ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၆/၁ စာ. ၂၀-၂၃
  • အိမ်ထောင်ရေး ကတောက်ကဆတ်ဖြစ်သောအခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်ထောင်ရေး ကတောက်ကဆတ်ဖြစ်သောအခါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခြေအနေကို ဆန်းစစ်ကြည့်ခြင်း
  • “အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့”
  • နားထောင်ခြင်းနှင့် ထိုးထွင်းသိမြင်ခြင်း
  • အနိုင်ရဖို့မဟုတ် ပြေလည်ဖို့ ရည်ရွယ်ပါ
  • သင့်အိမ်ထောင်ရေးကို ကယ်ဆယ်နိုင်!
    နိုးလော့!—၂၀၀၂
  • ကောင်းစွာ နားထောင်ပေးသူ ဖြစ်နိုင်ပုံ
    နိုးလော့!—၂၀၁၃
  • မိတ်ဆွေနဲ့ ရင်းနှီးလွန်းတဲ့အခါ
    နိုးလော့!—၂၀၁၃
  • နှစ်ယောက်သား စကားမများအောင် ဘယ်လိုလုပ်ရမလဲ
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၆/၁ စာ. ၂၀-၂၃

အိမ်ထောင်ရေး ကတောက်ကဆတ်ဖြစ်သောအခါ

စဉ်းစားဉာဏ်ရှိသော မည်သည့်ယောက်ျား၊ မိန်းမမျှ အိမ်ထောင်ရေးပဋိပက္ခဖြစ်မှုကို မလိုလားကြသော်လည်း မကြာမကြာဖြစ်လေ့ရှိ၏။ ဖြစ်တတ်သည်မှာ၊ အိမ်ထောင်ဖက်တစ်ဦးသည် သူ၏ကြင်ဖော် စိတ်တိုအောင် ပြောလိုက်မိသည်။ အသံကျယ်လာပြီး ဒေါသမီးထတောက်ရာ ထေ့လုံးငေါ့လုံးများဖြင့် စိတ်လိုက်မာန်ပါ စကားများကြတော့သည်။ ထို့နောက် နှစ်ဦးစလုံး အလျှော့မပေး၊ စကားမပြောဘဲ အေးတိအေးစက်ဖြစ်သွားကြသည်။ အတန်ကြာသော် ဒေါသပြေသွားပြီး အချင်းချင်းတောင်းပန်ကြရာ နောက်တစ်ကြိမ် စကားမများမချင်း ပြန်လည်သင့်မြတ်သွားကြလေသည်။

အိမ်ထောင်ရေး ကတောက်ကဆတ်ဖြစ်မှုအကြောင်း ဟာသများနှင့် တီဗွီဇာတ်လမ်းများတွင် တသီတတန်းဖော်ပြပြောဆိုလေ့ရှိသော်လည်း တကယ်ဖြစ်လာသည့်အခါ ရယ်ရွှင်စရာမဟုတ်ပါ။ သမ္မာကျမ်းစာပါ ပညာရှိစကားတစ်ခွန်းက ဤသို့ဆိုသည်– “ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြောဆိုတတ်သည့်နှုတ်သည် ဓားသဖွယ်ပြင်းထန်စွာ ဒဏ်ရာရစေနိုင်၏။” (သု. ၁၂:၁၈၊ ခေတ်သုံး) မှန်ပါသည်၊ ကြမ်းတမ်းသောစကားသည် ရန်ဖြစ်ပြီး အတော်ကြာအထိ စိတ်ဒဏ်ရာများအဖြစ် ကျန်ရစ်နိုင်၏။ အကြမ်းဖက်သည့်အထိပင် စကားများနိုင်သည်။—ထွက်မြောက်ရာ ၂၁:၁၈။

လူ့မစုံလင်မှုကြောင့် အိမ်ထောင်တွင် ရံဖန်ရံခါ ပြဿနာများပေါ်ပေါက်တတ်သည်။ (ကမ္ဘာဦး ၃:၁၆; ၁ ကောရိန္သု ၇:၂၈) သို့သော် မကြာခဏ၊ အကြီးအကျယ် စကားများခြင်းကို သာမန်ကိစ္စအဖြစ် သဘောမထားသင့်ပါ။ မကြာမကြာစကားများ ရန်ဖြစ်သည့်အကျင့်သည် နောက်ဆုံးတွင် ကွာရှင်းရဖို့အလားအလာ များစေသည်ဟု သုတေသီများက သတိပြုမိကြ၏။ ထို့ကြောင့် သင်ကော သင့်ကြင်ဖော်ပါ သဘောထားကွဲလွဲမှုများကို အေးဆေးငြိမ်သက်စွာ ဖြေရှင်းတတ်အောင် သင်ယူဖို့အရေးကြီးသည်။

