မျက်နှာဖုံးအကြောင်းအရာ | မိသားစုမှာ သင့်မြတ်ပျော်ရွှင်အောင် လုပ်ဆောင်နည်း
စကားများ ရန်ဖြစ်နေတာကို ရပ်တန့်နိုင်ပုံ
ကိုယ့်မိသားစုဟာ တစ်ချိန်လုံး ရန်ပွဲဆင်နွှဲနေတဲ့ မိသားစု ဖြစ်နေတယ် ဆိုရင်ကော။ ရန်ဖြစ်တဲ့အကြိမ်ရေ ပိုများလာပြီး ပိုပြင်းထန်လာတာ ဖြစ်နိုင်တယ်။ ဘယ်လိုကနေ စကားများကြတယ် ဆိုတာကိုတောင် မသိလိုက်တာ ဖြစ်နိုင်တယ်။ တကယ်ဆို ကိုယ်က မိသားစုကို ချစ်တဲ့သူ၊ မိသားစုကို စိတ်မဆင်းရဲစေချင်သူ ဖြစ်တယ်။
အရေးကြီးတဲ့ အချက်တစ်ခုက၊ မိသားစုမှာ သဘောထား မတိုက်ဆိုင်တာနဲ့ပဲ ငါ့မိသားစုတော့ ပြိုကွဲနေပြီလို့ မယူမှတ်ပါနဲ့။ သဘောထားမတိုက်ဆိုင်လို့ မဟုတ်ဘဲ ကိုင်တွယ်ဖြေရှင်းပုံကြောင့် စကားများ ရန်ဖြစ်တဲ့အထိ ရောက်သွားတာဖြစ်နိုင်တယ်။ လုပ်ဆောင်နိုင်တဲ့ အချက်တချို့ကို သုံးသပ်ကြည့်ပါ။
၁။ တုံ့ပြန်လိုစိတ်ကို ချုပ်တည်းပါ။
စကားများတဲ့အခါ အနည်းဆုံး လူနှစ်ယောက်ပါတယ်။ တစ်ယောက် စကားပြော နေချိန်မှာ ပြန်မပြောဘဲ နားထောင်နေလိုက်ရင် အခြေအနေ ပိုဆိုးလာမှာ မဟုတ်ဘူး။ ဒါကြောင့် စိတ်ဆိုးလာတဲ့အခါ တုံ့ပြန်ချင်တဲ့စိတ်ကို ချုပ်တည်းပါ။ အဲဒီလိုလုပ်တာက ကိုယ့်ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိန်းရာရောက်တယ်။ စကားများတဲ့အခါ အနိုင်ရဖို့ထက် မိသားစုငြိမ်သက်ပျော်ရွှင်မှုက ပိုအရေးကြီးတယ်ဆိုတာ သတိရပါ။
‘ထင်းမရှိရင် မီးငြိမ်းသွားသလို အသရေဖျက်သူမရှိရင် ငြင်းခုံရန်တွေ့တာတွေ ရပ်စဲသွားတယ်။’—သုတ္တံ ၂၆:၂၀၊ ကဘ။
၂။ မိသားစုဝင်တွေရဲ့ ခံစားချက်ကို ထည့်စဉ်းစားပါ။
ကြားဖြတ်ပြောတာမျိုးမလုပ်ဘဲ စာနာမှုအပြည့်နဲ့ နားထောင်ပေးရင် ဒေါသပြေစေ နိုင်တယ်။ တစ်ဖက်သားရဲ့ စိတ်ရင်းကို စွပ်စွဲမယ့်အစား သူ့ခံစားချက်ကို အသိအမှတ်ပြုပါ။ သူ့ရဲ့အားနည်းချက်ကြောင့် ဖြစ်တဲ့ကိစ္စကို တမင်တကာလုပ်တာလို့ မယူမှတ်ပါနဲ့။ စိတ်မကောင်းဖြစ်စေတဲ့စကားတွေ ပြောထွက်လာတာဟာ နစ်နာစေချင်တဲ့စိတ်ကြောင့်မဟုတ်ဘဲ မစဉ်းစားမဆင်ခြင်မိလို့၊ ကိုယ်တိုင်လည်း စိတ်ထိခိုက်နေလို့ ဖြစ်နိုင်တယ်။
“သနားစာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြလော့။”—ကောလောသဲ ၃:၁၂။
၃။ ကိုယ်တိုင်လည်း ဒေါသပြေတဲ့အထိ အချိန်ခဏစောင့်ပါ။
ကိုယ်က စိတ်တိုနေတယ်ဆိုရင် ယဉ်ကျေးစွာ ခွင့်တောင်းပြီး စိတ်ပြေတဲ့အထိ ခဏတဖြုတ် ရှောင်နေတာက ပိုကောင်းပါတယ်။ စိတ်အေးသွားတဲ့အထိ လမ်းလျှောက်ထွက်နိုင်တယ်။ အဲဒါက ပြဿနာကို မဖြေရှင်းဘဲ ရှောင်ပြေးတာ မဟုတ်သလို ဘာမှမပြောဘဲ အသံတိတ် ဆန္ဒပြတာလည်း မဟုတ်ဘူး။ သည်းခံနိုင်အောင်၊ နားလည်ပေးနိုင်အောင် အဲဒီအချိန်မှာ ဘုရားသခင်ဆီ ဆုတောင်းနိုင်တယ်။
‘အငြင်းအခုံမဖြစ်ခင် ရှောင်ထွက်သွားပါ။’—သုတ္တံ ၁၇:၁၄၊ ကဘ။
