-
ဆေးလိပ်သောက်တာနဲ့ပတ်သက်ပြီး ငါ ဘာတွေသိထားသင့်သလဲလူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
-
-
အခန်း ၃၃
ဆေးလိပ်သောက်တာနဲ့ပတ်သက်ပြီး ငါ ဘာတွေသိထားသင့်သလဲ
အောက်ပါအချက်တွေကိုဖတ်ပြီး သင့်ခံစားချက်ကိုဖော်ပြတဲ့ အကွက်ဘေးမှာ ✔ ခြစ်ပါ။
□ စပ်စုချင်လို့
□ ဖိစီးမှုပျောက်ချင်လို့
□ လူပေါင်းဆံ့ချင်လို့
□ ပိန်ချင်လို့
စာမျက်နှာ ၂၃၇ က အကွက်တစ်ခုခုကို ခြစ်ထားပြီဆိုရင် သင့်မှာ ဆေးလိပ်သောက်သူတွေ၊ သောက်ဖို့စဉ်းစားနေသူတွေနဲ့ တူညီတဲ့အရာရှိနေပြီ။a ဥပမာအနေနဲ့–
စပ်စုချင်လို့။ “ဆေးလိပ်သောက်တာ ဘယ်လိုနေသလဲ သိချင်တာနဲ့ သူငယ်ချင်းဆီက ဆေးလိပ်ယူပြီး ခိုးသောက်လိုက်တယ်။”—ထရေစီ။
ဖိစီးမှုပျောက်ချင်လို့၊ လူပေါင်းဆံ့ချင်လို့။ “သူငယ်ချင်းတွေက ‘ဆေးလိပ်သောက်ချင်လိုက်တာ’ လို့ပြောတတ်ကြတယ်။ သောက်ပြီးတာနဲ့ ‘ဖူး . . .၊ အခုမှပဲ အဆင်ပြေသွားတော့တယ်’ လို့ပြောတယ်။ သူတို့ကိုကြည့်ပြီး ကျွန်မလည်း ဖိစီးမှုများလာပြီဆိုရင် ဆေးလိပ်သောက်ချင်လာတယ်။”—နစ်ကီး။
ပိန်ချင်လို့။ “တချို့မိန်းကလေးတွေက ပိန်ချင်လို့ ဆေးလိပ်သောက်တယ်။ အဲဒါက အစာလျှော့စားတာထက် ပိုလွယ်တယ်။”—စမန်သာ။
ဒါပေမဲ့ ပထမဆုံးဆေးလိပ်တစ်လိပ် ဒါမှမဟုတ် နောက်တစ်လိပ်ကို မီးမညှိခင် ခဏစဉ်းစားကြည့်လိုက်ပါ။ ငါးစာမက်တဲ့ ငါးနဲ့မတူချင်ပါနဲ့။ ငါးက အစာနည်းနည်းတော့ စားလိုက်ရပေမဲ့ နောက်ဆုံး အသက်စတေးလိုက်ရတယ်။ အဲဒီလိုဖြစ်မယ့်အစား ကျမ်းစာလမ်းညွှန်ချက်ကို လိုက်နာပြီး သင့်ရဲ့ “ထက်မြက်သော စဉ်းစားနိုင်စွမ်း” ကိုအသုံးပြုပါ။ (၂ ပေတရု ၃:၁) အောက်ပါမေးခွန်းတွေကို ဖြေကြည့်ပါ။
ဆေးလိပ်သောက်တာနဲ့ပတ်သက်ပြီး သင် ဘာတွေသိထားသလဲ။
မှား၊ မှန် ခြစ်ပါ။
က။ ဆေးလိပ်သောက်ရင် ဖိစီးမှုလျော့သွားမယ်။
□ မှန် □ မှား
ခ။ ဆေးလိပ်ငွေ့ကို အကုန်မှုတ်ထုတ်လိုက်တာပဲ။
□ မှန် □ မှား
ဂ။ ဆေးလိပ်သောက်တာ အခုလောလောဆယ် ကျန်းမာရေးမထိခိုက်ပါဘူး။ အသက်ကြီးမှပါ။
□ မှန် □ မှား
ဃ။ ဆေးလိပ်သောက်ရင် လိင်ခြားသူကို ပိုဆွဲဆောင်နိုင်မှာ။
□ မှန် □ မှား
င။ ငါဆေးလိပ်သောက်ရင် ငါ့ကိုပဲထိခိုက်တာပါ၊ သူများကို မထိခိုက်ပါဘူး။
□ မှန် □ မှား
စ။ ငါ ဆေးလိပ်သောက်သောက်၊ မသောက်သောက် ဘုရားဂရုမစိုက်ပါဘူး။
□ မှန် □ မှား
အဖြေများ
က။ မှား။ ဆေးလိပ်သောက်လိုက်တဲ့အခါ စိတ်ဖိစီးမှု ခဏတော့ ပြေပျောက်သွားတယ်။ ဒါပေမဲ့ ဆေးလိပ်ထဲမှာပါတဲ့ အဓိကဓာတုပစ္စည်း နီကိုတင်းက စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို ပိုများလာစေမှန်း သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တယ်။
ခ။ မှား။ သင်ရှူသွင်းလိုက်တဲ့ ဆေးလိပ်ငွေ့ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ သင့်ခန္ဓာကိုယ်ထဲမှာ ကျန်ရစ်ခဲ့တယ်လို့ လေ့လာမှုတွေမှာ တွေ့ရတယ်။
