ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • od စာ. ၁၈၀-စာ. ၁၈၄
  • နောက်ဆက်တွဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နောက်ဆက်တွဲ
  • ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှစ်ခြင်းခံခြင်းနဲ့ ဘုရားသခင်နဲ့သင့်ဆက်ဆံရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • နှစ်ခြင်းခံမယ့်သူတွေနဲ့ နိဂုံးချုပ် ဆွေးနွေးမှု
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • နှစ်ခြင်းခံဖို့ ပန်းတိုင်ထားခြင်းက အကျိုးရှိ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • လူငယ်တွေ နှစ်ခြင်းခံသင့်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
od စာ. ၁၈၀-စာ. ၁၈၄

နောက်ဆက်တွဲ

ခရစ်ယာန်မိဘများအတွက် အမှာစကား–

မိဘတစ်ယောက်အနေနဲ့ သင့်အဖိုးတန် သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့၊ ဘုရားဆီ ဆက်ကပ်အပ်နှံဖို့ ကူညီပေးချင်မှာပဲ။ နှစ်ခြင်းခံဖို့ အသင့်ဖြစ်အောင် သင် ဘယ်လို ကူညီပေးနိုင်သလဲ။ ဒီအရေးကြီး ခြေလှမ်းအတွက် ဘယ်အချိန်မှာ သူတို့ အသင့်ဖြစ်ကြမလဲ။

‘လူမျိုးတကာဆီ သွားပြီး လူတွေကို တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ နှစ်ခြင်းပေးကြပါ’ လို့ နောက်လိုက်တွေကို ယေရှု မိန့်မှာတယ်။ (မ. ၂၈:၁၉) အဲဒီကျမ်းချက်အရ နှစ်ခြင်းခံဖို့ အဓိက လိုအပ်ချက်ဟာ ခရစ်တော်ရဲ့ သွန်သင်ချက်တွေကို နားလည်၊ ယုံကြည်ရုံသာမက အနီးကပ် လိုက်လျှောက်တဲ့ တပည့်တစ်ဦး ဖြစ်ခြင်းပါပဲ။ အဲဒါဟာ အတော်အတန် ငယ်ရွယ်တဲ့သူတောင် လုပ်ဆောင်နိုင်တဲ့အရာ ဖြစ်တယ်။

သားသမီးတွေအတွက် ပုံသက်သေကောင်း ပြပါ။ ယေဟောဝါရဲ့ သွန်သင်ချက်တွေကို စိတ်စွဲမှတ်သွားအောင် သင်ပေးပါ။ (တရား. ၆:၆-၉) အဲဒီထဲမှာ အခြေခံ ကျမ်းစာအမှန်တရားတွေကို သင်ပေးဖို့၊ ကျမ်းစာမူတွေကို ဆင်ခြင်တတ်ဖို့၊ အဲဒီအတိုင်း အသက်ရှင်နိုင်အောင် အသင့်ပြင်ပေးဖို့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်မှာပါတဲ့ အကြောင်းအရာတွေကို အသုံးပြုခြင်း ပါဝင်တယ်။ ကိုယ့်ယုံကြည်ချက်တွေကို ကိုယ်ပိုင်စကားနဲ့ ရှင်းပြတတ်အောင် သားသမီးတွေကို ကူညီပေးပါ။ (၁ ပေ. ၃:၁၅) သင့်ဆီကဖြစ်စေ၊ ကိုယ်ပိုင်လေ့လာမှု၊ မိသားစု ဝတ်ပြုမှု၊ အသင်းတော် အစည်းအဝေးတွေနဲ့ အပေါင်းအသင်းကောင်းတွေဆီကဖြစ်စေ သူတို့ ရရှိတဲ့ အသိပညာနဲ့ အားပေးမှုတွေဟာ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာဖို့၊ ဆက်တိုးတက်သွားဖို့ ကူညီပေးပါလိမ့်မယ်။ သူတို့အတွက် ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်ပေးပါ။

“ကလေးတစ်ယောက်ကိုတောင် အမူအကျင့်တွေ ဖြူစင်မှု၊ မှန်ကန်မှု ရှိမရှိ သူ့လုပ်ရပ်ကိုကြည့်ပြီး သိနိုင်တယ်” လို့ ပညာအလိမ္မာ ၂၀:၁၁ မှာ ပြောထားတယ်။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ၊ ကလေးတစ်ယောက် ယေရှုခရစ်ရဲ့ တပည့်ဖြစ်ပြီး နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီဆိုတာ ဘယ်လုပ်ရပ်တွေက ဖော်ပြမလဲ။

