ငြိမ်သက်ခြင်း ဘယ်လိုရနိုင်မလဲ
ပြဿနာတွေ များလှတဲ့ လောကမှာ ငြိမ်သက်ခြင်း ရနိုင်ဖို့ ကြိုးစားရမယ်။ ငြိမ်သက်ခြင်း ရှိနေရင်တောင် ဆက်ထိန်းထားဖို့ အတော်ခက်တယ်။ စစ်မှန်တည်မြဲတဲ့ ငြိမ်သက်ခြင်း ရနိုင်ဖို့ ကျမ်းစာမှာ ဘာပြောထားသလဲ။ တခြားသူတွေကိုလည်း ဘယ်လို ကူညီပေးနိုင်မလဲ။
စစ်မှန်တဲ့ ငြိမ်သက်မှု ရနိုင်ပုံ
စစ်မှန်တဲ့ ငြိမ်သက်မှုဆိုတာ အပူအပင်ကင်းပြီး လုံခြုံမှုရှိတယ်လို့ ခံစားရတာ ဖြစ်တယ်။ တခြားသူတွေနဲ့လည်း ဆက်ဆံရေးကောင်း ရှိနေရမယ်။ တည်မြဲတဲ့ ငြိမ်သက်မှု ခံစားချင်ရင်တော့ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိနေဖို့ လိုတယ်။ ဘယ်လို ရှိနိုင်မလဲ။
စိုးရိမ်ပူပန်မှုတွေက ငြိမ်သက်ခြင်းကို ပျောက်ဆုံးစေ
ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ မိန့်မှာချက်တွေနဲ့ အခြေခံမူတွေကို နာခံနေတာက ဘုရားကို ယုံကြည်ကိုးစားကြောင်း၊ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိလိုကြောင်း ဖော်ပြရာရောက်တယ်။ (ယေ. ၁၇:၇၊ ၈။ ယာ. ၂:၂၂၊ ၂၃) ဒါဆိုရင် ဘုရားလည်း ကျွန်တော်တို့နဲ့ ရင်းနှီးလာပြီး စိတ်ငြိမ်သက်မှုကောင်းချီး ပေးတယ်။ ဟေရှာယ ၃၂:၁၇ မှာ “စစ်မှန်တဲ့ ဖြောင့်မတ်မှုကြောင့် ငြိမ်းချမ်းလာမယ်။ စစ်မှန်တဲ့ ဖြောင့်မတ်မှုရဲ့ အသီးအပွင့်တွေက တည်မြဲတဲ့ အေးချမ်းမှုနဲ့ လုံခြုံမှုပဲ” လို့ ပြောထားတယ်။ စစ်မှန်တဲ့ စိတ်ငြိမ်သက်မှုရဖို့ ယေဟောဝါကို စိတ်လိုကိုယ်လျောက် နာခံရမယ်။—ဟေရှာ. ၄၈:၁၈၊ ၁၉။
ကောင်းကင်ဖခင်ဆီက အဖိုးတန်လက်ဆောင်ဖြစ်တဲ့ သန့်ရှင်းသော စွမ်းအားတော်ကလည်း တည်မြဲတဲ့ငြိမ်သက်ခြင်း ရဖို့ ကူညီပေးတယ်။—တ. ၉:၃၁။
စွမ်းအားတော်က ငြိမ်သက်ခြင်းရှိဖို့ ကူညီ
တမန်တော်ပေါလုက ငြိမ်သက်ခြင်းကို “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့” တတိယအရည်အသွေးအဖြစ် ဖော်ပြတယ်။ (ဂလ. ၅:၂၂၊ ၂၃) စစ်မှန်တဲ့ ငြိမ်သက်ခြင်းဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့အတွက် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုကို ခံယူရမယ်။ ငြိမ်သက်ခြင်း ရဖို့ စွမ်းအားတော် ကူညီပေးနိုင်တဲ့ နည်းလမ်းနှစ်ခုကို သုံးသပ်ကြည့်ရအောင်။
