ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jr အခန်း ၁ စာ. ၄-၁၃
  • “သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ”
  • ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ဘုရားသခင်ရွေးချယ်
  • ကျွန်တော်တို့လို လူသားတစ်ဦး
  • ဘာတွေပါဝင်သေးသလဲ
  • “ငါသည် တိတ်ဆိတ်စွာမနေနိုင်”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ဘယ်လိုမိတ်ဆွေတွေကို သင် ရွေးချယ်မလဲ
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ‘ဒီစကားကို သူတို့ကို သင်ပြောရမယ်’
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • “ယေဟောဝါဘယ်မှာလဲ” ဆိုပြီး သင် နေ့တိုင်းမေးသလား
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
နောက်ထပ် ကြည့်ပါ
ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
jr အခန်း ၁ စာ. ၄-၁၃

အခန်းတစ်

“သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ”

၁၊ ၂။ ကျမ်းစာမှာပါတဲ့အရာတွေကို သင်ဘာကြောင့်ယုံကြည်စိတ်ချသလဲ။

“မိတ်ဆွေမူကား ညီအစ်ကိုစွဲကပ်သည်ထက် သာ၍စွဲကပ်တတ်၏။” (သု. ၁၈:၂၄) စွမ်းအားတော်လမ်းညွှန်မှုနဲ့ရေးထားတဲ့ ဒီကျမ်းစကားရဲ့ မှန်ကန်မှုကို သင်တွေ့ကြုံဖူးပါသလား။ မိတ်ဆွေတစ်ယောက်ရဲ့စကားကို သင်ယုံကြည်နိုင်တယ်။ သင့်ကို သူချီးမွမ်းတဲ့အခါ ဒါမှမဟုတ် သူဘာလုပ်မယ်ဆိုတာပြောပြတဲ့အခါ သူ့စကားကို သင်ယုံကြည်တယ်။ သင့်ဘက်က ပြုပြင်ပြောင်းလဲရမယ့်အချက်ကို သူ ထောက်ပြတဲ့အခါ သင်လက်ခံပြီး အဲဒီအတိုင်းလုပ်တယ်။ သူက သင့်ကိုဆုံးမတဲ့အခါမှာတောင် သင့်ကောင်းကျိုးကို လိုလားလို့ဆုံးမတယ်ဆိုတာ သင်အကြိမ်ကြိမ်တွေ့ကြုံခံစားခဲ့ဖူးတယ်။ သူက သင့်ကိုအောင်မြင်စေချင်သလို သင်ကလည်း သူ့ကိုအောင်မြင်စေချင်တယ်။ ဒီလိုနဲ့ သင်တို့ရဲ့ရင်းနှီးမှုနှောင်ကြိုးက ခိုင်မြဲလာတယ်။

၂ ကျမ်းစာစောင်တွေရေးဖို့ ဘုရားသခင်အသုံးပြုတဲ့အမျိုးသားတွေက သင့်အတွက် အဲဒီလိုမိတ်ဆွေမျိုးဖြစ်နိုင်ပါတယ်။ သူတို့ပြောတဲ့စကားကို သင်ယုံကြည်နိုင်တယ်။ သူတို့ပြောသမျှက သင့်ကောင်းကျိုးအတွက်ဖြစ်တယ်ဆိုတာ သင်စိတ်ချတယ်။ ရှေးခေတ်အစ္စရေးလူတွေကလည်း “သန့်ရှင်းသောစွမ်းအားတော် တိုက်တွန်းခြင်းအားဖြင့် ဘုရားသခင်ထံတော်မှ စကားကို” ပြောခဲ့သူတွေနဲ့ပတ်သက်ပြီး အဲဒီလိုခံစားခဲ့ရမှာပဲ။ (၂ ပေ. ၁:၂၀၊ ၂၁) အရှည်ဆုံးပရောဖက်ပြုချက်ကျမ်းစောင်ကိုရေးဖို့ ဘုရားသခင်အသုံးပြုခဲ့တဲ့သူကတော့ ယေရမိဖြစ်တယ်။ သူက မြည်တမ်းစကားကျမ်းနဲ့ တခြားကျမ်းနှစ်စောင်ကိုလည်း ရေးခဲ့တယ်။

၃၊ ၄။ ယေရမိကျမ်းနဲ့မြည်တမ်းစကားကျမ်းကို လူတချို့ ဘယ်လိုသဘောထားကြသလဲ၊ အဲဒါက ဘာကြောင့်မှားသလဲ။ ရှင်းပြပါ။

၃ ကျမ်းစာဖတ်ရှုသူတချို့က ယေရမိရေးတဲ့ကျမ်းစောင်တွေဟာ သူတို့နဲ့မဆိုင်ဘူးဆိုပြီး သဘောထားကြတာကို သင်သတိပြုမိပါလိမ့်မယ်။ ယေရမိကျမ်းနဲ့ မြည်တမ်းစကားကျမ်းမှာ ကြောက်စရာကောင်းတဲ့သတိပေးချက်တွေနဲ့ စိတ်ပျက်စရာကောင်းတဲ့ကြိုဟောချက်တွေပဲပါတယ်လို့ သူတို့ထင်ကြတယ်။ အဲဒီလိုထင်တာ မှန်ရဲ့လား။

