-
သူငယ်ချင်းကောင်း ဘယ်လိုရနိုင်မလဲလူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
-
-
အခန်း ၈
သူငယ်ချင်းကောင်း ဘယ်လိုရနိုင်မလဲ
“ကျွန်မစိတ်ဆိုးတဲ့အခါ တစ်ယောက်ယောက်ဆီမှာ ရင်ဖွင့်ချင်တယ်။ ဝမ်းနည်းတဲ့အခါ နှစ်သိမ့်ပေးမယ့်သူတစ်ယောက်ယောက် လိုချင်တယ်။ ပျော်ရွှင်တဲ့အခါ ကိုယ့်အပျော်တွေကို တစ်ယောက်ယောက်နဲ့ ဝေမျှခံစားချင်တယ်။ ကျွန်မအတွက်တော့ သူငယ်ချင်းဆိုတာ မရှိမဖြစ်လိုအပ်ရာပဲ။”—ဘရစ်တနီ။
ကလေးတွေက ကစားဖော်လိုတယ်၊ လူငယ်တွေက သူငယ်ချင်းလိုတယ်လို့ ပြောကြတယ်။ ကွာခြားချက်ကဘာလဲ။
ကစားဖော်ဆိုတာ သင့်ကိုအဖော်လုပ်ပေးတဲ့သူဖြစ်တယ်။
သူငယ်ချင်းဆိုတာ သင်နဲ့စံနှုန်းတူတဲ့သူဖြစ်တယ်။
ဒါ့အပြင် ‘မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ’ လို့ ကျမ်းစာပြောတယ်။ (သုတ္တံ ၁၇:၁၇၊ ကဘ) ဒါက ငယ်ငယ်တုန်းက ကစားကွင်းမှာမိတ်ဖွဲ့ခဲ့တာထက် ပိုနက်ရှိုင်းတဲ့မိတ်ဖွဲ့မှုမျိုးကို ပြောနေတာဖြစ်တယ်။
အဖြစ်မှန်– သင်ဟာ တဖြည်းဖြည်း လူကြီးဖြစ်လာတာနဲ့အမျှ
၁။ အထင်ကြီးလေးစားစရာ အရည်အချင်းတွေရှိတဲ့
၂။ ချီးမွမ်းစရာစံနှုန်းတွေရှိတဲ့
၃။ သင့်အပေါ် ကောင်းတဲ့သြဇာလွှမ်းမိုးနိုင်တဲ့ သူငယ်ချင်းတွေ လိုအပ်လာမှာပဲ။
မေးခွန်း– အဲဒီလိုသူငယ်ချင်းမျိုး ဘယ်လိုရနိုင်မလဲ။ တစ်ချက်ချင်းစီ လေ့လာကြည့်ရအောင်။
မိတ်ဖွဲ့ရာမှာ စဉ်းစားစရာ # ၁–အထင်ကြီးလေးစားစရာ အရည်အချင်းတွေရှိခြင်း
သင်သိထားသင့်ရာ။ သူငယ်ချင်းတိုင်းက သူငယ်ချင်းကောင်းဖြစ်မလာနိုင်ဘူး။ ‘အချင်းချင်းကိုနင်းခြေဖို့ အသင့်ဖြစ်နေတဲ့ အပေါင်းအသင်းတွေရှိတယ်’ လို့တောင် ကျမ်းစာပြောတယ်။ (သုတ္တံ ၁၈:၂၄၊ ကဘ) ဒါက နည်းနည်းပြင်းထန်ပုံပေါက်ပေမဲ့ ဒီအချက်ကိုစဉ်းစားကြည့်ပါ– သင့်မှာ သာပေါင်းညာစား သူငယ်ချင်းမျိုး ရှိဖူးလား။ သင့်အတွင်းရေးတွေကို လျှောက်ပြောတဲ့ ဒါမှမဟုတ် သင့်အကြောင်း သွားပုပ်လေလွင့်ပြောတဲ့ သူငယ်ချင်းမျိုးကော ရှိဖူးလား။ ရှိခဲ့မယ်ဆိုရင် မိတ်ဆွေသူငယ်ချင်းတွေအပေါ် အယုံအကြည်မဲ့သွားနိုင်တယ်။a ဒါပေမဲ့ မိတ်ဖွဲ့တဲ့အခါ မမေ့သင့်တဲ့အချက်က အရေအတွက်ထက် အရည်အချင်းက ပိုအရေးကြီးတယ်ဆိုတာပဲ။
သင်လုပ်ဆောင်နိုင်ရာ။ အတုယူစရာ အရည်အချင်းတွေရှိသူတွေကို ရွေးပေါင်းပါ။
“ကျွန်မသူငယ်ချင်း ဖီအိုနာကို လူတိုင်းက အကောင်းမြင်ကြတယ်။ ကျွန်မလည်း သူ့လိုပဲ အကောင်းပြောခံချင်တယ်၊ နာမည်ကောင်းရချင်တယ်။ သူ့မှာနာမည်ကောင်းရှိတာကို ကျွန်မ အထင်ကြီးလေးစားတယ်။”—အီဗက်၊ ၁၇ နှစ်။
ဒီလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။
၁။ ဂလာတိ ၅:၂၂၊ ၂၃ ကိုဖတ်ပါ။