ပထမ၊ ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစာကို မှန်မှန်ဖတ်တာက ငြိမ်သက်ခြင်း ရှိဖို့ ကူညီပေးတယ်။ (ဆာ. ၁:၂၊ ၃) ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်တဲ့အခါ ယေဟောဝါရဲ့ စဉ်းစားပုံကို နားလည်နိုင်ဖို့ စွမ်းအားတော်က ကူညီပေးတယ်။ ဥပမာ၊ ဘုရားအတွက် ငြိမ်သက်ခြင်းက ဘာကြောင့် အရေးကြီးကြောင်း၊ ငြိမ်သက်မှုရှိအောင် ဘယ်လို လုပ်ဆောင်ကြောင်း နားလည်လာတယ်။ ကျမ်းစာမှာပါတဲ့ အဲဒီအချက်တွေကို ကိုယ်တိုင် ကျင့်သုံးတဲ့အခါ ကျွန်တော်တို့ ငြိမ်သက်မှု ပိုခံစားရတယ်။—ပညာ. ၃:၁၊ ၂။
ဒုတိယ၊ ဘုရားသခင့်စွမ်းအားတော် ရဖို့ ဆုတောင်းရမယ်။ (လု. ၁၁:၁၃) ဘုရားသခင့် အကူအညီကို ရှာရင် “လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်းက ခရစ်တော်ယေရှုကတစ်ဆင့် [ကျွန်တော်] တို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးပါလိမ့်မယ်” လို့ ယေဟောဝါ ကတိပေးတယ်။ (ဖိ. ၄:၆၊ ၇) စွမ်းအားတော်ရဖို့ အမြဲဆုတောင်းမယ်ဆိုရင် ဘုရားမိတ်ဆွေတွေသာ ခံစားရတဲ့ စိတ်ငြိမ်သက်မှုကို ရရှိပါလိမ့်မယ်။—ရော. ၁၅:၁၃။
ကိုယ်တိုင်သာမက ယေဟောဝါနဲ့ရော လူလူချင်းနဲ့ပါ တည်မြဲတဲ့ငြိမ်သက်မှု ရဖို့ လူတချို့ ကျမ်းစာအကြံပြုချက်ကို ဘယ်လို ကျင့်သုံးပြီး ပြုပြင်ပြောင်းလဲခဲ့ကြသလဲ။
ငြိမ်သက်မှု ရရှိခဲ့ကြပုံ
ခရစ်ယာန်အသင်းတော်ထဲမှာ တချို့ဟာ ‘ဒေါသကြီးသူတွေ’ ဖြစ်ခဲ့ပေမဲ့ အခုတော့ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ ချင့်ချိန်တတ်သူ၊ ကြင်နာတတ်သူ၊ စိတ်ရှည်ပြီး အသင့်အတင့်နေတတ်သူတွေ ဖြစ်နေပြီ။a (ပညာ. ၂၉:၂၂) ဒေါသစိတ်ကို အနိုင်ယူပြီး တခြားသူတွေနဲ့ သင့်မြတ်အောင် ကြိုးစားခဲ့တဲ့ ကြေညာသူနှစ်ယောက်အကြောင်း သတိပြုကြည့်ပါ။
ကျမ်းစာမူတွေကို ကျင့်သုံးခြင်းနဲ့ ဘုရားသခင့်စွမ်းအားတော် အကူအညီ တောင်းခံခြင်းက ငြိမ်သက်မှုရဖို့ ကူညီပေး
ဒေးဗစ်မှာ ကြမ်းကြမ်းတမ်းတမ်း ပြောတတ်တဲ့ ဉာဉ်ဆိုးရှိတယ်။ အမှန်တရား မသိခင်တုန်းက သူဟာ တခြားသူတွေကို အပြစ်ရှာတတ်သလို မိသားစုကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုလေ့ရှိတယ်။ နောက်ပိုင်း ဒေးဗစ်ဟာ ပြောင်းလဲဖို့လိုမှန်း သိလာပြီး သင့်မြတ်အောင် နေတတ်လာတယ်။ ငြိမ်သက်မှု ဘယ်လို ရှာတွေ့ခဲ့တာလဲ။ “ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးတဲ့အခါ မိသားစုအတွင်း အပြန်အလှန် လေးစားမှု ရှိလာတယ်” လို့ သူပြောပြတယ်။
