နောက်ဆက်တွဲ
ဘယ်အချိန်မှာ ခေါင်းဖုံးရမလဲ။ ဘာကြောင့်လဲ
ဝတ်ပြုရေးနဲ့ပတ်သက်လာရင် ခရစ်ယာန်အမျိုးသမီးတစ်ဦး ဘယ်အချိန်မှာ ခေါင်းဖုံးရမလဲ။ ဘာကြောင့်လဲ။ ဒါနဲ့ပတ်သက်ပြီး တမန်တော်ပေါလု ရေးခဲ့တာကို သုံးသပ်ကြည့်ကြစို့။ ဘုရားရဲ့ဘုန်းတော်ကို ထင်ရှားစေမယ့် ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ လမ်းညွှန်ချက်တွေ သူ ပေးတယ်။ (၁ ကောရိန္သု ၁၁:၃-၁၆) အရေးကြီးတဲ့အချက် သုံးချက်ကို ပေါလု ဖော်ပြတယ်– (၁) အမျိုးသမီးတစ်ဦး ခေါင်းဖုံးဖို့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေ၊ (၂) ခေါင်းဖုံးသင့်တဲ့ အခြေအနေတွေ၊ (၃) ဒီစံနှုန်းကို လိုက်နာရတဲ့ အကြောင်းရင်းတွေ ဖြစ်တယ်။
လုပ်ဆောင်မှုတွေ။ ဆုတောင်းခြင်းနဲ့ ပရောဖက်ပြုခြင်းဆိုတဲ့ လုပ်ဆောင်မှုနှစ်ခုကို ပေါလု ဖော်ပြတယ်။ (အခန်းငယ် ၄၊ ၅) ဆုတောင်းခြင်းဆိုတာ ယေဟောဝါကို ရိုသေလေးစားစွာ စကားပြောဆိုခြင်းပဲ။ အခုခေတ်၊ ပရောဖက်ပြုခြင်းဆိုတာ ဘုရားအမှုဆောင်တစ်ဦးရဲ့ ကျမ်းစာအခြေပြု သွန်သင်ပို့ချမှုကို ဆိုလိုတယ်။ အမျိုးသမီးတစ်ဦး ဆုတောင်းတိုင်း၊ ကျမ်းစာအမှန်တရားကို သွန်သင်တိုင်း ခေါင်းဖုံးရမယ်လို့ ပေါလု ပြောနေတာလား။ မဟုတ်ဘူး။ အမျိုးသမီးတစ်ဦး ဆုတောင်းတဲ့အခြေအနေ၊ သွန်သင်တဲ့အခြေအနေပေါ် မူတည်တယ်။
အခြေအနေတွေ။ မိသားစုနဲ့ဆိုင်တဲ့၊ အသင်းတော်နဲ့ဆိုင်တဲ့ အခြေအနေနှစ်ခုအကြောင်း ပေါလု ပြောနေတာဖြစ်တယ်။ “မိန်းမရဲ့ ဦးခေါင်းဟာ ယောက်ျား၊ . . . မိန်းမက ခေါင်းကို မဖုံးဘဲ ဆုတောင်းရင် ဒါမှမဟုတ် ပရောဖက်ပြုရင် မိမိရဲ့ ခေါင်းအသရေကို ရှုတ်ချရာရောက်တယ်” လို့ သူပြောတယ်။ (အခန်းငယ် ၃၊ ၅) မိသားစုအစီအစဉ်မှာ လင်ယောက်ျားကို မိန်းမရဲ့ ဦးခေါင်းအဖြစ် ယေဟောဝါ ခန့်အပ်တယ်။ မိန်းမဟာ လင်ယောက်ျားရဲ့ အခွင့်အာဏာကို အသိအမှတ်မပြုဘဲ ယောက်ျားကို ယေဟောဝါ ပေးထားတဲ့ တာဝန်တွေ ဆောင်ရွက်မယ်ဆိုရင် လင်ယောက်ျားကို