၄ ယေရမိရဲ့ရေးသားချက်တွေမှာ တဲ့တိုးကျတဲ့သတိပေးချက်နဲ့ ဆုံးမစကားတွေပါတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သင့်မိတ်ဆွေလည်း တစ်ခါတလေ သင့်ကို အဲဒီလိုပဲပြောတတ်တယ်မဟုတ်လား။ ယေရှုတောင် သူ့မိတ်ဆွေတွေဖြစ်တဲ့တမန်တော်တွေက မှားယွင်းတဲ့သဘောထားတင်ပြတဲ့အခါ သူတို့ကို ပွင့်ပွင့်လင်းလင်းတည့်မတ်ပေးခဲ့တယ်။ (မာ. ၉:၃၃-၃၇) ဒါပေမဲ့ ယေရှုအဓိကပြောတဲ့အကြောင်းက အပြုသဘောဆောင်ပြီး ဘုရားသခင့်မျက်နှာသာနဲ့ အနာဂတ်မှာပျော်ရွှင်မှုရစေနိုင်မယ့်နည်းကို ဖော်ပြတယ်။ (မ. ၅:၃-၁၀၊ ၄၃-၄၅) ယေရမိရဲ့ကျမ်းစောင်တွေလည်း အဲဒီလိုပါပဲ။ အဲဒီကျမ်းစောင်တွေက “ပဲ့ပြင်ခြင်း” အတွက်အကျိုးရှိတဲ့ ‘ကျမ်းစာ’ ထဲမှာပါဝင်တယ်။ (၂ တိ. ၃:၁၆) ယေဟောဝါကိုဝတ်ပြုတယ်လို့ပြောပေမဲ့ လမ်းမှားလိုက်တဲ့အတွက် ဆိုးကျိုးခံထိုက်သူတွေနဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်ကို ယေရမိ ရှင်းရှင်းလင်းလင်းဖော်ပြခဲ့တယ်။ ဒါပေမဲ့ ယေရမိကျမ်းနဲ့မြည်တမ်းစကားကျမ်းမှာ မျှော်လင့်ချက်ပေးတဲ့သတင်းပါတယ်။ အနာဂတ်မှာ ကောင်းချီးတွေ ဘယ်လိုခံစားရနိုင်မယ်ဆိုတာကို ဖော်ပြထားတယ်။ ဘုရားသခင်က သူ့ရည်ရွယ်ချက်နဲ့အညီ ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့ ပရောဖက်ပြုချက်တွေကိုလည်း ယေရမိထည့်ရေးထားတယ်။ အဲဒီပရောဖက်ပြုချက်တွေရဲ့ ပြည့်စုံမှုမှာ ကျွန်တော်တို့ တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်။ အပြုသဘောဆောင်ပြီး အားပေးမှုဖြစ်စေတဲ့အချက်တွေကို အဲဒီကျမ်းနှစ်စောင်မှာ တွေ့ရပါလိမ့်မယ်။—ယေရမိ ၃၁:၁၃၊ ၃၃; ၃၃:၁၀၊ ၁၁; မြည်တမ်းစကား ၃:၂၂၊ ၂၃ တို့ကိုဖတ်ပါ။

၅။ ယေရမိရဲ့ရေးသားချက်တွေကနေ ကျွန်တော်တို့ ဘယ်လိုအကျိုးရရှိနိုင်သလဲ။

၅ ဘုရားသခင့်လူမျိုးအလယ်မှာ ကျွန်တော်တို့ခံစားနေရတဲ့ပျော်ရွှင်မှုနဲ့ အနာဂတ်မှာခံစားရမယ့်ကောင်းချီးတွေက ယေရမိရေးသားခဲ့ရာတွေနဲ့ ဆက်စပ်နေတယ်။ စည်းလုံးညီညွတ်တဲ့ ကျွန်တော်တို့ရဲ့ညီအစ်ကိုအသင်းအပင်းက သာဓကတစ်ခုပါပဲ။ ယေရမိရဲ့ရေးသားချက်တွေက အဲဒီညီအစ်ကိုအသင်းအပင်းကို ပိုခိုင်မြဲအောင်လုပ်ဖို့ ကျွန်တော်တို့ကိုကူညီပေးတယ်။ “ညီအစ်ကိုတို့၊ ဝမ်းမြောက်လျက်၊ ပြုပြင်ပြောင်းလဲလျက် နေကြလော့။ နှစ်သိမ့်ပေးခြင်းကို ခံယူလျက်၊ သဘောတူညီလျက်၊ သင့်မြတ်လျက် နေကြလော့။ သို့ပြုလျှင် ချစ်ခြင်းမေတ္တာနှင့် ငြိမ်သက်ခြင်း၏ ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်” ဆိုတဲ့ တမန်တော်ပေါလုရဲ့အကြံပေးချက်ကို လိုက်နာဖို့လည်း ကူညီပေးတယ်။ (၂ ကော. ၁၃:၁၁) ယေရမိရဲ့ရေးသားချက်တွေက ကျွန်တော်တို့ဟောပြောနေတဲ့သတင်းနဲ့လည်း တိုက်ရိုက်ဆက်စပ်နေတယ်။ ကျွန်တော်တို့က တခြားသူတွေကို အဆုံးပိုင်းကာလအကြောင်းပြောပြပြီး ဒီလောကစနစ်ရဲ့အဆုံး နီးလာပြီဆိုတဲ့အကြောင်း သတိပေးနေပေမဲ့ ကျွန်တော်တို့ဟောတဲ့သတင်းက အပြုသဘောဆောင်နေဆဲ၊ မျှော်လင့်ချက်ပေးနေဆဲပါ။ ယေရမိရေးခဲ့တာတွေက ကျွန်တော်တို့ရဲ့ နေ့စဉ်အသက်တာကိုလည်း အထောက်အကူပြုနိုင်တယ်။ ယေရမိရဲ့အသက်တာနဲ့ သူ့သတင်းစကားတွေမှာ ကျွန်တော်တို့ရဲ့အခြေအနေနဲ့ဆင်တူတာတွေ အများကြီးရှိတယ်။ ဒါကိုသိနိုင်ဖို့ “သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ” လို့ ဘုရားသခင်ပြောခဲ့တဲ့ ဒီစံပြပရောဖက်ရဲ့ဘဝနောက်ခံနဲ့ သူရခဲ့တဲ့တာဝန်ကို သုံးသပ်ကြည့်ရအောင်။—ယေ. ၁:၉။