ရေချယ်ဟာ မိသားစုနောက်ခံရဲ့ လွှမ်းမိုးမှုခံခဲ့ရတယ်။ “ဒေါသကြီးတဲ့ မိသားစုမှာ ကြီးပြင်းလာလို့ အခုထိ ဒေါသကြီးနေတုန်းပဲ” လို့ သူဝန်ခံတယ်။ သင့်မြတ်ငြိမ်သက်သူဖြစ်ဖို့ ဘာက ကူညီပေးခဲ့သလဲ။ “မှန်မှန်ဆုတောင်းပြီး ယေဟောဝါရဲ့ အကူအညီကို တောင်းခံတယ်” လို့ ပြောပြတယ်။
ဒေးဗစ်နဲ့ ရေချယ်ဟာ ကျမ်းစာအခြေခံမူတွေကို ကျင့်သုံးပြီး ဘုရားသခင့်စွမ်းအားတော် အကူအညီကို တောင်းခံတဲ့အခါ ငြိမ်သက်ခြင်း ခံစားရတယ်ဆိုတဲ့ နမူနာနှစ်ခုပါပဲ။ ရန်လိုတဲ့ လောကမှာ အသက်ရှင်နေရပေမဲ့ မိသားစုဝင်တွေ၊ ခရစ်ယာန်ချင်းတွေနဲ့ သင့်မြတ်စည်းလုံးစေတဲ့ စိတ်ငြိမ်သက်မှု ရရှိနိုင်ပါတယ်။ “လူအားလုံးနဲ့ သင့်မြတ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ” လို့ ကျွန်တော်တို့ကို ယေဟောဝါ တိုက်တွန်းတယ်။ (ရော. ၁၂:၁၈) အဲဒါ ဖြစ်နိုင်ပါ့မလား။ ငြိမ်သက်မှုရှိအောင် ကြိုးစားရင် ဘာအကျိုးရမလဲ။
တခြားသူတွေနဲ့ သင့်မြတ်အောင် ကြိုးစားပါ
ဘုရားသခင့်နိုင်ငံတော် ငြိမ်သက်ခြင်းသတင်းကနေ အကျိုးခံစားရဖို့ လူတိုင်းကို ကျွန်တော်တို့ ဟောပြော ဖိတ်ခေါ်နေပါတယ်။ (ဟေရှာ. ၉:၆၊ ၇။ မ. ၂၄:၁၄) လူအများစုလည်း လက်ခံကြတယ်။ ရလဒ်အနေနဲ့ ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကြောင့် ဒေါသထွက်၊ စိတ်ပျက်တာတွေ မရှိတော့ဘူး။ အနာဂတ်မျှော်လင့်ချက် ရှိလာပြီး “ငြိမ်သက်ခြင်း အမြဲရှိနိုင်အောင် အစွမ်းကုန်ကြိုးစား” နေကြတယ်။—ဆာ. ၃၄:၁၄။
ကျွန်တော်တို့ရဲ့ သတင်းတရားကို လူတိုင်း လက်ခံတာတော့ မဟုတ်ဘူး။ (ယော. ၃:၁၉) ဒါပေမဲ့ ဘုရားသခင့် စွမ်းအားတော်က သတင်းကောင်းကို လေးလေးစားစား၊ တည်တည်ငြိမ်ငြိမ် ဟောပြောနိုင်ဖို့ ကူညီပေးတယ်။ ဒီနည်းနဲ့ မဿဲ ၁၀:၁၁-၁၃ မှာပါတဲ့ ယေရှုညွှန်ကြားချက်ကို လိုက်နာကြတယ်– “အိမ်ထဲဝင်တဲ့အခါ အိမ်သားတွေကို ‘ငြိမ်သက်ခြင်း ရှိပါစေ’ ဆိုပြီး နှုတ်ဆက်ပါ။ သူတို့လက်ခံရင် အဲဒီအိမ်မှာ ငြိမ်သက်ခြင်း သက်ရောက်လိမ့်မယ်။ လက်မခံရင်တော့ ငြိမ်သက်ခြင်းဟာ ခင်ဗျားတို့ဆီပဲ ပြန်သက်ရောက်လိမ့်မယ်။” ယေရှုရဲ့ အကြံပေးချက်ကို လိုက်နာတဲ့အခါ စိတ်ငြိမ်သက်စွာ ပြန်ထွက်လာနိုင်တဲ့အပြင် နောက်တစ်ကြိမ် ကူညီပေးခွင့်ရဖို့ မျှော်လင့်နိုင်တယ်။
