ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၉-စာ. ၃၃၅
  • သေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သေခြင်း
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—
  • သေဆုံးသွားတဲ့သူတွေ ဘယ်နေရာမှာ ရှိနေကြသလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ချစ်ရသော သေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက် ရှိသနည်း
    ချစ်ရသော သေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက် ရှိသနည်း
  • သေလွန်ပြီးသော ကျွန်ုပ်တို့ချစ်ရသူများ ဘာဖြစ်သွားကြသနည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • သေလွန်သူကို ကြောက်ရွံ့သင့်သလော
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၉-စာ. ၃၃၅

သေခြင်း

အဓိပ္ပာယ်သတ်မှတ်ချက်– အသက်လှုပ်ရှားမှုအားလုံးရပ်စဲခြင်းဖြစ်သည်။ အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းနှင့် ဦးနှောက်လုပ်ဆောင်ချက်ရပ်တန့်သွားပြီးနောက် ခန္ဓာဆဲလ်များထဲမှအသက်စွမ်းအား၏လှုပ်ရှားဆောင်ရွက်မှုလည်း တဖြည်းဖြည်းရပ်တန့်သွားသည်။ သေခြင်းသည် ရှင်ခြင်း၏ဆန့်ကျင်ဘက်ဖြစ်သည်။

ဘုရားသခင်သည် လူကိုသေဖို့ဖန်ဆင်းခဲ့သလော

လုံးဝမဟုတ်သည့်အပြင်၊ အာဒံအား ယေဟောဝါက မနာခံလျှင်သေဘေးနှင့်ကြုံရလိမ့်မည်ဟုပင် သတိပေးတော်မူ၏။ (က. ၂:၁၇) နောက်ပိုင်း၌ ဣသရေလလူတို့အား အသေစောနှင့်မသေဖို့ အဘယ်အကျင့်များကိုရှောင်ရမည်နှင့်ပတ်သက်၍ သတိပေးတော်မူသည်။ (ယေဇ. ၁၈:၃၁) အချိန်တန်သော် လူသားတို့အတွက်အသေခံရန် သားတော်ကိုစေလွှတ်တော်မူသည်။ ဤပြင်ဆင်ချက်ကိုယုံကြည်သူများ ထာဝရအသက်ရစေရန်ဖြစ်သည်။​—ယော. ၃:၁၆၊ ၃၆။

ဆာလံ ၉၀:၁၀ က သာမန်လူ့သက်တမ်းသည် ၇၀ သို့မဟုတ် ၈၀ ဖြစ်သည်ဆို၏။ မောရှေထိုသို့ရေးစဉ်မှန်ပေသည်။ သို့သော် ကနဦး၌ထိုသို့မဟုတ်။ (ကမ္ဘာဦး ၅:၃-၃၂ နှင့်နှိုင်းယှဉ်။) ဟေဗြဲ ၉:၂၇ (သက) က “လူသည် တစ်ကြိမ်တည်းသာသေရ [၏]” ဟုဆိုသည်။ ဤစကားမှာလည်းရေးသားစဉ်ကမှန်ပေသည်။ သို့သော် အပြစ်သားအာဒံကို ဘုရားသခင်စီရင်ချက်မချမီအချိန်က ထိုသို့မဟုတ်။