အခြေအနေကို ဆန်းစစ်ကြည့်ခြင်း

သင့်အိမ်ထောင်တွင် မကြာမကြာ စကားများခြင်းသည် အကျင့်ဖြစ်နေပြီလောဟု စိစစ်ကြည့်ပါ။ သင်နှင့် သင့်ကြင်ဖော်တို့ သဘောထားမတိုက်ဆိုင်သည့်အခါ မည်သို့ဖြစ်လေ့ဖြစ်ထရှိသနည်း။ စကားပြောဆိုနေရင်း ချက်ချင်း လမ်းကြောင်းပြောင်းကာ စော်ကားသည့်စကားလုံးများ၊ စွပ်စွဲချက်များ တရစပ်ပစ်ခတ်သည့်အခြေအနေသို့ ဆိုက်သွားသလော။ သို့ဖြစ်လျှင် အဘယ်အရာပြုလုပ်နိုင်သနည်း။

ဦးဆုံး၊ အသင်ကိုယ်တိုင် ပြဿနာကို မည်သို့ကြီးထွားစေနေကြောင်း ရိုးရိုးသားသားဆန်းစစ်ကြည့်ပါ။ သင်သည် ဒေါသထွက်လွယ်သလော။ အငြင်းအခုံပြုတတ်သည့်သဘောရှိသလော။ ယင်းနှင့်ပတ်သက်၍ သင့်ကြင်ဖော်က မည်သို့ဆိုမည်နည်း။ စကားများရန်ဖြစ်ခြင်းနှင့်ပတ်သက်၍ သင်တို့နှစ်ဦးစလုံးသည် အမြင်မတူနိုင်သောကြောင့် ဤနောက်ဆုံးမေးခွန်းကို သုံးသပ်ကြည့်ဖို့အရေးကြီး၏။

ဥပမာ၊ သင့်ကြင်ဖော်သည် သိုသိုသိပ်သိပ်နေတတ်သူဖြစ်သော်လည်း အသင်ကမူ ဘွင်းဘွင်းရှင်းရှင်း စိတ်ထဲရှိရာကို အားမာန်ပါပါပြောဆိုတတ်သည်ဆိုပါစို့။ “ငါကြီးပြင်းခဲ့တဲ့ မိသားစုမှာ အားလုံးက ဒီလိုပဲ ပြောဆိုတတ်ကြတာ။ အဲဒါ စကားများတာမဟုတ်ဘူး!” ဟုသင်ဆိုပေမည်။ ယင်းသို့ပြောဆိုခြင်းကို ငြင်းခုံနေသည်ဟု သင်မြင်ချင်မှမြင်မည်။ သို့သော် ပွင့်ပွင့်လင်းလင်းပြောဆိုခြင်းဟု သင်ယူဆရာကို သင့်ကြင်ဖော်က ထိခိုက်နာကျင်စေသော ရန်လိုသည့်စကားဟု မြင်ပေမည်။ သင်တို့နှစ်ဦး၏ စကားပြောဆိုဆက်သွယ်နည်း မတူကြောင်းသိထားရုံဖြင့် အထင်လွဲမှားမှုများကို တားဆီးပေးနိုင်သည်။

အော်ဟစ်ပြောဆိုမှ အငြင်းပွားခြင်းမဟုတ်ကြောင်းကိုလည်း သတိရပါ။ ခရစ်ယာန်များထံ ပေါလုဤသို့စာရေးခဲ့သည်– “အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်းတို့ကို . . . သင်တို့မှပယ်ရှားကြလော့။” (ဧဖက် ၄:၃၁) “အော်ဟစ်ငေါက်ငေါ်ခြင်း” ဟူသည် ကျယ်ကျယ်လောင်လောင်ပြောခြင်းဖြစ်ပြီး “သူ့အသရေပျက်အောင်ပြောဆိုခြင်း” ကမူ ပြောလိုက်သည့်စကားပါအကြောင်းအရာကို ဆိုလိုသည်။ ယင်းကိုထောက်သော် ဒေါသထွက်အောင်ဆွပေးသော၊ ဂုဏ်ငယ်စေသောစကားများကို တိုးတိုးပြောလျှင်ပင် ရန်တွေ့စကားများခြင်းဖြစ်နိုင်သည်။