ဂ။ မှား။ ဆေးလိပ်တစ်လိပ်သောက်လိုက်တိုင်း ဆိုးကျိုးတွေ ပိုများလာတဲ့အပြင် ဆိုးကျိုးတချို့ကို ချက်ချင်းခံစားရတယ်။ တချို့က တစ်လိပ်တည်းနဲ့ စွဲသွားတော့တာပဲ။ ဒီအခါ အဆုတ်အားနည်းလာပြီး အဆက်မပြတ် ချောင်းဆိုးမယ်။ အရွယ်နဲ့မလိုက်အောင် အိုစာသွားမယ်။ လိင်ပိုင်းဆိုင်ရာ ချို့ယွင်းလာမယ်၊ စိုးရိမ်ထိတ်လန့်လာမယ်၊ စိတ်ဓာတ်ကျလာမယ်။
ဃ။ မှား။ ဆေးလိပ်သောက်တတ်တဲ့ လူငယ်လေးတွေကို “လိင်ခြားသူအများစု သဘောမကျဘူး” လို့သုတေသီ လွိုက်ဂျွန်စတန်က ဆိုတယ်။
င။ မှား။ ဆေးလိပ်ငွေ့ကြောင့် နှစ်စဉ် လူထောင်နဲ့ချီ သေနေကြတယ်။ သင့်မိသားစု၊ သူငယ်ချင်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုတောင် ထိခိုက်နိုင်တယ်။
စ။ မှား။ ဘုရားအလိုတော်နဲ့တွေ့ချင်ရင် “ညစ်ညူးစေသောအရာရှိသမျှတို့နှင့်” ကင်းအောင်နေရမယ်။ (၂ ကောရိန္သု ၇:၁) ဆေးလိပ်သောက်ခြင်းက ကိုယ်ခန္ဓာကို တကယ်ပဲ ညစ်ညူးစေတယ်။ ဆေးလိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် မသန့်မရှင်းဖြစ်စေမယ်၊ ကိုယ်တိုင်နဲ့တခြားသူကို ထိခိုက်စေမယ်ဆိုရင် ဘုရားမိတ်ဆွေ မဖြစ်နိုင်ဘူး။—မဿဲ ၂၂:၃၉; ဂလာတိ ၅:၁၉-၂၁။
တွန်းလှန်နိုင်ပုံ
တစ်ယောက်ယောက်က သင့်ကို ဆေးလိပ်သောက်ဖို့ တိုက်တွန်းတဲ့အခါ ဘာလုပ်မလဲ။ “ကျေးဇူးပဲ၊ ငါ ဆေးလိပ်မသောက်ဘူး” လို့ ရိုးရိုးလေးနဲ့ ပြတ်ပြတ်သားသား ငြင်းလိုက်ပါ။ ဒါပေမဲ့ အတင်းတိုက်တွန်းနေမယ်၊ မခံချင်အောင်ပြောနေမယ်ဆိုရင်ကော။ ဒါက သင့်ဆုံးဖြတ်ချက်ပဲဆိုတာ သတိရလိုက်ပါ။ ဒီလိုပြန်ပြောနိုင်တယ်–
● “ဆေးလိပ်သောက်ရင် ငါ့ကျန်းမာရေးထိခိုက်နိုင်လို့ မသောက်ဖို့ ဆုံးဖြတ်ထားတယ်။”
● “ငါ့မှာ လုပ်စရာတွေတစ်ပုံကြီးပဲ၊ သေလို့မဖြစ်သေးဘူး။”
● “ငါ့မှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်။ အဲဒါကို လာမနှောင့်ယှက်နဲ့။”
ဒီအခန်းရဲ့အစပိုင်းမှာဖော်ပြခဲ့တဲ့ လူငယ်တွေလိုပဲ သင့်ကိုဆေးလိပ်သောက်ဖို့ ဖိအားအပေးဆုံးသူဟာ သင်ကိုယ်တိုင်ဖြစ်နိုင်တယ်။ ဒါဆိုရင် အောက်ပါမေးခွန်းတွေကို စဉ်းစားကြည့်ပြီး ကိုယ့်ဆန္ဒကိုတွန်းလှန်ပါ–
● ‘ဆေးလိပ်သောက်ရင် ငါ တကယ်အကျိုးခံစားရမလား။ ဥပမာ၊ လူပေါင်းဆံ့ချင်လို့ ဆေးလိပ်သောက်တာ ဆိုပါတော့။ သူတို့နဲ့ ငါ့မှာ တူညီတဲ့အရာတွေ မရှိသလောက်ပဲ။ ဆေးလိပ်သောက်ရုံနဲ့ သူတို့နဲ့အဖွဲ့ကျပါ့မလား။ ငါ့ကျန်းမာရေးထိခိုက်တာကို မြင်ချင်တဲ့သူတွေနဲ့ ပေါင်းချင်နေတာလား။’
● ‘ဆေးလိပ်ကြောင့် ငါ့ကျန်းမာရေးနဲ့ငွေ ဘယ်လောက်ထိခိုက်သွားမလဲ။ တခြားသူရဲ့လေးစားမှု ရပါအုံးမလား။’
● ‘ဘုရားနဲ့မိတ်ဆွေဖြစ်ရတဲ့ အခွင့်ထူးကို ဆေးလိပ်ကြောင့် အပျက်စီးခံမလား။’
တကယ်လို့ သင် ဆေးလိပ်စွဲနေပြီဆိုရင်ကော။ ဘယ်လိုဖြတ်နိုင်မလဲ။