နှစ်ခြင်းခံဖို့ တိုးတက်နေတဲ့ ကလေးဟာ မိဘတွေကို နာခံသင့်တယ်။ (တ. ၅:၂၉။ ကော. ၃:၂၀) ယေရှု ၁၂ နှစ်အရွယ်တုန်းက “မိဘစကားကို အမြဲနာခံတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (လု. ၂:၅၁) သင့်ကလေးဆီကနေ စုံလင်မှုကို မမျှော်လင့်နိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ နှစ်ခြင်းခံချင်တဲ့သူဟာ ယေရှုရဲ့ ပုံသက်သေကို လိုက်လျှောက်ဖို့ ကြိုးစားမှာ ဖြစ်ပြီး မိဘစကား နားထောင်သူအဖြစ် လူသိများပါလိမ့်မယ်။

ကျမ်းစာအမှန်တရားတွေ သင်ယူရတာကိုလည်း သူ စိတ်ဝင်စားပါလိမ့်မယ်။ (လု. ၂:၄၆) သင့်ကလေးဟာ အစည်းအဝေးတွေ တက်ချင်သလား။ ပါဝင်ဖြေဆိုချင်သလား။ (ဆာ. ၁၂၂:၁) ပုံမှန် ကျမ်းစာဖတ်ချင်စိတ်၊ ကိုယ်ပိုင်လေ့လာမှု ပြုလုပ်ချင်စိတ် ရှိသလား။—မ. ၄:၄။

နှစ်ခြင်းခံဖို့ တိုးတက်နေတဲ့ ကလေးတစ်ယောက်ဟာ နိုင်ငံတော်ကို ဦးစားထားဖို့ ကြိုးစားတယ်။ (မ. ၆:၃၃) ကိုယ့်ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြဖို့ တာဝန်ရှိမှန်း အသိအမှတ်ပြုတယ်။ အမှုဆောင်လုပ်ငန်း အသွင်အမျိုးမျိုးမှာ ပါဝင်ပြီး ကျောင်းဆရာတွေနဲ့ အတန်းဖော်တွေကို ယေဟောဝါသက်သေအဖြစ် အသိပေးဖို့ မရှက်ကြောက်ဘူး။ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးမှာ ရတဲ့ တာဝန်တွေကိုလည်း အလေးအနက် ထမ်းဆောင်တယ်။

မကောင်းတဲ့ အပေါင်းအသင်းတွေကို ရှောင်ခြင်းအားဖြင့် ကိုယ်ကျင့်တရား သန့်ရှင်းနေအောင် ကြိုးစားတယ်။ (ပညာ. ၁၃:၂၀။ ၁ ကော. ၁၅:၃၃) တေးသီချင်း၊ ရုပ်ရှင်၊ တီဗွီအစီအစဉ်၊ ဗီဒီယိုဂိမ်းနဲ့ အင်တာနက်မှာ သူကြိုက်နှစ်သက်တဲ့အရာတွေက အဲဒါကို ဖော်ပြပါလိမ့်မယ်။

ကလေးအများစုဟာ မိဘတွေရဲ့ ဝီရိယရှိရှိ ကြိုးစားမှုကို တုံ့ပြန်ခဲ့ကြတယ်။ အမှန်တရားကို ကိုယ်ပိုင်ဖြစ်အောင် လုပ်ပြီး ငယ်ရွယ်တုန်းမှာ နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီခဲ့ကြတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးရဲ့ အရေးကြီးတဲ့ ဒီသမိုင်းတစ်ကွေ့ကို ရောက်ဖို့ သားသမီးတွေကို ကူညီပေးတဲ့အခါ သင်တို့ကို ယေဟောဝါ ကောင်းချီးပေးပါစေ။

နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူအတွက် အမှာစကား–

နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူအဖြစ် အသင်းတော်မှာ အမှုဆောင်ရတာ အခွင့်ထူးပါပဲ။ သင့်ရဲ့ ဘုရားရေးရာ တိုးတက်မှုအတွက် ချီးမွမ်းပါတယ်။ ကျမ်းစာလေ့လာခြင်းအားဖြင့် ဘုရားသခင်အကြောင်း သင် သိလာပြီး ကတိတော်တွေကို ယုံကြည်ကြောင်း တင်ပြခဲ့တယ်။—ယော. ၁၇:၃။ ဟီ. ၁၁:၆။

ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာမလေ့လာခင် တခြားဘာသာရေး အဖွဲ့အစည်းတစ်ခုနဲ့ သင် ပေါင်းသင်းခဲ့မှာပဲ ဒါမှမဟုတ် မပေါင်းခဲ့တာလည်း ဖြစ်နိုင်တယ်။ ကျမ်းစာမူတွေနဲ့ မညီတဲ့ တခြားလုပ်ဆောင်မှုတွေမှာ ပါဝင်ခဲ့တာ ရှိနိုင်တယ်။ ဒါပေမဲ့ အခု အတိတ်က အမှားတွေအတွက် အကြီးအကျယ် နောင်တရခြင်း၊ မှားတဲ့ လမ်းစဉ်ကို စွန့်ပြီး ဘုရားသခင်ရှေ့မှာ မှန်တာကို လုပ်ဖို့ စိတ်ပိုင်းဖြတ်ခြင်းဖြစ်တဲ့ ပြောင်းလဲခြင်းအားဖြင့် သင့်ရဲ့ ယုံကြည်ခြင်းကို ဖော်ပြခဲ့ပြီ။—တ. ၃:၁၉။

တစ်ဖက်မှာတော့ သင်ဟာ ‘သမ္မာကျမ်းစာကို နို့စို့အရွယ်ကတည်းက သိရှိခဲ့’ ပြီး ခရစ်ယာန်မဆန်တဲ့ အပြုအမူတွေ၊ ကြီးလေးတဲ့ အမှားတွေမှာ မပါဝင်မိအောင် ကာကွယ်ခံခဲ့ရတာ ဖြစ်နိုင်တယ်။ (၂ တိ. ၃:၁၅) ရွယ်တူချင်းဖိအား၊ ယေဟောဝါရှေ့မှာ မကောင်းတာ လုပ်ဖို့ သွေးဆောင်မှုတွေကို သင် တွန်းလှန်တတ်ခဲ့ပြီ။ စစ်မှန်တဲ့ ဝတ်ပြုရေးကို ထောက်ခံခြင်း၊ ယုံကြည်ချက်အကြောင်း တခြားသူတွေကို ဝေမျှခြင်းအားဖြင့် ယုံကြည်ခြင်းကို ဖော်ပြခဲ့ပြီ။ အမှုဆောင်လုပ်ငန်းမှာလည်း လေ့ကျင့်မှု ရခဲ့ပြီ။ အခု နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူအဖြစ် အမှုဆောင်ဖို့ ကိုယ်တိုင် ဆုံးဖြတ်ချက် ချခဲ့ပြီ။

ယေဟောဝါအကြောင်း နောက်ပိုင်းမှ သိလာတာဖြစ်စေ၊ ငယ်ငယ်ကတည်းက သိခဲ့တာဖြစ်စေ အခု ဆက်ကပ်အပ်နှံဖို့၊ နှစ်ခြင်းခံဖို့ဆိုတဲ့ နောက်ထပ် ခြေလှမ်းနှစ်ခု လှမ်းဖို့ သင် စဉ်းစားနေပြီ။ ယေဟောဝါဆီ ဆုတောင်းချဉ်းကပ်ပြီး ထာဝစဉ် အကြွင်းမဲ့ ဆည်းကပ်ဖို့ ကိုယ်တိုင် ဆုံးဖြတ်ခြင်းအားဖြင့် ယေဟောဝါဆီ ဆက်ကပ်အပ်နှံတယ်။ (မ. ၁၆:၂၄) အဲဒီဆက်ကပ်အပ်နှံခြင်းရဲ့ အထိမ်းအမှတ်အဖြစ် ရေမှာ နှစ်ခြင်းခံတယ်။ (မ. ၂၈:၁၉၊ ၂၀) ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းအားဖြင့် သင်ဟာ ယေဟောဝါဘုရား ခန့်အပ်တဲ့ အမှုဆောင်တစ်ဦး ဖြစ်လာတယ်။ တကယ့်အခွင့်ထူးပါပဲ။

သင် ကျမ်းစာလေ့လာတုန်းက သိရှိခဲ့ရတဲ့အတိုင်း အခက်အခဲ အမျိုးမျိုး ရင်ဆိုင်ရနိုင်တယ်။ ယေရှု နှစ်ခြင်းခံပြီး မကြာခင်မှာ “စွမ်းအားတော်က ယေရှုကို တောထဲသွားဖို့ လမ်းညွှန်တယ်။ အဲဒီမှာ မာရ်နတ်က သူ့ကို သွေးဆောင်တယ်” ဆိုတာ သတိရပါ။ (မ. ၄:၁) ခရစ်တော်ရဲ့ တပည့်အဖြစ် နှစ်ခြင်းခံပြီးနောက် တခြားစမ်းသပ်မှုတွေကို သင် မျှော်လင့်ထားနိုင်တယ်။ (ယော. ၁၅:၂၀) ပုံစံအမျိုးမျိုးနဲ့ လာပါလိမ့်မယ်။ မိသားစုရဲ့ ဆန့်ကျင်မှု ကြုံရနိုင်တယ်။ (မ. ၁၀:၃၆) အတန်းဖော်၊ အလုပ်ဖော်နဲ့ အပေါင်းအသင်းဟောင်းတွေရဲ့ လှောင်ပြောင်မှု ခံရနိုင်တယ်။ မာကု ၁၀:၂၉၊ ၃၀ မှာပါတဲ့ ယေရှုရဲ့ ဒီစကားတွေကို အမြဲ အမှတ်ရပါ– “ကျွန်တော် မှန်တာကို ပြောမယ်။ ကျွန်တော့်နာမည်ကြောင့်၊ သတင်းကောင်းကြောင့် မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ အိမ်၊ မြေယာ တစ်ခုခုကို စွန့်လွှတ်လိုက်ရသူတိုင်း၊ အခုအချိန်မှာ မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ အိမ်၊ မြေယာ အဆ ၁၀၀ ပြန်ရမယ့်အပြင် ညှဉ်းဆဲတာ ခံရမယ်။ နောင်လာမယ့် လောကစနစ်မှာလည်း ထာဝရအသက်ကို ရဦးမယ်။” ဒါကြောင့် ယေဟောဝါနဲ့ ရင်းနှီးနေဖို့၊ ဘုရားရဲ့ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း အသက်ရှင်ဖို့ ဆက်ကြိုးစားနေပါ။

