ဘုရားသခင်ကို အမည်နှင့်တကွ သိကျွမ်းနိုင်ပါသလော
အရေးပါအရာရောက်သော ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံပြီး ၎င်း၏အမည်ကို ခေါ်၍ စကားပြောဆိုရခြင်းသည် ဂုဏ်ယူစရာပင်။ ဂုဏ်အသရေရှိ လူကြီးများကို “ဥက္ကဋ္ဌကြီး၊” “အရှင်မင်းကြီး” “အရှင်ဘုရား” စသည့် ဘွဲ့အမည်များဖြင့် ခေါ်ဆိုလေ့ရှိသည်။ ထို့ကြောင့် အခွင့်အာဏာရှိသူတစ်ဦးက သင့်အား “ကျုပ်ကို နာမည်နဲ့ပဲ ခေါ်စမ်းပါကွာ” ဟုပြောလာလျှင် သင် ဂုဏ်ယူလိုက်မည်ဖြစ်ခြင်း။
စစ်မှန်သော ဘုရားသခင်သည် သမ္မာကျမ်းစာတွင် ဤသို့မိန့်ဆိုတော်မူ၏– ‘ငါသည် ယေဟောဝါ ဘုရားသခင် ဖြစ်၏။ ထိုနာမသည် ငါ့နာမ ဖြစ်၏။’ (ဟေရှာယ ၄၂:၈) ကိုယ်တော်၌ “ဖန်ဆင်းရှင်၊” “အတိုင်းအဆမဲ့ တန်ခိုးရှင်၊” “အချုပ်အခြာအာဏာရှင်” အစရှိသော ဘွဲ့နာမ များစွာရှိသော်လည်း မိမိအား အမည်နှင့်တကွ ခေါ်ဆိုစေခြင်းအားဖြင့် သစ္စာရှိကျေးကျွန်များကို အမြဲဂုဏ်တင်တော်မူသည်။
ဥပမာ၊ ပရောဖက်မောရှေသည် တစ်ချိန်တွင် ဘုရားသခင်အား ‘အို ယေဟောဝါ ဘုရားသခင်’ ဟူ၍ အသနားခံခဲ့သည်။ (ထွက်မြောက်ရာ ၄:၁၀) ဘုရင်ရှောလမုန်သည် ဂျေရုဆလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်ကို အပ်နှံချိန်၌ ‘အို ယေဟောဝါ ဘုရားသခင်’ ဟူ၍ အစချီကာ ဆုတောင်းခဲ့သည်။ (၃ ဓမ္မရာဇဝင် ၈:၂၂၊ ၂၃) ပရောဖက်ဟေရှာယသည် အစ္စရေးလူမျိုး အကျိုးအတွက် ဘုရားသခင်ကို ဤသို့လျှောက်ဆိုခဲ့သည်– ‘အို ယေဟောဝါ ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။’ (ဟေရှာယ ၆၃:၁၆) ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်သည် မိမိအား အမည်နှင့်တကွ ခေါ်ဆိုခွင့်ပြုနေသည်မှာ ရှင်းနေပါသည်။
ယေဟောဝါ ဘုရားသခင်အား အမည်တပ် ခေါ်ဆိုခြင်းက အရေးကြီးသော်လည်း ကိုယ်တော့်ကို အမည်နှင့်တကွ သိကျွမ်းရန် ပို၍အရေးကြီးသည်။ ယေဟောဝါ ဘုရားသခင်ကိုချစ်ပြီး ယုံကြည်ကိုးစားသူကို ကိုယ်တော် ဤသို့ ကတိပြုတော်မူသည်– “ငါ၏နာမကို သိကျွမ်းသောကြောင့် ဘေးကင်းရာအမြင့်သို့ ရောက်စေမည်။” (ဆာလံ ၉၁:၁၄၊ သမ္မာ) ဘုရားသခင့်နာမတော်ကို သိကျွမ်းခြင်းတွင် အဓိပ္ပာယ်များစွာရှိရမည်မှာ ထင်ရှားသည်။ အကြောင်းမှာ ဘုရားသခင့် ကာကွယ်မှုကို ရရှိရန် ယင်းသည် အဓိကကျသောကြောင့် ဖြစ်သည်။ သို့ဖြစ်လျှင် ယေဟောဝါ ဘုရားသခင်ကို အမည်နှင့်တကွ သိကျွမ်းရန် အဘယ်အရာ လိုအပ်သနည်း။