ပျော်ရွှင်တဲ့အနာဂတ်ကို သင် ရွေးချယ်နိုင်—ဘယ်လိုနည်းနဲ့လဲ
ပျော်ရွှင်ကျေနပ်တဲ့ ဘဝအသက်တာကို သင် ဘယ်လို ရရှိနိုင်သလဲ။ ရရှိနိုင်တဲ့ နည်းတစ်နည်းကတော့ သင် အခုချလိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရေရှည်အကျိုးဆက်တွေကို ဆင်ခြင်သုံးသပ်နိုင်တဲ့ သင့်ရဲ့ ထူးခြားတဲ့စွမ်းရည်ကို အသုံးပြုခြင်းပါပဲ။
ကိုယ့်ဘဝတစ်ခုလုံးကို အကျိုးပြုမယ့် ဆုံးဖြတ်ချက်မျိုး ချဖို့က ခက်ခဲတတ်တယ်ဆိုတာ ဝန်ခံရမှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲ။ အကြောင်းကတော့ ကျွန်တော်တို့ဝန်းကျင်က လူအတော်များများဟာ အခုလိုချင်ရင် အခုရမှဖြစ်မယ်ဆိုတဲ့ လူစားမျိုးတွေ ဖြစ်နေလို့ပါ။ ဥပမာ၊ ကျမ်းစာမှာပါတဲ့ အကြံဉာဏ်တွေကို လက်တွေ့လုပ်ဆောင်ခြင်းက မိသားစုနှောင်ကြိုးကို ခိုင်မြဲစေနိုင်တယ်ဆိုတာ သင် သဘောပေါက်ထားပါလိမ့်မယ်။ (ဧဖက် ၅:၂၂–၆:၄) ဒါပေမဲ့ အဲဒီလိုလက်တွေ့လုပ်ဖို့ဆိုရင် အလုပ်နဲ့ အပန်းဖြေမှုတွေမှာ အလွန်အကျွံ မပါဝင်မိအောင် ကြိုးစားရင်း သင့်မိသားစုကို သင် မှန်မှန် အချိန်ပေးရမှာ ဖြစ်တယ်။ ဘဝမှာ ကဏ္ဍတွေက မျိုးပေါင်းစုံလင်လှတဲ့အတွက် ရေတိုလိုဘပြည့်မှုနဲ့ ရေရှည် ကျေနပ်အားရမှုစပ်ကြား တစ်ခုခုကို သင်ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ပညာရှိလမ်းစဉ်ကို ရွေးချယ်နိုင်အောင် လိုအပ်တဲ့ခွန်အားကို ဘယ်ကနေ သင်ရရှိနိုင်သလဲ။ အောက်ပါအဆင့်လေးဆင့်ကို သုံးသပ်ပြီး လုပ်ဆောင်ကြည့်ပါ။
၁ သင့်ဆုံးဖြတ်ချက်ကြောင့် ထွက်ပေါ်လာမယ့် ရလဒ်ကို ကြိုတင်စဉ်းစားပါ
ဆုံးဖြတ်ချက်တစ်ခု ချရတော့မယ်ဆိုရင် အကျိုးဆက်တွေကို အတတ်နိုင်ဆုံး လက်တွေ့ကျကျ ကြိုတင်စဉ်းစားပါ။ ကျမ်းစာက ဒီလိုအကြံပြုတယ်– “စဉ်းစားဉာဏ်ရှိသူတို့သည် မိမိတို့ကြုံတွေ့ရမည့် ဒုက္ခကို ကြိုတင်တွေ့မြင်၍ ရှောင်ရှားတတ်ကြ၏။” (ပညာအလိမ္မာ ၂၂:၃၊ ခမ) အကျိုးဆက်တွေကို ရိုးရိုးသားသား ဆန်းစစ်မယ်ဆိုရင် အန္တရာယ်ရှိနိုင်တဲ့အရာကို မလုပ်မိအောင် ရှောင်ရှားဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ ပညာရှိတဲ့ဆုံးဖြတ်ချက်ရဲ့ ရေရှည်အကျိုးကျေးဇူးတွေကို စဉ်းစားထားမယ်ဆိုရင်တော့ သင့်ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ဖို့ စေ့ဆော်ခံရပါလိမ့်မယ်။
