လိမ်လည်လှည့်ဖြားမှု ကမ္ဘာချီပြဿနာ
အပြောအဆိုသိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသူ ဝိန်းသည် ကာရင်း ရှာနေသည့် ခင်ပွန်းသည်မျိုး ဖြစ်ပုံရခဲ့သည်။ “သူဟာ ကျွန်မ တစ်ချိန်လုံး ဆုတောင်းခဲ့၊ မျှော်လင့်ခဲ့တဲ့လူစားမျိုးပဲ” ဟုကာရင်းပြော၏။ “ကျွန်မတို့ကို တွေ့တဲ့သူတိုင်းက နေနဲ့လ၊ ရွှေနဲ့မြပဲလို့ ထင်ခဲ့ကြတယ်။ ကျွန်မကို သူမြတ်နိုးကြောင်း ကျွန်မယုံကြည်လာအောင် သူလုပ်နိုင်ခဲ့တယ်။”
သို့သော် ပြဿနာတစ်ခုရှိနေသည်။ ဝိန်းက မိမိသည် ဩစတြေးလျ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့မှ တတိယအကြီးဆုံးအဆင့်ရှိကြောင်း၊ သူနုတ်ထွက်လိုသော်လည်း နုတ်ထွက်ခွင့်ပေးကြမည် မဟုတ်ကြောင်း၊ ယင်းအဖွဲ့အကြောင်း သူများစွာသိထား၍ အသတ်ခံရနိုင်သည်ဟု ကာရင်းအားပြောပြခဲ့သည်။ ထိုစုံတွဲသည် အစီအစဉ်တစ်ခုကို အတူတကွဆွဲကြသည်။ သူတို့လက်ထပ်ကြမည်၊ သူတို့၏ပိုင်ဆိုင်ရာများကို စုစည်းပြီး ဩစတြေးလျမှထွက်ကာ ကနေဒါသို့ ပြေးကြမည်။ ကာရင်းသည် သူ၏အိမ်အပါအဝင် ပိုင်ဆိုင်သမျှအားလုံးကိုရောင်းလိုက်ပြီး သူ့ငွေကို ဝိန်းထံ အပ်လိုက်သည်။
စီစဉ်ထားသည့်အတိုင်း လက်ထပ်ဖြစ်ခဲ့ကြသည်။ ဝိန်းသည် နိုင်ငံမှထွက်ပြေးသွားခဲ့သည်၊ သို့သော် ကာရင်းမှာမူ ခြောက်ဒေါ်လာပင်မပြည့်သော ဘဏ်လက်ကျန်ငွေဖြင့် စွန့်ပစ်ခံခဲ့ရသည်။ သူ့အပေါ်လိမ်လည်လှည့်ဖြားရန် ရည်ရွယ်ချက်တစ်ခုတည်းအတွက် အသေးစိတ်ဉာဏ်ဆင်စီစဉ်ထားသော မုသားကွန်ခြာတစ်ခုထဲ ကျော့မိသွားခဲ့ပြီဖြစ်ကြောင်း မကြာမီ သူသိရှိလိုက်ရသည်။ သရုပ်ဆောင်တစ်ဦးကဲ့သို့ ဝိန်းသည် ကာရင်းစွဲသွားအောင် ပီပီပြင်ပြင်သရုပ်ဆောင်သွားခဲ့သည်။ သူ၏ဘဝနောက်ခံ၊ သူ၏စိတ်ဝင်စားရာများ၊ သူ၏စရိုက်လက္ခဏာ၊ သူ၏ဟန်ဆောင်မေတ္တာတရားတို့သည် ကာရင်းကိုအယုံသွင်းနိုင်လိုက်သည့် လုပ်ဇာတ်ခင်းလီဆယ်မှုများသာဖြစ်ရာ ယင်းကို ယုံကြည်ခဲ့ခြင်းအတွက် ဒေါ်လာ ၂၀၀,၀၀၀ ကျော် အဆုံးရှုံးခံလိုက်ရသည်။ ရဲအရာရှိတစ်ဦး ဤသို့ပြောခဲ့၏– “သူဟာ စိတ်ပိုင်းဆိုင်ရာအရ ချေမွဖျက်ဆီးခံလိုက်ရတယ်။ ငွေကိုထည့်မတွက်ဘူးဆိုရင်တောင်မှ လူတစ်ယောက်ကို မယုံကြည်နိုင်လောက်အောင် ထိခိုက်နာကြည်းသွားစေနိုင်တဲ့လုပ်ရပ်ပဲ။”
“ကျွန်မရဲ့ စိတ်တွေ ရှုပ်ထွေးနေတယ်” ဟုကာရင်းပြောခဲ့သည်။ “အဲဒီလူဟာ အပြင်မှာ တကယ်ရှိမှာမဟုတ်တဲ့ပုံစံမျိုး သရုပ်ဆောင်သွားခဲ့တယ်။”
