၃။ လူကောင်းတွေ ဘာကြောင့် ဒုက္ခရောက်ရသလဲ
အဲဒီအချက်ကို ဘာကြောင့် သိဖို့ လိုသလဲ
လူကောင်းတွေ ဒုက္ခရောက်တာ မတရားဘူး။ ဒါကြောင့် ကောင်းအောင် နေလည်း မထူးဘူးလို့ လူတချို့ ခံစားရတယ်။
စဉ်းစားကြည့်ပါ
လူတချို့က ဘဝသံသရာကို ယုံကြည်ကြတယ်။ ကောင်းမှုများများ လုပ်တဲ့သူက ကောင်းစားတဲ့ ဘဝ၊ မကောင်းမှုတွေ လုပ်တဲ့သူက ဆင်းရဲခက်ခဲတဲ့ ဘဝနဲ့ ပြန်မွေးဖွားလာတယ်လို့ ပြောကြတယ်။ အဲဒီယုံကြည်ချက်အရ လက်ရှိဘဝမှာ ကောင်းတာတွေ လုပ်နေရင်တောင် “အတိတ်ဘဝ” က လုပ်ခဲ့တဲ့ မကောင်းမှုတွေကြောင့် ဒုက္ခရောက်နိုင်တယ်။ ဒါပေမဲ့ . . .
ကိုယ်မမှတ်မိတဲ့ အတိတ်ဘဝက အမှားကြောင့် ဝဋ်ပြန်ခံရတာ အဓိပ္ပာယ် ရှိရဲ့လား။
အတိတ်ဘဝမှာ လုပ်ခဲ့တာတွေကြောင့် ပြန်ဝဋ်လည်မယ်ဆိုရင် ဘာကြောင့် ကျန်းမာရေး လိုက်စားနေဦးမှာလဲ။ မတော်တဆမှုတွေ မဖြစ်အောင် ဘာကြောင့် ဂရုစိုက်နေဦးမှာလဲ။
ထပ်သိချင်ရင်
ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့် ပြုထားသလဲ ဗီဒီယိုကို jw.org မှာကြည့်ပါ။
ကျမ်းစာ သွန်သင်ရာ
ဆင်းရဲဒုက္ခဟာ ဘုရားသခင်ဆီက ပြစ်ဒဏ် မဟုတ်ဘူး။
အများအားဖြင့် တိုက်ဆိုင်မှုတွေကြောင့် ဖြစ်တာ။ မရှိသင့်တဲ့ အချိန်မှာ မရှိသင့်တဲ့ နေရာကို ရောက်နေတဲ့အတွက် အဖြစ်ဆိုးတွေ ကြုံရတတ်တယ်။
“အပြေးသန်တယ်ဆိုတိုင်း ပြေးပွဲမှာ အမြဲ အနိုင်ရတာ မဟုတ်ဘူး။ အင်အားကြီးတယ်ဆိုတိုင်း စစ်ပွဲမှာ အမြဲ အနိုင်ရတာ မဟုတ်ဘူး။ ဉာဏ်ပညာ ရှိတယ်ဆိုတိုင်း အမြဲ စားစရာ ရှိတာ မဟုတ်ဘူး။ ဉာဏ်ကောင်းတယ်ဆိုတိုင်း အမြဲ ချမ်းသာကြွယ်ဝတာ မဟုတ်ဘူး။ ဗဟုသုတ ကြွယ်တယ်ဆိုတိုင်း အမြဲ အောင်မြင်တာ မဟုတ်ဘူး။ လူအားလုံးဟာ မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်လို့ပဲ။”—ဒေသနာ ၉:၁၁။
အမွေရထားတဲ့ အပြစ်ကြောင့် ဒုက္ခရောက်ရတာ။
“အပြစ်” ဆိုတာ လူတစ်ယောက် ကျူးလွန်တဲ့ မကောင်းမှုလို့ လူတွေ ပြောတတ်ကြတယ်။ ဒါပေမဲ့ ကျမ်းစာမှာ အဲဒီစကားလုံးကို လူကောင်း၊ လူဆိုးအားလုံး အမွေရထားတဲ့ အခြေအနေကို ဖော်ပြဖို့ အသုံးပြုတယ်။
“ကျွန်တော်ဟာ မွေးကတည်းက အပြစ်ပါလာတယ်။ အမေ့ဝမ်းထဲ သန္ဓေတည်ကတည်းက အပြစ်တွေနဲ့ပါ။” —ဆာလံ ၅၁:၅။
အပြစ်က လူတွေအပေါ် ဆိုးကျိုးများစွာ သက်ရောက်တယ်။
အပြစ်ကြောင့် ဖန်ဆင်းရှင်နဲ့ ဆက်ဆံရေး ပြတ်တောက်ရုံသာမက တခြားဖန်ဆင်းရာတွေနဲ့လည်း အဆင်မပြေတော့ဘူး။ ဒါကြောင့် တစ်ဦးချင်းစီသာမက လူသားထုတစ်ရပ်လုံး အကြီးအကျယ် ဒုက္ခရောက်ရတယ်။
“မှန်တာကို လုပ်ချင်တဲ့အခါ မကောင်းတာ လုပ်ချင်စိတ်က ကျွန်တော့်ဆီမှာ ရှိနှင့်နေတယ်။”—ရောမ ၇:၂၁။
‘ဖန်ဆင်းရာအားလုံး တညီတညွတ်တည်း ညည်းတွားပြီး ဝေဒနာ ခံစားနေကြရတယ်။’—ရောမ ၈:၂၂။