သင် နှစ်ခြင်းခံချင်တဲ့အခါ အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးကို အသိပေးပါ။ နောက်အပိုင်းမှာ ဖော်ပြထားတဲ့ မေးခွန်းတွေဟာ သင် နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မပြည့် ဆုံးဖြတ်နိုင်အောင် သင်နဲ့အတူ အကြီးအကဲတွေ ဆွေးနွေးမယ့် အခြေခံမေးခွန်းတွေ ဖြစ်တယ်။ သင့်ရဲ့ ပုံမှန် ကိုယ်ပိုင်လေ့လာမှု အစီအစဉ်မှာ အဲဒီမေးခွန်းတွေကို သီးသန့် သုံးသပ်နိုင်တယ်။

ဒီဆွေးနွေးခန်းအတွက် ပြင်ဆင်တဲ့အနေနဲ့ ကိုးကားထားတဲ့ ကျမ်းချက်တွေကို ဖတ်ပြီး တွေးတောဆင်ခြင်ဖို့ အချိန်ယူပါ။ ဒီစာအုပ်မှာ ဒါမှမဟုတ် တခြားနေရာမှာ ကိုယ်ပိုင်မှတ်စုတွေ ရေးမှတ်ထားနိုင်တယ်။ အကြီးအကဲတွေနဲ့ ဆွေးနွေးချိန်မှာ အဲဒီမှတ်စုတွေနဲ့ ဒီစာအုပ်ကို သုံးနိုင်တယ်။ မေးခွန်းတစ်ခုခုကို နားလည်ရခက်နေရင် သင့်ကို ကျမ်းစာသင်ပေးသူ ဒါမှမဟုတ် အကြီးအကဲတွေဆီ မတွန့်မဆုတ် အကူအညီ တောင်းပါ။

အကြီးအကဲတွေနဲ့ ဆွေးနွေးချိန်မှာ မေးခွန်းတွေကို ရှည်လျား၊ ရှုပ်ထွေးစွာ အဖြေပေးရမယ်လို့ မယူဆပါနဲ့။ ကိုယ်ပိုင်စကားနဲ့ လိုရင်းတိုရှင်း ဖြေရင် အကောင်းဆုံး ဖြစ်ပါတယ်။ မေးခွန်းအများစုကို ဖြေတဲ့အခါ သင့်အဖြေအတွက် ကျမ်းစာအကြောင်းရင်းကို ဖော်ပြတဲ့ ကျမ်းချက် တစ်ချက်၊ နှစ်ချက်ကို ရည်ညွှန်းရင်လည်း အကျိုးရှိပါတယ်။

သင့်မှာ အခြေခံ ကျမ်းစာသွန်သင်ချက်တွေနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အသိပညာ မရှိသေးဘူးဆိုရင် အကူအညီ ရရှိဖို့ အကြီးအကဲတွေ စီစဉ်ပေးပါလိမ့်မယ်။ ဒါမှ ကျမ်းစာကို ကောင်းကောင်း နားလည်ထားမှန်း ကိုယ်ပိုင်စကားနဲ့ ပြောပြနိုင်ပြီး နောင်တစ်ချိန်မှာ နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာပါလိမ့်မယ်။

[အသင်းတော် အကြီးအကဲများအတွက် မှတ်ချက်– နှစ်ခြင်းခံမယ့်သူတွေနဲ့ ဆွေးနွေးဖို့ ညွှန်ကြားချက်တွေကို စာမျက်နှာ ၂၀၈-၂၁၂ မှာ ဖော်ပြထားတယ်။]

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