ဘယ်လိုဆေးလိပ်ဖြတ်ရမလဲ
၁။ ခိုင်မာပြတ်သားပါ။ ဆေးလိပ်ဖြတ်ချင်ရတဲ့ အကြောင်းရင်းတွေကို ရေးချပါ။ ရေးထားတာကို နေ့တိုင်းပြန်ကြည့်ပါ။ အကောင်းဆုံးအကြောင်းရင်းတစ်ခုကတော့ ဘုရားရှေ့မှာ သန့်သန့်ရှင်းရှင်းနေချင်တဲ့ဆန္ဒပါပဲ။—ရောမ ၁၂:၁; ဧဖက် ၄:၁၇-၁၉။
၂။ အကူအညီယူပါ။ ဆေးလိပ်ဖြတ်ချင်နေတဲ့ကြားက ခိုးသောက်မိတယ်ဆိုရင် တခြားသူတွေကို ချက်ချင်းဖွင့်ပြောပါ။ ဆေးလိပ်ဖြတ်ချင်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောပြီး အကူအညီတောင်းလိုက်ပါ။ သင်က ဘုရားအမှုတော်ဆောင်ချင်တယ်ဆိုရင် အကူအညီအတွက် ကိုယ်တော့်ဆီ ဆုတောင်းပါ။—၁ ယောဟန် ၅:၁၄။
၃။ ရက်သတ်မှတ်ပါ။ ဆေးလိပ်ဖြတ်မယ့်နေ့ကို နှစ်ပတ် ဒါမှဟုတ် တစ်ပတ်ကျော်ကျော်လောက်ကြိုပြီး ပြက္ခဒိန်မှာရေးထားလိုက်ပါ။ အဲဒီရက်စွဲကို မိသားစုနဲ့ သူငယ်ချင်းတွေကို အသိပေးထားပါ။
၄။ ရှာဖွေဖျက်ဆီးပစ်ပါ။ ဖြတ်မယ့်နေ့မရောက်ခင် အခန်း၊ ကား၊ အဝတ်အစားတွေထဲမှာ ဆေးလိပ်ရှိ၊ မရှိ သေချာအောင်ရှာပြီး ဖျက်ဆီးထားပါ။ မီးခြစ်တွေ၊ ပြာခွက်တွေကိုလည်း ရှင်းပစ်လိုက်ပါ။
၅။ ဆေးလိပ်ဖြတ်တဲ့လက္ခဏာတွေ ခံစားရတဲ့အခါ အလျှော့မပေးပါနဲ့။ သစ်သီးဖျော်ရည် ဒါမှမဟုတ် ရေများများသောက်ပါ။ အိပ်ရေးဝဝအိပ်ပါ။ အဲဒီလိုနေမထိထိုင်မသာ ဖြစ်တာက ခဏပဲ၊ အကျိုးကျေးဇူးတွေကိုတော့ တစ်သက်လုံး ခံစားရမယ်ဆိုတာ သတိရပါ။
၆။ ပြန်အစပျိုးပေးတဲ့အရာတွေကို ရှောင်ပါ။ ဆေးလိပ်ပြန်သောက်မိစေမယ့် အခြေအနေတွေ၊ နေရာတွေကို ဝေးဝေးရှောင်ပါ။ ဆေးလိပ်သောက်တတ်တဲ့ သူငယ်ချင်းတွေနဲ့ အဆက်ဖြတ်လိုက်ပါ။—သုတ္တံ ၁၃:၂၀။
လှည့်စားမခံပါနဲ့
ဆေးလိပ်ကုမ္ပဏီတွေက နှစ်စဉ် ဒေါ်လာသန်းနဲ့ချီ အကုန်အကျခံပြီး ကြော်ငြာနေကြတယ်။ သူတို့ရဲ့အဓိကပစ်မှတ်က ဘယ်သူတွေလဲ။ “ဒီနေ့ခေတ်လူငယ်တွေဟာ အနာဂတ်မှာ ဖောက်သည်ရင်းတွေ ဖြစ်လာမှာ” ဆိုပြီး ဆေးလိပ်ကုမ္ပဏီတစ်ခုကဆိုတယ်။
အဲဒီဆေးလိပ်ကုမ္ပဏီတွေကို ပိုက်ဆံသွားမပေးပါနဲ့။ သူတို့ကျွေးတဲ့ငါးစာကို ဘာလို့စားမှာလဲ။ အဲဒီကုမ္ပဏီတွေ၊ ဆေးလိပ်သောက်တဲ့ ရွယ်တူချင်းတွေဟာ သင့်ဘ၀ကောင်းစားရေးကို စဉ်းစားပေးသူတွေ မဟုတ်ဘူး။ ဒါကြောင့် သူတို့စကားကို နားယောင်မယ့်အစား သမ္မာကျမ်းစာလမ်းညွှန်ချက်ကို နားထောင်ပြီး ‘သင့်အကျိုးအတွက်’ သင်ယူပါ။—ဟေရှာယ ၄၈:၁၇၊ ကဘ။
သူငယ်ချင်းတွေက အရက်သောက်ဖို့ ဖိအားပေးသလား။ ကိုယ်သောက်နိုင်တဲ့ပမာဏကိုသိဖို့ ဘာကြောင့်လိုအပ်သလဲ။
[အောက်ခြေမှတ်ချက်]
a ဒီအခန်းမှာ ဆေးလိပ်သောက်သူတွေအကြောင်း ဆွေးနွေးထားပေမဲ့ ပြဿနာတွေနဲ့ ဆိုးကျိုးတွေဟာ ဆေးရွက်ကြီးငုံသူတွေနဲ့လည်း သက်ဆိုင်ပါတယ်။
အဓိကကျမ်းချက်
‘ကိုယ်ခန္ဓာကိုညစ်ညူးစေတဲ့အရာ ရှိသမျှကို ဝေးဝေးရှောင်ပါ။’—၂ ကောရိန္သု ၇:၁၊ Contemporary English Version.