ကာရင်းသည် ကမ္ဘာတစ်ဝန်း လိမ်လည်လှည့်ဖြားခံရသော မရေမတွက်နိုင်သည့် လူများစွာထဲမှ တစ်ဦးမျှသာဖြစ်သည်။ အခြားသူများထံမှ ငွေမည်မျှ ကလိမ်ကျရယူသွားခဲ့ကြသည်ကို မသိရှိရပါ၊ သို့သော် ဒေါ်လာသန်းထောင်ပေါင်းများစွာ လိမ်လည်လှည့်ဖြားခံရသည်ဟု ခန့်မှန်းရပြီး နှစ်စဉ် ပို၍တိုးများလာနေသည်။ ကာရင်းကဲ့သို့ အလိမ်ခံရသူများသည် ငွေကြေးဆုံးရှုံးမှုအပြင် တစ်စုံတစ်ဦး—အများအားဖြင့် ယုံကြည်ကိုးစားရသူတစ်ဦး—၏ အခွင့်ကောင်းယူအမြတ်ထုတ်သွားမှုကြောင့် အကြီးအကျယ် စိတ်နာကျင်မှုကို ခံစားကြရသည်။
ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးနည်းဖြစ်
လိမ်လည်လှည့်ဖြားမှုကို “ဟန်ဆောင်မှုများ၊ အတည်ပြုထွက်ဆိုချက်များ သို့မဟုတ် ကတိများကိုသုံးကာ ငွေလိမ်လည်ရယူရန် ကြံစည်၊ လှည့်စားမှု” ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဝမ်းနည်းစရာမှာ လိမ်လည်လှည့်ဖြားမှုအများစုသည် အပြစ်ဒဏ်မခံရကြပါ၊ အသေအချာစီစဉ်ထားသော လှည့်စားမှု တကယ်မြောက်ကြောင်း သက်သေထူရန် ခက်ခဲလေ့ရှိသောကြောင့်ဖြစ်သည်။ ထို့ပြင် ငွေလိမ်ယူသူများစွာသည် ဥပဒေထွက်ပေါက်များကို နားလည်ထားကြပြီး ယင်းကို အမြတ်ထုတ်တတ်ကြသည်—အမှုလုပ်ဖို့ခက်ခဲသော သို့မဟုတ် အမှုမလုပ်နိုင်သည့်နည်းများဖြင့် လူတို့အပေါ် မည်သို့ရယူရမည်ကို သူတို့သိထားကြသည်။ ထို့အပြင် ငွေလိမ်သူတစ်ဦးကို ရာဇဝတ်မှု စွဲချက်တင်ရန် အချိန်နှင့် ငွေ အတော်အတန်ကုန်ကျသည်။ အများအားဖြင့် မိမိတို့၏ပြစ်မှုများကြောင့် ရာဇဝတ်ပြစ်ဒဏ်ခံရသူများသည် ဒေါ်လာသန်းနှင့်ချီ၍ ခိုးယူထားပြီးသူများ သို့မဟုတ် လူတကာ၏သတိပြုခြင်းခံရလောက်အောင် ထိတ်လန့်ဖွယ်အမှုတစ်ခုခု ကျူးလွန်ထားပြီးသူများ ဖြစ်ကြသည်။ ငွေလိမ်သူတစ်ဦး ဖမ်းဆီးအပြစ်ပေးခံရလျှင်ပင် သူသည် လိမ်လည်ရယူထားသောငွေများကို သုံးထားပြီး၊ ဝှက်ထားပြီး ဖြစ်နိုင်ဖွယ်ရှိသည်။ သို့ဖြစ်၍ အလိမ်ခံရသူများသည် ဆုံးရှုံးသွားသောငွေကို ပြန်ရခဲသည်။
အချုပ်ဆိုရလျှင် သင်သည် ငွေလိမ်ခံရပါက ဆုံးရှုံးခဲ့ရာများကို အနည်းငယ်သာပြန်ရပေမည် သို့မဟုတ် လုံးလုံးပြန်မရဘဲလည်း ဖြစ်နိုင်ပေသည်။ အလိမ်ခံရပြီးနောက် သင့်ငွေများ ပြန်ရဖို့နည်းလမ်းရှာကြံနေမည့်အစား အလိမ်မခံရအောင် ကြိုးစားခြင်းက ပိုကောင်းသည်။ ရှေးအချိန်က ပညာရှိတစ်ဦး ဤသို့ရေးသားခဲ့၏– “သတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။” (သု. ၂၂:၃) လိမ်လည်လှည့်ဖြားမခံရရန် မိမိကိုယ်ကို ကာကွယ်နိုင်သည့်နည်းများကို နောက်ဆောင်းပါးတွင် ဖော်ပြပါမည်။