ကျွန်ုပ်တို့ အဘယ်ကြောင့်အိုရသေရသနည်း

ယေဟောဝါသည် ပထမလူမောင်နှံကို ထာဝစဉ်အသက်ရှင်ခွင့်အလားအလာဖြင့် စုံလင်စွာဖန်ဆင်းခဲ့သည်။ သူတို့အား ကြိုက်ရာရွေးချယ်ပြုလုပ်နိုင်စွမ်းကိုလည်းပေးထားသည်။ သူတို့သည် ဖန်ဆင်းရှင်မိမိတို့အဖို့ပြုခဲ့သမျှကောင်းမှုအတွက် ကျေးဇူးတင်ကာ ကိုယ်တော်ကိုချစ်မြတ်နိုးလျက် နာခံကြမည်လော။ ထိုသို့ပြုနိုင်စွမ်း သူတို့၌အပြည့်အဝရှိပေသည်။ ဘုရားသခင်က “ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု” အာဒံအားမိန့်တော်မူ၏။ စာတန်သည် မြွေတစ်ကောင်ကို ကိုယ်စားအဖြစ်သုံး၍ ဧဝအား ယေဟောဝါအမိန့်တော်ကိုချိုးဖောက်ရန် သွေးဆောင်ခဲ့သည်။ အာဒံသည် မိမိဇနီးကိုဆုံးမမည့်အစား သူနှင့်အတူတားမြစ်ရာအသီးကိုစားလေသည်။ ယေဟောဝါလည်း စကားတော်အတိုင်း အာဒံကိုသေမိန့်ချခဲ့တော်မူသည်။ သို့ရာတွင် အပြစ်ပြုသောထိုမောင်နှံအား သေဒဏ်မပေးမီ ကရုဏာတော်ကြောင့် သားသမီးများထွန်းကားခွင့်ကို ပေးသနားတော်မူခဲ့သည်။​—က. ၂:၁၇; ၃:၁-၁၉; ၅:၃-၅; တရားဟောရာ ၃၂:၄; ဗျာဒိတ် ၁၂:၉ တို့နှင့်နှိုင်းယှဉ်။

ရော. ၅:၁၂၊ ၁၇၊ ၁၉– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့်သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။ . . . လူတစ်ယောက်သည် ပြစ်မှားသောကြောင့် ထိုတစ်ယောက်သောသူအားဖြင့် သေခြင်းတရားသည်အစိုးရ၏။ . . . တစ်ယောက်သောသူသည် နားမထောင်သောအားဖြင့် လူများတို့သည်အပြစ်ရောက်သည်။”

၁ ကော. ၁၅:၂၂– “လူအပေါင်းတို့သည် အာဒံအားဖြင့်သေခြင်းသို့ရောက်သည်။”

“ကံကြမ္မာ” ဟူသောအဓိကခေါင်းစဉ်လည်းရှု။

နို့စို့သူငယ်များ အဘယ်ကြောင့်သေရသနည်း

ဆာ. ၅၁:၅– “အကျွန်ုပ်သည် မွေးစကပင်အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင်အပြစ်စွဲပါ၏။” (ယောဘ ၁၄:၄; ကမ္ဘာဦး ၈:၂၁ တို့ကိုလည်းရှု။)

ရော. ၃:၂၃; ၆:၂၃– “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။ . . . အပြစ်တရား၏အခကားသေခြင်းပေတည်း။”

အချို့သူများကြားခဲ့ကြသည့်အတိုင်း ဘုရားသခင်သည် မိဘများရင်ခွင်မှ ကလေးများကို “မသိမ်းယူ” ပါ။ ကမ္ဘာသည် လုံလောက်သောရိက္ခာထုတ်လုပ်ပေးသော်လည်း အတ္တဆန်သောနိုင်ငံရေး စီးပွားရေးသမားများကြောင့် စားနပ်ရိက္ခာအလွန်လိုအပ်သောသူများထံ ရိက္ခာမရောက်နိုင်သဖြင့် ကလေးများ အာဟာရချို့ငဲ့၍ဆုံးပါးကြရရှာသည်။ အချို့ကလေးများမှာ လူကြီးများနည်းတူ မတော်တဆမှုကြောင့်သေရ၏။ သို့သော် ကျွန်ုပ်တို့အားလုံး အပြစ်ကိုအမွေရခဲ့ကြသဖြင့် မစုံလင်သူများဖြစ်ကြသည်။ ကျွန်ုပ်တို့အားလုံး ကောင်းဆိုးမဟူသေခြင်းဖြင့်ဘဝနိဂုံးချုပ်ရသောစနစ်ထဲသို့မွေးလာကြသည်။ (ဒေ. ၉:၅) သို့သော် ယေဟောဝါသည် ကလေးများအား ရှင်ပြန်ထမြောက်စေခြင်းဖြင့် မိဘများနှင့်ပြန်လည်ပေါင်းစည်းစေရန် “တောင့်တ” တော်မူ၍ထိုသို့ပြုရန်လည်းမေတ္တာဖြင့်ပြင်ဆင်တော်မူခဲ့ပြီ။​—ယော. ၅:၂၈၊ ၂၉; ယောဘ ၁၄:၁၄၊ ၁၅၊ သမ္မာ; ယေရမိ ၃၁:၁၅၊ ၁၆; မာကု ၅:၄၀-၄၂ တို့နှင့်နှိုင်းယှဉ်။