ယင်းကိုမှတ်သားပြီး သင့်အိမ်ထောင်ဖက်နှင့် သဘောထားကွဲလွဲမှုများကို သင်မည်သို့ဖြေရှင်းကြောင်း ပြန်သုံးသပ်ကြည့်ပါ။ အသင်သည် ရန်လိုတတ်သူလော။ ကျွန်ုပ်တို့သိရှိခဲ့သည့်အတိုင်း ထိုမေးခွန်း၏အဖြေမှန်သည် သင့်ကြင်ဖော်၏ရှုမြင်ပုံအပေါ် များစွာမူတည်၏။ သင့်ကြင်ဖော်၏ရှုမြင်ပုံသည် အကဲဆတ်လွန်းသည်ဟု ပစ်ပယ်လိုက်မည့်အစား သူ့အမြင်နှင့် သင့်ကိုယ်သင်မြင်ပြီး လိုအပ်လျှင် ပြုပြင်ပြောင်းလဲလိုက်ပါ။ ပေါလုက “ကိုယ်အကျိုးကိုအဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကိုလူတိုင်းရှာစေ” ဟုရေးသားခဲ့သည်။—၁ ကောရိန္သု ၁၀:၂၄။

“အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့”

“သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့” ဟူသော ယေရှု၏စကားတွင် သဘောထားကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းနည်း နောက်တစ်နည်း တွေ့ရှိရသည်။ (လုကာ ၈:၁၈) ဤတွင် ယေရှုသည် အိမ်ထောင်ရေးဆက်သွယ်မှုအကြောင်း ပြောနေခြင်းမဟုတ်သည်မှာ မှန်ပါသည်။ သို့သော် မူအရ သက်ဆိုင်သည်။ သင့်ကြင်ဖော်စကားပြောသောအခါ သင်ကောင်းကောင်း နားထောင်သလော။ နားပင် ထောင်၏လော။ သို့တည်းမဟုတ် သင်စုံစုံစေ့စေ့ နားမလည်သော ပြဿနာများကို နှုတ်သွက်သွက်ဖြင့် ကြားဖြတ်ဖြေရှင်းပေးတတ်သလော။ “အကျိုးအကြောင်းကိုမစစ်မီ [“နားမထောင်မီ၊” ကဘ] အမှုစီရင်သောသူသည် မိုက်သောအပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏” ဟုသမ္မာကျမ်းစာကဆို၏။ (သု. ၁၈:၁၃) ထို့ကြောင့် လင်နှင့်မယား ကတောက်ကဆတ်ဖြစ်ကြသောအခါ သဘောထားကွဲလွဲမှုကိုဆွေးနွေးပြီး တစ်ဦးကိုတစ်ဦး ကောင်းကောင်းနားထောင်ပေးဖို့လို၏။

သင့်ကြင်ဖော်၏အမြင်ကို ဘေးချိတ်ပစ်မည့်အစား ‘ကိုယ်ချင်းစာနာစိတ်’ ပြဖို့ ကြိုးစားပါ။ (၁ ပေတရု ၃:၈) မူရင်းဂရိတွင် ဤစကားလုံးသည် အခြားသူနှင့်အတူ ခံစားခြင်းဟု အဓိပ္ပာယ်ရှိ၏။ ကိစ္စတစ်ခုနှင့်ပတ်သက်၍ သင့်ကြင်ဖော် စိတ်သောကရောက်နေလျှင် အသင်လည်း ဝေမျှခံစားသင့်သည်။ ကိစ္စရပ်ကို တစ်ဖက်သား၏အမြင်နှင့် ကြည့်တတ်ဖို့ ကြိုးစားပါ။