စာမျက်နှာ ၆ မှရုပ်ပုံ

၆၊ ၇။ ဘုရားသခင်ဟာ ယေရမိကို စိတ်ဝင်စားခဲ့တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။ ယေရမိမွေးတဲ့အချိန်မှာ ယုဒပြည်မှာ ဘာတွေဖြစ်ပျက်နေသလဲ။

၆ ကလေးရလာတော့မယ့် မောင်နှံတစ်စုံဟာ မွေးလာမယ့်ရင်သွေးလေးအကြောင်း စဉ်းစားတတ်ကြတယ်။ သူ ဘယ်သူနဲ့များတူမလဲ၊ ဘာတွေစိတ်ဝင်စားမလဲ၊ ဘာအလုပ်လုပ်မလဲ၊ ဘယ်လိုအောင်မြင်မှုတွေရရှိမလဲဆိုပြီး စဉ်းစားတတ်ကြတယ်။ သင့်မိဘတွေက အဲဒီလိုစဉ်းစားခဲ့မှာပဲ။ ယေရမိရဲ့မိဘတွေလည်း အဲဒီလိုစဉ်းစားခဲ့မှာသေချာတယ်။ ဒါပေမဲ့ ယေရမိရဲ့အဖြစ်ကတော့ ထူးခြားတယ်။ ဘာကြောင့်လဲဆိုတော့ စကြဝဠာဖန်ဆင်းရှင်ကိုယ်တိုင်က ယေရမိရဲ့အသက်တာနဲ့ လုပ်ဆောင်မှုတွေကို အထူးစိတ်ဝင်စားခဲ့လို့ပဲ။—ယေရမိ ၁:၅ ကိုဖတ်ပါ။

၇ ယေရမိဟာ ပရောဖက်တာဝန်နဲ့သင့်တော်မယ်ဆိုတာကို သူ မမွေးခင်ကတည်းက ဘုရားသခင်သိမြင်ခဲ့တယ်။ ဂျေရုဆလင်မြောက်ပိုင်းမှာနေတဲ့ ယဇ်ပုရောဟိတ်မိသားစုကနေ မွေးဖွားလာမယ့် ဒီကလေးကို ကိုယ်တော် အထူးစိတ်ဝင်စားခဲ့တယ်။ ယုဒပြည်ကို မင်းဆိုးမနာရှေအုပ်ချုပ်နေတဲ့ စိတ်မချမ်းမြေ့စရာအချိန် ဘီစီခုနစ်ရာစုအလယ်ပိုင်းမှာ ယေရမိမွေးဖွားလာတယ်။ (စာမျက်နှာ ၁၉ ကိုကြည့်ပါ။) မနာရှေဟာ နန်းသက် ၅၅ နှစ်တာအတွင်း ယေဟောဝါရဲ့အမြင်မှာမကောင်းတဲ့အရာတွေကို လုပ်ဆောင်ခဲ့တယ်။ နောက်ပိုင်း သူ့သားတော် အာမုန်ကလည်း သူ့လမ်းစဉ်အတိုင်း လိုက်ခဲ့တယ်။ (၄ ရာ. ၂၁:၁-၉၊ ၁၉-၂၆) ဒါပေမဲ့ နောက်တက်လာတဲ့ ယုဒဘုရင်ယောရှိလက်ထက်မှာ ထူးခြားတဲ့အပြောင်းအလဲတစ်ခု ဖြစ်လာတယ်။ ဘုရင်ယောရှိဟာ ယေဟောဝါကို ရှာဖွေတယ်။ နန်းစံ ၁၈ နှစ်မြောက်မှာ ရုပ်တုကိုးကွယ်မှုကို ပြည်ကနေ ဖယ်ရှားလိုက်တယ်။ အဲဒီလုပ်ရပ်ကို ယေရမိရဲ့မိဘတွေ သဘောကျမှာသေချာတယ်။ ယောရှိနန်းစံနေချိန်မှာ သူတို့ရဲ့သားယေရမိကို ပရောဖက်အဖြစ် ဘုရားသခင်ခန့်အပ်ခဲ့တယ်။—၆ ရာ. ၃၄:၃-၈။