၂။ ‘ငါ့သူငယ်ချင်းတွေမှာ “စွမ်းအားတော်ကြောင့်ဖြစ်ပေါ်တဲ့ အရည်အသွေးတွေ” ရှိသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးပါ။
၃။ အခင်ဆုံးသူငယ်ချင်းတွေရဲ့နာမည်ကို အောက်မှာရေးပါ။ နာမည်တစ်ခုစီရဲ့ဘေးမှာ သူ့ရဲ့အကောင်းဆုံးအရည်အသွေးကို ရေးပါ။
နာမည်
․․․․․
အရည်အသွေး
․․․․․
အကြံပြုချက်– တကယ်လို့ မကောင်းတဲ့အကျင့်စရိုက်တွေပဲ ခေါင်းထဲပေါ်လာရင် ပိုကောင်းတဲ့သူငယ်ချင်းတွေကိုရှာပါ။
မိတ်ဖွဲ့ရာမှာ စဉ်းစားစရာ # ၂–ချီးမွမ်းစရာစံနှုန်းတွေရှိခြင်း
သင်သိထားသင့်ရာ။ သင်ဟာ အပေါင်းအသင်းမက်လေ မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ ပိုပေါင်းမိလေပဲ။ ‘ဉာဏ်ပညာရှိတဲ့သူနဲ့ပေါင်းဖော်ရင် ဉာဏ်ပညာရှိလိမ့်မယ်။ လူမိုက်နဲ့ပေါင်းဖော်ရင်တော့ ဒုက္ခလှလှတွေ့လိမ့်မယ်’ လို့ကျမ်းစာပြောတယ်။ (သုတ္တံ ၁၃:၂၀၊ ကဘ) ‘လူမိုက်’ ဆိုတာ အတန်းထဲမှာ အဆင့်မကောင်းတဲ့သူ ဒါမှမဟုတ် ဉာဏ်မကောင်းတဲ့သူကို ပြောနေတာမဟုတ်ဘူး။ အဲဒီအစား အကျိုးအကြောင်းပြပြီးပြောတာကို လက်မခံသူ၊ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ လမ်းညွှန်ချက်တွေကို မလိုက်နာသူဖြစ်တယ်။ အဲဒီလိုသူငယ်ချင်းမျိုးကို သင်မလိုအပ်ပါဘူး။
သင်လုပ်ဆောင်နိုင်ရာ။ တွေ့ကရာလူနဲ့မိတ်ဖွဲ့မယ့်အစား သေချာရွေးချယ်ပြီးမှ မိတ်ဖွဲ့ပါ။ (ဆာလံ ၂၆:၄) ဒါပေမဲ့ ခွဲခြားဆက်ဆံတာမျိုးတော့ မလုပ်သင့်ဘူး။ အဲဒီအစား ‘ဖြောင့်မတ်သူနဲ့ ဆိုးညစ်သူ၊ ဘုရားသခင်အတွက်အမှုဆောင်သူနဲ့ မဆောင်သူရဲ့ကွာခြားချက်ကို မြင်’ နိုင်ဖို့ အကဲခတ်ပိုင်းခြားတတ်ရမယ်။—မာလခိ ၃:၁၈၊ ကဘ။
“ဘုရားရဲ့စံနှုန်းတွေအတိုင်း နေထိုင်တဲ့ ရွယ်တူချင်းတွေရှာတွေ့ဖို့ ကျွန်တော့်ကို မိဘတွေကူညီပေးခဲ့တဲ့အတွက် သိပ်ကျေးဇူးတင်တာပဲ။”—ခရစ္စတိုဖာ၊ ၁၃ နှစ်။
အောက်ပါမေးခွန်းတွေကို ဖြေပါ–
သူငယ်ချင်းတွေနဲ့အတူရှိနေချိန်မှာ မှားတယ်လို့ကိုယ်သိထားတဲ့အရာတစ်ခုခုလုပ်ဖို့ သူတို့ဖိအားပေးနိုင်တယ်ဆိုပြီး စိုးရိမ်တတ်သလား။
□ စိုးရိမ်တယ်
□ မစိုးရိမ်ဘူး
သူငယ်ချင်းတွေကို မိဘတွေကြိုက်မှာမဟုတ်ဘူးဆိုပြီး မိဘတွေနဲ့မိတ်ဆက်ပေးဖို့ မဝံ့မရဲဖြစ်သလား။
□ ဖြစ်တယ်
□ မဖြစ်ဘူး
အကြံပြုချက်– စိုးရိမ်တယ်၊ မဝံ့မရဲဖြစ်တယ်လို့ ဖြေတယ်ဆိုရင် မြင့်မားတဲ့စံနှုန်းတွေရှိပြီး ခရစ်ယာန်အသက်တာမှာ ပုံသက်သေကောင်းတဲ့ သူငယ်ချင်းတွေကိုရှာပါ။
မိတ်ဖွဲ့ရာမှာ စဉ်းစားစရာ # ၃–ကောင်းတဲ့သြဇာလွှမ်းမိုးခြင်း
