ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၁၀/၈ စာ. ၁၉-၂၀
  • ဖျားနာမှုကို ဟာသဉာဏ်နှင့်ရင်ဆိုင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖျားနာမှုကို ဟာသဉာဏ်နှင့်ရင်ဆိုင်ခြင်း
  • နိုးလော့!—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခန္ဓာကိုယ်နှင့် စိတ်အတွက် အကျိုးရှိ
  • တန်ဖိုးမဖြတ်နိုင်သော ဟာသဉာဏ်
  • သူ အရှုံး မပေးခဲ့ပါ
    နိုးလော့!—၁၉၉၉
  • ရောဂါဝေဒနာနှင့် အောင်မြင်စွာ အသက်ရှင်နေထိုင်ခြင်း—မည်သို့နည်း
    နိုးလော့!—၂၀၀၂
  • မာတိကာ
    နိုးလော့!—၂၀၀၅
  • နာတာရှည်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား။
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နိုးလော့!—၂၀၀၅
န၀၅ ၁၀/၈ စာ. ၁၉-၂၀

ဖျားနာမှုကို ဟာသဉာဏ်နှင့်ရင်ဆိုင်ခြင်း

စပိန်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

ကွန်ချီသည် ခုနစ်နှစ်တိုင်တိုင် ကင်ဆာရောဂါကို တိုက်လှန်ခဲ့ရသော လူလတ်ပိုင်းအရွယ် ပျော်ပျော်နေတတ်သည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူသည် ရင်သားကင်ဆာဖြစ်နေကြောင်း ဦးဆုံးသိရှိခဲ့ချိန်မှစ၍ ကင်ဆာဖြစ်စေသောအကျိတ်များကို ထိန်းချုပ်နိုင်ရန် ခွဲစိတ်ကုသမှုခုနစ်ကြိမ် ခံခဲ့ရပြီဖြစ်သည်။ သူ မည်သို့ရင်ဆိုင်ဖြေရှင်းနိုင်သနည်း။

“ဆရာဝန်တွေက ကျွန်မကို သတင်းဆိုးတွေ ပြောပြတဲ့အခါတိုင်း လိုအပ်တယ်လို့ထင်ရင် စိတ်ဆင်းရဲမှုတွေ သက်သာသွားအောင် စိတ်ရှိတဲ့အတိုင်း ငိုပစ်လိုက်တယ်” ဟုဆိုသည်။ “ပြီးတော့ ပုံမှန်အတိုင်း ကြိုးစားပြီးပြန်နေလိုက်တယ်၊ တရုတ်ဘာသာစကားသင်တာတွေ၊ ခရစ်ယာန်စည်းဝေးကြီးတွေကို တက်ရောက်တာတွေ၊ မိသားစု၊ မိတ်ဆွေတွေနဲ့အတူ အားလပ်ရက်အပန်းဖြေသွားတာတွေစတဲ့ ကျွန်မနှစ်သက်တာတွေကို လုပ်လိုက်တယ်။ ‘အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း’ ဆိုတဲ့ ယေရှုရဲ့စကားတွေကို ကျွန်မအမြဲသတိရတယ်။”—မဿဲ ၆:၂၇။

သူ ဤသို့ထပ်ပြောပြသည်– “ဟာသဉာဏ်ကောင်းကောင်းရှိနေဖို့လည်း ကျွန်မအမြဲကြိုးစားနေတယ်။ ဆရာဝန်တွေကို ရယ်စရာတွေပြောတယ်၊ ကျွန်မကိုရယ်မောစေတဲ့ဇာတ်လမ်းတွေကြည့်တယ်၊ ပိုပြီးအရေးကြီးတာကတော့ မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ ပုံမှန်ထိတွေ့နိုင်အောင် ကြိုးစားတယ်။ ရှင့်ကို ရယ်အောင်လုပ်နိုင်တဲ့မိတ်ဆွေတွေနဲ့ ပေါင်းသင်းတာဟာ တကယ့်အားဆေးပဲ။ တစ်ခါကဆိုရင်၊ ခွဲစိတ်ခန်းမဝင်ခင်လေးမှာ မိတ်ဆွေတွေနဲ့ ဆွေမျိုးသားချင်းတချို့က မခွဲစိတ်ခင်ညမှာ ဖြစ်ပျက်တဲ့ အတော်ရယ်ရတဲ့ဖြစ်ရပ်လေးတစ်ခုအကြောင်း ကျွန်မကိုပြောပြကြတယ်။ ကျွန်မ သိပ်ရယ်ရတော့ ခွဲစိတ်ခန်းကို လုံးဝစိုးရိမ်သောကမရှိဘဲနဲ့ ဝင်နိုင်ခဲ့တယ်။”

