စာရှုသူများထံမှမေးခွန်းလွှာ
ခရစ်ယာန်များသည် ထိမ်းမြားရန်စေ့စပ်ကြောင်းလမ်းထားခြင်းကို မည်မျှအလေးအနက်ရှုမြင်သင့်သနည်း။
ထိမ်းမြားရန်စေ့စပ်ကြောင်းလမ်းခြင်းသည် ပျော်ရွှင်စရာဖြစ်သည်မှန်သော်လည်း လေးနက်သည့်ကိစ္စတစ်ခုလည်းဖြစ်၏။ ရင့်ကျက်သည့်ခရစ်ယာန်တစ်ဦးသည် စေ့စပ်ကြောင်းလမ်းခြင်းကို အသေးအဖွဲကိစ္စဖြစ်၍ အချိန်မရွေးဖျက်သိမ်းနိုင်သည်ဟု ပေါ့ပေါ့ဆဆသဘောမထားသင့်ချေ။ စေ့စပ်ကြောင်းလမ်းထားချိန်သည် အိမ်ထောင်မပြုမီ တစ်ဦးနှင့်တစ်ဦး သာ၍အကျွမ်းတဝင်ဖြစ်လာရမည့်အချိန်လည်းဖြစ်သည်။
ဤအကြောင်းကိုဆွေးနွေးရာတွင် အိမ်ထောင်ရေး၊ အိမ်ထောင်ပြုဖို့ခြေလှမ်းများနှင့်ပတ်သက်သည့် လူမှုရေးထုံးစံများသည် နေရာဒေသ၊ အချိန်အခါအလိုက် အလွန်ကွဲပြားကြောင်း သိထားဖို့လိုသည်။ သမ္မာကျမ်းစာက ယင်းကိုဖော်ပြပါသည်။
“ယောက်ျားနှင့်မဆက်ဆံသော” လောတ၏သမီးနှစ်ဦးမှာ ဒေသခံအမျိုးသားနှစ်ဦးနှင့် တစ်နည်းနည်းဖြင့် စေ့စပ်ကြောင်းလမ်းထားသည်။ လောတ၏ ‘သမက်များသည် သူ၏သမီးများနှင့် စုံဖက်ကြ’ ဖို့ဖြစ်သော်လည်း အဘယ်ကြောင့် သို့မဟုတ် မည်ကဲ့သို့စေ့စပ်ကြောင်းလမ်းခဲ့ကြောင်းကိုမူ သမ္မာကျမ်းစာက မဖော်ပြထားချေ။ သမီးများအရွယ်ရောက်ပြီလော။ ထိမ်းမြားမည့်သူကို သူတို့ရွေးချယ်ပိုင်ခွင့်ရှိကြသလော။ စေ့စပ်ကြောင်းလမ်းထားကြောင်းကို လူသိရှင်ကြားပြုလုပ်ခဲ့သလော။ ကျွန်ုပ်တို့မသိကြရပါ။ (ကမ္ဘာဦး ၁၉:၈-၁၄) ယာကုပ်သည် ရာခေလ၏ဖခင်အတွက် ခုနစ်နှစ်အလုပ်လုပ်ပြီးနောက် ရာခေလကိုထိမ်းမြားရန် သဘောတူခဲ့ကြောင်းကို ကျွန်ုပ်တို့သိကြသည်။ ရာခေလကိုသူ၏ “မယား” ဟုယာကုပ်ခေါ်ဆိုခဲ့သော်လည်း ထိုနှစ်များအတွင်း သူတို့လိင်ဆက်ဆံမှုမပြုခဲ့ကြချေ။ (ကမ္ဘာဦး ၂၉:၁၈-၂၁) နောက်ဥပမာတစ်ခုအနေနှင့် ဒါဝိဒ်သည် ရှောလု၏သမီးနှင့်မထိမ်းမြားနိုင်မီ ဖိလိတ္တိလူတို့ကိုအောင်ပွဲဆင်ခဲ့ရသည်။ ရှောလုတောင်းဆိုသည့်အတိုင်းပြုလုပ်ပြီးနောက်မှ သမီးတော်မိခါလကို ဒါဝိဒ်ထိမ်းမြားနိုင်ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၈:၂၀-၂၈) ထို “စေ့စပ်ကြောင်းလမ်းခြင်းများ” သည် တစ်ခုနှင့်တစ်ခုမတူ၊ မျက်မှောက်ခေတ်ဒေသများစွာ၌ပြုလေ့ရှိသည့် စေ့စပ်ကြောင်းလမ်းခြင်းနှင့်လည်း ကွာခြားသည်။