သေလွန်သူများ အဘယ်နေရာသို့ရောက်ကြသနည်း

က. ၃:၁၉– “သင်ထွက်ရာမြေသို့မပြန်မီတိုင်အောင် သင်၏မျက်နှာမှချွေးထွက်လျက်အစာကိုစားရမည်။ အကြောင်းမူကား သင်သည်မြေမှုန့်ဖြစ်၍မြေမှုန့်သို့ပြန်ရမည်။”

ဒေ. ၉:၁၀– “ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခုသွား၍ရောက်ရလတ္တံ့သောအရပ်တည်းဟူသောမရဏာနိုင်ငံ (“သင်္ချိုင်း၊” KJ, Kx; “လူသေတို့ကမ္ဘာ၊”TEV) ၌လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။”

လူသေတို့၏အခြေအနေမည်သို့နည်း

ဒေ. ၉:၅– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။”

ဆာ. ၁၄၆:၄– “သူသည် အသက်ထွက်၍မြေသို့ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင် သူ၏အကြံအစည် (“အကြံအစည်၊” KJ, Dy [၁၄၅:၄] “သူစဉ်းစားသမျှ၊” NE; “စီမံကိန်း၊” RS, NAB) တို့သည်ပျက်စီးကြ၏။”

ယော. ၁၁:၁၁-၁၅– “ငါတို့အဆွေလာဇရုသည်အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှာ ငါသွားမည်ဟု မိန့်တော်မူ၏။ . . . ယေရှုကလာဇရုသေပြီ . . . ဟုအတည့်အလင်းမိန့်တော်မူ၏။” (ဆာလံ ၁၃:၃ ကိုလည်းရှု။)

ခန္ဓာသေသောအခါ လူ့အစိတ်အပိုင်းတစ်ခုခုဆက်လက်အသက်ရှင်သလော

ယေဇ. ၁၈:၄– “ပြစ်မှားသောဝိညာဉ် [“ဝိညာဉ်၊” သမ္မာ; “လူ၊ သူ၊” သမ; “စိုးလ်၊” RS, NE, KJ, Dy, Kx; “လူ၊” JB; “ပုဂ္ဂိုလ်၊” TEV] သည်အသက်သေရမည်။”

ဟေရှာ. ၅၃:၁၂– “မိမိအသက် [“အသက်၊” သမ္မာ; သမ; TEV– “စိုးလ်၊” RS, KJ, Dy; “သူ့ကိုယ်ကို၊” JB, Kx, NAB] ကိုသေခြင်း၌သွန်း၍။” မဿဲ ၂၆:၃၈ (ကဘ) နှင့်နှိုင်းယှဉ်။

“စိုးလ်” နှင့် “စပစ်ရစ်” ဆိုင်ရာအဓိကခေါင်းစဉ်များကိုလည်းရှု။

သေသူသည် ရှင်သူအားတစ်နည်းတစ်ဖုံအားဖြင့်ကူညီမှု၊ သို့တည်းမဟုတ် ဘေးဥပဒ်ပေးနိုင်သလော

ဒေ. ၉:၆– “သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်းပျောက်ပျက်၏။ နေအောက်မှာပြုသမျှသောအမှု၌ သူတစ်ပါးနှင်ရောနှော၍မဆိုင်ရ။”