၄။ ဘာပြောမလဲ၊ ဘယ်လိုပြောမလဲဆိုတာ သေသေချာချာ စဉ်းစားပါ။
တစ်ဖက်သားနာကျင်အောင် ဘယ်လိုပြန်ပြောမလဲ ဆိုတာကိုပဲ စဉ်းစားရင် ပြဿနာ ပြေလည်သွားမှာမဟုတ်ဘူး။ ကိုယ်ချစ်ရတဲ့သူ စိတ်ထိခိုက်နေတာ သက်သာ သွားစေမယ့် စကားမျိုးပဲ ကြိုးစားပြောပါ။ အဲဒီလောက်ထိ အဖြစ်သည်းစရာမလိုဘူးလို့ ကိုယ့်စိတ်အထင်နဲ့ ပြောမယ့်အစား သူ့ခံစားချက်ကို ဖွင့်ပြောဖို့ ကြင်ကြင်နာနာ တောင်းဆိုပါ၊ သူ ပြောလာတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
‘မစဉ်းစားဘဲပြောတဲ့စကားဟာ ဓားနဲ့ထိုးသလိုပဲ။ ဉာဏ်ပညာရှိသူရဲ့ စကားကတော့ ဒဏ်ရာကိုတောင် ပျောက်ကင်းစေတယ်။’—သုတ္တံ ၁၂:၁၈၊ ကဘ။
၅။ အသံလျှော့ပြောပါ၊ ကျေအေးချင်တဲ့ လေသံနဲ့ပြောပါ။
တစ်ယောက်ရဲ့ စိတ်မရှည်မှုကြောင့် နောက်တစ်ယောက်ပါ အလွယ်တကူ ဒေါသ ထွက်လာနိုင်တယ်။ ဒေါသထွက်နေရင်တောင် အော်ကြီးဟစ်ကျယ်၊ ခနဲ့တဲ့စကား၊ ဆဲဆိုတဲ့စကားမျိုး မပြောမိအောင် ကြိုးစားပါ။ “ငါ့ကိုဆို ဂရုမစိုက်ဘူး၊ ငါ့စကားဆို အလေးမထားဘူး” စတဲ့ စိတ်နာစရာ စွပ်စွဲချက်တွေကို ရှောင်ပါ။ အိမ်ထောင်ဖက်ရဲ့ အပြုအမူကြောင့် စိတ်ထိခိုက်တယ်ဆိုရင် အဲဒီလိုလုပ်လို့ စိတ်မကောင်းဘူးဆိုပြီး အေးဆေးတည်ငြိမ်စွာပြောပါ။ ဆောင့်တွန်းတာ၊ ရိုက်တာ၊ ကန်တာလိုမျိုး အကြမ်းဖက်လုပ်ရပ်တွေအပြင် ရိုင်းရိုင်းစိုင်းစိုင်းခေါ်တာမျိုးလည်း ဘယ်တော့မှ မလုပ်သင့်ဘူး။ အထင်သေးတဲ့စကားတွေ၊ ခြိမ်းခြောက်တဲ့စကားတွေကိုလည်း ဘယ်တော့မှ မပြောသင့်ဘူး။
“ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို မကောင်းမှုရှိသမျှနှင့်တကွ ဖယ်ရှားကြလော့။”—ဧဖက် ၄:၃၁။
၆။ ချက်ချင်းတောင်းပန်ပါ၊ အခြေအနေပြန်ကောင်းအောင် လုပ်ဆောင်ပါ။
မိသားစု ပြန်သင့်မြတ်ဖို့က အဓိကဖြစ်တယ်။ ကိုယ့်ခံစားချက်ကို ရှေ့တန်းတင်နေရင် ပြန်သင့်မြတ်မှာမဟုတ်ဘူး။ တစ်ဖက်သားကို စကားနဲ့အနိုင်ယူနေပေမဲ့ ကိုယ်လည်း ရှုံးနေပြီ။ ပြန်သင့်မြတ်အောင်လုပ်မှသာ နှစ်ယောက်စလုံး အောင်နိုင်သူတွေဖြစ်မှာ။ ဒါကြောင့် စကားများတဲ့အခါ ကိုယ့်ဘက်က လုပ်သင့်တာကို လုပ်ပါ။ ကိုယ်မမှားဘူးလို့ ထင်နေရင်တောင် ဒေါသထွက်မိသွားတဲ့အတွက်၊ တုံ့ပြန်ပုံ မှားသွားတဲ့အတွက်၊ စကားများတဲ့ အခြေအနေရောက်အောင် မရည်ရွယ်ဘဲ လုပ်မိသွားတဲ့အတွက် တောင်းပန်နိုင်တယ်။ သိက္ခာဆယ်ဖို့၊ အနိုင်ရဖို့ထက် မိသားစု ပြန်သင့်မြတ်ဖို့က ပိုအရေးကြီးပါတယ်။ တစ်ယောက်ယောက်က တောင်းပန်တယ်ဆိုရင် ခွင့်လွှတ်ပါ။
‘နှိမ့်ချတဲ့စိတ်နဲ့ သူ့ဆီသွားပြီး ချက်ချင်းအသနားခံပါ။’—သုတ္တံ ၆:၃၊ ကဘ။
စကားများပြီးသွားတဲ့နောက် ငြိမ်သက်ပျော်ရွှင်တဲ့ မိသားစု ဖြစ်အောင် ဘာလုပ်နိုင်သလဲ။ နောက်ဆောင်းပါးမှာ ဖော်ပြပေးထားပါတယ်။