ဟာသဉာဏ်နှင့် အပြုသဘောထားသည် ကျန်းမာရေးပြဿနာများကို ဖြေရှင်းရာတွင် အကူအညီဖြစ်စေနိုင်ကြောင်း ကွန်ချီတစ်ဦးတည်းသာ သိရှိခဲ့သည်မဟုတ်ပါ။ ခေတ်သစ်ဆေးပညာကလည်း နာကျင်မှု၊ ရောဂါတို့ကို တွန်းလှန်ရာ၌ ဟာသဉာဏ်၏အဖိုးတန်သောအခန်းကဏ္ဍကို စတင်အသိအမှတ်ပြုလာပြီ။

ခန္ဓာကိုယ်နှင့် စိတ်အတွက် အကျိုးရှိ

ဤအယူအဆသည် အသစ်အဆန်းမဟုတ်ပါ။ လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်ကျော်က ဘုရင်ရှောလမုန်က ဤသို့ရေးသားခဲ့သည်– ‘စိတ်ရွှင်လန်းခြင်းသည် အကောင်းဆုံးသောဆေးဖြစ်သည်။’ (သု. ၁၇:၂၂၊ ယေရုရှလင်ကျမ်းစာ) ၁၇ ရာစု၏စပိန်လူမျိုးစာရေးဆရာ လိုပ်ဒီဗီဂါ ကလည်း ထိုနည်းတူ ရေးသားခဲ့သည်– “ကျွန်ုပ်တို့သည် ဟာသဉာဏ်ကောင်းကို အသုံးပြုနေမည်ဆိုလျှင် ပို၍ကျန်းမာလာမည်ဟုယူဆပါသည်။” သို့သော် ဖိစီးမှုများသော ယနေ့လောကတွင် ဟာသဉာဏ်ကို ထုတ်သုံးမည့်အစား သိုဝှက်ထားကြပုံပေါက်သည်။ ကျွန်ုပ်တို့သည် ရွှေရောင်လွှမ်းသောနည်းပညာခေတ်တွင် အသက်ရှင်နေကြပုံပေါက်သော်လည်း ကောင်းသောရယ်ရွှင်စရာဟာသများမှာမူ လျော့နည်းလာသည်။ အဲလ်အာတီဒီလာရီဆာ (ရယ်မောခြင်းအတတ်ပညာ) စာအုပ်၌ မျက်မှောက်လူ့ဘောင်တွင် “ဟိုမို စပီယန်းစ် [လူသားများ] သည် ဟိုမို ဒီဂျီတဲလ်စ်ဖြင့် အစားထိုးခံနေကြ” ပုံပေါက်သည်ဟု ဖော်ပြထားသည်။ တစ်ခါတစ်ရံ ဒီဂျီတဲလ်ဘိုက်များနှင့် ကွန်ပျူတာမော်နီတာများသည် ရယ်စရာစကား၊ အမူအရာများ၊ အပြုံးများကို ဖျောက်ဖျက်နေပုံရသည်။