သင်သိထားသင့်ရာ။ “မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်၏” လို့ ကျမ်းစာမှာပြောတယ်။ (၁ ကောရိန္သု ၁၅:၃၃) လော်ရန်ဆိုတဲ့ မိန်းကလေး ဒီလိုပြောပြတယ်– “အတန်းဖော်တွေက သူတို့လုပ်ခိုင်းတာကို ကျွန်မလုပ်နေသရွေ့ ကျွန်မကိုလက်ခံကြတယ်။ ကိုယ့်မှာလည်း ပေါင်းစရာအဖော်မရှိတော့ သူတို့လို လိုက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။” တခြားသူတွေရဲ့စံနှုန်းအတိုင်း လိုက်လုပ်မယ်ဆိုရင် ကိုယ်က စစ်တုရင်ခုံပေါ်က အရုပ်တစ်ရုပ်နဲ့တူနေပြီး သူတို့စိတ်ကြိုက် အရွှေ့ခံရမယ်ဆိုတာ လော်ရန်သိလာတယ်။ သင် အဲဒီလိုအဖြစ်မခံပါနဲ့။
သင်လုပ်ဆောင်နိုင်ရာ။ သူတို့ရဲ့ဘဝပုံစံအတိုင်း လိုက်လုပ်ဖို့ သင့်ကို မရမကဖိအားပေးသူတွေနဲ့ အဆက်ဖြတ်လိုက်ပါ။ အဲဒီလိုလုပ်ရင် သူငယ်ချင်းနည်းသွားနိုင်ပေမဲ့ ပိုပျော်လာမယ်။ ဒါ့အပြင် သင့်အပေါ် ကောင်းတဲ့သြဇာလွှမ်းမိုးမယ့် သူငယ်ချင်းကောင်းတွေနဲ့ မိတ်ဖွဲ့နိုင်ပါလိမ့်မယ်။—ရောမ ၁၂:၂။
“ကျွန်တော့်မိတ်ဆွေရင်း ကလင့်ဟာ ကောင်းကောင်းချင့်ချိန်ဆုံးဖြတ်တတ်ပြီး ကိုယ်ချင်းစာစိတ်လည်းရှိတယ်။ သူ့လိုမိတ်ဆွေမျိုးရှိလို့ ကျွန်တော်တကယ်အားရှိတယ်။”—ဂျေဆန်၊ ၂၁ နှစ်။
သင့်ကိုယ်သင် ဒီလိုမေးပါ–
သူငယ်ချင်းတွေ သဘောကျစေချင်တာနဲ့ပဲ ငါ့ရဲ့ဝတ်စားပုံ၊ ပြောဆိုပြုမူပုံတွေကို အကောင်းဘက်ကနေ အဆိုးဘက် ပြောင်းလိုက်သလား။
□ ပြောင်းတယ်
□ မပြောင်းဘူး
ကိုယ်ကျင့်တရားပျက်ပြားစေနိုင်တဲ့ နေရာတွေကို သွားလေ့သွားထမရှိပေမဲ့ သူငယ်ချင်းတွေကြောင့် ငါသွားသလား။
□ သွားတယ်
□ မသွားဘူး
အကြံပြုချက်– ပြောင်းတယ်၊ သွားတယ်လို့ဖြေရင် မိဘ ဒါမှမဟုတ် ရင့်ကျက်တဲ့လူကြီးတစ်ယောက်ဆီမှာ အကြံဉာဏ်တောင်းပါ။ သင်ဟာ ယေဟောဝါသက်သေဖြစ်မယ်ဆိုရင် အသင်းတော်အကြီးအကဲဆီသွားပြီး သင့်အပေါ် ကောင်းတဲ့သြဇာလွှမ်းမိုးမယ့် သူငယ်ချင်းတွေရွေးချယ်ရာမှာ အကူအညီလိုအပ်ကြောင်း ပြောပြပါ။
သူငယ်ချင်းဆိုတဲ့သူတွေက ဒါမှမဟုတ် ကိုယ့်စိတ်နှလုံးက မကောင်းတာလုပ်ဖို့ သွေးဆောင်နေသလား။ ဒါဆိုရင် ဘယ်လိုတွန်းလှန်နိုင်မလဲ။
[အောက်ခြေမှတ်ချက်]
a တကယ်တော့ လူတိုင်းမှားတတ်ပါတယ်။ (ရောမ ၃:၂၃) သူငယ်ချင်းတစ်ယောက်က သင့်ကို စိတ်ထိခိုက်အောင်လုပ်ခဲ့ပေမဲ့ နောင်တစစ်ပြမယ်ဆိုရင် “ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်” ကြောင်း သတိရပါ။—၁ ပေတရု ၄:၈။
အဓိကကျမ်းချက်
‘ညီအစ်ကိုထက် ပိုတွယ်တာတဲ့မိတ်ဆွေလည်းရှိတယ်။’ —သုတ္တံ ၁၈:၂၄၊ ကဘ။
အကြံပြုချက်
ဖြောင့်မတ်တဲ့စံနှုန်းတွေအတိုင်း အသက်ရှင်ပါ။ ဒါဆိုရင် အဲဒီအတိုင်းအသက်ရှင်ဖို့ ကြိုးစားနေသူတွေနဲ့တွေ့ဖို့ အကြောင်းပိုများတယ်။ သူတို့က အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်လာပါ လိမ့်မယ်။
သင်သိပါသလား . . . ?
