ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၆/၁၅ စာ. ၁၀-၁၁
  • ဂယ်လီလီယို

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂယ်လီလီယို
  • နိုးလော့!—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိပ္ပံနဲ့ ဘာသာရေး
  • သိပ္ပံပညာနှင့် ခရစ်ယာန်ဘာသာတရား ပဋိပက္ခစတင်လာပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • တလွဲဖော်ပြခံရသည့် စာအုပ်
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
  • သိပ္ပံပညာနှင့် သမ္မာကျမ်းစာ—တစ်ခုနှင့်တစ်ခု အမှန်ပင် ဆန့်ကျင်နေပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • သိပ္ပံပညာနှင့် ဘာသာတရားတိုက်ပွဲ
    နိုးလော့!—၂၀၀၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၆/၁၅ စာ. ၁၀-၁၁
ဂယ်လီလီယို

အတိတ်မှပုံရိပ်များ | ဂယ်လီလီယို

ဂယ်လီလီယို

၁၄ ရာစုနဲ့ ၁၆ ရာစုအတွင်း၊ ဥရောပတိုက်သား သိပ္ပံပညာရှင်တွေနဲ့ အတွေးခေါ်ပညာရှင်တွေဟာ စကြဝဠာနဲ့ပတ်သက်ပြီး ကက်သလစ်ချာ့ချ် သွန်သင်ပေးတာနဲ့ ကွဲလွဲနေတာကို စသိလာကြတယ်။ အဲဒီထဲကပညာရှင်တစ်ယောက်ကတော့ ဂယ်လီလီယိုပါ။

ဂယ်လီလီယိုအချိန်မတိုင်ခင်တုန်းက၊ နေအပါဝင် ကြယ်တွေ၊ ဂြိုဟ်တွေက ကမ္ဘာကြီးကို ဝန်းရံလှည့်ပတ်နေတယ်လို့ လူအတော်များများ ယုံကြည်ကြတယ်။ ဒီယုံကြည်ချက်ဟာ ကက်သလစ်ချာ့ချ်က အခိုင်အမာ ပြဋ္ဌာန်းထားတဲ့ အယူအဆ ဖြစ်တယ်။

ဂယ်လီလီယိုဟာ သူ့ရဲ့အဝေးကြည့်မှန်ပြောင်းနဲ့ ကြည့်တဲ့အခါ အဲဒီ အယူအဆနဲ့ကွဲလွဲနေတဲ့ အထောက်အထားတွေကို တွေ့လိုက်တယ်။ ဥပမာ၊ အဲဒီလိုကြည့်နေတုန်း နေမျက်နှာပြင်မှာရှိတဲ့ အပြောက်တွေ ရွေ့နေတာကို တွေ့လိုက်တော့ နေဟာ သူ့ရဲ့ဝင်ရိုးပေါ်မှာ လည်ပတ်နေမှန်း သိသွားတယ်။ အဲဒီလိုမျိုး လေ့လာတွေ့ရှိချက်တွေက လူတွေကို စကြဝဠာနဲ့ပတ်သက်တဲ့ ဗဟုသုတ တိုးစေတယ်၊ ဒါပေမဲ့ အဲဒါတွေက ဂယ်လီလီယိုကို ကက်သလစ်ချာ့ချ်နဲ့ ထိပ်တိုက်တွေ့သလိုမျိုး ဖြစ်သွားစေတယ်။

သိပ္ပံနဲ့ ဘာသာရေး

ဂယ်လီလီယိုဟာ မိမိရဲ့တွေ့ရှိချက်တွေကို လူတွေကို ပြောပြနေ

အစောပိုင်း ပိုလန်နက္ခတ္တဗေဒပညာရှင် နီကိုးလပ်စ် ကော့ပါးနိကတ်စ်က ကမ္ဘာဟာ နေကို လှည့်ပတ်နေတယ်ဆိုတဲ့ သီအိုရီထုတ်ခဲ့တယ်။ ကောင်းကင် ဂြိုဟ်နက္ခတ်တွေရဲ့ ရွေ့လျားမှုနဲ့ပတ်သက်ပြီး ကော့ပါးနိကတ်စ် ရှာဖွေတွေ့ရှိထားတာတွေကို ဂယ်လီလီယို လေ့လာခဲ့သလို အဲဒီသီအိုရီနဲ့ ကိုက်ညီတဲ့ အထောက်အထားတွေကိုလည်း စုဆောင်းခဲ့တယ်။ အစပိုင်းမှာတော့ လှောင်ပြောင်သရော်ကြမှာစိုးလို့ သူ့ရဲ့ လေ့လာတွေ့ရှိချက်တချို့ကို လူသိရှင်ကြားထုတ်ဖော်ပြောဖို့ တွန့်ဆုတ်ခဲ့တယ်။ အဝေးကြည့်မှန်ပြောင်းနဲ့ တွေ့ရှိခဲ့ရာအကြောင်း ပြောဖို့ စိတ်ထက်သန်လွန်းတာကြောင့် နောက်ဆုံးမှာ လူအများသိအောင် ကြေညာလိုက်တယ်။ သိပ္ပံပညာရှင်တချို့က ဂယ်လီလီယို အဲဒီလို လုပ်လိုက်တာဟာ ဒေါသကို ဆွပေးနေတာလို့ မြင်ကြတယ်၊ မကြာခင်မှာပဲ ခရစ်ယာန် ဘုန်းကြီးတွေက သူတို့ရဲ့ တရားဟောပလ္လင်ကနေ ဂယ်လီလီယိုကို ရှုတ်ချပါတော့တယ်။

