တနင်္လာနေ့၊ အောက်တိုဘာ ၂၇
ခင်ပွန်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။—ဧ. ၅:၂၈။
ဇနီးကို ချစ်ဖို့၊ ထောက်ပံ့ဖို့၊ အဖော်အဖက်ကောင်း ဖြစ်ဖို့၊ ဘုရားနဲ့ ရင်းနှီးအောင် ကူညီပေးဖို့ ခင်ပွန်းတွေကို ယေဟောဝါ တောင်းဆိုတယ်။ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိခြင်း၊ အမျိုးသမီးတွေကို လေးစားခြင်း၊ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ခြင်းစတဲ့ အရည်အသွေးတွေက ခင်ပွန်းကောင်း၊ အိမ်ထောင်ဦးစီးကောင်း ဖြစ်ဖို့ ကူညီပေးနိုင်တယ်။ အိမ်ထောင်ပြုပြီးရင် သားသမီး ရလာနိုင်တယ်။ ဖခင်ကောင်း ဖြစ်ဖို့ ယေဟောဝါဆီက ဘာသင်ယူနိုင်သလဲ။ (ဧ. ၆:၄) သားယေရှုကို ချစ်မြတ်နိုးတယ်လို့ ယေဟောဝါ ထုတ်ပြောတယ်။ (မ. ၃:၁၇) သင်လည်း ဖခင် ဖြစ်လာရင် သားသမီးတွေကို ချစ်ကြောင်း မကြာမကြာ ပြောပါ၊ ပြပါ။ ချီးမွမ်းပေးပါ။ ယေဟောဝါကို အတုယူတဲ့ ဖခင်တွေဟာ သားသမီးတွေ ရင့်ကျက်တဲ့ အမျိုးသား/သမီး ဖြစ်လာဖို့ ကူညီပေးကြတယ်။ မိသားစု၊ အသင်းတော်မှာ ရှိသူတွေကို မေတ္တာပြခြင်း၊ ဂရုစိုက်ခြင်း၊ ချစ်ခင်တန်ဖိုးထားတယ်ဆိုတာ ထုတ်ပြောခြင်းအားဖြင့် ဖခင်ကောင်း ဖြစ်ဖို့ အခုကတည်းက ပြင်ဆင်နိုင်တယ်။—ယော. ၁၅:၉။ w23.12 ၂၈-၂၉ ¶၁၇-၁၈
အင်္ဂါနေ့၊ အောက်တိုဘာ ၂၈
ဘုရားသခင်ဟာ မင်းတို့ရဲ့ ခေတ်ကာလကို တည်ငြိမ်အေးချမ်းစေတဲ့ အရှင်ပဲ။—ဟေရှာ. ၃၃:၆။
ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေဟာ လောက,က လူတွေလိုပဲ အခက်အခဲတွေ ကြုံကြရတယ်။ ဖျားကြနာကြတယ်။ ဒါ့အပြင် ဘုရားလူမျိုးကို မုန်းသူတွေ ဆန့်ကျင်တာ၊ နှိပ်စက်ညှဉ်းပန်းတာ ကြုံရနိုင်တယ်။ အခက်အခဲ မှန်သမျှကနေ ကျွန်တော်တို့ကို ယေဟောဝါ လိုက်ကာကွယ်မပေးဘူး။ ဒါပေမဲ့ ကူညီမယ်လို့ ကတိပေးတယ်။ (ဟေရှာ. ၄၁:၁၀) ဘုရား ကူညီလို့ အခက်ဆုံး ကာလမှာတောင် ဆက်ဝမ်းမြောက်နိုင်တယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်တယ်။ ဆက်သစ္စာရှိနိုင်တယ်။ ဒါ့အပြင် ယေဟောဝါက “ဘုရားသခင့်ငြိမ်သက်ခြင်း” ပေးတယ်။ (ဖိ. ၄:၆၊ ၇) ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိလို့ ခံစားရတဲ့ စိတ်တည်ငြိမ်အေးချမ်းမှုကို ဆိုလိုတာပါ။ အဲဒီငြိမ်သက်ခြင်းဟာ “လူ့ဉာဏ်နဲ့ မမီနိုင်” ဘူး။ ကျွန်တော်တို့ စိတ်ကူးကြည့်နိုင်တာထက် အများကြီး သာတယ်။ ယေဟောဝါဆီ ပြင်းပြင်းပြပြ ဆုတောင်းပြီးနောက် အံ့ဩစရာကောင်းလောက်အောင် စိတ်ငြိမ်သက်သွားဖူးသလား။ အဲဒါ ဘုရားသခင့်ငြိမ်သက်ခြင်းပဲ။ w24.01 ၂၀ ¶၂။ ၂၁ ¶၄
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၂၉
ယေဟောဝါကို ချီးမွမ်းပါရစေ။ သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို စိတ်ရော ကိုယ်ပါ ချီးမွမ်းပါရစေ။—ဆာ. ၁၀၃:၁။
ဘုရားကို ချစ်သူတွေဟာ ဘုရားနာမည်ကို စိတ်နှလုံး အကြွင်းမဲ့ ချီးမွမ်းချင်ကြတယ်။ နာမတော်ကို ချီးမွမ်းတာဟာ ယေဟောဝါကို ချီးမွမ်းတာ ဖြစ်ကြောင်း ဘုရင် ဒါဝိဒ် သဘောပေါက်တယ်။ နာမတော် ကြားတာနဲ့ ယေဟောဝါ ဘယ်လို ဘုရားမျိုးလဲ၊ ဘာအရည်အသွေးတွေ ရှိသလဲ၊ ဘာအံ့ဩစရာကောင်းတာတွေ လုပ်သလဲ တစ်တွဲတည်း ပါလာလို့ပဲ။ အဖဘုရားရဲ့ နာမည် သန့်ရှင်းမြင့်မြတ်တယ်လို့ ဒါဝိဒ် သဘောထားတယ်။ “စိတ်ရော ကိုယ်ပါ ချီးမွမ်း” ချင်တယ်။ လေဝိအမျိုးသားတွေလည်း ယေဟောဝါကို ချီးမွမ်းရာမှာ ဦးဆောင်ကြတယ်။ နာမတော် သန့်ရှင်းမြင့်မြတ်လွန်းလို့ ထိုက်သင့်သလောက် ချီးမွမ်းဂုဏ်တင်နိုင်မှာ မဟုတ်ကြောင်း နှိမ့်ချမှုရှိရှိ အသိအမှတ်ပြုကြတယ်။ (နေ. ၉:၅) နှိမ့်ချမှုရှိရှိ၊ စိတ်နှလုံး အကြွင်းမဲ့ ချီးမွမ်းကြလို့ ယေဟောဝါ သိပ်ဝမ်းသာမှာပဲ။ w24.02 ၉ ¶၆