ချစ်ရသော သေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက် ရှိသနည်း
“လူသည်သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော” ဟုရှေးက ယောဘဆိုသူ မေးခဲ့သည်။ (ယောဘ ၁၄:၁၄) သင်လည်း ဤအချက်ကို စဉ်းစားဖူးပေလိမ့်မည်။ အကောင်းဆုံးအခြေအနေအောက် ဤမြေကြီးပေါ်တွင်ပင် သင်ချစ်သောသူများနှင့် တစ်ဖန်ပြန်ပေါင်းစည်းခွင့်ရမည်ကို သင်သိခဲ့လျှင် မည်သို့ခံစားရမည်နည်း။
သမ္မာကျမ်းစာတွင် ကတိပြုထားပါသည်– “ကိုယ်တော်၏အသေကောင်တို့သည် ထမြောက်ကြပါလိမ့်မည်။ . . . သူတို့သည်ထမြောက်ပါလိမ့်မည်။” သမ္မာကျမ်းစာက “ဖြောင့်မတ်သောသူတို့သည် မြေကြီးကိုအမွေခံ၍ ထိုတွင်ထာဝစဉ်နေကြလတ္တံ့” ဟုလည်းပြောထားသည်။—ဟေရှာယ ၂၆:၁၉; ဆာလံ ၃၇:၂၉၊ ကဘ။
ထိုသို့သောကတိတော်များကို အမှန်ပင်ယုံကြည်နိုင်ရန် ကျွန်ုပ်တို့သည် အခြေခံမေးခွန်းများကို ဖြေဆိုရန်လိုအပ်ပါသည်။ အဘယ်ကြောင့် လူများသေလွန်ရသနည်း။ သေလွန်သူများ အဘယ်တွင်ရှိသနည်း။ သူတို့ပြန်ရှင်လာမည်ကို ကျွန်ုပ်တို့ မည်သို့စိတ်ချနိုင်သနည်း။
သေခြင်းနှင့် လူသေလျှင် ဘာဖြစ်သွားသနည်း
ဘုရားရှင်သည်မူလက လူကိုသေရန်မရည်ရွယ်ကြောင်း၊ သမ္မာကျမ်းစာတွင် ရှင်းလင်းစွာဖော်ပြထားသည်။ ကိုယ်တော်သည်ပထမလူမောင်နှံအာဒံနှင့်ဧဝကို ဖန်ဆင်းပြီး၊ ဧဒင်ဟုခေါ်သော မြေကြီးပရဒိသုတွင်နေရာချထားကာ၊ ကလေးများမွေးဖွားပြီး၊ ပရဒိသုနေအိမ်ကို မြေကြီးတစ်ဝှမ်းလုံး တိုးချဲ့သွားရန် သူတို့အား ညွှန်ကြားခဲ့သည်။ ကိုယ်တော်၏ပညတ်ချက်များကို မနာခံမှသာ သူတို့သေမည်ဖြစ်သည်– ကမ္ဘာဦး ၁:၂၈; ၂:၁၅-၁၇။
ဘုရားရှင်၏ကရုဏာတော်ကို လေးမြတ်မှုမရှိခြင်းကြောင့် အာဒံနှင့်ဧဝသည် နာခံမှုမပြခဲ့ဘဲ ပြဋ္ဌာန်းထားသောအပြစ်ဒဏ်ကို ခံခဲ့ရသည်။ “သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်” ဟုဘုရားရှင်က အာဒံကိုပြောခဲ့သည်။ (ကမ္ဘာဦး ၃:၁၉) အာဒံကိုမဖန်ဆင်းမီ သူမရှိခဲ့။ သူသည် မြေမှုန့်သာဖြစ်သည်။ သူ၏မနာခံမှု သို့မဟုတ် အပြစ်ကြောင့် အာဒံသည် မြေမှုန့်သို့ပြန်သွားရန် ချမှတ်ခံရသည်။ ဘာမှမရှိသော အခြေအနေဖြစ်သည်။