ဟေရှာ. ၂၆:၁၄– “ထိုသခင်တို့သည်သေကြပါပြီ။ တစ်ဖန်အသက်မရှင်ရကြပါ။ သင်္ချိုင်းသားဖြစ်၍ ထမြောက်ခြင်းမရှိရကြပါ။”

အချို့သူများသေပြီဆိုသော်လည်း ပြန်ရှင်လာပြီးနောင်တမလွန်ဘဝအကြောင်း ပြောတတ်ကြရာ၊ သူတို့၏အပြောကိုမည်သို့ဆိုမည်နည်း

သာမန်အားဖြင့်၊ လူတစ်ယောက်အသက်ရှူနှလုံးခုန်ခြင်းရပ်စဲသည့်နောက်၊ မိနစ်အတန်ကြာမှ ခန္ဓာဆဲလ်များအထဲမှ အသက်စွမ်းအားတစ်စစကုန်ခန်းသွားသည်။ ခန္ဓာသည် အလွန်အေးသောအခြေအနေအောက်၌ရှိလျှင်ထိုဖြစ်စဉ်သည် နာရီပေါင်းများစွာပင်ကြာညောင်းနိုင်သည်။ ထို့ကြောင့်၊ တစ်ခါတစ်ရံ လူကိုနှလုံးနှင့်အဆုတ်ဆိုင်ရာအသက်ကယ်နည်းဖြင့်ပြန်ရှင်စေနိုင်သည်။ ထိုသူတို့ကို “ဆေးဘက်ဆိုင်ရာလူသေ” ဟုခေါ်ကြ၏။ သို့ရာတွင် သူတို့၏ခန္ဓာဆဲလ်များမူရှင်လျက်ရှိသေးသည်။

“ဆေးဘက်ဆိုင်ရာသေခြင်း” မှပြန်ရှင်လာသူအမြောက်အမြားတို့သည် ဘာကိုမျှမမှတ်မိကြ။ အချို့သူများမူမျောနေသလိုခံစားရကြသည်။ အချို့က လှပသောအရာများကိုမြင်ခဲ့သည်ဆို၏။ အချို့ကမူ ထိုအတွေ့အကြုံကြောင့်ထိတ်လန့်ချောက်ချားခဲ့ကြသည်။

အထက်ပါတွေ့ ကြုံခံစားမှုများနှင့်ပတ်သက်၍ ဆေးဘက်ဆိုင်ရာရှင်းလင်းချက်ရှိသလော

အာရီဇိုးနားသမ္မတနိုင်ငံ၏ဆေးဘက်အယ်ဒီတာကဤသို့ရေးသားလိုက်သည်– “မေ့ဆေးသြဇာ၊ သို့မဟုတ်၊ ရောဂါ၊ အနာတရ စသည်တို့ကြောင့် ခန္ဓာ၏အစွမ်းသတ္တိသည် အနိမ့်ဆုံးအဆင့်သို့ကျရောက်သောအခါ ခန္ဓာ၏အလိုအလျောက်ထိန်းချုပ်မှုစနစ်လည်းလိုက်၍ဆုတ်ယုတ်လေသည်။ သို့နှင့် နဗ်ကြောအဖွဲ့၏နယူရိုဟော်မုန်းများနှင့် ကက်တကောလမင်းများသည် အထိန်းအချုပ်မဲ့စီးထွက်လေသည်။ သို့ဖြစ်၍ ယောင်မှားခြင်းစသောလက္ခဏာများဖြစ်ပေါ်လာသည်။ သတိရပြန်သောအခါ ထိုယောင်မှားခြင်းကို သေရွာမှပြန်လာသည့်အဖြစ်ဟူ၍အမှားမှားယူမှတ်ကြလေသည်။”​—၁၉၇၇၊ မေလ ၂၈၊ စ. စီ-၁; ဂျာမန်ဆေးဂျာနယ် Fortschritte der Medizin အမှတ် ၄၁၊ ၁၉၇၉ နှင့် ယနေ့စိတ်ပညာ ၁၉၈၁၊ ဇန်နဝါရီလတို့ကိုလည်းရှု။