ဘုရားသခင်ဟာ မျက်နှာမလိုက်ဘူး။ ဒါပေမဲ့ ‘တဲတော်မှာ တည်းခိုခွင့်ရ’ မယ့်သူတွေကိုတော့ သေချာစိစစ်ရွေးချယ်ပြီးမှ လက်ခံတယ်။—ဆာလံ ၁၅:၁-၅၊ ကဘ။
လက်တွေ့လုပ်ကြည့်ပါ
သူငယ်ချင်းကောင်းတွေ ရှာတွေ့နိုင်ဖို့ ငါလုပ်နိုင်တာက ․․․․․
ငါပိုရင်းနှီးချင်တဲ့ ငါ့ထက်အသက်ကြီးသူတချို့ကတော့ ․․․․․
ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․
သင်ဘယ်လိုထင်သလဲ
● သူငယ်ချင်းတစ်ယောက်မှာ သင်တန်ဖိုးအထားဆုံး အရည်အသွေးတွေက ဘာလဲ။
● သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့ သင့်မှာ ဘယ်အရည်အသွေးတွေရှိရမလဲ။
[စာမျက်နှာ ၆၀ ပါ အကျဉ်းဖော်ပြချက်]
မိဘတွေက ကျွန်တော့်ကို သူငယ်ချင်းတချို့နဲ့ မပေါင်းဖို့ပြောတဲ့အခါ သူတို့နဲ့ပဲ ငါပေါင်းချင်တာလို့ တွေးမိတယ်။ ဒါပေမဲ့ မိဘတွေပြောတာ မှန်တယ်။ သူတို့ပြောတာကို စဉ်းစားကြည့်လိုက်တော့ သူငယ်ချင်းကောင်းတွေ အများကြီးရှိမှန်း သိလာတယ်။’’—ကိုးလ်
[စာမျက်နှာ ၆၁ ပါ လေးထောင့်ကွက်]
ဒီအကြံပြုချက်တွေအတိုင်း လုပ်ကြည့်ပါ
မိတ်ဖွဲ့ခြင်းနဲ့ပတ်သက်ပြီး မိဘတွေနဲ့ဆွေးနွေးပါ။ သူတို့ သင့်အရွယ်တုန်းက ဘယ်လိုသူငယ်ချင်းတွေနဲ့ ပေါင်းခဲ့သလဲ။ အပေါင်းအသင်းရွေးချယ်တာနဲ့ပတ်သက်ပြီး နောင်တရခဲ့သလား။ ရခဲ့တယ်ဆိုရင် ဘာကြောင့်လဲ။ သူတို့ကြုံခဲ့ရတဲ့ ပြဿနာတချို့ကို သင်ဘယ်လိုရှောင်နိုင်မလဲဆိုတာ မေးကြည့်ပါ။
သူငယ်ချင်းတွေကို မိဘတွေနဲ့မိတ်ဆက်ပေးပါ။ မိတ်မဆက်ပေးရဲဘူးဆိုရင် ‘ဘာကြောင့်လဲ’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။ သူငယ်ချင်းတွေနဲ့ပတ်သက်ရင် မိဘတွေ မကြိုက်မယ့်အရာတစ်ခုခုရှိမှန်း သင်သိထားသလား။ ဒါဆိုရင် သူငယ်ချင်းတွေကို ပိုစိစစ်ရွေးချယ်ဖို့ လိုနေပြီ။
ကောင်းကောင်းနားထောင်ပေးပါ။ သူငယ်ချင်းရဲ့ ကောင်းကျိုးနဲ့ အရေးကိစ္စတွေကို စိတ်ဝင်စားကြောင်းပြပါ။—ဖိလိပ္ပိ ၂:၄။
ခွင့်လွှတ်ပါ။ စင်းလုံးချောဖြစ်ဖို့ မမျှော်လင့်ပါနဲ့။ “ငါတို့ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ၏။”—ယာကုပ် ၃:၂။
တွယ်ကပ်မနေပါနဲ့။ သူငယ်ချင်းနားမှာ တစ်ချိန်လုံး တွယ်ကပ်မနေပါနဲ့။ မိတ်ဆွေစစ်တွေဟာ သင် သူတို့ကို လိုအပ်တဲ့အချိန်မှာ ရှိနေပါလိမ့်မယ်။ —ဒေသနာ ၄:၉၊ ၁၀။
[စာမျက်နှာ ၆၃ ပါ ရုပ်ပုံ]
သင်ဟာ တခြားသူတွေရဲ့စံနှုန်းအတိုင်း လိုက်လုပ်မယ်ဆိုရင် စစ်တုရင်ခုံပေါ်က အရုပ်တစ်ရုပ်လို သူတို့စိတ်ကြိုက် အရွှေ့ခံရမှာပဲ
-
-
သွေးဆောင်မှုတွေကို ငါဘယ်လိုတွန်းလှန်နိုင်မလဲလူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
-
-
အခန်း ၉
သွေးဆောင်မှုတွေကို ငါဘယ်လိုတွန်းလှန်နိုင်မလဲ
ပါတီပွဲကို ကာရင်ရောက်တာ ဆယ်မိနစ်လောက်တောင် မရှိသေးဘူး၊ ကောင်လေးနှစ်ယောက် စက္ကူအိတ်ကြီးတွေပိုက်ပြီး အထဲဝင်လာတာ တွေ့လိုက်တယ်။ အထဲမှာ ဘာတွေလဲဆိုတာတော့ မေးနေစရာမလိုပါဘူး။ ပါတီမှာ “စိတ်ကြိုက်သောက်လို့ရတယ်” ဆိုပြီး သူတို့ပြောတာကို ကြားထားပြီးသား ပဲလေ။