ထို့ကြောင့် သေခြင်းသည် အသက်မရှိခြင်းဖြစ်သည်။ သမ္မာကျမ်းစာက ဆန့်ကျင်ဘက်သဘောကို ဖော်ပြသည်။ “အပြစ်တရား၏အခကား သေခြင်း ပေတည်း။ ဘုရားပေးသော ဆုကျေးဇူးတော်ကား ထာဝရအသက်ပေတည်း။” (ရောမ ၆:၂၃) သေခြင်းသည် လုံးဝဘာမှမသိသော အခြေအနေဖြစ်ကြောင်း သမ္မာကျမ်းစာက “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ” ဟုဆိုထားသည်။ (ဒေသနာ ၉:၅) လူတစ်ဦးသေလျှင် သမ္မာကျမ်းစာက “သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏” ဟုရှင်းပြထားသည်။—ဆာလံ ၁၄၆:၃၊ ၄။
သို့သော် အာဒံနှင့်ဧဝသာ ဧဒင်ရှိ ထိုပညတ်ကိုချိုးဖောက်ခဲ့ရာ ကျွန်ုပ်တို့အားလုံး အဘယ်ကြောင့်သေရသနည်း။ အကြောင်းမှာ ကျွန်ုပ်တို့အားလုံးသည် အာဒံမနာခံပြီးနောက် မွေးလာကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် သူ့ထံမှအပြစ်နှင့် သေခြင်းကို အမွေခံခဲ့ရသည်။ ကျမ်းစာက ဤသို့ရှင်းပြထားသည်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့်သေခြင်းသို့ရောက်ရကြ၏။”—ရောမ ၅:၁၂; ယောဘ ၁၄:၄။
သို့သော် တစ်ဦးတစ်ယောက်က ‘လူသေပြီးသည့်နောက် ဆက်ရှင်နေသော မသေနိုင်သည့်ဝိညာဉ်ရှိသည်မဟုတ်လော’ ဟုမေးပေမည်။ အများက ဤသို့ပင်သင်ပေးကြသည်။ သေခြင်းသည် နောင်ဘဝသို့ပြောင်းရန် တံခါးပေါက်ဟုပင် ဆိုကြသည်။ သို့သော် ၎င်းအယူအဆသည် သမ္မာကျမ်းစာမှမဟုတ်။ ထိုသို့အစား ဘုရားနှုတ်ကပါဌ်တော်က သင်သည်ဝိညာဉ်စိုးလ်ဖြစ် ပြီး သင်၏ဝိညာဉ်စိုးလ်သည် သင်၏ကိုယ်ခန္ဓာနှင့် စဉ်းစားဉာဏ်များအပါအဝင် အသင် ကိုယ်နှိုက်သာဖြစ်ကြောင်း သွန်သင်ထားသည်။ (ကမ္ဘာဦး ၂:၇; ယေရမိ ၂:၃၄; သု. ၂:၁၀) သမ္မာကျမ်းစာက “ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်” ဟုဆိုထားသေးသည်။ (ယေဇကျေလ ၁၈:၄) လူသည် ကိုယ်ခန္ဓာသေပြီးနောက် မသေနိုင်သောဝိညာဉ်မူ ဆက်ရှင်နေသည်ဟု သမ္မာကျမ်းစာတွင်မည်သည့်နေရာ၌မျှ မသွန်သင်ချေ။
လူသားများ မည်သို့ ပြန်လည်အသက်ရှင်နိုင်
အပြစ်နှင့်သေခြင်းသည် လောကထဲသို့ဝင်လာပြီးနောက် ဘုရားရှင်က မိမိ၏ရည်ရွယ်ချက်သည်၊ လူသေများရှင်ပြန်ထမြောက်ခြင်းဖြင့် အသက်တစ်ဖန်ရှင်ရန်ဖြစ်ကြောင်း ဖွင့်ပြခဲ့သည်။ သို့နှင့် သမ္မာကျမ်းစာက “အာဗြဟံသည် [သားဣဇာက်ကို] သေခြင်းမှထမြောက်စေခြင်းငှာ ဘုရားသခင်တတ်နိုင်တော်မူသည်ကို သူသည်သိမှတ်၏” ဟုရှင်းလင်းထားသည်။ (ဟေဗြဲ ၁၁:၁၇-၁၉) အာဗြဟံ၏ ကိုးစားခြင်းသည် တလွဲမဖြစ်ခဲ့ပေ။ အကြောင်းမှာ သမ္မာကျမ်းစာက အနန္တတန်ခိုးရှင်အကြောင်း ဤသို့မိန့်ကြားထားသည်– “ဘုရားသခင်သည် သေနေသောသူတို့၏ဘုရားမဟုတ်။ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်။”—လုကာ ၂၀:၃၇၊ ၃၈။