ဟာသဉာဏ်ကောင်းရှိခြင်းက ပို၍အပြုသဘောဆောင်သောအတွေးများ၊ စိတ်လှုပ်ရှားမှုများ၊ အပြုအမူတို့ရှိစေရန် လူနာများကို ကူညီပေးသည်။ မကြာသေးမီက ကင်ဆာနှင့် ရောဂါသက်သာစေသည့်ဆေးပညာကုထုံးဘက်တွင် ပါရဂူတစ်ဦးဖြစ်သူ ဒေါက်တာ ဂျင်မီဆန်ဇ် အောတစ္စ ရေးသားသောဆောင်းပါးတစ်ပုဒ်အရ ဟာသနှောတတ်ခြင်းက “ဆက်သွယ်ရေးကို အဆင်ပြေစေသည်၊ ရောဂါပြီးစနစ်ကို အားရှိစေသည်၊ နာကျင်မှုကို သက်သာစေသည်၊ စိုးရိမ်ပူပန်မှုကို လျော့နည်းစေသည်၊ စိတ်တင်းမာမှု၊ ကြွက်သားတောင့်တင်းမှုတို့ကို ဖြေလျော့စေသည်၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် မျှော်လင့်ချက်တို့ကို လှုံ့ဆော်ပေးသည်။”

တန်ဖိုးမဖြတ်နိုင်သော ဟာသဉာဏ်

ဟာသဉာဏ်ကောင်းရှိခြင်းသည် ကုသရာတွင် အဘယ်ကြောင့် ထိရောက်သနည်း။ ယင်းသည် မနှစ်မြို့ဖွယ်အခြေအနေများ ရင်ဆိုင်ရလျှင်ပင် အခြေအနေများကို အပြုသဘောပါပါ ကိုင်တွယ်ဖြေရှင်းစေသော အရည်အသွေးတစ်ခုဖြစ်သောကြောင့်တည်း။ “ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် ရယ်ရွှင်ဖွယ်ဟာသပြောခြင်း၊ ရယ်မောခြင်းတို့ ပါဝင်စေခြင်းအားဖြင့် ကျွန်ုပ်တို့၏ခွန်အားကို ဆက်လက်တည်မြဲစေပြီး ပင်ပန်းနွမ်းနယ်မှုများကို သက်သာစေကာ မိမိကိုယ်ကိုသနားခြင်းကို ထုတ်ပစ်စေသည်” ဟုဆန်ဇ်အောတစ္စက အခိုင်အမာပြောဆိုသည်။

ကျွန်ုပ်တို့ကို ပြုံးရယ်စေသောအရာသည် လူတစ်ဦးနှင့်တစ်ဦး၊ ယဉ်ကျေးမှုတစ်ခုနှင့်တစ်ခု တူညီမည်မဟုတ်သည်မှာ သဘာဝပင်။ “အလှအပသည် ကြည့်မြင်သူ၏မျက်စိအပေါ် မူတည်သကဲ့သို့ ကောင်းသောရယ်ရွှင်ဖွယ်ဟာသသည်လည်း လေ့လာသူ၏စိတ်အပေါ် မူတည်သည်” ဟုဆန်ဇ်အောတစ္စက ရှင်းပြသည်။ သို့သော်၊ ကျွန်ုပ်တို့၏နောက်ခံ သို့မဟုတ် ပညာရေးအခြေအနေ မည်သို့ပင်ရှိနေပါစေ ဟာသဉာဏ်ရှိခြင်းသည် အများအားဖြင့် ဆက်သွယ်ရေးအတွက် ထိရောက်သောနည်းတစ်ခု၊ စုပုံနေသောစိုးရိမ်ပူပန်မှု၊ စိတ်တင်းကျပ်မှု သို့မဟုတ် မလုံခြုံမှုတို့အတွက် အသုံးဝင်သောထွက်ပေါက်တစ်ခု ဖြစ်လေ့ရှိသည်။ ယင်းက ကျွန်ုပ်တို့ကို များစွာထောက်ကူပေးနိုင်သည်မှန်လျှင် ဟာသဉာဏ်ကောင်းပျိုးထောင်နိုင်ရန် ကျွန်ုပ်တို့အဘယ်အရာလုပ်ဆောင်နိုင်သနည်း။