ယေရမိကျမ်းနဲ့ မြည်တမ်းစကားကျမ်းကို သင် ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။

ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ဘုရားသခင်ရွေးချယ်

၈။ ယေရမိ ဘာတာဝန်ပေးအပ်ခံရသလဲ။ သူ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

၈ ‘သင့်ကို လူအမျိုးမျိုးတို့အဖို့ ပရောဖက်အရာ၌ ခန့်ထားပြီ’ လို့ ယေရမိကို ဘုရားသခင်ပြောတဲ့အချိန်မှာ သူဘယ်အရွယ်ရှိနေပြီလဲဆိုတာ ကျွန်တော်တို့မသိဘူး။ လေဝိသားတစ်ယောက်က အသက် ၂၅ နှစ်ရောက်မှ ဘုရားသခင့်အိမ်တော်မှာ စပြီးအမှုဆောင်နိုင်တယ်။ ဒါကြောင့် ယေရမိလည်း အသက် ၂၅ နှစ်နီးပါးရှိနိုင်တယ်။ (တော. ၈:၂၄) သူ့အသက်အရွယ်ဘယ်လောက်ပဲရှိပါစေ သူက “အိုရှင်ထာဝရဘုရား အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏” ဆိုပြီးတုံ့ပြန်ခဲ့တယ်။ (ယေ. ၁:၆) ယေရမိဟာ ပရောဖက်တစ်ဦးအနေနဲ့ ကြီးလေးတဲ့တာဝန်ကိုယူဖို့၊ လူတွေရှေ့မှာ စကားပြောဖို့ အသက်ငယ်လွန်းတယ် ဒါမှမဟုတ် အရည်အချင်းမပြည့်မီဘူးလို့ခံစားရတဲ့အတွက် တွန့်ဆုတ်နေတာ ဖြစ်နိုင်တယ်။

၉၊ ၁၀။ ယေရမိဟာ ဘယ်လိုအခြေအနေမျိုးမှာ ပရောဖက်တာဝန်ကို စထမ်းဆောင်ခဲ့သလဲ။ နောက်ပိုင်းမှာ သူ့တာဝန်က ဘာကြောင့် ကြောက်စရာကောင်းတဲ့တာ၀န်ဖြစ်လာသလဲ။

၉ ဘုရင်ယောရှိက ရွံစရာကောင်းတဲ့မှားယွင်းတဲ့ဝတ်ပြုရေးကို ဖယ်ရှားပြီး စစ်မှန်တဲ့ဝတ်ပြုရေးကို မြှင့်တင်နေချိန်မှာ ယေရမိ တာဝန်ခန့်အပ်ခံရတယ်။ ယေရမိနဲ့ ယောရှိတို့အဆက်အသွယ်ဘယ်လောက်ပဲရှိခဲ့ပါစေ အဲဒီအချိန်က စစ်မှန်တဲ့ပရောဖက်အတွက်တော့ အခွင့်သာတဲ့အချိန်ဖြစ်ခဲ့တယ်။ ယောရှိနန်းစံချိန်အစောပိုင်းမှာ ဇေဖနိနဲ့နာဟုံတို့လည်း ယုဒပြည်မှာအမှုဆောင်ခဲ့ကြတယ်။a ပရောဖက်မ ဟုလဒလည်း အဲဒီအချိန်မှာ အမှုဆောင်ခဲ့တယ်။ သူက ဘေးဆိုးရောက်လာမယ့်အကြောင်း ကြိုဟောခဲ့တယ်။ ကြိုဟောတဲ့အတိုင်းဖြစ်လာတာကို ယေရမိ ကြုံတွေ့ခဲ့တယ်။ (၄ ရာ. ၂၂:၁၄) ဧဗဒမေလက်နဲ့ဗာရုတ်လို မိတ်ဆွေတွေက ယေရမိကို သေဘေးကနေကယ်တင်ပေးခဲ့ရတယ်။ ရန်သူတွေရဲ့လက်ကနေလည်း ကာကွယ်ပေးခဲ့ရတယ်။

၁၀ ပြင်းထန်တဲ့သတင်းစကားကို ကြေညာဖို့ ပရောဖက်တစ်ဦးအဖြစ် သင့်ကိုအထူးတာဝန်ပေးလိုက်ပြီလို့ ဘုရားသခင်ပြောတယ်ဆိုရင် သင်ဘယ်လိုခံစားရမလဲ။ (ယေရမိ ၁:၁၀ ကိုဖတ်ပါ။) ယေရမိကြေညာခဲ့ရတဲ့ သတင်းစကားတစ်ခုကိုပဲ သုံးသပ်ကြည့်ပါ။ ဘီစီ ၆၀၉ မှာ ဗာဗုလုန်စစ်တပ်ကြီးက ဂျေရုဆလင်မြို့ကို ချီတက်လာတယ်။ ဘုရင်ဇေဒကိက ဘုရားသခင်ဆီက သတင်းကောင်းများရမလားဆိုပြီး ယေရမိကို မေးကြည့်တယ်။ ဒါပေမဲ့ ဘုရားသခင်ဆီကရတဲ့သတင်းက သူထင်ထားသလိုမဟုတ်ခဲ့ဘူး။—ယေရမိ ၂၁:၄-၇၊ ၁၀ ကိုဖတ်ပါ။