ရုတ်တရက် အနောက်ကနေ “ဟေ့ အဖွားကြီးပေါက်စ၊ ဘာရပ်လုပ်နေတာလဲ” ဆိုတဲ့ ရင်းနှီးတဲ့အသံတစ်သံ ကြားလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့ သူငယ်ချင်းဂျက်စီကာကို ဖောက်ခါစ ဘီယာနှစ်ပုလင်းနဲ့ တွေ့လိုက်ရတယ်။ ဂျက်စီကာက ကာရင့်ကို ဘီယာတစ်ပုလင်းလှမ်းပေးရင်း “ပျော်ပျော်ပါးပါး နေဖို့ ငယ်သေးတယ်လို့ မပြောနဲ့နော်” ဆိုပြီးပြောလိုက်တယ်။
ကာရင် ငြင်းလိုက်ချင်ပါတယ်။ ဒါပေမဲ့ ဖိအားက ထင်တာထက် ပိုပြင်းထန် နေတယ်။ ဂျက်စီကာက တခြားသူလည်းမဟုတ်ဘူး၊ ကိုယ့်သူငယ်ချင်းပဲ။ ပြီးတော့ “အဖွားကြီးပေါက်စ” လို့လည်း အခေါ်မခံချင်ဘူး။ တကယ်တော့ ဂျက်စီကာလည်း မိန်းမကောင်းလေးတစ်ယောက်ပဲ။ ‘ဘီယာလေး သောက်ရုံနဲ့ ဘာဖြစ်မှာမို့လို့လဲ။ မူးယစ်ဆေးသုံးတာ၊ လိင်ဆက်ဆံတာမှ မဟုတ်တာ’ လို့ ကာရင်တွေးမိတယ်။
လူငယ်ဘဝမှာ သွေးဆောင်မှုတွေ နည်းအမျိုးမျိုးနဲ့ ကြုံရနိုင်တယ်။ အဲဒီထဲမှာ လိင်ခြားသူတွေလည်းပါတယ်။ ၁၇ နှစ်အရွယ် ရေမွန် ဒီလိုပြောတယ်– “ကျောင်းကကောင်မလေးတွေက လုံးဝမလွယ်ဘူး၊ ဇွတ်ပဲ။ ယောက်ျားလေးတွေနဲ့ ထိတွေ့ချင်တယ်၊ သူတို့ကိုဘယ်လောက်အထိ ခွင့်ပြုမလဲဆိုတာ စမ်းကြည့်ချင်တယ်။ မလုပ်နဲ့လို့ပြောလည်း မရဘူး။” ၁၇ နှစ်အရွယ် ဒီအန်းနာလည်း အဲဒီလိုကြုံခဲ့ရတယ်။ သူဒီလိုပြောပြတယ်– “ကောင်လေးတစ်ယောက်က ကျွန်မကို လာဖက်တယ်။ ဒါနဲ့ သူ့လက်ကို ရိုက်ထုတ်လိုက်ပြီး ‘ဘာလုပ်တာလဲ။ သိလည်းမသိဘဲနဲ့’ လို့ပြောလိုက်တယ်။”
သင်လည်း သွေးဆောင်မှုတွေ ကြုံရမှာပဲ။ ဆက်တိုက်ကြုံနေရတာတောင် ဖြစ်နိုင်တယ်။ “မနှောင့်ယှက်ရ” ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတဲ့ကြားက အဆက်မပြတ် တံခါးခေါက်နေသလိုမျိုးပေါ့။ သင်ထင်တာထက် သွေးဆောင်မှုတွေ ပိုကြုံနေရသလား။ ဥပမာ၊ အောက်ပါအရာတစ်ခုခုက သင့်ကို သွေးဆောင်နေသလား။
□ ဆေးလိပ်သောက်ခြင်း
□ အပြာရုပ်ပုံကြည့်ခြင်း
□ အရက်သောက်ခြင်း
□ လိင်ဆက်ဆံခြင်း
□ မူးယစ်ဆေးသုံးစွဲခြင်း
□ တခြား ․․․․․
အထက်ပါအကွက်တစ်ခုခုမှာ ✔ ခြစ်ခဲ့ရင် သင့်ကိုယ်သင် ခရစ်ယာန်တစ်ဦးမဖြစ်ထိုက်တော့ဘူးလို့ မယူဆလိုက်ပါနဲ့။ မကောင်းတဲ့ဆန္ဒတွေကို ဘယ်လိုထိန်းချုပ်ရမယ်၊ သွေးဆောင်မှုတွေကို ဘယ်လိုတွန်းလှန်ရမယ်ဆိုတာ သင်ယူနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ သွေးဆောင်မှုဖြစ်စေတဲ့အကြောင်းရင်းတွေကို သိထားခြင်းအားဖြင့် ဖြစ်တယ်။ အကြောင်းရင်းသုံးခုကို လေ့လာကြည့်ရအောင်။
၁။ မွေးရာပါ အပြစ်ပြုလိုစိတ်။ လူတိုင်းမှာ မွေးရာပါ အပြစ်ပြုလိုစိတ်ရှိတဲ့အတွက် အမှားလုပ်ချင်တာ မဆန်းပါဘူး။ ရင့်ကျက်တဲ့ခရစ်ယာန်ဖြစ်သူ တမန်တော်ပေါလုတောင် “ငါသည် အကျင့်ကောင်းကို ကျင့်လိုသောအခါ အကျင့်ဆိုးကို ကျင့်မိတတ်၏” လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့တယ်။ (ရောမ ၇:၂၁) တည်ကြည်ဖြောင့်မတ်သူတွေတောင် “သွေးသားတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း” တွေကို သတိထားနေရမယ်။ (၁ ယောဟန် ၂:၁၆) ဒါပေမဲ့ သွေးဆောင်မှုနဲ့ပတ်သက်တဲ့ အကြောင်းတွေကိုပဲ တနုံ့နုံ့တွေးနေရင်တော့ အခြေအနေပိုဆိုးလာရုံပဲရှိမယ်။ အကြောင်းကတော့ “တပ်မက်မှုသည် သန္ဓေတည်သောအခါ အပြစ်ကို ဖွားတတ်၏” လို့ကျမ်းစာမှာ ပြောထားလို့ပဲ။—ယာကုပ် ၁:၁၅။
