ဘုရားသခင်၌ ချဉ်းကပ်ကြလော့
“နှစ်သိမ့်ခြင်းရှိသမျှ၏အရှင်”
၂ ကောရိန္သု ၁:၃၊ ၄ [ကဘ]
ဘဝအသက်တာတွင် ဆင်းရဲခက်ခဲခြင်း၊ စိတ်ပျက်အားလျော့ခြင်း၊ အထီးကျန်ခြင်းစသည့်အရာများစွာသည် ကျွန်ုပ်တို့ကို ဝမ်းနည်းကြေကွဲစေသည့်အပြင် မျှော်လင့်ချက်မဲ့သည်ဟုပင် ခံစားစေနိုင်သည်။ ထိုအခြေအနေမျိုးတွင် ‘ဘယ်ကနေ အကူအညီရနိုင်မလဲ’ ဟုသင်တွေးတောမိပေမည်။ ၂ ကောရိန္သု ၁:၃၊ ၄ ပါ တမန်တော်ပေါလု၏စကားတွင် ယေဟောဝါဘုရားသခင်သည် နှစ်သိမ့်အားပေးမှု၏ရင်းမြစ်ဖြစ်ကြောင်း ဖော်ပြထားသည်။
အခန်းငယ် ၃ တွင် ဘုရားသခင်ကို “သနားကြင်နာတတ်သည့်အဖ” ဟုခေါ်ဆိုထားသည်။ ယင်းသည် အဘယ်အရာကိုဆိုလိုသနည်း။ “သနားကြင်နာ” ဟုပြန်ဆိုထားသော ဂရိစကားလုံးသည် အခြားသူတို့၏ဆင်းရဲခက်ခဲမှုကို မြင်သောအခါ ခံစားရသည့်သနားစိတ်ဟုအဓိပ္ပာယ်ရှိသည်။a ထိုစကားလုံးကို “သနားကြင်နာစိတ်” သို့မဟုတ် “အလွန်ဂရုစိုက်ခြင်း” ဟုအနက်ပြန်ဆိုနိုင်ကြောင်း ကျမ်းစာကိုးကားချက်တစ်ခုက ဆိုသည်။ ဘုရားသခင်၏ ‘သနားကြင်နာခြင်း’ သည် တစ်စုံတစ်ရာလုပ်ဆောင်ပေးရန် ကိုယ်တော့်ကို လှုံ့ဆော်၏။ ဘုရားသခင်၏ ဤအရည်အသွေးကိုသိရှိရခြင်းက ကျွန်ုပ်တို့ကို ကိုယ်တော့်ထံ ချဉ်းကပ်လိုစိတ် ဖြစ်စေသည်မဟုတ်လော။
ပေါလုသည် ယေဟောဝါကို “နှစ်သိမ့်ခြင်းရှိသမျှ၏အရှင်” အဖြစ်လည်း ဖော်ပြသည်။ ဤတွင် ပေါလုသည် “ဆင်းရဲခက်ခဲနေသူ၊ ဝမ်းနည်းကြေကွဲနေသူတို့ကို နှစ်သိမ့်အားပေးခြင်း သို့မဟုတ် တစ်စုံတစ်ရာကူညီပေးခြင်း” ဟူသည့်သဘောဆောင်သောစကားလုံးကို သုံးနှုန်းထားသည်။ “ဆင်းရဲခက်ခဲနေသူအား နာကျင်မှုကို ခံရပ်နိုင်ရန် အားပေးခြင်းသည် နှစ်သိမ့်မှုပေးခြင်းဖြစ်၏” ဟုကျမ်းစာရှင်းလင်းချက်စာအုပ်က ရှင်းပြသည်။
သို့ဆိုလျှင် ‘နာကျင်မှုကိုခံရပ်နိုင်ရန် ဘုရားသခင်သည် ကျွန်ုပ်တို့အား မည်သို့နှစ်သိမ့်အားပေးတော်မူသနည်း’ ဟုသင်မေးပေမည်။ ကိုယ်တော့်နှုတ်မြွက်တော် သမ္မာကျမ်းစာနှင့် ဆုတောင်းခြင်းအခွင့်ထူးဖြင့် အဓိကနှစ်သိမ့်တော်မူသည်။ ဘုရားသခင်သည် “ကျမ်းစာမှရရှိသော . . . နှစ်သိမ့်ခြင်းတို့အားဖြင့် မျှော်လင့်ခွင့်ရရှိစေရန်” ကိုယ်တော့်နှုတ်မြွက်တော်ကို ကျွန်ုပ်တို့အား မေတ္တာပါစွာပေးထားကြောင်း ပေါလုဆိုသည်။ ထို့ပြင် လှိုက်လှိုက်လှဲလှဲဆုတောင်းခြင်းဖြင့် “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်း” ကို ကျွန်ုပ်တို့တွေ့ကြုံခံစားရနိုင်သည်။—ရောမ ၁၅:၄၊ ကဘ; ဖိလိပ္ပိ ၄:၇။