အရှက်ခွဲရာရောက်မယ်။ ဥပမာ၊ သူဟာ ယောက်ျားရှိနေတဲ့အချိန်မှာ ကျမ်းစာသင်အံမှု ကျင်းပဖို့ လိုအပ်လာမယ်ဆိုရင် ခေါင်းဖုံးတာဟာ ယောက်ျားရဲ့ အခွင့်အာဏာကို အသိအမှတ်ပြုရာ ရောက်တယ်။ လင်ယောက်ျားဟာ နှစ်ခြင်းခံပြီးသူ ဖြစ်စေ၊ နှစ်ခြင်းမခံသေးသူ ဖြစ်စေ အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက် သူ ခေါင်းဖုံးရမယ်။a အရွယ်မရောက်သေးသူ နှစ်ခြင်းခံပြီးတဲ့ သားရှိနေချိန်မှာ ဆုတောင်းဖို့ ဒါမှမဟုတ် သွန်သင်ပေးဖို့ လိုအပ်မယ်ဆိုရင်လည်း ခေါင်းဖုံးရမယ်။ အဲဒီလိုခေါင်းဖုံးတာဟာ သားဟာ အိမ်ထောင်ဦးစီး ဖြစ်နေလို့ မဟုတ်ဘူး၊ နှစ်ခြင်းခံပြီးသား ခရစ်ယာန်အမျိုးသားတွေရဲ့ အခွင့်အာဏာကို လေးစားလို့ ဖြစ်တယ်။
အသင်းတော်နဲ့ပတ်သက်ပြီး ပေါလု ဒီလိုပြောတယ်– “တစ်ယောက်ယောက်က တခြားထုံးစံတစ်ခုခုကို လိုက်ချင်လို့ ဒီအချက်ကို စောဒကတက်မယ်ဆိုရင်တော့ ကျွန်တော်တို့မှာဖြစ်စေ၊ ဘုရားသခင်ရဲ့ အသင်းတော်မှာဖြစ်စေ ဒါကလွဲပြီး တခြားထုံးစံ မရှိဘူး။” (အခန်းငယ် ၁၆) ခရစ်ယာန်အသင်းတော်မှာ ဦးဆောင်ခွင့်ကို နှစ်ခြင်းခံပြီးသား အမျိုးသားတွေကို ပေးအပ်ထားတယ်။ (၁ တိမောသေ ၂:၁၁-၁၄။ ဟီဘရူး ၁၃:၁၇) အကြီးအကဲနဲ့ အသင်းတော်အမှုထမ်းအဖြစ် ခန့်အပ်ခံရတဲ့ အမျိုးသားတွေပဲ သိုးတော်စုကို ထိန်းကျောင်းဖို့ဆိုတဲ့ ဘုရားပေးတာဝန်ကို ရရှိတယ်။ (တမန်တော် ၂၀:၂၈) ဒါပေမဲ့ အရည်အချင်းပြည့်မီတဲ့ နှစ်ခြင်းခံပြီးသား အမျိုးသားတွေ ထမ်းဆောင်လေ့ရှိတဲ့ တာဝန်တစ်ခုကို ခရစ်ယာန်အမျိုးသမီးတစ်ဦး ဆောင်ရွက်ရတဲ့အခြေအနေ ပေါ်လာနိုင်တယ်။ ဥပမာ၊ အရည်အချင်းပြည့်မီတဲ့ နှစ်ခြင်းခံပြီးသား ညီအစ်ကို မရှိတဲ့အတွက် လယ်ကွင်းစုဆုံမှုကို ညီအစ်မတစ်ဦး ဦးဆောင်ပေးဖို့ လိုအပ်လာနိုင်တယ်။ ဒါမှမဟုတ် အိမ်မှာ ပုံမှန် လုပ်လေ့ရှိတဲ့ ကျမ်းစာသင်အံမှုတစ်ခုကို နှစ်ခြင်းခံပြီးသား ညီအစ်ကိုတစ်ဦး ရှိနေချိန်မှာ ကျင်းပရတာ ဖြစ်နိုင်တယ်။b တကယ်တော့ ဒီလုပ်ဆောင်မှုတွေဟာ အသင်းတော်အစီအစဉ်တစ်ခုပဲ။ ဒါကြောင့် ပုံမှန်အားဖြင့် အမျိုးသားတစ်ဦးရတဲ့ တာဝန်ကို သူ ထမ်းဆောင်နေတာဖြစ်ကြောင်း အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းဖုံးမှာ ဖြစ်တယ်။