ကျွန်တော်တို့လို လူသားတစ်ဦး

၁၁။ တာဝန်က ခက်ခဲပေမဲ့ ထမ်းဆောင်နိုင်မယ်လို့ ယေရမိ ဘာကြောင့်ယုံကြည်စိတ်ချခဲ့သလဲ။

၁၁ ဆိုးသွမ်းတဲ့ဘုရင်တွေ၊ အကျင့်ပျက်တဲ့ယဇ်ပုရောဟိတ်တွေနဲ့ ပရောဖက်အတုအယောင်တွေကို ပစ်ပစ်ခါခါ ပြစ်တင်ဝေဖန်ပြီး သူတို့အပေါ်ကျရောက်မယ့်စီရင်ချက်အကြောင်း ပြောရမယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်ယောင်ကြည့်ပါ။ ယေရမိ အဲဒီလိုလုပ်ခဲ့ရတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်တော်တို့ကို ထောက်မပေးသလို ယေရမိကိုလည်း ထောက်မပေးခဲ့တယ်။ (ယေ. ၁:၇-၉) ဘုရားသခင်က လူငယ်ယေရမိကို ဒီလိုအားပေးပြီး ယုံကြည်စိတ်ချကြောင်းဖော်ပြခဲ့တယ်– “ယုဒရှင်ဘုရင်၊ မင်းသား၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သားတည်းဟူသော တစ်နိုင်ငံလုံးတစ်ဖက်၌ ခိုင်ခံ့သောမြို့၊ သံတိုင်၊ ကြေးဝါထရံအရာ၌ သင့်ကို ယနေ့ငါခန့်ထား၏။ သူတို့သည် သင့်ကိုစစ်တိုက်၍ မနိုင်ရကြ။ ‘သင့်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူငါရှိသည်’ ဟု ထာဝရဘုရားမိန့်တော်မူ၏။”—ယေ. ၁:၁၈၊ ၁၉။

၁၂။ ယေရမိရဲ့ခံစားချက်ကို ကျွန်တော်တို့ ဘာကြောင့်နားလည်နိုင်တာလဲ။

၁၂ ယေရမိက အာဂလူတစ်ယောက်မဟုတ်ဘူး။ ကျွန်တော်တို့လို သာမန်လူတစ်ယောက်ပါပဲ။ ယေရမိနဲ့ကျွန်တော်တို့က အသက်ရှင်ရတဲ့အချိန်မတူပေမဲ့ ရင်ဆိုင်ရတဲ့အခြေအနေတွေကတော့ တူပါတယ်။ ကျွန်တော်တို့က အသင်းတော်ကိစ္စတွေ လုပ်ဆောင်ရာမှာ၊ နေ့စဉ်အသက်တာမှာ လူအမျိုးမျိုးနဲ့ထိတွေ့ဆက်ဆံရသလို ယေရမိလည်း သူ့ဝန်းကျင်ကလူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ရတယ်။ ဒီအချက်တွေက ယေရမိဆီကနေ ကျွန်တော်တို့ သင်ယူနိုင်စရာတွေရှိတယ်ဆိုတာ ဖော်ပြနေတယ်။ ယေရမိဟာ ‘ကျွန်တော်တို့လို ခံစားချက်ရှိသူ’ ဖြစ်တဲ့ ပရောဖက်ဧလိယလိုပါပဲ။ (ယာ. ၅:၁၇) ဒါဆိုရင် ယေရမိဆီကနေ သင်ယူနိုင်တဲ့အရာတချို့ကို သုံးသပ်ကြည့်ရအောင်။

၁၃၊ ၁၄။ စာမျက်နှာ ၁၀ ကရုပ်ပုံမှာဖော်ပြထားတဲ့အတိုင်း ယေရမိ ဘာတွေကြုံခဲ့ရသလဲ။ ယေရမိလိုပဲ သင်ကော ဘယ်လိုခံစားမိနိုင်သလဲ။

၁၃ သင့်ဘဝတစ်လျှောက်မှာကြုံခဲ့ရတဲ့ အခြေအနေတွေက ရေစီးတစ်ခါ ရေသာတစ်လှည့်ဖြစ်ခဲ့မှာ သေချာတယ်။ ယေရမိလည်း အဲဒီလိုပါပဲ။ တစ်ခါတုန်းက အထင်ကရ ယဇ်ပုရောဟိတ်တစ်ယောက်ဖြစ်တဲ့ပါရှုရဟာ ယေရမိကို ရိုက်နှက်ပြီး ထိတ်တုံးခတ်ခဲ့တယ်။ သူ့ရဲ့ခြေထောက်၊ လက်နဲ့ လည်ပင်းကို အပေါက်တွေဖောက်ထားတဲ့သစ်သားပြားထဲထည့်ပြီး ခန္ဓာကိုယ်အနေအထားကိုးရိုးကားရားနဲ့ နာရီပေါင်းများစွာ ချုပ်နှောင်ထားတယ်။ နာကျင်မှုအပြင် ဆန့်ကျင်သူတွေရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုတွေကိုလည်း သူ ခံခဲ့ရမှာပဲ။ သင်ကော ကဲ့ရဲ့လှောင်ပြောင်ခံရပြီး ကိုယ်ထိလက်ရောက်စော်ကားခံရတဲ့အခါ ခံရပ်နိုင်မယ်လို့ ထင်သလား။—ယေ. ၂၀:၁-၄။