ဘုရားသခင်ကိုကြောက်ရွံ့သောအမျိုးသား ဣဇာက်သည် ထိုသို့ပြုပုံရှိသည်။ သူ၏ဇနီး ရေဗက္ကသည် သားယာကုပ်နှင့်ပတ်သက်သော မိသားစုကိစ္စတစ်ခုကြောင့် အလွန်စိတ်ပူနေကြောင်း သမ္မာကျမ်းစာကဆိုသည်။ သူက “ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့်၊ ကိုယ်အသက်ကို ငြီးငွေ့လှ၏။ ဤပြည်သူသမီးကဲ့သို့သောသူ၊ ဟေသအမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဖက်ပြုလျှင် ကျွန်မအသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်း” ဟုဣဇာက်ကိုဆိုလေ၏။—ကမ္ဘာဦး ၂၇:၄၆။

ရေဗက္ကသည် စိုးရိမ်ပူပန်လွန်းသဖြင့် ထိုကိစ္စကို ပုံကြီးချဲ့ပြောဆိုခဲ့ခြင်းဖြစ်ပေမည်။ သူ့အသက်ကို သူ အမှန်တကယ် ငြီးငွေ့ပါသလော။ ဟေသအမျိုးသမီးတစ်ဦးနှင့် သူ့သား အိမ်ထောင်ပြုခဲ့လျှင် သူအမှန်ပင် အသက်မရှင်လိုတော့ပြီလော။ ထိုသို့ဖြစ်နိုင်မည်မဟုတ်ပေ။ သို့တိုင် ဣဇာက်သည် ရေဗက္က၏ခံစားချက်ကို အသေးအဖွဲကိစ္စဟု သဘောမထားခဲ့ချေ။ ယင်းအစား ရေဗက္က၏စိုးရိမ်မှုကို ဂရုစိုက်ဖို့လိုကြောင်း အသိအမှတ်ပြုပြီး အရေးယူလုပ်ဆောင်ပေးခဲ့သည်။ (ကမ္ဘာဦး ၂၈:၁) နောက်တစ်ကြိမ် သင်၏ကြင်ဖော်က ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ကြောင်းဖော်ပြလျှင် အလားတူပြုပါ။ အသေးအဖွဲကိစ္စအဖြစ် သဘောထားပစ်ပယ်မည့်အစား သင့်အိမ်ထောင်ဖက်စကားပြောသည့်အခါ နားထောင်ပါ၊ သူ၏အမြင်ကို လေးစားပြီး ကိုယ်ချင်းစာနာစွာ တုံ့ပြန်ပါ။

နားထောင်ခြင်းနှင့် ထိုးထွင်းသိမြင်ခြင်း

သမ္မာကျမ်းစာပါ ပညာရှိစကားတစ်ခွန်းကဤသို့ဆိုသည်– “ထိုးထွင်းသိမြင်တတ်သူသည် မိမိအမျက်ဒေါသကိုချုပ်တည်းတတ်၏။” (သု. ၁၉:၁၁၊ ကဘ) ဒေါသပေါက်ကွဲနေချိန်တွင် သင်၏ကြင်ဖော်နှုတ်မှထွက်သော စိတ်နာကြည်းစရာစကားတိုင်းကို စိတ်လိုက်မာန်ပါတုံ့ပြန်မိဖို့ အလွန်လွယ်၏။ သို့သော် ထိုသို့ပြုခြင်းသည် အများအားဖြင့် အငြင်းပွားမှုကို မီးထိုးယပ်ခတ်ပေးရာရောက်သည်။ ထို့ကြောင့် သင့်ကြင်ဖော်စကားပြောဆိုနေစဉ် ပြောသည့်စကားများကို နားထောင်ရုံသာမက ထိုစကားလုံးများနောက်ဝယ်ရှိ ခံစားချက်များကိုပါ သဘောပေါက်ဖို့ ကြိုးစားပါ။ ထိုသို့ထိုးထွင်းသိမြင်တတ်ခြင်းက သင်ကိုယ်တိုင်၏ စိတ်အနှောင့်အယှက်ဖြစ်စရာများထက် ပြဿနာ၏ရင်းမြစ်ကို သိမြင်စေပါလိမ့်မည်။