အကြံပြုချက်
‘တစ်ဖွာလောက်ပဲ’ ဆိုတဲ့ အကြောင်းပြချက်မျိုးကို ရှောင်ပါ။ အဲဒါက ဆေးလိပ် ပြန်သောက်ဖို့ အစပျိုးပေးတတ်တယ်။—ယေရမိ ၁၇:၉။
သင်သိပါသလား . . . ?
ဆေးလိပ်သောက်တာထက် ဆေးရွက်ကြီးငုံတာက ခန္ဓာ ကိုယ်ထဲ နီကိုတင်းဓာတ် ပိုရောက်စေတယ်။ ဆေးရွက်ကြီးမှာ ကင်ဆာဖြစ်စေနိုင်တဲ့ အဆိပ်အတောက် ၂၅ မျိုးပါ၀င်တဲ့အတွက် လည်ချောင်းကင်ဆာနဲ့ ခံတွင်းကင်ဆာဖြစ်ဖို့ အကြောင်းပိုများတယ်။
လက်တွေ့လုပ်ကြည့်ပါ
ကျောင်းနေဖက်တစ်ယောက်က ဆေးလိပ်သောက်ဖို့ ဖိအားပေးလာရင် ငါလုပ်ရမှာက ․․․․․
ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․
သင်ဘယ်လိုထင်သလဲ
● အန္တရာယ်ရှိမှန်းသိရက်သားနဲ့ ဆေးလိပ်သောက်ချင်နေတုန်းပဲဆိုရင် ဘာကြောင့်ဖြစ်မလဲ။
● ဆေးလိပ်သောက်တာ မကောင်းဘူးလို့ ဘာကြောင့်ထင်သလဲ။
[စာမျက်နှာ ၂၄၀ ပါ အကျဉ်းဖော်ပြချက်]
‘‘ကျွန်မကို ဆေးလိပ်သောက်ဖို့လာပြောတဲ့အခါ ‘ကျေးဇူးပဲ၊ ငါ ကင်ဆာရောဂါ မရချင်ဘူး’ လို့ပြုံးပြုံးလေး ပြန်ပြောလိုက်တယ်။’’—အလေနာ
[စာမျက်နှာ ၂၄၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ဆေးခြောက်ရှူတာ မှားလို့လား
“ဆေးခြောက်ရှူလိုက်ရင် ပြဿနာတွေကို မေ့သွားတယ်၊ ဘာဆိုးကျိုးမှလည်းမရှိဘူးလို့ တချို့ပြောကြတယ်” ဆိုပြီး အိုင်ယာလန်နိုင်ငံက အယ်လန်ပြောတယ်။ သင်ကော ဆေးခြောက်နဲ့ပတ်သက်ပြီး အဲဒီလိုပြောတာ ကြားဖူးသလား။ အဖြစ်မှန်နဲ့ ယုံတမ်းစကားတချို့ကို နှိုင်းယဉ်ကြည့်ပါ။
ယုံတမ်းစကား။ ဆေးခြောက်ရှူတာ ဘာအန္တရာယ်မှ မဖြစ်ပါဘူး။
အဖြစ်မှန်။ ဆေးခြောက်ရှူခြင်းရဲ့ ရေရှည်ဆိုးကျိုးတွေကတော့– မှတ်ဉာဏ်ပျက်စီးမယ်၊ သင်ယူနိုင်စွမ်းနဲ့ ကိုယ်ခံအား လျော့နည်းလာမယ့်အပြင် ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် လိင်ဆိုင်ရာကျန်းမာရေးလည်း ချို့ယွင်းလာမယ်။ အစိုးရိမ်လွန်တာ၊ စိတ်ဝေဒနာနဲ့ စိတ်ဖောက်ပြန်တာတွေတောင် ဖြစ်လာနိုင်တယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆေးခြောက်သုံးစွဲရင် မွေးလာတဲ့ကလေးမှာ အပြုအမူပိုင်းဆိုင်ရာပြဿနာတွေ၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်း မရှိတာတွေ ဖြစ်နိုင်တယ်။
ယုံတမ်းစကား။ ဆေးခြောက်ရှူတာက ဆေးလိပ်သောက်တာလောက် အန္တရာယ်မရှိဘူး။
အဖြစ်မှန်။ ဆေးလိပ်ငွေ့ထက် ဆေးခြောက်ငွေ့က အသက်ရှူလမ်းကြောင်းထဲကို ဆေးချေး (ဆေးလိပ်၊ ဆေးတံရဲ့အငွေ့ကနေ ဖြစ်လာတဲ့အညစ်အကြေး) လေးဆ ပိုထုတ်လွှတ်ပေးပြီး သွေးထဲကို ကာဗွန်မိုနောက်ဆိုဒ် အဆိပ်ဓာတ်ငွေ့ ငါးဆ ပိုရောက်စေတယ်။ ကင်ဆာဖြစ်စေတဲ့ အဆိပ်အတောက်ပမာဏကိုကြည့်ရင် ဆေးခြောက်ငါးကြိမ်ရှူတာက ဆေးလိပ်တစ်ဗူးလုံးသောက်တာနဲ့ ညီမျှတယ်။
ယုံတမ်းစကား။ ဆေးခြောက်က မစွဲတတ်ပါဘူး။