မောရှေ၏ပညတ်တရားတွင် ထိမ်းမြားခြင်းနှင့် စေ့စပ်ကြောင်းလမ်းခြင်းတို့နှင့်ဆိုင်သည့် ပြဋ္ဌာန်းချက်များရှိသည်။ ဥပမာ၊ လူတစ်ဦးသည် မယားတစ်ဦးမကယူနိုင်ခဲ့သည်; သူသည် အကြောင်းအမျိုးမျိုးကြောင့် ကွာရှင်းနိုင်သော်လည်း မယားဖြစ်သူကမူ ကွာရှင်း၍မရနိုင်ပုံပေါ်သည်။ (ထွက်မြောက်ရာ ၂၂:၁၆၊ ၁၇; တရားဟောရာ ၂၄:၁-၄) စေ့စပ်ကြောင်းလမ်းမထားသော အပျိုကညာတစ်ဦးကို သွေးဆောင်ဖြားယောင်းသည့် ယောက်ျားတစ်ဦးသည် မိန်းမ၏ဖခင်သဘောတူလျှင် ထိုမိန်းမကိုထိမ်းမြားရ၍ မည်သည့်အခါမျှ ကွာရှင်း၍မရနိုင်ပါ။ (တရားဟောရာ ၂၂:၂၈၊ ၂၉) လိင်ဆက်ဆံခြင်းကို အဘယ်အချိန်၌ရှောင်ရမည် အစရှိသည့် အိမ်ထောင်ရေးနှင့်ပတ်သက်သော အခြားပညတ်များလည်းရှိသေးသည်။ (ဝတ်ပြုရာ ၁၂:၂၊ ၅; ၁၅:၂၄; ၁၈:၁၉) စေ့စပ်ကြောင်းလမ်းခြင်းနှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များကား အဘယ်နည်း။
စေ့စပ်ကြောင်းလမ်းထားသော ဣသရေလအမျိုးသမီးတစ်ဦးသည် ကြောင်းလမ်းမထားသည့်အမျိုးသမီးနှင့် အခြေအနေကွာခြားသည်; အချို့သောကိစ္စများတွင် သူသည် ထိမ်းမြားထားသည်ဟု ယူမှတ်ခံရသည်။ (တရားဟောရာ ၂၂:၂၃-၂၉; မဿဲ ၁:၁၈၊ ၁၉) ဣသရေလလူတို့သည် ဆွေမျိုးအချို့နှင့် စေ့စပ်ကြောင်းလမ်း၍ သို့မဟုတ် ထိမ်းမြား၍မရပါ။ ဤသူတို့သည် အများအားဖြင့် သွေးရင်းသားရင်းများဖြစ်ကြ၏၊ သို့သော်လည်း အမွေဆက်ခံခွင့်အစီအစဉ်ကြောင့် စေ့စပ်ကြောင်းလမ်းခြင်း၊ ထိမ်းမြားခြင်းမပြုနိုင်သည့် အခြေအနေအချို့ရှိသည်။ (ဝတ်ပြုရာ ၁၈:၆-၂၀; ကင်းမျှော်စင် မတ် ၁၅၊ ၁၉၇၉၊ စာမျက်နှာများ ၁၅-၈။) ဘုရားသခင့်ကျေးကျွန်များသည် စေ့စပ်ကြောင်းလမ်းခြင်းကို ပေါ့ပေါ့ဆဆမယူမှတ်ခဲ့ကြကြောင်း ထင်ရှားပါသည်။