၁၆၁၆ ခုနှစ်မှာ၊ “ဦးဆောင်နေသူ ဓမ္မပညာရှင်” ကာဒီနယ် ဘယ်လာနမ်က ကော့ပါးနိကတ်စ်ရဲ့အယူအဆကို ဆန့်ကျင်တဲ့ ကက်သလစ်ချာ့ချ်ရဲ့ အမိန့်ထုတ်ပြန်ချက်အသစ်အကြောင်း ဂယ်လီလီယိုကို အသိပေးလိုက်တယ်။ ပြီးတော့ အဲဒီအမိန့်ကို လိုက်နာဖို့ သူ့ကို အတင်းအကျပ် တိုက်တွန်းခဲ့တယ်၊ နှစ်အတော်ကြာတဲ့အထိ ကမ္ဘာက နေကို လှည့်ပတ်နေတယ်ဆိုတဲ့အကြောင်း လူသိရှင်ကြား သူ မဆွေးနွေးတော့ပါဘူး။

၁၆၂၃ ခုနှစ်ရောက်လာတော့၊ ဂယ်လီလီယိုရဲ့ မိတ်ဆွေ ပုပ်ရဟန်းမင်းကြီး အာဗန် ၈ စတင်အုပ်ချုပ်ခဲ့တယ်။ ဒါကြောင့် ၁၆၂၄ ခုနှစ်မှာ၊ ဂယ်လီလီယိုက ပုပ်ရဟန်းမင်းကြီးကို ၁၆၁၆ ခုနှစ်တုန်းက ထုတ်ပြန်ခဲ့တဲ့အမိန့်ကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့တယ်။ အမိန့်ကို ရုပ်သိမ်းပေးမယ့်အစား၊ ကော့ပါးနိကတ်စ်နဲ့ အရစ္စတိုတယ်တို့ရဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သီအိုရီတွေကို ဘက်မလိုက်ဘဲ ရှင်းပြပေးဖို့ ဂယ်လီလီယိုကို အာဗန်က တိုက်တွန်းခဲ့တယ်။

ဒါနဲ့ ဂယ်လီလီယိုက စာအုပ်တစ်အုပ် (Dialogue on the Great World Systems) ရေးသားခဲ့တယ်။ ပုပ်ရဟန်းမင်းကြီးက သူ့ကို ကြားနေဖို့ မိန့်မှာထားပေမဲ့ ကော့ပါးနိကတ်စ်ရဲ့ အယူအဆကို အလေးပေး ဖော်ပြခဲ့တယ်။ အဲဒီစာအုပ်က ပုပ်ရဟန်းမင်းကြီးကို မခန့်လေးစား လုပ်ရာကျတယ်လို့ ဂယ်လီလီယိုကို အတိုက်အခံတွေက စွပ်စွဲကြတယ်။ ဒီလိုနဲ့ သူ့ကို မိစ္ဆာဒိဋ္ဌိလို့ စွပ်စွဲ၊ နှိပ်စက်ညှဉ်းပန်းမယ်လို့ ခြိမ်းခြောက်ပြီး ကော့ပါးနိကတ်စ်ရဲ့ သွန်သင်ချက်တွေကို ငြင်းပယ်ဖို့ အတင်းအဓမ္မ တိုက်တွန်းကြတယ်။ ၁၆၃၃ ခုနှစ်မှာ၊ ရောမသာသနာရေးဆိုင်ရာတရားရုံးက သူ့ကို တစ်သက်လုံး နေအိမ်အကျယ်ချုပ်ချခဲ့ပြီး သူ့ရဲ့ စာအုပ်တွေကိုလည်း ပိတ်ပင်ခဲ့တယ်။ ဂယ်လီလီယိုဟာ ၁၆၄၂ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်၊ ဖလောရန့်စ်မြို့နားရှိ အာစက်ထရီရွာက သူ့ရဲ့အိမ်မှာ ကွယ်လွန်သွားတယ်။

ပုပ်ရဟန်းမင်း ဂျွန်ပေါလ် ၂ က ကက်သလစ် ချာ့ချ်ဟာ ဂယ်လီလီယိုကို လွဲမှားစွာ တရားစီရင်ခဲ့ကြောင်း အသိအမှတ်ပြုခဲ့