စာမျက်နှာ ၁၀ မှရုပ်ပုံ

၁၄ ယေရမိက အဲဒီလိုအခြေအနေတွေကို တွေ့ကြုံခဲ့ရတဲ့အတွက် “ငါဖွားသောနေ့ရက်သည် အမင်္ဂလာရှိပါစေသော။ . . . ငါသည် ပူပန်ခြင်း၊ ဝမ်းနည်းခြင်းကိုခံရမည်အကြောင်းနှင့် ရှက်ကြောက်ခြင်းအားဖြင့် ကိုယ်အသက်ကိုလွန်စေရမည်အကြောင်း အဘယ်ကြောင့် ငါ့ကိုဖွားမြင်ရပါသနည်း” လို့ပြောခဲ့တာကို ကျွန်တော်တို့နားလည်နိုင်ပါတယ်။ (ယေ. ၂၀:၁၄-၁၈) ယေရမိက စိတ်ပျက်စရာတွေကို တကယ်ပဲကြုံတွေ့ခဲ့ရတယ်။ သင်လည်း ‘ငါ အသုံးဝင်ရဲ့လား။ ငါလုပ်နေတာက အဓိပ္ပာယ်ရောရှိရဲ့လား။ ယေဟောဝါကိုဆက်ဝတ်ပြုနေလို့ကော အကျိုးရှိပါ့မလား’ လို့ခံစားရပြီး စိတ်ပျက်ဖူးသလား။ အဲဒီလိုခံစားဖူးသူတိုင်းက ယေရမိကြုံခဲ့ရတာတွေနဲ့ သူရခဲ့တဲ့ရလဒ်တွေကို ကောင်းကောင်းနားလည်မယ်ဆိုရင် အကျိုးခံစားရနိုင်ပါတယ်။

ယေရမိကို ယေဟောဝါ တာဝန်ခန့်အပ်တာနဲ့ပတ်သက်ပြီး ဘယ်အချက်ကို သင်နှစ်သက်သလဲ။ ယေရမိကို သင် ဘာကြောင့်နားလည်ပေးနိုင်တာလဲ။

၁၅။ ယေရမိရဲ့စိတ်အပြောင်းအလဲကိုသိရှိခြင်းက ကျွန်တော်တို့အတွက် ဘာကြောင့်အကျိုးရှိနိုင်သလဲ။

၁၅ ယေရမိက ယေဟောဝါကို ချီးမွမ်းသီချင်းဆိုပြီးတာနဲ့ ချက်ချင်းပဲ စိတ်ပျက်အားလျော့သွားတယ်။ အဲဒါကို ယေရမိ ၂၀:၁၂-၁၈ မှာတွေ့နိုင်တယ်။ (ယေရမိ ၂၀:၁၂၊ ၁၃ ကိုဖတ်ပါ။) သင့်ခံစားချက်တွေလည်း တစ်ခါတလေ အပြောင်းအလဲမြန်တယ်ဆိုတာကို သတိထားမိသလား။ သင် အရမ်းပျော်နေရင်းကနေ စိတ်ဓာတ်ကျသွားတဲ့အခါတွေလည်း ရှိတယ်မဟုတ်လား။ ဒါကြောင့် ယေရမိရဲ့အတွေ့အကြုံကို ဆန်းစစ်ခြင်းကနေ ကျွန်တော်တို့အားလုံး အကျိုးရရှိနိုင်တယ်။ ယေရမိမှာလည်း ကျွန်တော်တို့လိုပဲ သာမန်လူတစ်ယောက်ရဲ့ခံစားချက်တွေရှိတယ်ဆိုတာ ရှင်းနေပါတယ်။ ဒါကြောင့် ဖန်ဆင်းရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခံခဲ့ရတဲ့ ယေရမိရဲ့လုပ်ရပ်တွေနဲ့ တုံ့ပြန်ပုံတွေကို သုံးသပ်ခြင်းကနေ ကျွန်တော်တို့ အကျိုးအများကြီးရရှိနိုင်တယ်။—၆ ရာ. ၃၆:၁၂၊ ၂၁၊ ၂၂; ဧဇ. ၁:၁။

၁၆။ ယေရမိရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့အခြေအနေက ဘယ်သူတွေအတွက် မှတ်သားစရာဖြစ်နိုင်သလဲ။

၁၆ ယေရမိကိုနားလည်ပေးနိုင်တဲ့ နောက်အကြောင်းရင်းတစ်ခုက သူ့ရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့အခြေအနေကြောင့်ဖြစ်တယ်။ ဘုရားသခင်က ယေရမိကို ‘အိမ်ထောင်မပြုရဘူး’ လို့အမိန့်ပေးခဲ့တယ်။ အဲဒါက ထူးခြားပြီး လိုက်နာဖို့ခက်ခဲတဲ့အမိန့်တစ်ခုဖြစ်နိုင်တယ်။ (ယေရမိ ၁၆:၂ ကိုဖတ်ပါ။) ယေဟောဝါက ယေရမိကို ဘာကြောင့် အဲဒီလိုအမိန့်ပေးခဲ့တာလဲ။ အဲဒါက သူ့အပေါ် ဘယ်လိုသက်ရောက်မှုရှိခဲ့သလဲ။ ရွေးချယ်မှုကြောင့်ဖြစ်စေ၊ အခြေအနေကြောင့်ဖြစ်စေ အိမ်ထောင်ဖက်မရှိတဲ့ ညီအစ်ကိုညီအစ်မတွေ သုံးသပ်သင့်တဲ့အချက်တွေ ဒီမှတ်တမ်းမှာရှိသလား။ ယေရမိကိုပြောတဲ့ ယေဟောဝါရဲ့စကားမှာ အိမ်ထောင်သည်သက်သေခံတွေသုံးသပ်သင့်တဲ့ အချက်တွေရှိသလား။ “သားသမီး” မရှိတဲ့ အိမ်ထောင်သည်တွေအတွက်ကော။ ယေရမိရဲ့မှတ်တမ်းက သင့်ကို ဘယ်လိုအကူအညီဖြစ်စေနိုင်သလဲ။