သို့သော် သေလွန်ခဲ့သောမိမိတို့မြတ်နိုးသူတို့နှင့်တွေ့ဆုံစကားပြောခဲ့သူများက ပြန်ရှင်လာသူတို့၏ထွက်ဆိုချက်မှန်ကန်ကြောင်း ထောက်ခံသည်မဟုတ်လော

သေလွန်သူတို့အခြေအနေနှင့်ပတ်သက်၍ အထက်၌ကိုးကားခဲ့သောကျမ်းချက်များကို ကျေးဇူးပြု၍ပြန်ဖတ်ပါ။ လူသေတို့အခြေအနေအကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော်အမှန်တရားက မည်သို့ဆိုသနည်း။

မည်သူကလူတို့အားနောက်တစ်မျိုးယုံစေချင်သနည်း။ ယေဟောဝါက မနာခံလျှင်သေရလိမ့်မည်ဟု ကျွန်ုပ်တို့၏ပထမမိဘများအားသတိပေးတော်မူစဉ် မည်သူကဆန့်ကျင်လျက်ပြောခဲ့သနည်း။ စာတန့်အသုံးခံ “မြွေက သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်ဟု . . . မိန်းမအားဆို၏။” (က. ၃:၄၊ ၅; ဗျာဒိတ် ၁၂:၉ ကိုပါရှု။) နောက်၌ အာဒံနှင့်ဧဝအမှန်သေခဲ့သည်။ သို့ဖြစ်၍ လူ့ခန္ဓာသေသောအခါ လူ၏ဝိညာဉ်အပိုင်း ဆက်၍ရှင်သည်ဟူသောအယူကို မည်သူတီထွင်ခဲ့ခြင်းဖြစ်ရမည်နည်း။ ကျွန်ုပ်တို့သိခဲ့သည့်အတိုင်း ဘုရားသခင့်နှုတ်ကပါဌ်တော်က ထိုသို့မဆို။ ရှေးဣသရေလလူတို့အားပေးတော်မူသောပညတ်တော်ကလူသေနှင့်တိုင်ပင်ခြင်းကို “ညစ်ညူး” ၍ “စက်ဆုပ်ရွံရှာဖွယ်သောအမှုများ” အဖြစ်ရှုတ်ချထားသည်။ (ဝတ်. ၁၉:၃၁; တရား. ၁၈:၁၀-၁၂; ဟေရှာ. ၈:၁၉) ရှင်သူတို့သည် ကွဲကွာသွားသောမိမိတို့မြတ်နိုးရသည့်သေလွန်သူတို့နှင့် ဆက်သွယ်ပြောဆိုခြင်းသာဖြစ်လျှင် မေတ္တာရှင်ဘုရားသခင်အနေနှင့် ထိုသို့ပြုခြင်းကိုရှုတ်ချတော်မူမည်ထင်သလော။ နောက်တစ်ဖက်မှကြည့်လျှင်၊ နတ်ဆိုးနာမ်ဝိညာဉ်များက သေလွန်သူယောင်ဆောင်လျက်သာ တစ်ခုကိုသက်ဆိုးရှည်စေသောအယူများကို လူ့စိတ်ထဲသို့သွတ်သွင်းကာ လူကိုလှည့်စားနေခြင်းဖြစ်ပါက ဘုရားသခင်အနေနှင့် မိမိကျေးကျွန်များလှည့်ဖြားမှုမခံရလေအောင်ကာကွယ်သည်မှာ မေတ္တာရှိရာမကျပေလော။​—ဧ. ၆:၁၁၊ ၁၂။

ယေဟောဝါသက်သေများသည် လူသေများအတွက်ငိုကြွေးခြင်းဆိုင်ရာရိုးရာဓလေ့ကို အဘယ်ကြောင့် ပါဝင်စောင့်ထိန်းခြင်းမပြုကြသနည်း