ကျွန်တော်တို့လုပ်ငန်းကို ဆန့်ကျင်သူတွေ အပါအဝင် အစိုးရအရာရှိတွေကို လေးလေးစားစား ဆက်ဆံတဲ့အခါ ငြိမ်သက်မှု ဖြစ်စေတယ်။ ဥပမာ၊ အာဖရိကနိုင်ငံတစ်နိုင်ငံက အစိုးရဟာ စိတ်စွန်းကွက်မှုကြောင့် နိုင်ငံတော်ခန်းမ ဆောက်လုပ်ခွင့်ကို တားဆီးခဲ့တယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ အာဖရိကမှာ သာသနာပြု လုပ်ခဲ့တဲ့ ညီအစ်ကိုတစ်ယောက်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မှာရှိတဲ့ အဲဒီနိုင်ငံရဲ့ သံအမတ်ကို သွားတွေ့ဖို့ တာဝန်ရတယ်။ ယေဟောဝါသက်သေတွေရဲ့ ငြိမ်းချမ်းတဲ့ လုပ်ငန်းတွေအကြောင်း အရာရှိကို ရှင်းပြဖို့ ဖြစ်တယ်။ လည်ပတ်တဲ့အခါ ဘာတွေ ဖြစ်ခဲ့သလဲ။
“ဧည့်ကြိုကောင်တာကို ရောက်တော့ ဧည့်ကြိုအမျိုးသမီးရဲ့ ဝတ်စုံကို ကြည့်ပြီး ဘယ်လူမျိုးစုဖြစ်မှန်း သိလိုက်တယ်။ သူ့ဘာသာစကားနဲ့ နှုတ်ဆက်လိုက်တော့ အမျိုးသမီး အံ့သြသွားပြီး ‘ဘာကိစ္စများ ရှိလို့လဲ’ ဆိုပြီး မေးတယ်။ သံအမတ်ကို လာတွေ့တာပါလို့ ယဉ်ယဉ်ကျေးကျေး ဖြေလိုက်တယ်။ ဧည့်ကြိုအမျိုးသမီး ဖုန်းဆက်လိုက်တော့ အရာရှိက ထွက်လာပြီး သူတို့ရဲ့ လူမျိုးစုဘာသာစကားနဲ့ ကျွန်တော့်ကို နှုတ်ဆက်တယ်။ နောက်တော့ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းအကြောင်း ရှင်းပြတဲ့အခါ ကောင်းကောင်း နားထောင်ပေးတယ်။”
ညီအစ်ကို လေးလေးစားစား ရှင်းပြတဲ့အတွက် ကျွန်တော်တို့ရဲ့ လုပ်ငန်းအပေါ် အရာရှိရဲ့ အထင်အမြင်မှားမှု၊ စိတ်စွန်းကွက်မှု အတော်လေး လျော့သွားတယ်။ နောက်ပိုင်း အဲဒီအာဖရိကနိုင်ငံ အစိုးရက ဆောက်လုပ်ခွင့် တားဆီးထားတာကို ဖယ်ရှားပေးခဲ့တယ်။ ညီအစ်ကိုတွေ သိပ်ပျော်ခဲ့ကြတယ်။ တခြားသူတွေကို လေးလေးစားစား ဆက်ဆံတာက ငြိမ်သက်မှုအပါအဝင် အကျိုးအများကြီး ရှိစေပါတယ်။
ထာဝရ ငြိမ်သက်ခြင်း
ဒီနေ့ ယေဟောဝါသက်သေတွေဟာ စစ်မှန်တဲ့ ငြိမ်သက်မှု ခံစားနေရတယ်။ စွမ်းအားတော်ရဲ့ အရည်အသွေးဖြစ်တဲ့ ဒီကဏ္ဍမှာ တိုးတက်အောင် ကြိုးစားနေမယ်ဆိုရင် ဘဝမှာ ငြိမ်သက်မှု ခံစားရမှာ ဖြစ်တယ်။ အရေးကြီးဆုံးက ယေဟောဝါဘုရားသခင်ရဲ့ မျက်နှာသာရပြီး ကမ္ဘာသစ်မှာ ထာဝရငြိမ်သက်ခြင်း ခံစားရမှာ ဖြစ်တယ်။—၂ ပေ. ၃:၁၃၊ ၁၄။
a ကြင်နာခြင်း အရည်အသွေးကို ဘုရားသခင့် စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး ဆောင်းပါးတွဲမှာ ဆွေးနွေးပါမယ်။