မှန်ပါသည်၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည် တန်ခိုးရှိရုံမက မိမိရွေးချယ်ထားသောသူများကို ထမြောက်စေရန် ဆန္ဒလည်းရှိသည်။ ယေရှုခရစ်တော်ကိုယ်နှိုက်က “ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ [အောက်မေ့ဘွယ်] သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့” ဟုမိန့်တော်မူသည်။—ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅။
ဤသို့ပြောပြီးမကြာမီ ယေရှုသည် ဣသရေလပြည်၊ နာဣနမြို့မှ ထွက်လာသော အသုဘအခမ်းအနားနှင့်ဆုံသည်။ သေဆုံးသွားသော လူငယ်သည် မုဆိုးမ၏ တစ်ဦးတည်းသောသားဖြစ်သည်။ သူမ၏အလွန်ကြေကွဲမှုကိုမြင်၍ ယေရှုသည်ကရုဏာသက်မိသည်။ ထို့ကြောင့် လူသေကို ဤသို့မိန့်တော်မူသည်– “အချင်းလုလင်၊ ထလော့။ သင့်အား ငါအမိန့်ရှိသည်။” သူသည် ထထိုင်၍ ယေရှုသည်သူ၏မိခင်အား အပ်ပေးတော်မူ၏။—လုကာ ၇:၁၁-၁၇။
ထိုမုဆိုးမအဖြစ်မျိုးကဲ့သို့ ယေရှုသည် ယုဒတရားဇရပ်မှူး ယာဣရုအိမ်ကို လည်ပတ်စဉ် အလားတူအထူးအားရဝမ်းမြောက်မှုဖြစ်ခဲ့သေးသည်။ သူ၏ ၁၂ နှစ်အရွယ်သမီးသေဆုံးသွားစဉ် ယေရှုသည် ယာဣရုအိမ်သို့ရောက်သောအခါ ကိုယ်တော်သည် ဆုံးသွားသောကလေးထံသွား၍ “သူငယ်မ ထလော့” ဟုမိန့်တော်မူသည်။ မိန်းမငယ်လည်း ထလေသည်။—လုကာ ၈:၄၀-၅၆။
နောက်ပိုင်းတွင် ယေရှုမိတ်ဆွေလာဇရုသေဆုံးသွားသည်။ ယေရှုသူ၏အိမ်သို့ရောက်သောအခါ၊ လာဇရုသေသွားသည်မှာ လေးရက်ရှိသွားပြီ။ အလွန်ဝမ်းနည်းသော်လည်း သူ၏ညီမမာသသည် မျှော်လင့်ချက်တင်ပြလျက် “နောက်ဆုံးသောထမြောက်ရာကာလ၌ သူသည်ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်” ဟုလျှောက်၏။ သို့သော် ယေရှုသည်သင်္ချိုင်းသို့သွား၍ ကျောက်များကို ရွှေ့ခိုင်းကာ “လာဇရုထွက်၍လာလော့” ဟုခေါ်တော်မူ၏။ သူလည်းထွက်လာလေသည်။—ယောဟန် ၁၁:၁၁-၄၄။
စဉ်းစားကြည့်ပါ– လာဇရုလေးရက်သေနေစဉ်အတွင်း သူ၏အခြေအနေကား မည်သို့နည်း။ ကောင်းကင်သုခဘုံသို့ရောက်ခဲ့ကြောင်း သို့မဟုတ် ညှဉ်းဆဲရာငရဲသို့ရောက်ခဲ့ခြင်းအကြောင်း လာဇရုတစ်ခွန်းမျှမပြောခဲ့ချေ။ ထိုတွင်ရောက်ခဲ့လျှင် သူအမှန်ပင်ပြောခဲ့ပေမည်။ လာဇရုသည် သေခြင်းတွင်လုံးဝသတိမဲ့နေသည်။ အကယ်၍များ ယေရှုသူ့အားအသက်ပြန်မရှင်စေခဲ့လျှင် “နောက်ဆုံးကာလ ရှင်ပြန်ထမြောက်ခြင်း” အချိန်အထိ ထိုသို့ဖြစ်နေမည်။