မြတ်နိုးသူတစ်ဦးသေဆုံးသဖြင့် ပူဆွေးဝမ်းနည်း၍ ငိုကြွေးသည်မှာ ပုံမှန်၍လျောက်ပတ်ပေသည်

မိမိ၏ရင်းနှီးသောအဆွေလာဇရုသေဆုံးသောအခါ “ယေရှုသည်မျက်ရည်ကျတော်မူ၏။” (ယော. ၁၁:၃၅) ဘုရားသခင့်ကျေးကျွန်များ မိမိတို့ချစ်ရသူများသေသောအခါ ရင်ထုမနာကြေကွဲပူဆွေးခဲ့သည့်အခါများလည်းရှိခဲ့ပါသည်။​—၂ ရာ. ၁:၁၁၊ ၁၂။

သို့သော် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ရှိသောကြောင့် ခရစ်ယာန်များအား ဤသို့ဆုံးမထား၏–“မျှော်လင့်ခြင်းမရှိသောအခြားသူတို့သည် ဝမ်းနည်းသကဲ့သို့ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း [သေခြင်း၌] အိပ်ပျော်သောသူတို့၏အမှုအရာကို မသိဘဲနေစေခြင်းငှာငါတို့အလိုမရှိ။”​—၁ သက်. ၄:၁၃။

ယေဟောဝါကျေးကျွန်များသည် အသုဘနှင့်ဆိုင်သောဓလေ့အားလုံးကိုမပယ်ပါ

က. ၅၀:၂၊ ၃၊ သမ္မာ– “[ယောသပ်သည်] အဘဣသရေလ၏အလောင်းကိုခံအောင် ဆေးနှင့်ပြုပြင်စေခြင်းငှာ မိမိကျွန်ဆေးသမားတို့ကိုအမိန့်ရှိ၍ သူတို့သည်ပြုပြင်ကြ၏။ ထုံးစံရှိသည်အတိုင်းအလောင်းကိုအရက်လေးဆယ်စေ့အောင် ဆေးနှင့်ပြုပြင်၍ထား၏။”

ယော. ၁၉:၄၀– “ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍ ယုဒလူတို့၏သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်းထုံးစံရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွပိတ်ပုဆိုးဖြင့် အလောင်းတော်ကိုပတ်ရစ်ကြ၏။”

ဘုရားသခင့်စိတ်တော်နှင့်တွေ့လိုသူများသည် နှုတ်ကပါဌ်တော်နှင့်ဖီလာဆန့်ကျင်သောထုံးတမ်းများကိုရှောင်၏

အချို့ဓလေ့များအရ၊ သူငါအများမြင်ရကြားရအောင်ငိုကြွေးကြရသည်။ သို့သော် ယေရှုက ဤသို့မိန့်တော်မူ၏– “သင်တို့သည် [ဝမ်းနည်းသဖြင့်] အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက်သောသူ [“သီလကြောင်၊” သမ] တို့နည်းတူမျက်နှာညှိုးငယ်ခြင်းမရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာထင်ရှားစေခြင်းငှာမိမိတို့မျက်နှာကိုဖျက်တတ်ကြ၏။ ငါအမှန်အကန်ဆိုသည်ကား ထိုသူတို့သည်မိမိတို့အကျိုးကိုခံရကြ [ပြီ]။ သင်သည် အစာရှောင်သောအခါ အစာရှောင်သည်ကို လူများတို့ရှေ့မှာမထင်ရှားစေဘဲ မထင်ရှားသောအရပ်၌ရှိတော်မူသော သင်တို့အဘရှေ့တော်၌သာထင်ရှားစေခြင်းငှာ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်းသစ်လော့။ မထင်ရှားသောအရာကိုမြင်တော်မူသောသင်တို့အဘသည် အကျိုးကိုထင်ရှားစွာပေးတော်မူလတ္တံ့။​—မ. ၆:၁၆-၁၈။