ရာစုနှစ်ချီကြာလာတဲ့အထိ၊ ဂယ်လီလီယိုရဲ့ စာအုပ်တချို့ဟာ ကက်သလစ်တွေ ဖတ်ခွင့်မရှိတဲ့ စာပေစာရင်းထဲမှာ ဆက်ရှိနေသေးတယ်။ ဒါပေမဲ့ ၁၉၇၉ ခုနှစ်မှာ၊ လွန်ခဲ့တဲ့ နှစ် ၃၀၀ အတွင်း ရောမသာသနာရေးဆိုင်ရာတရားရုံးက အရေးယူလုပ်ဆောင်ခဲ့ရာတွေကို ပြန်လည် သုံးသပ်ခဲ့တယ်။ ၁၉၉၂ ခုနှစ်မှာ ပုပ်ရဟန်းမင်း ဂျွန်ပေါလ် ၂ က ကက်သလစ် ချာ့ချ်ဟာ ဂယ်လီလီယိုကို လွဲမှားစွာ တရားစီရင်ခဲ့ကြောင်း အသိအမှတ်ပြုခဲ့တယ်။

အချက်အလက်အကျဉ်း

  • ဂယ်လီလီယို ဂယ်လီလေဟာ ၁၅၆၄ ခုနှစ်၊ အီတလီနိုင်ငံ၊ ယိုင်နေတဲ့ မျှော်စင်ကြီးကြောင့် လူသိများတဲ့ ပီဆာမြို့မှာ မွေးဖွားခဲ့တယ်။ ပက်ဒူအာမြို့မှာ ပညာဆည်းပူးခဲ့ပြီး ဖလောရန့်စ်မြို့မှာ အသက်မွေးဝမ်းကျောင်းပြုခဲ့တယ်။

  • ဂယ်လီလီယိုဟာ အဝေးကြည့် မှန်ပြောင်းကို အစပြုတီထွင်သူ မဟုတ်ပေမဲ့ မှန်ဘီလူးရဲ့ ချဲ့အားကို ကောင်းသည်ထက်ကောင်းအောင် လုပ်ဆောင်ခဲ့တယ်။

  • ကက်သလစ် အယူဝါဒကနေ သွေဖည်သွားသူ ဘယ်သူ့ကိုမဆို အပြစ်ပေးဖို့ ဖွဲ့စည်းထားတဲ့ ရောမသာသနာရေးဆိုင်ရာတရားရုံးမှာ ဂယ်လီလီယိုကို စကြဝဠာနဲ့ပတ်သက်တဲ့ သူ့ရဲ့တွေ့ရှိချက်တွေကြောင့် နှစ်ကြိမ် တိုင်တိုင် ခေါ်ယူစစ်ဆေးခဲ့ကြတယ်။

ဂယ်လီလီယိုကို ရောမသာသနာရေးဆိုင်ရာတရားရုံးက ညှဉ်းပန်းနှိပ်စက် ခဲ့ကြသလား

ရောမသာသနာရေးဆိုင်ရာတရားရုံးက ဂယ်လီလီယိုကို ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ သမိုင်းပညာရှင်တချို့ ပြောကြတယ်။ ဂယ်လီလီယိုရဲ့ ရည်ရွယ်ချက်မှန်ကို သိရှိနိုင်ဖို့ရည်ရွယ်ပြီး “ပြင်းထန်တဲ့ စုံစမ်းစစ်ဆေးမှု” ပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ “စုံစမ်းစစ်ဆေး” ဆိုတဲ့ သူတို့စကားလုံး ကိုယ်နှိုက်က “ညှဉ်းပန်းနှိပ်စက်ခြင်း” လို့ အဓိပ္ပာယ်ရှိတယ်။ အနည်းဆုံးတော့ “ညှဉ်းပန်းနှိပ်စက်မယ်လို့ ပါးစပ်နဲ့ ခြိမ်းခြောက်ခြင်း” လည်း ပါဝင်နိုင်တယ်။

ညှဉ်းပန်းနှိပ်စက်ခြင်းထဲမှာ သူ့အတိုင်းအတာနဲ့သူ၊ သူ့အဆင့်နဲ့သူရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြတယ်။ အဲဒီအထဲမှာ တရားခံကို နှိပ်စက်ညှဉ်းပန်းရာမှာသုံးတဲ့ ပစ္စည်းကိရိယာတွေကို ပြသရုံအဆင့်ကနေ အဝတ်အစားတွေချွတ်တာ၊ ချုပ်နှောင်တာ ဒါမှမဟုတ် ကာယပိုင်းနှိပ်စက်တဲ့နည်းတွေကို နည်းနည်းကနေ တဖြည်းဖြည်းပြင်းထန် လာတဲ့အထိ အဆင့်ဆင့် လုပ်ဆောင်ကြတာမျိုး ပါဝင်တယ်။ ဒါကြောင့် ဂယ်လီလီယိုကို ဘယ်လိုနည်းနဲ့ “ပြင်းထန်တဲ့ စုံစမ်းစစ်ဆေးမှု” လုပ်ခဲ့သလဲဆိုတာကို မသိကြပါဘူး။.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