မှန်ပါသည်၊ ယေရှုထမြောက်စေခဲ့သောသူများ တစ်ဖန်ပြန်သေရသောကြောင့် ယေရှု၏ ဤအံ့ဘွယ်အမှုများသည် ခေတ္တသာအကျိုးပြုခဲ့သည်။ သို့သော် ဘုရားရှင်၏တန်ခိုးတော်ဖြင့် လူသေများတစ်ဖန်ပြန်ရှင်နိုင်ကြောင်း လွန်ခဲ့သည့် နှစ်ပေါင်း ၁၉၀၀ က ကိုယ်တော်သက်သေပြခဲ့သည်။ ယေရှုသည် မိမိ၏အံ့ဘွယ်ရာများဖြင့် ဘုရားသခင့်နိုင်ငံတော်အောက်မြေကြီးပေါ်တွင် ဘာဖြစ်လာမည်ကို အသေးစားပုံတင်ပြခဲ့လေသည်။
ချစ်သောသူတစ်ဦး သေဆုံးသွားသောအခါ
ရန်သူသေခြင်းကြောင့် ထမြောက်ခြင်းကို မျှော်လင့်သော်လည်း သင်၏ကြေကွဲမှုကြီးမားနိုင်သည်။ အာဗြဟံသည် မိမိဇနီး ပြန်ရှင်လာမည်ကို ယုံကြည်သည်။ သို့သော် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “အာဗြဟံသည်လည်း စာရာကြောင့် ညည်းတွားငိုကြွေးခြင်းငှာလာ၏။” (ကမ္ဘာဦး ၂၃:၂) ယေရှုနှင့် ပတ်သက်၍ကော မည်သို့နည်း။ လာဇရုသေဆုံးသွားသောအခါ ကိုယ်တော်သည် “အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍” များမကြာမီ “မျက်ရည်ကျတော်မူ၏။” (ယောဟန် ၁၁:၃၃၊ ၃၅) ထို့ကြောင့် သင်ချစ်သောသူတစ်ဦးသေ၍ငိုလျှင် ၎င်းသည်အားနည်းခြင်းမဟုတ်ချေ။
ကလေးတစ်ဦးသေဆုံးသွားသောအခါ အထူးသဖြင့် မိခင်အတွက်ခက်ခဲသည်။ သို့ဖြစ်သောကြောင့် မိခင်ခံစားရသော ပြင်းထန်သောပူဆွေးမှုကို သမ္မာကျမ်းစာကအသိအမှတ်ပြုထားသည်။ (၄ ဓမ္မရာဇဝင် ၄:၂၇) ဆုံးရှုံးသောဖခင်တစ်ဦးအနေနှင့်လည်း အလားတူပင်ခက်ခဲမည်။ “သင့်ကိုယ်စား ငါမသေပါလေတကား” ဟုဘုရင်ဒါဝိတ်သည် မိမိ၏သားအဗရှလုံသေဆုံးသွားသောအခါ ငိုကြွေးလေသည်။—၂ ဓမ္မရာဇဝင် ၁၈:၃၃။
သို့သော် သင်သည်ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်မှုရှိသောကြောင့် သင်၏ကြေကွဲမှုသည် မပြေပျောက်နိုင်သည်အထိ မဟုတ်ချေ။ သမ္မာကျမ်းစာက သင်သည် “မျှော်လင့်ခြင်းမရှိသော အခြားသူတို့ဝမ်းနည်းသကဲ့သို့ ဝမ်းမနည်း” ဟုဆိုထားသည်။ (၁ သက်သာလောနိတ် ၄:၁၃) သို့ ဖြစ်မည့်အစား သင်သည်ဆုတောင်းခြင်းဖြင့် ဘုရားထံပိုနီးကပ်မည်ဖြစ်ပြီး သမ္မာကျမ်းစာက “သင့်ကို မစတော်မူမည်” ဟုကတိပြုထားပါသည်။—ဆာလံ ၅၅:၂၂။
အခြားသောအမှတ်အသားမပါရှိသည့်ကျမ်းကိုးကားချက်အားလုံးသည် ယုဒသန်ပြန်ဆိုသည့် သမ္မာကျမ်း မှဖြစ်သည်။