သင့်ကိုယ်သင် ဒီလိုမေးပါ– ‘ငါ့ဆုံးဖြတ်ချက်က တစ်နှစ်လောက်ကြာရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ။ ၁၀ နှစ်လောက်ကြာရင်ရော ဒါမှမဟုတ် အနှစ် ၂၀ လောက်ကြာရင်ရော။ ငါ့ရဲ့စိတ်ပိုင်းနဲ့ ရုပ်ပိုင်းကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲ။ ငါ့ရဲ့ဆုံးဖြတ်ချက်က ငါ့မိသားစုရယ်၊ ငါနဲ့သက်ဆိုင်တဲ့ တခြားသူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မလဲ။’ အရေးကြီးဆုံးကတော့ ‘ငါ့ဆုံးဖြတ်ချက်က ငါကိုးကွယ်တဲ့ ဘုရားသခင်ရဲ့စိတ်ကို ပျော်ရွှင်စေပါ့မလား။ ငါနဲ့ ဘုရားသခင်ကြားက ဆက်ဆံရေးကို ဘယ်လို အကျိုးသက်ရောက်စေမလဲ’ ဆိုပြီး မေးဖို့ပါပဲ။ ကျမ်းစာက ဘုရားသခင့်လမ်းညွှန်မှုနဲ့ ရေးထားတာဖြစ်လို့ ကျမ်းစာရဲ့အကူအညီနဲ့ ဘုရားသခင်ကို ဘာက ပျော်ရွှင်စေသလဲဆိုတာ ခွဲခြားသိမြင်နိုင်ပြီး သင် သတိမထားမိတဲ့ ထောင်ချောက်တွေကို တွေ့မြင်ရပါလိမ့်မယ်။—ပညာအလိမ္မာ ၁၄:၁၂။ ၂ တိမောသေ ၃:၁၆။
၂ ရွေးချယ်စရာများကို သင်ကိုယ်တိုင် စစ်ဆေးပါ
လူအတော်များများက ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ဖို့မကြိုးစားဘဲ ဝန်းကျင်မှာရှိသူတွေ လုပ်တဲ့အတိုင်း လိုက်လုပ်တတ်ကြတယ်။ ဒါပေမဲ့ လမ်းစဉ်တစ်ခုက လူအများကြိုက်နှစ်သက်ရုံနဲ့ပဲ ပျော်ရွှင်မှု ရစေမယ်လို့ မပြောနိုင်ပါဘူး။ ရွေးချယ်စရာများကို သင်ကိုယ်တိုင် စစ်ဆေးပါ။ ဥပမာ၊ သင်းသင်းကို သုံးသပ်ကြည့်ပါ။a သူက ဒီလိုရှင်းပြပါတယ်– “ကျွန်မ သာယာတဲ့အိမ်ထောင်တစ်ခု တည်ဆောက်ချင်ပါတယ်။ ဒါပေမဲ့ ကျွန်မ အသက်ရှင်နေတဲ့ဝန်းကျင်က ကျွန်မရဲ့ဆန္ဒကို မဖြစ်မြောက်စေနိုင်ဘူးဆိုတာ သတိထားမိတယ်။ ကောလိပ်ကျောင်းမှာ ကျွန်မပေါင်းသင်းနေတဲ့ သူငယ်ချင်းအားလုံးက အရမ်းထက်မြက်ကြတဲ့သူတွေပါ။ ဒါပေမဲ့ သူတို့ရဲ့ဘဝမှာ မမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို အမြဲလိုလို ချနေကြတယ်။ ရည်းစားတွေ ထည်လဲတွဲကြတယ်။ သူတို့လိုပဲ ကျွန်မလည်း ရည်းစားတွေ အများကြီး ထားခဲ့တယ်။ အဲဒီလိုလုပ်တဲ့အတွက် ကျွန်မ စိတ်ဒဏ်ရာတွေ အများကြီး ရခဲ့တယ်။”
သင်းသင်းဟာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာခဲ့ပါတယ်။ သူဒီလိုပြောပြတယ်– “သက်သေခံတွေကြားမှာ ပျော်ရွှင်တဲ့လူငယ်တွေနဲ့ သာယာတဲ့အိမ်ထောင်တွေကို ကျွန်မ တွေ့လိုက်ရတယ်။ ဒါကြောင့် ကျွန်မရဲ့စံနှုန်းတွေနဲ့ ဘဝပုံစံကို တဖြည်းဖြည်း ပြောင်းလဲပစ်လိုက်တယ်။ အဲဒီလိုလုပ်ရတာ လွယ်တာတော့ မဟုတ်ပါဘူး။” ရလဒ်က ဘာလဲ။ သင်းသင်း ဒီလိုပြောပြတယ်– “ကျွန်မ အရမ်းလေးစားရတဲ့သူနဲ့ လက်ထပ်ချင်တဲ့ဆန္ဒ ကျွန်မမှာ အမြဲရှိခဲ့တယ်။ အချိန်တန်တော့၊ ကျွန်မရဲ့ ဘာသာတရားယုံကြည်ချက်နဲ့တူတဲ့သူကို လက်ထပ်လိုက်တယ်။ ကျွန်မ မျှော်လင့်ထားတာထက် ပိုကောင်းတဲ့ မိသားစုဘဝကို ဘုရားသခင် ပေးခဲ့တယ်လို့ ခံစားရပါတယ်။”