၂။ ပြင်ပသြဇာများ။ သွေးဆောင်မှုတွေဟာ နေရာတကာမှာ ရှိပါတယ်။ ထရူဒီ အခုလိုပြောတယ်– “ကျောင်းမှာ၊ အလုပ်မှာ လူတွေပြောသမျှ လိင်ကိစ္စချည်းပဲ။ တီဗီ၊ ရုပ်ရှင်တွေမှာဆိုလည်း လိင်ကိစ္စကို သိပ်စွဲမက်စရာ၊ သိပ်စိတ်လှုပ်ရှားစရာကောင်းတဲ့ အရာအဖြစ် အမြဲဖော်ကျူးထားတယ်။ ဆိုးဝါးတဲ့အကျိုးဆက်တွေကိုတော့ တွေ့ရခဲတယ်။” ရွယ်တူချင်းတွေ၊ တီဗီရုပ်ရှင်တွေရဲ့ ဩဇာ ဘယ်လောက်ပြင်းထန်တယ်ဆိုတာ ထရူဒီ ကိုယ်တွေ့ကြုံခဲ့တယ်။ “ကျွန်မ ရည်းစားထားတုန်းက အသက် ၁၆ နှစ်ပဲ ရှိအုံးမယ်။ အမေက ကျွန်မနဲ့အတူထိုင်ပြီး ဒီလိုသာဆက်သွားရင် ကိုယ်ဝန်ရလာလိမ့်မယ်လို့ ပြောတယ်။ အမေ့စကားကြားလိုက်တော့ ကျွန်မ အရမ်းလန့်သွားတာ။ ဒါပေမဲ့ နှစ်လကြာပြီးနောက် ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတယ်။”
၃။ “လူငယ်များတွင် ဖြစ်ပေါ်တတ်သည့် အလိုဆန္ဒများ။” (၂ တိမောသေ ၂:၂၂) အဲဒီစကားစုမှာ လူအများရဲ့လက်ခံမှုရချင်တာ ဒါမှမဟုတ် လူကြီးတစ်ယောက်လို ဆက်ဆံခံချင်တာ စသဖြင့် လူငယ်တွေမှာရှိတတ်တဲ့ အလိုဆန္ဒအားလုံး ပါဝင်တယ်။ အဲဒီအလိုဆန္ဒတွေက မမှားပါဘူး။ ဒါပေမဲ့ အဲဒါတွေကို မထိန်းချုပ်ဘူးဆိုရင်တော့ သွေးဆောင်မှုတွေကို တွန်းလှန်ဖို့ သိပ်ခက်သွားပြီ။ ဥပမာအနေနဲ့၊ လူကြီးတစ်ယောက်လို ဆက်ဆံခံချင်တာကြောင့် အိမ်မှာသင်ယူခဲ့တဲ့ ကောင်းမွန်တဲ့စံနှုန်းတွေကို မလိုက်နာတော့တဲ့အဖြစ်မျိုး ရောက်သွားနိုင်တယ်။ စတိဗ် အသက် ၁၇ နှစ်တုန်းက အဲဒီလိုဖြစ်ခဲ့တယ်။ “နှစ်ခြင်းခံပြီး သိပ်မကြာခင်မှာပဲ မိဘတွေကို ကျွန်တော် ပုန်ကန်ခဲ့တယ်။ မလုပ်ရဘူးလို့ မိဘတွေ သင်ပေးထားတာအားလုံးကို လုပ်ခဲ့တယ်” ဆိုပြီး သူပြောပြတယ်။
တွန်းလှန်နိုင်ပုံ
အထက်မှာဆွေးနွေးခဲ့တဲ့ အကြောင်းရင်းတွေဟာ တကယ့်ကို ဩဇာကြီးမားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သွေးဆောင်မှုတွေကို သင် တွန်းလှန်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။
● ဦးဆုံး၊ သင့်အတွက် တွန်းလှန်ရအခက်ဆုံး သွေးဆောင်မှုက ဘာလဲဆိုတာ သိအောင်လုပ်ပါ။ (စာမျက်နှာ ၆၅ မှာ သင်လုပ်ခဲ့ပြီးတာဖြစ်နိုင်တယ်။)
● အဲဒီနောက် ‘ဒီသွေးဆောင်မှုက ဘယ်အချိန်မှာ အများဆုံးပေါ်လာတတ်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။ အောက်ပါအချက်တစ်ချက်ကို ✔ ခြစ်ပါ–
□ ကျောင်းမှာ
□ တစ်ယောက်တည်းရှိချိန်မှာ
□ အလုပ်မှာ
□ တခြား ․․․․․
သွေးဆောင်မှု ဘယ်အချိန်မှာ ပေါ်လာတတ်တယ်ဆိုတာ သိထားတာက ရှောင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဥပမာ၊ ဒီအခန်းအစမှာဖော်ပြခဲ့တဲ့ အဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်ပါ။ ပါတီပွဲမှာ အခက်တွေ့နိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ကာရင့်မှာ ဘယ်သတိပေးချက်ရှိခဲ့သလဲ။