ဣသရေလလူတို့သည် ဤသို့သောပညတ်တရား ပြဋ္ဌာန်းချက်များအားလုံးအောက်ရှိခဲ့ကြသော်လည်း ခရစ်ယာန်များမှာမူ စေ့စပ်ကြောင်းလမ်းခြင်း သို့မဟုတ် ထိမ်းမြားခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအပါအဝင် ထိုပညတ်တရားအောက်မရှိကြပါ။ (ရောမ ၇:၄၊ ၆; ဧဖက် ၂:၁၅; ဟေဗြဲ ၈:၆၊ ၁၃) အမှန်ဆိုလျှင် ထိမ်းမြားခြင်းဆိုင်ရာ ခရစ်ယာန်စံသည် ပညတ်တရားရှိစံနှင့်ကွာခြားကြောင်း ယေရှုသင်ကြားခဲ့သည်။ (မဿဲ ၁၉:၃-၉) သို့တိုင် ကိုယ်တော်သည် ထိမ်းမြားခြင်း သို့မဟုတ် စေ့စပ်ကြောင်းလမ်းခြင်း၏ အရေးပါမှုကို အလေးအနက်မထားဘဲမနေခဲ့ပါ။ ထို့ကြောင့် ယခုဆွေးနွေးနေကြသည့် စေ့စပ်ကြောင်းလမ်းခြင်းနှင့် ပတ်သက်၍ကော။
နိုင်ငံများစွာတွင် လူအများသည် မည်သူနှင့်ထိမ်းမြားမည်ကို ကိုယ်တိုင်ရွေးချယ်ကြသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ထိမ်းမြားရန်ကတိပြုကြသည်နှင့် စေ့စပ်ကြောင်းလမ်းထားပြီဟုယူမှတ်ခံရကြသည်။ ထိုသို့စေ့စပ်ကြောင်းလမ်းထားကြောင်း အခမ်းအနားဖြင့်ထပ်မံဖော်ပြစရာလိုလေ့မရှိချေ။ အချို့သောဒေသများ၌ စေ့စပ်ထားကြောင်းသိစေရန် ဇနီးလောင်းကို အမျိုးသားက လက်စွပ်တစ်ကွင်းပေးလေ့ရှိသည်။ သို့မဟုတ် မိသားစုထမင်းဝိုင်း၌ဖြစ်စေ၊ လူနည်းစုစုဝေးရာ၌ဖြစ်စေ စေ့စပ်ကြောင်းလမ်းခြင်းကို ဆွေမျိုးများနှင့် မိတ်ဆွေများရှေ့ ကြေညာရသည့်ဓလေ့ထုံးစံရှိသည်။ ၎င်းတို့မှာ ကျမ်းစာတောင်းဆိုရာများမဟုတ်ဘဲ ကိုယ်ပိုင်ရွေးချယ်မှုများဖြစ်သည်။ လူနှစ်ဦး၏သဘောတူညီချက်က စေ့စပ်ကြောင်းလမ်းခြင်းကို အတည်ဖြစ်စေသည်။a
ခရစ်ယာန်တစ်ဦးသည် ပိုးပန်းခြင်း၊ စေ့စပ်ကြောင်းလမ်းခြင်း သို့မဟုတ် ထိမ်းမြားခြင်းတို့ကို အလျင်စလိုမပြုသင့်ချေ။ ပိုးပန်းဖို့၊ သို့မဟုတ် စေ့စပ်ကြောင်းလမ်းဖို့ သို့မဟုတ် ထိမ်းမြားဖို့ စတင်စဉ်းစားသင့်မသင့် ဆုံးဖြတ်ရန် လူပျိုအပျိုများအတွက် အကူအညီဖြစ်စေသော ကျမ်းစာအခြေပြုသည့်ဆောင်းပါးများကို ကျွန်ုပ်တို့ထုတ်ဝေထားပါသည်။b ခရစ်ယာန်အိမ်ထောင်ရေးသည် တည်မြဲဖို့ဖြစ်သည်မှာ အဓိကအကြံပေးချက်ဖြစ်သည်။—ကမ္ဘာဦး ၂:၂၄; မာကု ၁၀:၆-၉။