ဥပမာ၊ ဇနီးသည်က “ကျွန်မကို ရှင်အချိန်နည်းနည်းမှမပေးဘူး!” ဟု သင့်အားပြောသည်ဆိုပါစို့။ ထိုအခါ သင်စိတ်တိုသွားပြီး သူ၏စွဲချက်ကို တုံးတိတိ ငြင်းဆိုလိုပေမည်။ “ပြီးခဲ့တဲ့လက မင်းကို တစ်ရက်လုံးလုံး အချိန်ပေးခဲ့တာပဲ!” ဟုသင်တုံ့ပြန်ပေမည်။ သို့သော် သင့်ဇနီးပြောသည်ကို ဂရုတစိုက်နားထောင်မည်ဆိုလျှင် နောက်ထပ်အချိန်ပေးဖို့ သူတောင်းဆိုနေခြင်းမဟုတ်ကြောင်း တွေ့ရှိနိုင်သည်။ အမှန်ဆိုလျှင် သူသည် လျစ်လျူရှုခံရပြီး အချစ်မခံရဟု ခံစားနေရကြောင်း ဖွင့်ဟပြောဆိုနေခြင်းဖြစ်ပြီး သူစိတ်အေးရန် အားပေးစကားကြားလို၍ ဖြစ်ပေမည်။

သင်သည် ဇနီးတစ်ဦးဖြစ်ပြီး ခင်ပွန်းသည်က ဝယ်ခြမ်းပြီးခါစ ပစ္စည်းတစ်ခုနှင့်ပတ်သက်၍ သူ၏စိတ်ပူပန်မှုကို ထုတ်ပြောသည်ဆိုပါစို့။ “ဒီလောက်တောင် ငွေသုံးလိုက်ရသလား” ဟု မယုံနိုင်စွာ ပြောလိုက်ပေမည်။ ထိုအခါ သင်က မိသားစုအသုံးစရိတ်ကိုဖြစ်စေ၊ သူဝယ်သည့်ပစ္စည်းတစ်ခုနှင့် သင်ဝယ်သောပစ္စည်းတန်ဖိုးကိုဖြစ်စေ နှိုင်းယှဉ်ပြီး မိမိကိုယ်ကို ကာကွယ်ပြောဆိုပေမည်။ သို့သော် ထိုးထွင်းသိမြင်တတ်ခြင်းက သင်၏ခင်ပွန်းသည် ငွေသုံးစွဲခြင်းကိစ္စကိုပြောနေခြင်းမဟုတ်ကြောင်း သိမြင်စေပါလိမ့်မည်။ ယင်းအစား အရေးပါသောပစ္စည်းတစ်ခုဝယ်လိုက်ရာတွင် သူ့ကိုမတိုင်ပင်သည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ခြင်းကို ဖော်ပြနေပေမည်။

မှန်ပါသည်၊ မောင်နှံစုံတို့သည် တစ်ဦးကိုတစ်ဦးအချိန်ပေးပုံ၊ ပစ္စည်းဝယ်ဖို့ဆုံးဖြတ်ချက်ချပုံချင်း မတူနိုင်ကြပေ။ အငြင်းပွားစရာကိစ္စများဖြစ်ပေါ်လာလျှင် ထိုးထွင်းသိမြင်မှုသည် ဒေါသထိန်းစေပြီး အကြောင်းရင်းကို သိမြင်စေနိုင်မည်ဖြစ်သည်။ စိတ်လိုက်မာန်ပါ တုံ့ပြန်မည့်အစား ကျမ်းရေးသူယာကုပ်၏ ဤတိုက်တွန်းချက်ကို လိုက်နာပါလေ– “နားကြားခြင်းငှာလျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ။”—ယာကုပ် ၁:၁၉။

သင့်ကြင်ဖော်အား စကားပြောသည့်အခါ သင်၏အသံနေအသံထားသည် အရေးပါကြောင်း သတိရပါ။ “ပညာရှိတို့၏လျှာမူကား အနာကိုပင်ပျောက်စေတတ်၏” ဟု သမ္မာကျမ်းစာဆို၏။ (သု. ၁၂:၁၈) လင်နှင့်မယား ကတောက်ကဆတ်ဖြစ်ချိန်၌ သင်ပြောဆိုသောစကားသည် စိတ်နာစရာဖြစ်စေသလော၊ အမျက်ကိုငြိမ်းစေသလော။ ဆက်သွယ်မှုအတွက် အတားအဆီးဖြစ်သလော၊ ပြန်ပြေလည်စေသလော။ ကျွန်ုပ်တို့သိရှိခဲ့သည့်အတိုင်း ဒေါသတကြီး စိတ်လိုက်မာန်ပါတုံ့ပြန်ခြင်းသည် အချေအတင်ငြင်းခုံမှုကိုသာ ဖြစ်ပွားစေသည်။—သု. ၂၉:၂၂။