․․․․․
သွေးဆောင်မှုကို သူဘယ်လိုရှောင်နိုင်မလဲ။
․․․․․
● အခု သင်က သွေးဆောင်မှု ဘာလဲဆိုတာသိပြီ၊ ဘယ်အချိန်မှာ ပေါ်လာတတ်သလဲဆိုတာလည်း သိပြီဆိုတော့ လုပ်စရာရှိတာလုပ်ဖို့ပဲ လိုတော့တယ်။ အရင်ဆုံးလုပ်ရမှာက သွေးဆောင်မှုနည်းသွားအောင် ဒါမှမဟုတ် လုံးဝပျောက်သွားအောင် ဘယ်လိုလုပ်မယ်ဆိုတာ စဉ်းစားဖို့ပဲ။ သင်ဘယ်လိုလုပ်နိုင်တယ်ဆိုတာ အောက်မှာရေးပါ။
․․․․․
(ဥပမာ၊ ဆေးလိပ်သောက်ဖို့ ဖိအားပေးတဲ့ သူငယ်ချင်းတွေနဲ့ ကျောင်းဆင်းချိန်မှာ အမြဲတွေ့နေရတယ်ဆိုရင် သူတို့ကိုရှောင်နိုင်ဖို့ တခြားလမ်းကနေသွားပါ။ ကိုယ်မတောင်းဆိုဘဲနဲ့ အင်တာနက်ကနေ အပြာရုပ်ပုံတွေ ဝင်လာတတ်တယ်ဆိုရင် အဲဒါတွေနဲ့ တခြားဝက်ဘ်ဆိုက်တွေကို ပိတ်နိုင်တဲ့ပရိုဂရမ်တွေ ထည့်ထားလိုက်ပါ။ အချက်အလက်ရှာတဲ့အခါမှာလည်း ပိုသတ်သတ်မှတ်မှတ်ဖြစ်တဲ့ အဓိကစကားလုံးတွေကို ရိုက်ထည့်ပြီးရှာပါ။)
သွေးဆောင်မှုအားလုံးကို ရှောင်နိုင်မှာတော့ မဟုတ်ဘူး။ အနှေးနဲ့အမြန်ဆိုသလို ပြင်းထန်တဲ့သွေးဆောင်မှုတစ်ခုခု ကြုံရမှာပဲ။ သင် မထင်ထားတဲ့အရာလည်း ဖြစ်နိုင်တယ်။ ဒါဆို ဘယ်လိုလုပ်မလဲ။
ကြိုတင်ပြင်ဆင်ပါ
‘စာတန်ရဲ့သွေးဆောင်ခြင်းခံရချိန်မှာ’ ယေရှု ချက်ချင်းငြင်းခဲ့တယ်။ (မာကု ၁:၁၃) ဘာကြောင့်လဲ။ သွေးဆောင်မှုတွေပေါ်လာမယ်ဆိုတာ ယေရှုသိပြီးသားဖြစ်လို့ပဲ။ ယေရှုဟာ သူ့အဖေကို အမြဲနာခံဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်။ (ယောဟန် ၈:၂၈၊ ၂၉) ဒါကြောင့်လည်း “ငါသည် ငါ့အလိုအတိုင်း ဆောင်ရွက်ရန် ကောင်းကင်မှ ဆင်းသက်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော အရှင်၏အလိုတော်ကိုဆောင်ရန် ဆင်းသက်လာ၏” လို့ပြောခဲ့တာပေါ့။—ယောဟန် ၆:၃၈။
သင်ကြုံရတတ်တဲ့ သွေးဆောင်မှုကို တွန်းလှန်သင့်တဲ့အကြောင်းရင်းနှစ်ခုနဲ့ ဖြေရှင်းနည်းနှစ်ခုကို နောက်စာမျက်နှာမှာရေးပါ။
အကြောင်းရင်း–
၁ ․․․․․
၂ ․․․․․
ဖြေရှင်းနည်း–
၁ ․․․․․
၂ ․․․․․
သင်ဟာ သွေးဆောင်မှုကို အလျှော့ပေးလိုက်ရင် အလိုဆန္ဒရဲ့ကျွန် ဖြစ်သွားလိမ့်မယ်။ (တိတု ၃:၃) အလိုဆန္ဒရဲ့ထိန်းချုပ်မှုကို မခံပါနဲ့။ အဲဒီအစား အလိုဆန္ဒကို ထိန်းချုပ်နိုင်အောင် ရင့်ကျက်မှုရှိပါ။ (ကောလောသဲ ၃:၅) အဲဒီလိုဆက်လုပ်ဆောင်နိုင်ဖို့ ဆုတောင်းပါ။—မဿဲ ၆:၁၃။a
လေးလံထိုင်းမှိုင်းနေတယ်လို့ ခံစားနေရသလား။ ကျန်းမာရေးပိုကောင်းလာအောင်၊ ပိုအားရှိလာအောင် ဘာလုပ်ရမလဲ။
[အောက်ခြေမှတ်ချက်]
a ဒီစာအုပ်ရဲ့ အခန်း ၃၃ နဲ့ ၃၄ ကိုလည်းကြည့်ပါ။
အဓိကကျမ်းချက်
“ဘုရားသခင်သည် သစ္စာရှိတော်မူသောကြောင့် သွေးဆောင်ခြင်းကို သင်တို့ခံနိုင်သည်ထက် ပို၍ခံစေတော်မူမည်မဟုတ်။ သွေးဆောင်ခြင်းကို ကြုံရသည့်အခါ သင်တို့ခံရပ်နိုင်မည်အကြောင်း လွတ်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူမည်။” —၁ ကောရိန္သု ၁၀:၁၃။
သင်သိပါသလား . . . ?