ခရစ်ယာန်နှစ်ဦးသည် စေ့စပ်ကြောင်းလမ်းဖို့မစဉ်းစားမီ တစ်ဦးကိုတစ်ဦးကောင်းစွာသိကျွမ်းသင့်သည်။ တစ်ဦးစီအနေနှင့် ဤသို့မေးမြန်းနိုင်သည်၊ ‘တစ်ဖက်သား၏ဝိညာဉ်ရေးနှင့် ဘုရားသခင်အားသစ္စာနှံမှုကို ကျွန်ုပ်အသေအချာသိသလော။ ထိုသူနှင့်တစ်သက်လုံး ဘုရားသခင်၏အမှုထမ်းခြင်းကို မြင်ယောင်နိုင်မည်လော။ အချင်းချင်း၏စရိုက်များကို သိသင့်သလောက်သိထားပြီလော။ ရေရှည်လိုက်ဖက်ကြမည်ဟု ကျွန်ုပ်ယုံကြည်စိတ်ချနိုင်သလော။ ကျွန်ုပ်တို့သည် အချင်းချင်း၏အတိတ်မှဖြစ်ရပ်များနှင့် လက်ရှိအခြေအနေများကို အလုံအလောက်သိထားသလော။’
ခရစ်ယာန်နှစ်ဦးသည် စေ့စပ်ကြောင်းလမ်းလိုက်သည်နှင့် ထိမ်းမြားကြလိမ့်မည်ဟု သူတို့နှင့်အခြားသူများကပါ မျှော်လင့်သင့်သည်။ ယေရှုက “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ် ဖြစ်စေလော့” ဟုမှာကြားသည်။ (မဿဲ ၅:၃၇) စေ့စပ်ကြောင်းလမ်းထားသော ခရစ်ယာန်များ ယင်းသို့ပြုသင့်သည်။ သို့ရာတွင် ဖြစ်တောင့်ဖြစ်ခဲသည်မှာ စေ့စပ်ကြောင်းလမ်းခြင်းမတိုင်မီ အရေးကြီးသည့်အရာတစ်ခုခုကို မဖော်ပြ သို့မဟုတ် ဖုံးကွယ်ထားကြောင်း စေ့စပ်ထားသောခရစ်ယာန်တစ်ဦးသိလာပေမည်။ ယင်းက တစ်ဖက်သား၏အတိတ်နှင့်ပတ်သက်သည့် အရေးပါသည့်ဖြစ်ရပ်၊ ရာဇဝတ်မှု သို့မဟုတ် အကျင့်ယိုယွင်းမှုပင်ဖြစ်ပေမည်။ ၎င်းကိုသိလာသောခရစ်ယာန်သည် မည်သို့ပြုရမည်ကိုဆုံးဖြတ်ရပေမည်။ ထိုအကြောင်းကိုသူတို့နှစ်ဦး အသေအချာဆွေးနွေး၍ စေ့စပ်ထားခြင်းကိုမပယ်ဖျက်ဟု သဘောတူကောင်းတူကြပေမည်။ သို့မဟုတ် စေ့စပ်ကြောင်းလမ်းထားခြင်းကို ဖျက်သိမ်းဖို့ သူတို့နှစ်ဦးသဘောတူကြပေမည်။ ထိုသို့ပြုခြင်းသည် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်နိုင်ကာ—အခြားသူများဝင်စွက်စရာ၊ စောဒကတက်စရာ၊ အကဲဖြတ်စရာမဟုတ်—သော်လည်း