အဖြစ်မှန်။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ခံစားနေရတဲ့ ဆယ်ကျော်သက်တွေဟာ လွယ်လွယ်နဲ့ ဆေးခြောက်စွဲသွားတတ်တယ်။ တချို့က အကြာကြီးသုံးပြီးမှ စွဲတယ်။ ဆေးခြောက်ရှူတဲ့လူငယ်တွေဟာ ကိုကင်းလိုမျိုး တခြားမူးယစ်ဆေးတွေ စွဲသွားမယ့်အန္တရာယ်ပိုများတယ်လို့ လေ့လာမှုတွေအရ သိရတယ်။
[စာမျက်နှာ ၂၄၄ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ဆေးရွက်ကြီးက သင့်ကိုယ်ခန္ဓာကို ဘယ်လိုထိခိုက်စေသလဲ
ဆေးလိပ်ကြော်ငြာတွေမှာ ကျန်းမာရေးကောင်းတဲ့လူတွေ ဆေးလိပ်သောက်နေတဲ့ပုံပါတယ် ဆိုပါစို့။ ဆေးလိပ်သောက်လို့ သင့်ကိုယ်ခန္ဓာမှာဖြစ်လာမယ့်အရာတွေကို အဲဒီပုံတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။
ခံတွင်းနဲ့လည်ချောင်း ကင်ဆာဖြစ်နိုင်တယ်
[ရုပ်ပုံ]
ကင်ဆာဖြစ်နေတဲ့လျှာ
နှလုံး သွေးလွှတ်ကြောတွေ မာကျစ်ပြီး ကျဉ်းလာတာကြောင့် နှလုံးက အောက်ဆီဂျင် ကောင်းကောင်းမရတော့ဘူး။ နှလုံးရောဂါဖြစ်နိုင်ခြေ လေးဆပိုများတယ်
[ရုပ်ပုံ]
ပိတ်နေတဲ့သွေးလွှတ်ကြော
အဆုတ် လေအိတ်တွေ ပျက်ဆီးသွားပြီး အသက်ရှူလမ်းကြောင်း ရောင်လာမယ်။ အဆုတ် ကင်ဆာဖြစ်နိုင်ခြေ ၂၃ ဆ ပိုများတယ်
[ရုပ်ပုံ]
ဆေးလိပ်သောက်သူရဲ့အဆုတ်
ဦးနှောက် လေဖြတ်နိုင်ခြေ လေးဆ ပိုများတယ်
အသားအရေ အရွယ်မတိုင်ခင် အိုစာလာမယ်
သွား အရောင်ပြောင်းလာမယ်
အစာအိမ် ကင်ဆာဖြစ်နိုင်တယ်
ပန်ကရိယ ကင်ဆာဖြစ်နိုင်တယ်
ဆီးအိမ် ကင်ဆာဖြစ်နိုင်တယ်
ကျောက်ကပ် ကင်ဆာဖြစ်နိုင်တယ်
[စာမျက်နှာ ၂၃၉ ပါ ရုပ်ပုံ]
ဆေးလိပ်သောက်တဲ့သူဟာ ငါးစာမက်တဲ့ ငါးနဲ့တူတယ်။ ရတာနည်းနည်း၊ ပြန်ပေးလိုက်ရတဲ့အဖိုးအခက မတန်တဆပဲ
-
-
အရက်အလွန်အကျွံသောက်တာ မှားသလားလူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
-
-
အခန်း ၃၄
အရက်အလွန်အကျွံသောက်တာ မှားသလား
အောက်ပါမေးခွန်းတွေကိုဖတ်ပြီး သင့်အဖြေကို ✔ ခြစ်ပါ။
သင့်ရွယ်တူချင်းတွေက အသက်မပြည့်သေးဘဲ အရက်သောက်သလား ဒါမှမဟုတ် အရက် အလွန်အကျွံသောက်သလား။
□ မှန် □ မှား
ရွယ်တူချင်းတွေက အရက်သောက်ဖို့ သင့်ကို ဖိအားပေးဖူးသလား။
□ မှန် □ မှား
သင် အရက်အလွန်အကျွံသောက်ဖူးသလား။
□ မှန် □ မှား
အရက်အလွန်အကျွံသောက်တယ်ဆိုတာ ဘာလဲ။ အရက်ကို မူးအောင်သောက်တာလို့ တချို့က ပြောကြတယ်။ အမေရိကန်ပြည်ထောင်စု၊ အရက်စွဲခြင်းနဲ့ အရက်တလွဲသုံးခြင်းဆိုင်ရာအဖွဲ့ကတော့ “ယောက်ျားလေးဆို ငါးခွက်နဲ့ အထက်၊ မိန်းကလေးဆို လေးခွက်နဲ့အထက် တစ်ထိုင်တည်းသောက်ရင် အလွန်အကျွံသောက်တာပဲ” လို့ တိတိကျကျပြောတယ်။
အရက်အလွန်အကျွံသောက်ဖို့ ဒါမှမဟုတ် အသက်မပြည့်ဘဲသောက်ဖို့ ဖိအားပေးခံနေရတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ တကယ်တော့ လူငယ်အများစုက အရက်ကို တလွဲသုံးနေကြတယ်။a ဒါပေမဲ့ သင့်ကိုယ်သင် ဒီလိုမေးပါ– ‘အရက်သောက်ချင်ရတဲ့ အကြောင်းရင်းတွေ၊ အရက်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေနဲ့ပတ်သက်ပြီး ငါ ဘာတွေသိထားသလဲ။’ အောက်ပါမေးခွန်းတွေကိုဖတ်ပြီး အဖြေကို ✔ ခြစ်ပါ။ ဒီနောက် အဖြစ်မှန်ကို လေ့လာကြည့်ပါ။