အချို့ထုံးတမ်းများကလူ၌မသေနိုင်သောစိုးလ်ရှိ၍ခန္ဓာသေစဉ်၎င်းစိုးလ်သည်အသက်ရှင်နေသဖြင့် ကျန်ရစ်သူများဘာလုပ်သည်ကိုမြင်နိုင်သည်ဟူသောအယူရှိကြောင်းထင်ဟပ်စေ၏။ သို့သော် သမ္မာကျမ်းစာက “သေသောသူမူကားအဘယ်အရာကိုမျှမသိ” ဟုဆို၏။ (ဒေ. ၉:၅) ထို့ပြင် “ပြစ်မှားသောဝိညာဉ် [စိုးလ်] သည်အသက်သေရမည်။”​—ယေဇ. ၁၈:၄။

ဓလေ့များစွာတို့မှာ သေသူတို့သည်ရှင်သူတို့၏အကူအညီကိုလိုအပ်သည်ဟူသောအယူမှလည်းကောင်း၊ သေလွန်သူ၏လိုအင်ကိုမဖြည့်ဆည်းလျှင်ဘေးပြုမည်ဟူသောကြောက်စိတ်မှလည်းကောင်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်၏။ သို့ရာတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်က သေသူများဝေဒနာနှင့်သုခ မခံစားရဟုဆို၏– “သူသည် အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင် သူ၏အကြံအစည်တို့သည်ပျက်စီးကြ၏။” (ဆာ. ၁၄၆:၄; ၂ ဓမ္မရာဇဝင် ၁၂:၂၂၊ ၂၃ ကိုလည်းရှု။) “သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်းပျောက်ပျက်၏။ နေအောက်မှာပြုသမျှသောအမှု၌သူတစ်ပါးနှင့်ရောနှော၍မဆိုင်ရ။”​—ဒေ. ၉:၆။

တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—

‘ဘုရားသခင့် အလိုတော်ပါ’

ဤသို့ ပြန်ပြောနိုင်သည်– ‘လူအများဒီလိုယူဆကြပါတယ်။ ဒါပေမဲ့ ဒါနဲ့ပတ်သက်လို့ဘုရားသခင် ကိုယ်တော်တိုင် ဘယ်လိုမိန့်ဆိုသလဲဆိုတာကို အဖြေရှာတဲ့အခါ တော်တော်အကျိုးရှိမှန်းသိရတယ်။ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘(ကမ္ဘာဦး ၂:၁၇ ကိုဖတ်။) အဖေတစ်ယောက်က ဘာလုပ်ရင်အသက်အန္တရာယ်ရှိတယ်ဆိုပြီး သားကိုသတိပေးလို့ရှိရင်သူ့သားကို အဲဒါလုပ်စေချင်တဲ့သဘောဖြစ်မလား။’ (၂) ‘ဒီလိုဆိုရင်လူသားတွေအတွက် ဘုရားသခင်ရဲ့အလိုတော်ဟာ ဘာဖြစ်တယ်လို့ဆိုရမလဲ။ ယေရှုဒီလိုပြောတယ်– “ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏အလိုတော်ကား၊ . . . သားတော်ကိုကြည့်မြင်၍ [ယေရှုသည် ဘုရားသခင့်သားတော်ဖြစ်ကြောင်းသိမြင်ဝန်ခံ၍] ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကိုရစေခြင်းငှာအလိုတော်ရှိ၏။ ငါသည်လည်းနောက်ဆုံးသောနေ့၌ထိုသူတို့ကိုထမြောက်စေမည်။” (ယော. ၆:၃၉၊ ၄၀)’

‘လူဟာနောင်လဲ အမြဲသေရမှာပဲ’