၁၇။ ယေရမိ ၃၈:၂၀ မှာပါတဲ့စကားတွေကနေ ကျွန်တော်တို့ ဘာတွေသင်ယူနိုင်သလဲ။

၁၇ တစ်ခါက ယေရမိဟာ ယုဒဘုရင်ကို “အကျွန်ုပ်ဆင့်ဆိုသော ထာဝရဘုရား၏ အမိန့်တော်ကို [“ကျေးဇူးပြု၍၊” ကဘ] နားထောင်တော်မူပါ။ ထိုသို့ပြုလျှင် ချမ်းသာရ၍ အသက်ရှင်တော်မူမည်” လို့ပြောခဲ့တာ စိတ်ဝင်စားစရာပါပဲ။ (ယေ. ၃၈:၂၀) အဲဒါက တခြားသူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ အကောင်းဆုံးလမ်းညွှန်ချက်ဖြစ်တယ်။ ယေဟောဝါကိုဝတ်မပြုသေးပေမဲ့ ဝတ်ပြုလာအောင် ကျွန်တော်တို့ ကူညီပေးနိုင်သူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ ကျင့်သုံးနိုင်တယ်။ ဘုရားသခင်ကိုနာခံတဲ့သူတွေအပေါ် ယေရမိရဲ့ပြုမူပုံကလည်း ကျွန်တော်တို့အတွက် လက်တွေ့ကျတဲ့စံနမူနာကောင်းတစ်ခုပါပဲ။ ယေရမိဆီကနေ ကျွန်တော်တို့ သင်ယူစရာအများကြီးရှိပါတယ်။

ဘာတွေပါဝင်သေးသလဲ

၁၈၊ ၁၉။ ယေရမိကျမ်းနဲ့မြည်တမ်းစကားကျမ်းကို ဘယ်လိုနည်းတွေနဲ့ လေ့လာနိုင်သလဲ။

၁၈ ယေရမိကျမ်းနဲ့မြည်တမ်းစကားကျမ်းကို ဆန်းစစ်ပြီး သင်ခန်းစာယူနိုင်ဖို့ ဒီစာအုပ်က သင့်ကိုကူညီပေးပါလိမ့်မယ်။ ဘယ်လိုနည်းနဲ့လဲ။ “ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် သွန်သင်ခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်စေရန် ဆုံးမခြင်းတို့တွင် အကျိုးရှိ၏” လို့ တမန်တော်ပေါလုရေးခဲ့တယ်။ (၂ တိ. ၃:၁၆) အဲဒီကျမ်းစာထဲမှာ ယေရမိကျမ်းနဲ့ မြည်တမ်းစကားကျမ်းလည်းပါတယ်။

၁၉ ယေရမိကျမ်းနဲ့ မြည်တမ်းစကားကျမ်းကို နည်းအမျိုးမျိုးနဲ့ လေ့လာနိုင်တယ်။ ဥပမာ၊ ဒီကျမ်းနှစ်စောင်ထဲက အခန်းငယ်တစ်ခုစီကို လေ့လာပြီး အခန်းငယ်တစ်ခုစီရဲ့ နောက်ခံနဲ့အဓိပ္ပာယ်ကို နားလည်အောင်ကြိုးစားနိုင်တယ်။ ဒါမှမဟုတ် ယေရမိကျမ်းနဲ့ မြည်တမ်းစကားကျမ်းမှာပါတဲ့ လူတွေ၊ ဖြစ်ရပ်တွေနဲ့ အခုခေတ်မှာရှိတဲ့လူတွေ၊ ဖြစ်ရပ်တွေရဲ့ ဆင်တူချက်နဲ့ခြားနားချက်တွေကို လေ့လာနိုင်တယ်။ (ယေရမိ ၂၄:၆၊ ၇; ၁ ကောရိန္သု ၃:၆ တို့နဲ့ နှိုင်းယှဉ်ပါ။) ယေရမိခေတ်ကဖြစ်ရပ်တွေရဲ့ နောက်ခံသမိုင်းကြောင်းကိုလည်း အဲဒီကျမ်းနှစ်စောင်ကနေ လေ့လာနိုင်တယ်။ (ယေ. ၃၉:၁-၉) အဲဒါတွေက ယေရမိကျမ်းနဲ့မြည်တမ်းစကားကျမ်းကို လေ့လာရာမှာ အကျိုးရရှိစေနိုင်တဲ့အချက်တွေဖြစ်တယ်။ ဒါကြောင့် ဘယ်လိုအချိန်မျိုးမှာ ယေရမိအသက်ရှင်ခဲ့တယ်၊ ကိစ္စရပ်တွေကို ဘုရားသခင် ဘယ်လိုလမ်းညွှန်ခဲ့တယ်ဆိုတာကို ခြုံငုံသိရှိနိုင်အောင် “‘အဆုံးပိုင်းကာလ’ မှာ အမှုဆောင်ခြင်း” ဆိုတဲ့ အခန်း ၂ က ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။