ဝတ်ပြုရေးနဲ့ဆိုင်တဲ့ ကဏ္ဍတချို့မှာ ညီအစ်မတစ်ဦး ခေါင်းဖုံးစရာ မလိုဘူး။ ဥပမာ၊ အစည်းအဝေးတွေမှာ မှတ်ချက်ပေးချိန်၊ ခင်ပွန်း ဒါမှမဟုတ် နှစ်ခြင်းခံပြီးသား ညီအစ်ကိုတစ်ဦးနဲ့ တစ်အိမ်တက်ဆင်း အမှုဆောင်ချိန်၊ နှစ်ခြင်းမခံရသေးတဲ့ သားသမီးတွေနဲ့ ကျမ်းစာလေ့လာချိန်၊ ဆုတောင်းချိန်တွေမှာ ခေါင်းဖုံးစရာ မလိုဘူး။ တခြားအခြေအနေတွေလည်း ပေါ်လာနိုင်တယ်။ ညီအစ်မတစ်ဦးဟာ ဘာလုပ်ရမယ်ဆိုတာ အသေအချာ မသိတဲ့အခါမျိုးမှာ ထပ်ဆင့် ရှာဖွေလေ့လာသင့်တယ်။c မသေချာသေးရင်၊ သူ့ရဲ့အမှားအမှန်သိစိတ်က ခေါင်းဖုံးသင့်တယ်လို့ တိုက်တွန်းရင် ပုံမှာပါတဲ့အတိုင်း ခေါင်းဖုံးတာဟာ မမှားဘူး။
အကြောင်းရင်းတွေ။ အခန်းငယ် ၁၀ မှာ ခရစ်ယာန်အမျိုးသမီးတစ်ဦး ခေါင်းဖုံးဖို့ လိုအပ်ရတဲ့ အကြောင်းရင်းနှစ်ခုကို တွေ့ရတယ်– “ကောင်းကင်တမန်တွေကို ထောက်ပြီး မိန်းမက လက်အောက်ခံတဲ့ အမှတ်အသားအနေနဲ့ ခေါင်းကို ဖုံးရမယ်။” ပထမ၊ “လက်အောက်ခံတဲ့ အမှတ်အသား” လို့ပြောထားတာကို သတိပြုပါ။ အမျိုးသမီးတစ်ဦး ခေါင်းဖုံးတာဟာ အသင်းတော်မှာ နှစ်ခြင်းခံပြီးသား အမျိုးသားတွေဆီ ယေဟောဝါ ပေးအပ်ထားတဲ့ အခွင့်အာဏာကို အသိအမှတ်ပြုကြောင်း တင်ပြရာရောက်တယ်။ ဒီနည်းနဲ့ သူဟာ ယေဟောဝါကို ချစ်ကြောင်း၊ သစ္စာစောင့်သိကြောင်း ဖော်ပြတယ်။ ဒုတိယအကြောင်းရင်းကို “ကောင်းကင်တမန်တွေကို ထောက်ပြီး” ဆိုတဲ့စကားမှာ တွေ့ရတယ်။ အမျိုးသမီးတစ်ဦး ခေါင်းဖုံးတာဟာ တန်ခိုးကြီးတဲ့ နာမ်ဝိညာဉ်သတ္တဝါတွေကို ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။
ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိတဲ့ ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ ဘုရားသခင်ရဲ့ အခွင့်အာဏာကို အသိအမှတ်ပြုကြတာကို ကောင်းကင်တမန်တွေ တွေ့မြင်ချင်ကြတယ်။ ဒါနဲ့ပတ်သက်ပြီး မစုံလင်သူတွေရဲ့ ပုံသက်သေဟာ သူတို့အတွက် အကျိုးရှိတယ်။ တကယ်တော့ သူတို့လည်း ယေဟောဝါရဲ့ အစီအစဉ်ကို လက်အောက်ခံကြရမယ်။ ရှေးအချိန်က ကောင်းကင်တမန်များစွာဟာ လက်အောက်ခံတာနဲ့ပတ်သက်ပြီး စမ်းသပ်ခံရတဲ့အခါ ရှုံးနိမ့်ခဲ့ကြတယ်။ (ယုဒ ၆) အခု၊ အသင်းတော်မှာ ခရစ်ယာန်အမျိုးသမီးတစ်ဦးဟာ နှစ်ခြင်းခံပြီးသား ညီအစ်ကိုတစ်ဦးထက် အတွေ့အကြုံ၊ အသိပညာနဲ့ ဉာဏ်ပညာ ပိုရှိပေမဲ့ အခွင့်အာဏာကို တလိုတလား လက်အောက်ခံတာကို ကောင်းကင်တမန်တွေ တွေ့ကြမှာပဲ။ တချို့အခြေအနေတွေမှာ ညီအစ်မတစ်ဦးဟာ နောင်တစ်ချိန်မှာ ခရစ်တော်နဲ့အတူ တွဲဖက်အုပ်စိုးမယ့် ဘိသိက်ခံခရစ်ယာန် ဖြစ်တယ်။ အဲဒီညီအစ်မဟာ တစ်နေ့ကျရင် ကောင်းကင်တမန်တွေထက် မြင့်မြတ်တဲ့ရာထူးကို ရပြီး ခရစ်တော်နဲ့အတူ ကောင်းကင်မှာ အုပ်စိုးရလိမ့်မယ်။ အခုလို လက်အောက်ခံနေတာဟာ ကောင်းကင်တမန်တွေအတွက် အလွန်ကောင်းတဲ့ ပုံသက်သေပဲ။ သစ္စာစောင့်သိပြီး လက်အောက်ခံခြင်းအားဖြင့် သစ္စာရှိကောင်းကင်တမန် သန်းပေါင်းများစွာရှေ့ နှိမ့်ချနာခံမှု ပြသခွင့်ရတာဟာ ညီအစ်မအားလုံးအတွက် အခွင့်ထူးကြီးပါပဲ။
a ခရစ်ယာန်ဇနီးဟာ ရောဂါကြောင့် လင်ယောက်ျား စကားမပြောနိုင်တဲ့ အခြေအနေမျိုးကလွဲလို့ ယုံကြည်သူ လင်ယောက်ျားရှိနေတဲ့အချိန်မှာ အသံထွက်ပြီး ဆုတောင်းလေ့ မရှိဘူး။
b ညီအစ်မတစ်ဦးဟာ အိမ်မှာ ပုံမှန် လုပ်လေ့ရှိတဲ့ ကျမ်းစာသင်အံမှုတစ်ခုကို မိမိရဲ့လင်ယောက်ျား မဟုတ်တဲ့၊ နှစ်ခြင်းမခံသေးတဲ့ အမျိုးသားတစ်ဦး ရှိနေချိန်မှာ ကျင်းပတာမျိုးဆိုရင် ခေါင်းဖုံးစရာ မလိုဘူး။
c ပိုသိချင်ရင် ကင်းမျှော်စင် ၂၀၁၅၊ ဖေဖော်ဝါရီ ၁၅၊ စာမျက်နှာ ၃၀ [အင်္ဂလိပ်] နဲ့ ၂၀၀၉၊ နိုဝင်ဘာ ၁၅၊ စာမျက်နှာ ၁၂-၁၃ မှ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။