ပထမဦးဆုံးလှမ်းနိုင်သည့်ခြေလှမ်းမှာ ကျွန်ုပ်တို့၏ပြဿနာများ သို့မဟုတ် ဖျားနာမှုအပေါ် လုံးလုံးအာရုံစိုက်ခြင်းကို ရပ်တန့်လိုက်ပြီး လောလောဆယ်အခြေအနေကို အပြုသဘောပါပါ မွေ့လျော်တတ်ရန် အစပြုကြိုးစားခြင်းဖြစ်သည်။ ထို့ပြင် ဆင်ခြင်တုံတရားရှိရှိ စဉ်းစားတတ်ရန်ကြိုးစားပြီး ကျွန်ုပ်တို့၏အခက်အခဲကို ကြီးမားစေရုံသာဖြစ်စေသော ထင်ယောင်ထင်မှား သို့မဟုတ် ဆင်ခြင်တုံတရားနှင့်မညီသည့်အတွေးများကို ငြင်းပယ်သင့်သည်။ အရာရာကို ရှုထောင့်တစ်မျိုးမှ ကြည့်မြင်တတ်ရန် သင်ယူခြင်းအားဖြင့်လည်း ဟာသဉာဏ်ကို ပျိုးထောင်နိုင်သည်။ ကျွန်ုပ်တို့ တစ်ချိန်လုံး ပျော်နေ၊ ရယ်မောနေကြသည်မဟုတ်ချေ၊ သို့သော် အခြေအနေတစ်ခုကို ရွှင်မြူးစရာအဖြစ်ရှုမြင်တတ်မည်ဆိုလျှင် အောင်မြင်စွာရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိစေပါလိမ့်မည်။ “ရယ်ရွှင်စရာသည် ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုများမှ ကျွန်ုပ်တို့၏အာရုံကို အခိုက်အတန့် လွှဲသွားစေနိုင်ပြီး ပြဿနာနှင့်ပတ်သက်၍ အမြင်သစ်ကိုပေးကာ . . . ယင်းပြဿနာကို စိတ်သစ်လူသစ်ဖြင့် ဖြေရှင်းစေသည်” ဟုဆန်ဇ်အောတစ္စက ထပ်လောင်းဖော်ပြသည်။

မှန်ပါသည်၊ ဟာသဉာဏ်ကောင်းရှိခြင်းသည် ဘဝတွင် ကျွန်ုပ်တို့ရင်ဆိုင်ရသော အကျပ်အတည်းတိုင်းအတွက် ကုစားနည်းမဟုတ်သည့်တိုင် များသောအားဖြင့် ပြဿနာများကို ပို၍အပြုသဘောဆောင်သော၊ မျှတသောနည်းဖြင့် ရင်ဆိုင်နိုင်ရန် ကူညီပေးပါလိမ့်သည်။ ကွန်ချီ ဝန်ခံသည့်အတိုင်း “ဖျားနာတာ ရယ်စရာမဟုတ်ပေမဲ့ ရှင့်ရဲ့ဟာသဉာဏ်ကို ကြိုးစားပြီးထိန်းထားရမယ်။ ကျွန်မရဲ့ဘဝကို ကောက်ပဲသီးနှံတွေ အများကြီးရှိတဲ့ ဟင်းသီးဟင်းရွက်ခြံတစ်ခြံအဖြစ် ကျွန်မစိတ်ကူးကြည့်တယ်၊ ဝမ်းနည်းစရာကတော့ အဲဒါတွေထဲကတစ်မျိုးဟာ ကျွန်မရဲ့ရောဂါဖြစ်နေတယ်။ ဒါပေမဲ့ အဲဒါကို ကြိုးစားပြီးဘေးဖယ်ထားလိုက်တယ်၊ ဒါမှသာ တခြားအရာတွေကို မလွှမ်းမိုးနိုင်မှာ။ တကယ်တော့ ကျွန်မ ကင်ဆာကို အနိုင်ယူလိုက်ပြီလို့ မပြောနိုင်ပါဘူး၊ ဒါပေမဲ့ ကျွန်မ ဘဝကို ပျော်မွေ့နေတုန်းပဲ၊ အဲဒါဟာ သိပ်အရေးကြီးတယ်လေ။”

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကွန်ချီသည် ခင်ပွန်းဖြစ်သူ ဖဲလိစ်နှင့် ညီမဖြစ်သူ ပီလီတို့ထံမှ အားပေးမှုကိုရရှိ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