၂၀။ ဒီစာအုပ်မှာ ယေရမိကျမ်းနဲ့မြည်တမ်းစကားကျမ်းကို ဘာရည်ရွယ်ချက်နဲ့လေ့လာကြမလဲ။

၂၀ ဒီစာအုပ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ ထူးခြားပါတယ်။ ကျွန်တော်တို့က ယေရမိကျမ်းနဲ့မြည်တမ်းစကားကျမ်းကို ခရစ်ယာန်လမ်းစဉ်နဲ့အညီအသက်ရှင်နိုင်အောင် ကူညီပေးတဲ့ ဘုရားပေးလက်ဆောင်အဖြစ်သဘောထားပြီး လေ့လာသွားမှာဖြစ်တယ်။ (တိ. ၂:၁၂) အဲဒီကျမ်းနှစ်စောင်မှာ ‘သွန်သင်ခြင်းမှာ အကျိုးပြု’ တဲ့အချက်တွေ အများကြီးပါဝင်နေတာကို ကျွန်တော်တို့ပိုနားလည်လာပါလိမ့်မယ်။ ဘဝပြဿနာတွေကိုရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့ကို အရည်အချင်းပြည့်ဝစေနိုင်ပြီး အသင့်ဖြစ်စေနိုင်တဲ့ လက်တွေ့ကျအကြံပေးချက်တွေနဲ့ ပုံနမူနာတွေလည်း ပါဝင်တယ်။ တစ်ကိုယ်ရေ၊ အိမ်ထောင်သည်၊ အကြီးအကဲ၊ ရှေ့ဆောင်၊ မိသားစုကိုရှာကျွေးနေသူ၊ အိမ်ရှင်မ၊ ကျောင်းသားစတဲ့လူအားလုံးအတွက် အကျိုးရှိစေမယ့်စာအုပ်ဖြစ်တယ်။ စွမ်းအားတော်လမ်းညွှန်မှုနဲ့ရေးထားတဲ့ ဒီကျမ်းနှစ်စောင်က ‘ကောင်းတဲ့အမှုအမျိုးမျိုးအတွက် အသင့်ဖြစ်နေ’ ဖို့ ကျွန်တော်တို့ယောက်တိုင်းကို ထောက်ကူပေးပါလိမ့်မယ်။—၂ တိ. ၃:၁၇။

စာမျက်နှာ ၁၂ မှရုပ်ပုံ

၂၁။ ဒီစာအုပ်ရဲ့နောက်အခန်းတွေကို ဆက်လေ့လာဖို့ သင်ဘာကြောင့်စောင့်မျှော်နေသလဲ။

၂၁ ဒီစာအုပ်ရဲ့အခန်းတစ်ခန်းစီကိုလေ့လာတဲ့အခါ သင်အသုံးပြုနိုင်တဲ့အချက်တွေကို ရှာကြည့်ပါ။ “ကျမ်းစာတွင် ရေးထားနှင့်သမျှသည် ငါတို့ကို ဆုံးမသွန်သင်ရန်ဖြစ်၏။ ငါတို့သည် ကျမ်းစာမှရရှိသော ခံနိုင်ရည်၊ နှစ်သိမ့်ခြင်းတို့အားဖြင့် မျှော်လင့်ခွင့်ရရှိစေရန် ထိုသို့ရေးထားရခြင်းဖြစ်၏” ဆိုတဲ့ပေါလုရဲ့စကားကို ယေရမိကျမ်းနဲ့မြည်တမ်းစကားကျမ်းက ပေါ်လွင်စေမှာသေချာပါတယ်။—ရော. ၁၅:၄။

သင့်နေ့စဉ်အသက်တာမှာကျင့်သုံးဖို့ ယေရမိကျမ်းနဲ့မြည်တမ်းစကားကျမ်းကနေ ဘာတွေသင်ယူနိုင်သလဲ။

a ပရောဖက်တာဝန်ကို ယေရမိထမ်းဆောင်ပြီးနောက်ပိုင်းမှာ တစ်ခေတ်တည်းသားတွေဖြစ်တဲ့ ဟဗက္ကုတ်၊ ဩဗဒိ၊ ဒံယေလနဲ့ ယေဇကျေလတို့လည်း ပရောဖက်တာဝန်ကို ထမ်းဆောင်ခဲ့ကြတယ်။ အနှစ် ၄၀ လောက် ယေရမိအမှုဆောင်ပြီးနောက် ဘီစီ ၆၀၇ မှာ ဂျေရုဆလင်မြို့အပေါ် ဘေးဆိုးကျရောက်ခဲ့တယ်။ အဲဒီနောက်ပိုင်း အနှစ် ၂၀ ကျော်ကြာတဲ့အထိ ယေရမိ အသက်ရှင်ခဲ့တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