သဘောထားကွဲလွဲမှုသည် ခွန်းကြီးခွန်းငယ်ဖြစ်လာလျှင် စကားများရသည့်အကြောင်းရင်းကို ဖြေရှင်းဖို့ ကြိုးပမ်းပါ။ လူကိုမဟုတ်၊ သဘောထားကွဲလွဲရသည့်အကြောင်းရင်းကို အာရုံစိုက်ပါ။ မည်သူမှန်သည်ထက် အဘယ်အရာမှန်သည်ကို အဓိကထားပါ။ အငြင်းပွားနေသည့်ကိစ္စကို မီးလောင်ရာလေပင့်သည့် စကားမျိုးမပြောမိဖို့ သတိပြုပါ။ “ကြမ်းတမ်းသောစကားမူကား အမျက်ကိုနှိုးဆော်တတ်၏” ဟု သမ္မာကျမ်းစာဆိုသည်။ (သု. ၁၅:၁) သင်၏စကားနှင့် ပြောဆိုပုံပြောဆိုနည်းက သင့်ကြင်ဖော်၏ပူးပေါင်းဆောင်ရွက်မှုကို ရနိုင်မနိုင် အဆုံးအဖြတ်ပေးပေမည်။

အနိုင်ရဖို့မဟုတ် ပြေလည်ဖို့ ရည်ရွယ်ပါ

သဘောကွဲလွဲမှုများကို ဖြေရှင်းရာတွင် ပန်းတိုင်မှာ အနိုင်ရဖို့မဟုတ် ပြဿနာပြေလည်ဖို့ဖြစ်သည်။ ပြေလည်အောင် သင်မည်သို့ဖြေရှင်းနိုင်မည်နည်း။ အသေချာဆုံးနည်းမှာ ကျမ်းစာသွန်သင်ချက်ကို ရှာဖွေပြီး လက်တွေ့ကျင့်သုံးခြင်းဖြစ်သည်၊ အထူးသဖြင့် လင်ယောက်ျားများက ယင်းကို အစပြုလုပ်ဆောင်သင့်သည်။ လတ်တလောဖြစ်နေသော ကိစ္စရပ်များ သို့မဟုတ် ပြဿနာများအပေါ် ခံယူချက်ပြင်းထန်နေမည့်အစား ၎င်းတို့ကို ယေဟောဝါရှုမြင်သကဲ့သို့ ရှုမြင်ပါလေ။ ကိုယ်တော့်ထံဆုတောင်းပြီး ကျွန်ုပ်တို့၏စိတ်နှလုံးနှင့် စိတ်စွမ်းအားတို့ကို စောင့်မပေးမည့် ဘုရားသခင်၏ငြိမ်သက်ခြင်းကို ရှာယူပါ။ (ဧဖက် ၆:၁၈; ဖိလိပ္ပိ ၄:၆၊ ၇) ကိုယ့်အမှုအရာကိုသာ မရှုမမှတ်ဘဲ သင့်ကြင်ဖော်၏အမှုအရာကို ရှုမှတ်ရန် ကြိုးပမ်းအားထုတ်ပါ။—ဖိလိပ္ပိ ၂:၄။

အခြေအနေကို ပိုမိုဆိုးဝါးစေလေ့ရှိစေသည်မှာ နာကြည်းချက်များနှင့် မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုများအတိုင်း စဉ်းစားပြုမူခြင်းဖြစ်သည်။ တစ်ဖက်တွင်မူ သမ္မာကျမ်းစာသွန်သင်ချက်နှင့်အညီ ပြုပြင်ရန်အသင့်ရှိခြင်းက ငြိမ်သက်ခြင်း၊ စိတ်သဘောညီညွတ်ခြင်းရှိစေသည့်အပြင် ယေဟောဝါထံမှ ကောင်းချီးခံစားစေသည်။ (၂ ကောရိန္သု ၁၃:၁၁) ထို့ကြောင့် “အထက်မှသက်ရောက်သောပညာ” ၏လမ်းပြမှုကိုခံယူပါ၊ ဘုရားသခင်နှစ်သက်သော အရည်အသွေးများ တင်ပြပါ၊ “အသင့်အတင့်နေခြင်းငှာပြုစုတတ်သောသူ” များအဖြစ် အကျိုးကျေးဇူးများကို ရိတ်သိမ်းပါလေ။—ယာကုပ် ၃:၁၇၊ ၁၈။