က။ ဆယ်ကျော်သက်တွေက အရက်ကိုကြိုက်လို့ သောက်ကြတယ်။
□ မှန် □ မှား
ခ။ လူငယ်တွေက အသက်လည်းငယ်၊ ကျန်းမာရေးလည်း ပိုကောင်းတော့ အရက်အလွန်အကျွံသောက်ရင်တောင် လူကြီးတွေလောက် ဆိုးကျိုးမခံရဘူး။
□ မှန် □ မှား
ဂ။ အရက်အလွန်အကျွံသောက်လို့ မသေနိုင်ပါဘူး။
□ မှန် □ မှား
ဃ။ ကျမ်းစာက အရက်ယမကာ လုံးဝမသောက်ရဘူးလို့ ပြောတယ်။
□ မှန် □ မှား
င။ အရက်အလွန်အကျွံသောက်ခြင်းရဲ့ တစ်ခုတည်းသောဆိုးကျိုးက ကျန်းမာရေးထိခိုက်တာပဲ။
□ မှန် □ မှား
က။ ဆယ်ကျော်သက်တွေက အရက်ကိုကြိုက်လို့ သောက်ကြတယ်။ အဖြေ—မှား။ ဩစတြေးလျနိုင်ငံမှာ စစ်တမ်းကောက်ကြည့်တဲ့အခါ လူငယ် ၃၆ ရာခိုင်နှုန်းက ရွယ်တူချင်းတွေကြားမှာ ဝင်ဆံ့ချင်လို့ သောက်တာဆိုပြီးဖြေတယ်။ အမေရိကန်နိုင်ငံမှာတော့ ၆၆ ရာခိုင်နှုန်းက သူငယ်ချင်းတွေ သောက်ခိုင်းလို့ သောက်တာလို့ဖြေပြီး တစ်ဝက်ကျော်က ပြဿနာတွေကို မေ့ပစ်ချင်လို့ သောက်တာလို့လည်း ဖြေကြတယ်။
ခ။ လူငယ်တွေက အသက်လည်းငယ်၊ ကျန်းမာရေးလည်း ပိုကောင်းတော့ အရက်အလွန်အကျွံသောက်ရင်တောင် လူကြီးတွေလောက် ဆိုးကျိုးမခံရဘူး။ အဖြေ—မှား။ “လေ့လာတွေ့ရှိချက်အသစ်တွေအရ အရက်အလွန်အကျွံသောက်တဲ့ လူငယ်တွေဟာ အန္တရာယ်ကို လက်ယပ်ခေါ်နေတာပဲ” ဆိုပြီး ဒစ္စကာဗာ မဂ္ဂဇင်းဆောင်းပါးမှာဖော်ပြတယ်။ ဘာကြောင့်လဲ။ “ဆယ်ကျော်သက်တွေ အရက်အများကြီးသောက်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ သိသိသာသာ ထိခိုက်ပျက်စီးနိုင်လို့ပဲ။”
အရက်အလွန်အကျွံသောက်ရင် ဝက်ခြံတွေပေါက်လာမယ်၊ အရွယ်မတိုင်ခင် အိုစာလာမယ်၊ ဝလာပြီး အရက်စွဲလာမယ်။ မူးယစ်ဆေးဝါးတောင် စွဲသွားနိုင်တယ်။ အာရုံကြောစနစ်အပြင် အသည်းနဲ့ နှလုံးကိုလည်း အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်တယ်။
ဂ။ အရက်အလွန်အကျွံသောက်လို့ မသေနိုင်ပါဘူး။ အဖြေ—မှား။ အလွန်အကျွံသောက်တဲ့အခါ ဦးနှောက်ထဲကို အောက်ဆီဂျင် မရောက်နိုင်တော့ဘူး။ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့လုပ်ဆောင်မှုတွေလည်း နှေးကွေးလာမယ်။ ဒီအခါ အန်တာ၊ သတိလစ်တာ၊ အသက်ရှူရခက်တာ စတဲ့လက္ခဏာတွေ ခံစားရနိုင်တယ်။ နောက်ဆုံး သေသွားနိုင်တယ်။
ဃ။ ကျမ်းစာက အရက်ယမကာ လုံးဝမသောက်ရဘူးလို့ပြောတယ်။ အဖြေ—မှား။ ကျမ်းစာမှာ အရက်မသောက်ရဘူးလို့ မပြောထားသလို လူငယ်တွေ ပျော်ရွှင်တာကိုလည်း မတားမြစ်ထားပါဘူး။ (ဆာလံ ၁၀၄:၁၅; ဒေသနာ ၁၀:၁၉) ဒါပေမဲ့ သင့်အနေနဲ့ အသက်ပြည့်မှ အရက်သောက်သင့်တယ်။—ရောမ ၁၃:၁။