ယေရှု သစ္စာရှိမယ်လို့ ဘုရားသခင်ကြိုပြောခဲ့တယ်။ ဒီလိုပြောလို့ ယေရှုဟာ ပရိုဂရမ်ထည့်ထားတဲ့အတိုင်း လုပ်တတ်တဲ့ စက်ရုပ်နဲ့တူတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ယေရှုဟာ လွတ်လပ်စွာရွေးချယ်ခွင့်ရှိသူဖြစ်ပြီး သစ္စာရှိဖို့ ရွေးချယ်ခဲ့တယ်။ သူ့ရဲ့သစ္စာရှိမှုဟာ ကြိုတင်သတ်မှတ်ထားတဲ့အရာ မဟုတ်ဘူး။ ဒါကြောင့်လည်း သွေးဆောင်မှုကြုံရချိန်မှာ ထက်ထက်သန်သန် ဆုတောင်းခဲ့တာပေါ့။—ဟေဗြဲ ၅:၇။
လက်တွေ့လုပ်ကြည့်ပါ
သွေးဆောင်မှုကိုတွန်းလှန်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ပိုခိုင်မာအောင် ငါလုပ်နိုင်တာက ․․․․․
ငါရှောင်ရမယ့် လူတွေ၊ နေရာတွေနဲ့ အခြေအနေတွေက ․․․․․
ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․
သင်ဘယ်လိုထင်သလဲ
● ဘာအပြစ်မှမရှိဘဲ ပြည့်ဝစုံလင်တဲ့ပုဂ္ဂိုလ်တွေကော သွေးဆောင်ခံရနိုင်သလား။—ကမ္ဘာဦး ၆:၁-၃; ယောဟန် ၈:၄၄။
● သွေးဆောင်မှုကို သင် သစ္စာရှိရှိတွန်းလှန်တဲ့အခါ တခြားသူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ။—သုတ္တံ ၂၇:၁၁; ၁ တိမောသေ ၄:၁၂။
[စာမျက်နှာ ၆၈ ပါ အကျဉ်းဖော်ပြချက်]
‘‘စကြဝဠာမှာ တန်ခိုးအကြီးမားဆုံးပုဂ္ဂိုလ်က ကျွန်တော့်ဘက်မှာရှိနေပြီး သူ့ဆီမှာ အချိန်မရွေးအကူအညီတောင်းနိုင်မှန်း သိထားတာက ကျွန်တော့်ကို အထောက်အကူပေးတယ်။’’—ခရစ္စတိုဖာ
[စာမျက်နှာ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
စမ်းကြည့်ပါ
သံလိုက်အိမ်မြှောင်တစ်ခုကိုယူပြီး ချထားပါ။ လက်တံက မြောက်ဘက်ကို ညွှန်ပြနေမှာဖြစ်တယ်။ အခု သံလိုက်အိမ်မြှောင်နားမှာ သံလိုက်တုံးတစ်တုံး ချထားလိုက်ပါ။ ဘာဖြစ်မလဲ။ လက်တံက မှန်မှန်ကန်ကန် ညွှန်ပြတော့မှာ မဟုတ်ဘူး။ သံလိုက်တုံးရှိတဲ့ဘက်ကိုပဲ ညွှန်ပြနေလိမ့်မယ်။
သင့်ရဲ့ မှားမှန်သိစိတ်ကလည်း သံလိုက်အိမ်မြှောင်လိုပါပဲ။ မှားမှန်သိစိတ်ကို ကောင်းကောင်းလေ့ကျင့်ထားမယ်ဆိုရင် မှန်မှန်ကန်ကန် ညွှန်ပြပြီး ပညာရှိဆုံးဖြတ်ချက်တွေချဖို့ ကူညီပေးလိမ့်မယ်။ ဒါပေမဲ့ သံလိုက်တုံးနဲ့တူတဲ့ မကောင်းတဲ့အပေါင်းအသင်းတွေက ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ မှားမှန်ပိုင်းခြားနိုင်စွမ်း ပျက်စီးသွားအောင် လုပ်နိုင်တယ်။ ဘာသင်ခန်းစာရသလဲ။ ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ မှားမှန်ပိုင်းခြားနိုင်စွမ်း ပျက်စီးသွားအောင်လုပ်နိုင်တဲ့ လူတွေ၊ အခြေအနေတွေကို ကြိုးစားရှောင်ပါ။—သုတ္တံ ၁၃:၂၀။
[စာမျက်နှာ ၆၉ ပါ ရုပ်ပုံ]
သင်ဟာ သွေးဆောင်မှုကို အလျှော့ပေး လိုက်ရင် အလိုဆန္ဒရဲ့ကျွန် ဖြစ်သွားလိမ့်မယ်
-