်မရဲ့ မကောင်းကြောင်းတွေကို တခြားအလုပ်ဖော်တွေဆီ အီးမေးလ် ပို့တယ်။ တော်တော် စိတ်ထိခိုက်မိတယ်။ ဒါပေမဲ့ ‘ဒီလိုလူနဲ့ ဆက်ဆံရာမှာ ယေရှုကို ဘယ်လို တုပနိုင်သလဲ’ လို့ စဉ်းစားမိတယ်။ ယေရှု လုပ်မယ့်အရာတွေအကြောင်း စဉ်းစားပြီးနောက် ဒီကိစ္စကို ဒီအတိုင်းထားလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်း အဲဒီအလုပ်ဖော်မှာ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာ ရှိနေပြီး ဖိစီးမှု ကြုံနေရမှန်း သိလိုက်ရတယ်။ ဒါကြောင့် တမင်ရည်ရွယ်ပြီး အီးမေးလ်ပို့ခဲ့တာ မဟုတ်ဘူးလို့ ကောက်ချက်ချခဲ့တယ်။ ဒေါသ အဆွခံရချိန်မှာတောင် ယေရှုရဲ့ ပုံသက်သေကို တွေးတောခြင်းက ယေရှုလို မေတ္တာပြဖို့ ကူညီပေးခဲ့တယ်။” မှန်ပါတယ်၊ ယေရှုကို တုပမယ်ဆိုရင် အမြဲ မေတ္တာရှိရှိ ပြုမူပါလိမ့်မယ်။
တတိယ၊ ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသား ကိုယ်ကျိုးစွန့်မေတ္တာကို ပျိုးထောင်ပါ။ (ယော. ၁၃:၃၄၊ ၃၅) ယေရှုမှာ ရှိတဲ့ “စိတ်သဘောထား” မွေးမြူဖို့ ကျမ်းစာမှာ အားပေးထားတယ်။ ယေရှုဟာ ကောင်းကင်ကနေ ဆင်းလာပြီး “အသေခံတဲ့အထိ” ‘အရာရာကို စွန့်လွှတ်ခဲ့’ တယ်။ (ဖိ. ၂:၅-၈) ယေရှုရဲ့ ကိုယ်ကျိုးစွန့်မေတ္တာကို တုပတဲ့အခါ ကျွန်တော်တို့ရဲ့ အတွေး၊ ခံစားချက်တွေဟာ ခရစ်တော်နဲ့ ပိုတူလာပါလိမ့်မယ်။ တခြားသူတွေရဲ့အကျိုးကို ကိုယ်ကျိုးထက် ပိုဦးစားထားတတ်လာမယ်။ မေတ္တာကို ပျိုးထောင်ခြင်းကနေ တခြားဘာအကျိုးကျေးဇူးတွေ ရမလဲ။
မေတ္တာပြခြင်းရဲ့ အကျိုးကျေးဇူးများ
မေတ္တာပြတဲ့အခါ အကျိုးများစွာ ရရှိပါတယ်။ ဥပမာနှစ်ခု သုံးသပ်ကြည့်ပါ–
မေတ္တာပြခြင်းကနေ ဘယ်လို အကျိုးရရှိသလဲ
ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်း– အချင်းချင်းကို ချစ်တဲ့ မေတ္တာကြောင့် ကမ္ဘာတစ်ဝန်းက ဘယ်အသင်းတော်ကိုပဲ သွားသွား ညီအစ်ကို/မတွေ နွေးနွေးထွေးထွေး ကြိုဆိုမယ်ဆိုတာ သိကြတယ်။ “ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံး” ရဲ့ မေတ္တာကို ရရှိတာ ကောင်းချီးပါပဲ။ (၁ ပေ. ၅:၉) ဘုရားလူမျိုးတွေကလွဲလို့ တခြားဘယ်မှာ ဒီမေတ္တာမျိုးကို တွေ့နိုင်မလဲ။
ငြိမ်သက်ခြင်း– “အချင်းချင်း မေတ္တာထားပြီး သည်းခံ” ခြင်းအားဖြင့် “စည်းလုံးမှုနှောင်ကြိုး” ကို ရရှိကြတယ်။ (ဧ. ၄:၂၊ ၃) အသင်းတော် အစည်းအဝေး၊ တိုက်နယ်အစည်းအဝေး၊ ခရိုင်အစည်းအဝေးတွေမှာ အဲဒီငြိမ်သက်မှုကို ကိုယ်တွေ့ ခံစားကြရတယ်။ စိတ်ဝမ်းကွဲနေတဲ့ ဒီနေ့ခေတ်မှာ အဲဒီငြိမ်သက်မှုဟာ တကယ်ထူးခြားတယ် မဟုတ်လား။ (ဆာ. ၁၁၉:၁၆၅။ ဟေရှာ. ၅၄:၁၃) တခြားသူတွေနဲ့ သင့်မြတ်စွာ နေထိုင်ခြင်းအားဖြင့် သူတို့ကို ချစ်ကြောင်း တင်ပြနေကြတယ်။ အဲဒါကို ကောင်းကင်ဘုံစံ ဖခင် နှစ်သက်တယ်။ —ဆာ. ၁၃၃:၁-၃။ မ. ၅:၉။
‘မေတ္တာက အားပေးမှုဖြစ်စေ’
‘မေတ္တာက အားပေးမှု ဖြစ်စေတယ်’ လို့ ပေါလု ပြောတယ်။ (၁ ကော. ၈:၁) ဘယ်နည်းနဲ့လဲ။ “မေတ္တာသီချင်း” လို့လည်းခေါ်တဲ့ ကောရိန္သု ပထမစောင် အခန်းကြီး ၁၃ မှာ မေတ္တာက အားပေးမှု ဖြစ်စေပုံကို ပေါလု ရှင်းပြထားတယ်။ တစ်ချက်အနေနဲ့ မေတ္တာက သူတစ်ပါးအကျိုးကို ရှာတယ်။ (၁ ကော. ၁၀:၂၄။ ၁၃:၅) မေတ္တာက ထောက်ထားစာနာ၊ စိတ်ရှည်၊ ကြင်နာတဲ့အတွက် ချစ်ခင်တဲ့ မိသားစုတွေ၊ စည်းလုံးတဲ့ အသင်းတော်တွေ ဖြစ်ပေါ်စေတယ်။—ကော. ၃:၁၄။
ဘုရားသခင်ကို ချစ်တဲ့ မေတ္တာဟာ တန်ဖိုးအရှိဆုံး၊ အားပေးမှုအဖြစ်ဆုံးပါပဲ။ နောက်ခံ၊ လူမျိုး၊ ဘာသာစကား အမျိုးမျိုးရှိသူတွေကို ပျော်ရွှင် “စည်းလုံးစွာ ဝတ်ပြု” စေတယ်။ (ဇေ. ၃:၉) ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော် အရည်အသွေးဖြစ်တဲ့ အဖိုးတန် မေတ္တာကို နေ့စဉ်ပြဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။
a စွမ်းအားတော် အရည်အသွေး တစ်ခုစီအကြောင်း ဆွေးနွေးမယ့် အပိုင်းကိုးပိုင်းပါ ဆောင်းပါးတွဲရဲ့ ပထမ ဆောင်းပါး ဖြစ်တယ်။