ကျမ်းစာက အရက်အလွန်အကျွံသောက်တာကိုတော့ တားမြစ်တယ်။ ‘စပျစ်ဝိုင်ဟာ လှောင်ပြောင်စရာဖြစ်စေတယ်။ အရက်ကလည်း ထိန်းမနိုင်သိမ်းမရဖြစ်စေတယ်။ အဲဒါတွေကြောင့် လမ်းလွဲသွားသူဟာ ဉာဏ်ပညာမဲ့တယ်’ လို့ သုတ္တံ ၂၀:၁ (ကဘ) မှာပြောတယ်။ အရက်က သင့်ကို ပေါက်တတ်ကရတွေ လုပ်မိစေတယ်။ ခဏတာ ပျော်ရွှင်မှုပေးနိုင်ပေမဲ့ အလွန်အကျွံသောက်ရင်တော့ ‘မြွေလိုပေါက်တတ်တယ်။’ နောက်ဆက်တွဲပြဿနာအများကြီး ကြုံရလိမ့်မယ်။—သုတ္တံ ၂၃:၃၂၊ ကဘ။
င။ အရက်အလွန်အကျွံသောက်ခြင်းရဲ့ တစ်ခုတည်းသောဆိုးကျိုးက ကျန်းမာရေးထိခိုက်တာ။ အဖြေ—မှား။ အရက်မူးနေပြီဆိုရင် ခုခံနိုင်စွမ်းမရှိတော့လို့ နည်းအမျိုးမျိုးနဲ့ စော်ကားခံရနိုင်ပြီး မုဒိမ်းတောင်ကျင့်ခံရနိုင်တယ်။ တစ်ဖက်မှာကျတော့၊ အရက်ကြောင့် သွေးဆိုးလာပြီး တခြားသူတွေကို ဒုက္ခပေးမိနိုင်တယ်။ အရက်အလွန်အကျွံသောက်ရင် “ရှင်းလင်းပြတ်သားစွာ စဉ်းစားပြောဆိုနိုင်လိမ့်မည်မဟုတ်” လို့ ကျမ်းစာသတိပေးထားတယ်။ (သုတ္တံ ၂၃:၃၃၊ ခမ) ရူးမိုက်တဲ့လုပ်ရပ်တွေ လုပ်မိလာနိုင်တယ်။ တခြားဆိုးကျိုးတွေကတော့ သူငယ်ချင်းတွေနဲ့ အခင်အမင်ပျက်တာ၊ ကျောင်းနဲ့အလုပ်မှာ အရည်အချင်းညံ့ဖျင်းလာတာ၊ ပြစ်မှုကျူးလွန်တဲ့ မှတ်တမ်းဝင်သွားတာ၊ ဆင်းရဲမွဲတေတာတို့ဖြစ်တယ်။—သုတ္တံ ၂၃:၂၁။
အရေးကြီးဆုံးကတော့ ယေဟောဝါဘုရားနဲ့ ဆက်ဆံရေးပျက်စီးသွားနိုင်တယ်။ ကိုယ်တော်က သူ့ကို “ဉာဏ်စွမ်းရှိသမျှ” နဲ့ ဝတ်ပြုစေချင်တယ်။ အရက်အလွန်အကျွံသောက်လို့ ဉာဏ်စွမ်းပျက်စီးသွားပြီး သူ့ကိုဝတ်ပြုနေတာမျိုး မလိုလားဘူး။ (မဿဲ ၂၂:၃၇) ကျမ်းစာမှာ “ဝိုင်သောက်ကြူးခြင်း” ကို တားမြစ်သလို “အပြိုင်အဆိုင်သောက်ကြူးခြင်း” ကိုလည်း အားမပေးဘူး။ (၁ ပေတရု ၄:၃) ဒါကြောင့် အရက်အလွန်အကျွံသောက်မယ်ဆိုရင် ဖန်ဆင်းရှင်ဘုရားသခင်ရဲ့ အလိုတော်ကို ဆန့်ကျင်ရာကျပြီး ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ပျက်ဆီးသွားလိမ့်မယ်။
သင်ဘာကိုရွေးချယ်မလဲ
အရက်တလွဲသုံးတဲ့ ရွယ်တူချင်းတွေလို သင်လုပ်မလား။ ကျမ်းစာမှာ “တစ်စုံတစ်ဦးကို နာခံရန် ကျွန်အဖြစ် ကိုယ်ကို ဆက်သလျက်နေလျှင် . . . ထိုသူ၏ကျွန်ဖြစ်သည်ကို မသိသလော” လို့ ဖော်ပြထားတယ်။ (ရောမ ၆:၁၆) သင်ဟာ ရွယ်တူချင်းတွေရဲ့ကျွန် ဒါမှမဟုတ် အရက်ရဲ့ကျေးကျွန် တကယ်ဖြစ်ချင်သလား။
အရက်အလွန်အကျွံသောက်တတ်တဲ့ အကျင့်ရှိနေရင် သင် ဘာလုပ်သင့်သလဲ။ မိဘ ဒါမှမဟုတ် အကြံဉာဏ်ကောင်းပေးနိုင်တဲ့ သူငယ်ချင်းကို ရင်ဖွင့်ပြောပြီး ချက်ချင်းအကူအညီတောင်းပါ။ ယေဟောဝါဘုရားဆီမှာလည်း ဆုတောင်းပြီး အကူအညီတောင်းပါ။ ကိုယ်တော်က သင် ‘ဒုက္ခရောက်ချိန်မှာ ကူညီပေးဖို့ အသင့်ပါပဲ။’ (ဆာလံ ၄၆:၁၊ ကဘ) အရက်အလွန်အကျွံသောက်တာ၊ အသက်မပြည့်သေးဘဲ အရက်သောက်တာက ရွယ်တူချင်းတွေရဲ့ ဖိအားကြောင့်ပဲ။ ဒီတော့ သူငယ်ချင်းတွေကို ရွေးပေါင်းဖို့ လိုပါလိမ့်မယ်။b အဲဒီလိုလုပ်ဖို့ ခက်ပေမဲ့ ယေဟောဝါဘုရားရဲ့အကူအညီနဲ့ သင် အောင်မြင်နိုင်ပါတယ်။