အမှန်မှာ၊ ကိုယ့်အကြိုက်ကို စွန့်လွှတ်ဖို့လိုအပ်လျှင်ပင် သဘောထားကွဲလွဲမှုများကို အေးအေးဆေးဆေးဖြေရှင်းတတ်ဖို့ ကျွန်ုပ်တို့အားလုံး သင်ယူသင့်သည်။ (၁ ကောရိန္သု ၆:၇) “အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်း၊ ညစ်ညူးသောစကားကိုသုံးခြင်းတို့ကို” ပယ်ရှားပြီး “လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကိုချွတ်ပယ်၍ . . . အသစ်ပြုပြင်သောလူသစ်ကို ယူတင်ဝတ်ဆောင်” ပါဟူသော ပေါလု၏တိုက်တွန်းချက်ကို လက်တွေ့ကျင့်သုံးပါလေ။—ကောလောသဲ ၃:၈-၁၀။

တစ်ခါတစ်ရံ၊ နောင်မှ ယူကျုံးမရဖြစ်စေသည့်စကားမျိုးကို သင်ပြောဆိုမိပေမည်။ (ယာကုပ် ၃:၈) ထိုသို့ဖြစ်လျှင် သင့်ကြင်ဖော်ကို တောင်းပန်လိုက်ပါ။ ဆက်၍ကြိုးပမ်းအားထုတ်ပါ။ အချိန်တန်သော်၊ သဘောထားကွဲလွဲမှုများကို ဖြေရှင်းရာ၌ တိုးတက်အောင်မြင်လာကြောင်း သင်တို့နှစ်ဦးစလုံး တွေ့မြင်ရပါလိမ့်မည်။

[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အငြင်းပွားမှုလျော့ပါးစေသည့် ခြေလှမ်းသုံးခု

• သင့်ကြင်ဖော် စကားပြောချိန်တွင် နားထောင်ပါ။ သု. ၁၀:၁၉။

• သူ၏ရှုမြင်ပုံကို လေးစားပါ။ ဖိလိပ္ပိ ၂:၄။

• ချစ်ခင်ကြင်နာစွာ တုံ့ပြန်ပါ။ ၁ ကောရိန္သု ၁၃:၄-၇။

[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ယခု သင်ပြုနိုင်သည်မှာ

အောက်ပါမေးခွန်းများကို သင့်အိမ်ထောင်ဖက်အား မေးကြည့်ပါ၊ သူ့အဖြေများကို ကြားမဖြတ်ဘဲ နားထောင်ပါ။ ထို့နောက် သင့်ကြင်ဖော်ကို တစ်လှည့်မေးစေပါ။

• ကျွန်ုပ်သည် ရန်လိုတတ်သူလော။

• သင်ရင်ဖွင့်ပြောနေစဉ် ကျွန်ုပ် အမှန်တကယ်နားထောင်ပါသလော၊ သင်ပြော၍မပြီးခင် စိတ်လိုက်မာန်ပါ တုံ့ပြန်တတ်သလော။

• ကျွန်ုပ်၏စကားများသည် သင့်အတွက် စာနာစိတ်ကင်းသော သို့မဟုတ် ဒေါသထွက်စေသော စကားမျိုးဖြစ်နေသလော။

• အထူးသဖြင့် ကိစ္စတစ်ခုနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့သဘောထားကွဲနေလျှင် အချင်းချင်းပြောဆိုဆက်သွယ်ပုံ တိုးတက်စေဖို့ နှစ်ဦးစလုံး အဘယ်အရာပြုနိုင်သနည်း။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

သင်နားထောင်ပါသလော

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

“ပစ်ထားခံရပြီးအချစ်မခံရဘူးလို့ ကျွန်မခံစားရတယ်”

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

“ကျွန်မကို ရှင်အချိန်နည်းနည်းမှမပေးဘူး!”

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

“ပြီးခဲ့တဲ့လက မင်းကို တစ်ရက်လုံးလုံး အချိန်ပေးခဲ့တာပဲ!”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