အလွန်ကြီးလေးသည့်ဆုံးဖြတ်ချက်ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ စေ့စပ်ထားသူတို့တွင် တစ်ဦးကအဆက်မဖြတ်လိုသည့်တိုင် ကြီးလေးသည့်ကိစ္စရပ်ကိုသိလာသူက စေ့စပ်ထားခြင်းကိုမဖြစ်မနေဖျက်သိမ်းလိုပေမည်။—ဇွန် ၁၅၊ ၁၉၇၅ ထုတ်ကင်းမျှော်စင် [လိပ်] မှ “စာရှုသူများထံမှမေးခွန်းလွှာ” ရှု။
အိမ်ထောင်မပြုမီ ယင်းသို့သောကိစ္စရပ်များကို ဖြေရှင်းခြင်းသည်ကောင်း၏။ ယေရှုက လွတ်လပ်စွာပြန်လည်ထိမ်းမြားနိုင်ရန် ကွာရှင်းဖို့တစ်ခုတည်းသော ကျမ်းစာအကြောင်းရင်းမှာ ပေါ်နီယာ၊ အိမ်ထောင်ဖက်တစ်ဦးက ဖောက်ပြန်ခြင်းဖြစ်သည်ဟုဆိုသည်။ (မဿဲ ၅:၃၂; ၁၉:၉) လက်မထပ်မီကကြီးလေးသည့်ပြဿနာတစ်ခု သို့မဟုတ် မှားယွင်းမှုအကြောင်းသိရှိခဲ့လျှင် တရားဝင်ထိမ်းမြားပြီးနောက်မှ ကွာရှင်းနိုင်သည်ဟု ကိုယ်တော်မဆိုပါ။
ဥပမာ၊ ယေရှုခေတ်က နူနာရောဂါ အလွယ်တကူစွဲကပ်နိုင်သည်။ လက်ထပ်သည့်အခါ မိမိ၏ခင်ပွန်း၌ (သူသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ) နူနာရောဂါရှိကြောင်း ဂျူးလင်ယောက်ျားတစ်ဦး သိလာသောအခါ သူ့ကိုကွာရှင်းနိုင်မည်လော။ ပညတ်တရားအောက်ရှိ ဂျူးတစ်ဦးသည် ကွာရှင်းမည်ဖြစ်သော်လည်း ယေရှု၏နောက်လိုက်များမူ ထိုသို့ပြုရန် သင့်တော်သည်ဟု ကိုယ်တော်မပြောခဲ့ပါ။ မျက်မှောက်ခေတ်အခြေအနေအချို့ကို သုံးသပ်ကြည့်ပါ။ ဆစ်ဖလစ်ရောဂါ၊ အင်္ဂါဇာတ်ရေယုန်၊ အိပ်ချ်အိုင်ဗွီ၊ သို့မဟုတ် ကူးစက်တတ်သော အခြားစိုးရိမ်ဖွယ်ရောဂါရှိထားသူတစ်ဦးသည် အဖြစ်မှန်ကိုမပြောဘဲ အိမ်ထောင်ပြုပေမည်။ သူ့ရောဂါမှာ စေ့စပ်ကြောင်းလမ်းခြင်းမပြုမီ သို့မဟုတ် စေ့စပ်ထားစဉ်အတွင်း လိင်အကျင့်ယိုယွင်းခြင်းကြောင့် ရရှိခြင်းဖြစ်ကောင်းဖြစ်မည်။ သူ၏ရောဂါ သို့မဟုတ် ယခင်ကအကျင့်ယိုယွင်းမှုကို (မြုံခြင်း သို့မဟုတ် ပန်းသေခြင်းပင်ဖြစ်စေ) နောက်ပိုင်းတွင် ဇနီးသည်သိရှိသွားခြင်းက သူတို့၏ထိမ်းမြားခြင်းကို ပြောင်းလဲစေမည်မဟုတ်ပေ။ မင်္ဂလာဆောင်ချိန်တွင် ရောဂါတစ်မျိုးမျိုးရှိကြောင်း၊ သို့မဟုတ် အခြားအမျိုးသားတစ်ဦးနှင့် ကိုယ်ဝန်ရှိကြောင်း မဖော်ဘဲဝှက်ထားခြင်းသည် အိမ်ထောင်ကိုပြတ်စဲစေသည့် ကျမ်းစာအခြေခံအကြောင်းမဟုတ်သကဲ့သို့ မင်္ဂလာမဆောင်မီက မနှစ်မြို့ဖွယ်အတိတ်ရှိခြင်းကလည်း ကျမ်းစာအခြေခံအကြောင်းမဟုတ်ပါ။ ယခုသူတို့ထိမ်းမြားထားပြီး၍ တစ်ဦးနှင့်တစ်ဦးကတိကဝတ်ပြုထားပြီးဖြစ်သည်။
ဝမ်းနည်းဖွယ်ဤအခြေအနေများကို ကြုံတွေ့ရခဲသော်လည်း ဤအဖြစ်အပျက်များက စေ့စပ်ကြောင်းလမ်းခြင်းကို ပေါ့ပေါ့ဆဆယူမှတ်စရာမဟုတ်ကြောင်း ထပ်၍အလေးအနက်ဖော်ပြသင့်သည်။ ခရစ်ယာန်များသည် စေ့စပ်ကြောင်းလမ်းခြင်းမပြုမီနှင့် ကြောင်းလမ်းထားစဉ်အတွင်း တစ်ဦးကိုတစ်ဦး ကောင်းစွာသိရန်ကြိုးပမ်းသင့်သည်။ တစ်ဖက်သားသိလိုသည့်အရာ သို့မဟုတ် သိရမည့်အရာနှင့်ပတ်သက်၍ သူတို့အမှန်အတိုင်းပြောပြသင့်သည်။ (အချို့သောနိုင်ငံများတွင် မောင်နှံစုံတို့သည် အိမ်ထောင်မပြုမီ ဥပဒေအရ ဆေးစစ်ချက်ယူကြရသည်။ အချို့က သူတို့ကိုယ်တိုင်သိထားကြဖို့အတွက် စစ်ချက်ယူလိုပေမည်။) သို့ဖြင့် သူတို့နှစ်ဦးသည် ပိုပျော်ရွှင်၍လေးနက်သည့် အိမ်ထောင်အခြေအနေသို့ဦးတည်ကြစဉ် စေ့စပ်ကြောင်းလမ်းခြင်း၏ပျော်ရွှင်မှုနှင့် လေးနက်မှုက ဂုဏ်အသရေရှိစေပါလိမ့်သည်။—သု. ၅:၁၈၊ ၁၉; ဧဖက် ၅:၃၃။
[အောက်ခြေမှတ်ချက်များ]
a အချို့သောလူ့အဖွဲ့အစည်းများတွင် မိဘများက မိမိတို့သားသမီးများကို စေ့စပ်ကြောင်းလမ်းပေးဆဲဖြစ်သည်။ ယင်းကို ထိမ်းမြားခြင်းမတိုင်မီ အစောပိုင်းကပြုလုပ်ပေမည်။ ထိုအတောအတွင်း သူတို့ကိုစေ့စပ်ထားသူများ သို့မဟုတ် တစ်ဦးနှင့်တစ်ဦးကတိပြုထားသူများအဖြစ် အသိအမှတ်ပြုသော်လည်း သူတို့မထိမ်းမြားရသေးချေ။
b ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ မြန်မာမှထုတ်ဝေသော လူငယ်များအမေး—တာသွားသည့်အဖြေ၊ အခန်း ၂၈-၃၂ နှင့် မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် [လိပ်] အခန်း ၂ ရှု။