အပိုင်း ၁
ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော
၁၊ ၂။ ဘုရားသခင်နှင့်စပ်လျဉ်း၍ လူများဘာမေးကြသနည်း၊ အဘယ်ကြောင့်နည်း။
‘ကျွန်တော်တို့ကို တကယ်ဂရုစိုက်တဲ့ ဘုရားတစ်ပါးရှိမယ်ဆိုရင် ဘာဖြစ်လို့ ဒီလောက်ဒုက္ခတွေခွင့်ပြုထားရတာလဲ’ ဟုသင့်အသက်တာတစ်ချိန်ချိန်တွင် သင်မေးခဲ့ဖူးပေမည်။ ကျွန်ုပ်တို့အားလုံးသည် ဒုက္ခခံစားခဲ့ရပြီး သို့မဟုတ် အခြားသူများခံစားခဲ့ရသည်ကို သိရှိကြသည်။
၂ ရာဇဝင်တစ်လျှောက်လုံးတွင် လူများသည် အမှန်ပင် စစ်ဘေး၊ ကြမ်းကြုတ်မှု၊ ရာဇဝတ်မှု၊ မတရားမှု၊ ဆင်းရဲမှု၊ ဖျားနာမှုနှင့် ချစ်မြတ်နိုးသူများ၏သေခြင်းမှ ဝေဒနာနှင့်ကြေကွဲမှု ခံစားခဲ့ကြရသည်။ ကျွန်ုပ်တို့၏ ၂၀ ရာစုတစ်ခုတည်းမှာပင် စစ်ပွဲများသည် လူသန်းပေါင်း ၁၀၀ ကျော်အား သတ်ဖြတ်ခဲ့သည်။ အခြားသန်းပေါင်းများစွာသည် ဒဏ်ရာရရှိ သို့မဟုတ် အိမ်နှင့်ပစ္စည်းများဆုံးရှုံးခဲ့သည်။ ပိုမိုဆိုးရွားသောအရာများ ကျွန်ုပ်တို့အချိန်တွင်ဖြစ်ပေါ်ခဲ့ကာ၊ မရေတွက်နိုင်သောလူများအား ကြေကွဲဝမ်းနည်းခြင်း၊ များစွာသောမျက်ရည်ကျခြင်းနှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်းကို ဖြစ်ပေါ်စေသည်။
၃၊ ၄။ ဒုက္ခများကိုဘုရားရှင်ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ လူအများမည်သို့ယူမှတ်သနည်း။
၃ အချို့သည်နာကြည်းလာကာ အကယ်၍ဘုရားသခင်သာရှိလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့အား အမှန်တကယ်ဂရုစိုက်ခြင်းမရှိဟု ခံစားကြသည်။ ဘုရားမရှိဟုပင် သူတို့ထင်မြင်ကြပေမည်။ ဥပမာ၊ ပထမကမ္ဘာစစ်တွင် လူမျိုးရေးညှဉ်းပန်းမှုကြောင့် မိတ်ဆွေများနှင့်မိသားစုသေဆုံးခဲ့ရသော လူတစ်ဦးက “ကျွန်တော်တို့လိုအပ်နေတဲ့အချိန်မှာ ဘုရားဘယ်ရောက်နေသလဲ” ဟုမေးခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် သန်းပေါင်းများစွာကို နာဇီများသတ်ဖြတ်ရာတွင် လွတ်မြောက်ခဲ့သူနောက်တစ်ဦးက သူတွေ့မြင်ခဲ့ရသည့်ဒုက္ခဆင်းရဲများကြောင့် အလွန်ဝမ်းနည်းကာ “ကျွန်တော့်ရဲ့နှလုံးကို ခင်ဗျားလျက်နိုင်ခဲ့မယ်ဆိုရင် ခင်ဗျားကိုအဆိပ်သင့်စေမှာပဲ” ဟုဆိုခဲ့သည်။
၄ ထို့ကြောင့်၊ ကောင်းမြတ်သောဘုရားတစ်ပါးသည် အဘယ်ကြောင့်ဆိုးသွမ်းမှုများဖြစ်ပေါ်ရန် ခွင့်ပြုရသည်ကို လူအများနားမလည်နိုင်ကြချေ။ သူတို့က ကိုယ်တော်သည် ကျွန်ုပ်တို့ကိုအမှန်ပင်ဂရုစိုက်သလော သို့မဟုတ် ဘုရားမှရှိရဲ့လားဟုမေးကြသည်။ သူတို့မှအများစုကလည်း ဒုက္ခသည်လူ့သက်တမ်းတွင် အစဉ်ရှိနေမည်ဟုယူဆကြသည်။
[စာမျက်နှာ ၂၊ ၃ ပါ ရုပ်ပုံ]
ဒုက္ခဆင်းရဲကင်းသည့် ကမ္ဘာသစ် နီးလာပြီလော