ဘုရားသခင်သည် မည်သည့်အတိုင်းအတာအထိ ကိုယ်တော့်လူမျိုးကို နှစ်သိမ့်တော်မူသနည်း။ “ဘုရားသခင်သည် ဆင်းရဲဒုက္ခရှိသမျှ၌ ငါတို့ကို နှစ်သိမ့်ပေးတော်မူ၏” ဟုပေါလုဆိုသည်။ (၂ ကောရိန္သု ၁:၄၊ ကဘ) ကျွန်ုပ်တို့ ကြုံတွေ့ရနိုင်သည့် မည်သည့်ဖိစီးမှု၊ စိတ်ဆင်းရဲမှု သို့မဟုတ် ဆင်းရဲခက်ခဲမှုကိုမဆို ခံရပ်နိုင်ရန် လိုအပ်သော ရဲစွမ်းသတ္တိနှင့်ခွန်အားကို ကျွန်ုပ်တို့အား ဘုရားသခင်ပေးနိုင်၏။ ယင်းသည် အမှန်ပင်အားရှိစေသည် မဟုတ်လော။
ဘုရားသခင်ပေးသနားသည့် နှစ်သိမ့်မှုသည် လက်ခံရရှိသူအတွက်သာ မဟုတ်ချေ။ “[ကျွန်ုပ်]တို့သည် ဘုရားသခင်၏ နှစ်သိမ့်ပေးခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရသူတို့အား နှစ်သိမ့်ပေးနိုင်” ရန် ကျွန်ုပ်တို့ကို ဘုရားသခင်နှစ်သိမ့်တော်မူကြောင်း ပေါလုဆက်ပြောသည်။ ဆင်းရဲခက်ခဲမှုကြုံရသောအခါ ကိုယ်တိုင်နှစ်သိမ့်မှုရရှိပြီးနောက် အခြားသူများကိုလည်း ကိုယ်ချင်းစာတတ်ရန်နှင့် လိုအပ်နေသူများကို ကူညီပေးရန် ကျွန်ုပ်တို့လှုံ့ဆော်ခံရကြသည်။
ယေဟောဝါသည် “နှစ်သိမ့်ခြင်းရှိသမျှ၏အရှင်” ဖြစ်သော်လည်း ကျွန်ုပ်တို့၏ နာကျင်မှုနှင့်ပြဿနာများကို လုံးဝပပျောက်သွားအောင် ပြုလုပ်ပေးမည်တော့ မဟုတ်ပါ။ သို့သော် သေချာသည့်အရာတစ်ခုမှာ နှစ်သိမ့်မှုရရန် ကိုယ်တော့်ကို ကျွန်ုပ်တို့မျှော်ကိုးပါက ဘဝတွင်ကြုံတွေ့နိုင်ဖွယ်ရှိသည့် မည်သည့်ကြေကွဲမှု သို့မဟုတ် ပြဿနာများကိုမဆို ခံရပ်ကျော်လွှားနိုင်ရန် ခွန်အားရှိစေတော်မူမည်။ ထိုသို့သနားကြင်နာတတ်သည့် ဘုရားသခင်သည် ကျွန်ုပ်တို့၏ကိုးကွယ်မှုနှင့်ချီးမွမ်းမှုကို အမှန်ပင်ရထိုက်တော်မူသည်။
[အောက်ခြေမှတ်ချက်]
a ဘုရားသခင်ကို “သနားကြင်နာတတ်သည့်အဖ [သို့မဟုတ် သနားကြင်နာမှု၏ရင်းမြစ်]” ဟုခေါ်ဆိုထား၏။ အကြောင်းမှာ သနားကြင်နာစိတ်သည် ကိုယ်တော့်ထံမှအရင်းခံပြီး ယင်းသည် ကိုယ်တော်၏ သဘောသဘာဝဖြစ်သောကြောင့်ဖြစ်သည်။