မူးယစ်ဆေးစွဲနေတာကို ဘယ်လိုနည်းနဲ့ ဖြတ်နိုင်မလဲ။
[အောက်ခြေမှတ်ချက်]
a စာမျက်နှာ ၂၄၉ မှာပါတဲ့ “ဘယ်သူတွေ အဲဒီလိုလုပ်နေကြတာလဲ” လေးထောင့်ကွက်ကိုကြည့်ပါ။
b ထပ်ဆင့်အချက်အလက်တွေကို ဒီစာအုပ်ရဲ့ အခန်း ၈ နဲ့ ၉ မှာကြည့်ပါ။
အဓိကကျမ်းချက်
‘အရက်သမားတွေဟာ မွဲတေသွားလိမ့်မယ်။’ —သုတ္တံ ၂၃:၂၁၊ ကဘ။
အကြံပြုချက်
အရက်ကို ဘာလို့သောက်ချင်ရတာလဲဆိုတာ သိအောင်လုပ်ပါ။ အဲဒီနောက် စိတ်ဆင်းရဲစရာတွေ လျော့နည်းသွားစေမယ့်၊ ပျော်ရွှင်လာစေမယ့်၊ ပိုကျန်းမာလာစေမယ့် တခြားနည်းလမ်းကို စဉ်းစားကြည့်ပါ။
သင်သိပါသလား . . . ?
“အရက်အလွန်အကျွံသောက်သူတွေဟာ မသောက်တဲ့သူတွေထက် အတန်းပျက်တာ၊ ကျောင်းသင်ခန်းစာ နောက်ကျတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ပိုင်ဆိုင်မှုတွေဆုံးရှုံးတာ ရှစ်ဆလောက်ပိုများတယ်” လို့ အမေရိကန်နိုင်ငံရဲ့ လေ့လာချက်တစ်ခုအရ သိရတယ်။
လက်တွေ့လုပ်ကြည့်ပါ
ရွယ်တူချင်းတွေက ငါ့ကို သူတို့နဲ့အတူ အရက်မူးအောင်သောက်စေချင်တယ်ဆိုရင် ငါပြောရမှာက ․․․․․
ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․
သင်ဘယ်လိုထင်သလဲ
● ရွယ်တူချင်းတွေက တခြားသူတွေကို သူတို့နဲ့အတူ အရက်အလွန်အကျွံသောက်စေချင်တာ ဘာကြောင့်လဲ။
● အရက်အလွန်အကျွံသောက်ရင် လိင်ခြားသူကို ဆွဲဆောင်နိုင်မယ်လို့ ထင်သလား။ ဘာကြောင့် အဲဒီလိုဖြေတာလဲ။
[စာမျက်နှာ ၂၅၀ ပါ အကျဉ်းဖော်ပြချက်]
‘‘အတန်းဖော်တွေက အရက်သောက်ဖို့ ပြောလာတဲ့အခါ အရက်သောက်မှ ပျော်ရွှင်ရတာမဟုတ်ဘူးလို့ ပြန်ပြောလိုက်တယ်။’’—မာ့ခ်
[စာမျက်နှာ ၂၄၉ ပါ လေးထောင့်ကွက်]
ဘယ်သူတွေ အဲဒီလိုလုပ်နေကြတာလဲ
အင်္ဂလန်နိုင်ငံ၊ စကော့တလန်နိုင်ငံနဲ့ ဝေလနယ်တွေမှာရှိတဲ့ အလယ်တန်းကျောင်းသားတွေကို စစ်တမ်းကောက်တဲ့အခါ ၁၃ နှစ်နဲ့ ၁၄ နှစ်အရွယ် လေးပုံတစ်ပုံက “အနည်းဆုံး အရက်ငါးခွက်ကို တစ်ထိုင်တည်း သောက်နိုင်တယ်လို့” ပြောကြတယ်။ ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် တစ်ဝက်လောက်ကလည်း အဲဒီလိုသောက်တယ်လို့ ပြောတယ်။ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနဲ့ လူမှုအကျိုးဆောင်ဌာနရဲ့ တွေ့ရှိချက်အရ “အသက် ၁၂ နှစ်ကနေ ၂၀ ကြား လူငယ် ၁၀.၄ သန်းလောက်ဟာ အရက်သောက်ကြတယ်။ သူတို့ထဲမှာ ၅.၁ သန်းလောက်ကတော့ မူးအောင်သောက်ပြီး ၂.၃ သန်းက တစ်လမှာ အနည်းဆုံးငါးကြိမ် အရက်အလွန်အကျွံသောက်ကြတယ်။ ဩစတြေးလျနိုင်ငံမှာလည်း မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် အရက်အလွန်အကျွံသောက်ပြီး ၁၃ ခွက်ကနေ အခွက် ၃၀ အထိ တစ်ထိုင်တည်း သောက်နိုင်တယ်လို့ သိရတယ်။”
[စာမျက်နှာ ၂၅၁ ပါ ရုပ်ပုံ]
အရက်က မြွေလိုပေါက်တတ်တယ်
-