ဤသို့ ပြန်ပြောနိုင်သည်– ‘ကျွန်တော်တို့အချိန်အထိ လူတွေသေလာခဲ့ကြတာမှန်ပါတယ်။” ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ဒါပေမဲ့ ဗျာဒိတ် ၂၁:၃၊ ၄ (သို့မဟုတ် ဟေရှာယ ၂၅:၈) မှာ ဘုရားသခင်ပေးတဲ့ ထူးမြတ်လှတဲ့ ဒီကတိတော်ကို တစ်ဆိတ်လောက် သတိပြုပါ။’

‘သေနေ့စေ့ရင် သေရမှာပဲ’

ဤသို့ပြန်ပြောနိုင်သည်– ‘လူတော်တော်များများမိတ်ဆွေလိုပဲယုံကြတယ်။ ရှေးတုန်းက ဂရိလူမျိုးတော်တော်များများလဲဒီလိုအယူရှိခဲ့တယ်ဆိုတာမိတ်ဆွေသိပါသလား။ လူတစ်ယောက်ဘယ်လောက်ကြာအသက်ရှင်ရမယ်ဆိုတာကို ဘုရားမသုံးပါးက အဆုံးအဖြတ်ပေးတယ်ဆိုပဲ။ ဒါပေမဲ့ သမ္မာကျမ်းစာရဲ့အမြင်ဟာ ဆီနဲ့ရေလိုခြားနားပါတယ်။ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘(ဒေသနာ ၉:၁၁ ကိုဖတ်ပါ။) ဥပမာ၊ အဆောက်အအုံတစ်ခုကအင်္ဂတေတစ်ချပ် လမ်းပေါ်ကလူတစ်ယောက်ပေါ်ကျတယ်ဆိုပါစို့။ ဘုရားသခင်ရဲ့လက်ချက်လို့ဆိုမလား။ ဒီလိုဆိုရင် အဆောက်အအုံပိုင်ရှင်ကိုပေါ့လျော့မှုနဲ့တရားစွဲလို့ရှိရင် တရားရာကျမလား။ . . . သမ္မာကျမ်းစာဆိုတဲ့အတိုင်း၊ ဒီကိစ္စဟာလမ်းသွားသူအတွက်၊ ကြိုတင်စီစဉ်ထားခြင်းမဟုတ်တဲ့၊ ကြိုမမြင်နိုင်တဲ့၊ ထန်းသီးကြွေခိုက်ကျီးနင်းခိုက်အဖြစ်မျိုးဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်အင်္ဂတေချပ်ကျတဲ့အချိန်မှာ သူအဲဒီနေရာကိုရောက်နေတာကိုး။’ (၂) ‘သမ္မာကျမ်းစာက ကျွန်တော်တို့မကောင်းမှုကိုရှောင်ရင်ကိုယ့်အသက်ကိုကာကွယ်ရာရောက်တယ်လို့ဆိုပါတယ်။ (သု. ၁၆:၁၇) မိတ်ဆွေဟာမိဘတစ်ဦးဖြစ်ရင်ကိုယ့်ကလေးကို ဒီလိုပဲပြောဆိုဆုံးမမှာသေချာတယ်။ အသက်အန္တရာယ်ဖြစ်စေမဲ့အလုပ်ကိုမလုပ်ဖို့ကလေးကိုသတိပေးမှာပဲ။ ယေဟောဝါလဲ ဒီကနေ့လူတွေအားလုံးကို ဒီလိုပဲသတိပေးနေပါတယ်။’ (၃) ‘အနာဂတ်ကို ယေဟောဝါသိတယ်။ အမိန့်တော်ကို အရေးမစိုက်တဲ့လူတွေထက်ပိုပြီး အဆပေါင်းများစွာအသက်ရှည်ရှည်နေနိုင်ဖို့ယေဟောဝါက သမ္မာကျမ်းစာကတစ်ဆင့် နည်းပေးလမ်းပြနေပါတယ်။ (ယော. ၁၇:၃; သု. ၁၂:၂၈)’ (“ကံကြမ္မာ” ဟူသောအဓိကခေါင်းစဉ်ကိုလည်းရှု။)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