၃ ရေရှည်အကျိုးဆက်ကို ကြည့်မျှော်ပါ
သင့်အနေနဲ့ ရေတိုမတွေးမိအောင် အနာဂတ်မှာ သင် ဘာဖြစ်ချင်သလဲ၊ ဖြစ်ချင်တဲ့အရာကို ဘယ်လို အစီအစဉ်ဆွဲပြီး ရအောင်ယူမလဲ ဆိုတာတွေကို သင့်စိတ်ထဲ ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့ လိုအပ်ပါတယ်။ (ပညာအလိမ္မာ ၂၁:၅) သင်စဉ်းစားတဲ့အခါ လူ့သာမန်သက်တမ်းဖြစ်တဲ့ အနှစ် ၇၀၊ ၈၀ လောက်အတွက်ပဲ မစဉ်းစားပါနဲ့။ ကျမ်းစာမှာဖော်ပြထားတဲ့ အဆုံးမရှိအနာဂတ်အတွက် ဆုံးဖြတ်လုပ်ကိုင်ပါ။ အဲဒီလိုအချိန်မှာ သင်ပျော်ရွှင်နေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။
ဘုရားသခင်က ခရစ်တော်ယေရှု ပေးဆက်သွားတဲ့ အသက်ရဲ့တန်ဖိုးကိုသုံးပြီး လူသားတွေ ထာဝရအသက်ရနိုင်အောင် ပြင်ဆင်ပေးတယ်လို့ ကျမ်းစာက ရှင်းပြတယ်။ (မဿဲ ၂၀:၂၈။ ရောမ ၆:၂၃) ဘုရားသခင်က လူသားထုကြီးနဲ့ ကမ္ဘာမြေကြီးအတွက် သူ့ရဲ့မူလရည်ရွယ်ချက်ကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ဘုရားသခင်ကို ချစ်မြတ်နိုးတဲ့သူတွေက ပြန်လည်တည်ထောင်ထားတဲ့ သာယာလှပတဲ့ ဒီကမ္ဘာပေါ်မှာ ထာဝစဉ်အသက်ရှင်ခွင့် ရကြမှာပါ။ (ဆာလံ ၃၇:၁၁။ ဗျာဒိတ် ၂၁:၃-၅) သင်လည်းပဲ ရေရှည်အကျိုးဆက်ကို ကြည့်မျှော်မယ်ဆိုရင် အဲဒီလိုအနာဂတ်မျိုးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
၄ ပန်းတိုင်ရောက်အောင် လုပ်ဆောင်ပါ
ကျမ်းစာမှာကတိပြုထားတဲ့ အနာဂတ်မျိုးကို သင်ပိုင်ဆိုင်ချင်တယ်ဆိုရင် ဘာလုပ်ရမလဲ။ ဘုရားသခင်နဲ့ပတ်သက်တဲ့ အသိပညာကို လေ့လာဆည်းပူးခြင်းကနေ စတင်ပါ။ (ယောဟန် ၁၇:၃) တိကျမှန်ကန်တဲ့ ကျမ်းစာအသိပညာက ဘုရားသခင့်ကတိတော် အနာဂတ်မှာ တကယ်ဖြစ်လာမယ်ဆိုတာ သင့်ကို ယုံကြည်စိတ်ချစေပါလိမ့်မယ်။ အဲဒီယုံကြည်စိတ်ချမှုက သင့်ကို ဘုရားသခင့်မျက်နှာသာရဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်စေနိုင်မှာ ဖြစ်ပါတယ်။
ကိုမျိုးမင်းရဲ့ အတွေ့အကြုံကို သုံးသပ်ကြည့်ပါ။ သူက ဒီလိုပြန်ပြောပြတယ်– “ကျွန်တော် အသက် ၁၂ နှစ်အရွယ်လောက်ကနေစပြီး အရက်ကို အလွန်အကျွံသောက်၊ မူးယစ်ဆေးဝါးတွေကိုလည်း တလွဲအသုံးပြုခဲ့တယ်။ ကျွန်တော်က လူဆိုးဂိုဏ်းဝင်တစ်ဦးလည်းဖြစ်တော့ အသက် ၃၀ လောက်ဆိုရင် သေမှာပါပဲလို့ တွက်ထားတာ။ ကျွန်တော့်ရဲ့ဒေါသနဲ့ စိတ်မချင့်မရဲဖြစ်မှုတွေကြောင့် သေကြောင်းကြံခဲ့တဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ဘူး။ လူ့ဘဝဆိုတာ ဒီလောက်ပဲမဟုတ်ဘူး၊ ဒီထက်ကောင်းတာ ရှိဦးမှာပါလို့ ကျွန်တော် မျှော်လင့်ပေမဲ့ ရှာလို့မတွေ့ခဲ့ပါဘူး။” ကိုမျိုးမင်း အထက်တန်းကျောင်းတက်နေတုန်း သူနဲ့တစ်ဂိုဏ်းတည်းဖြစ်တဲ့ လူဆိုးတစ်ယောက်က ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ ကိုမျိုးမင်းလည်း သက်သေခံတွေနဲ့ ကျမ်းစာ လေ့လာလိုက်တယ်။
ကျမ်းစာကနေ ကိုမျိုးမင်းသိရှိလိုက်ရတာတွေက သူ့အနာဂတ်အပေါ် ရှုမြင်ပုံကို ပြောင်းလဲပေးလိုက်တယ်။ “အနာဂတ်မှာ ဒီကမ္ဘာကြီးက သာယာလှပတဲ့နေရာတစ်ခု ပြန်ဖြစ်လာမယ်၊ လူတွေကလည်း စိုးရိမ်ပူပန်မှုမရှိဘဲ ငြိမ်သက်အေးချမ်းစွာ နေနိုင်ကြမယ်ဆိုတာကို ကျွန်တော် သိရှိခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်တော်လည်း ရှိနေမယ်ဆိုပြီး မြင်ယောင်ကြည့်လိုက်တယ်။ ယေဟောဝါဘုရားသခင်နဲ့ ရင်းနှီးတဲ့နှောင်ကြိုးဖွဲ့ဖို့က ကျွန်တော့်ရဲ့ပန်းတိုင် ဖြစ်လာတယ်။ ဒါပေမဲ့ ယေဟောဝါကို အမြဲ စိတ်ရွှင်လန်းအောင်တော့ ကျွန်တော် မလုပ်နိုင်ခဲ့ဘူး။ ကျမ်းစာလေ့လာနေရင်းနဲ့တောင် အရက်အလွန်အကျွံ သောက်မိတဲ့အခါတွေ ရှိတဲ့အပြင် မိန်းကလေးတစ်ယောက်နဲ့လည်း မှားယွင်းခဲ့သေးတယ်။”
ကိုမျိုးမင်းဟာ ပျော်ရွှင်တဲ့ဘဝတစ်ခု ထူထောင်နိုင်ဖို့ အဲဒီလိုအမူအကျင့်တွေကို ဘယ်လို ကျော်လွှားနိုင်ခဲ့သလဲ။ သူဒီလိုပြောပြတယ်– “ကျွန်တော့်ကို ကျမ်းစာသင်ပေးတဲ့သူက ကျမ်းစာ နေ့တိုင်းဖတ်ဖို့၊ ဘုရားသခင့်စိတ်ကို ရွှင်လန်းအောင်လုပ်ချင်တဲ့သူတွေနဲ့ ပေါင်းသင်းဖို့ အားပေးတယ်။ လူဆိုးဂိုဏ်းသားတွေက ကျွန်တော့်အပေါ် ဩဇာလွှမ်းမိုးနေတုန်းပဲဆိုတာ သတိထားမိတယ်။ သူတို့တွေက ကျွန်တော့်ရဲ့မိသားစုဝင်တွေလို ဖြစ်ပေမဲ့လည်း သူတို့နဲ့ အဆက်အသွယ် လုံးဝဖြတ်လိုက်တယ်။”
ကိုမျိုးမင်းဟာ ရေတိုပန်းတိုင်လေးတွေနဲ့ ဦးစားပေးရာတွေကို ချမှတ်လိုက်တယ်။ အဲဒါက ဘုရားသခင့်စံနှုန်းနဲ့အညီ သူ့ဘဝကို ပြုပြင်ပြောင်းလဲဖို့ဆိုတဲ့ သူ့ရဲ့ ပိုပြီးကြီးမားတဲ့ ပန်းတိုင်ကိုရောက်အောင် ကူညီပေးခဲ့တယ်။ သင်လည်း အဲဒီလို လုပ်ဆောင်နိုင်ပါတယ်။ သင့်ရဲ့ ရေရှည်ပန်းတိုင်ကြီးကိုရော ပန်းတိုင်ငယ်လေးတွေကိုပါ ချရေးလိုက်ခြင်းက ပန်းတိုင်ကိုရောက်အောင် ကူညီပေးနိုင်ပါတယ်။ သင့်ကို ကူညီပေးနိုင်မယ့်သူတွေကို သင့်မှာ ဘာပန်းတိုင်ရှိတယ်ဆိုတာ ပြောပြပါ၊ သင့်တိုးတက်မှုကို စောင့်ကြည့်ပေးပါဆိုပြီး သူတို့ကို အကူအညီ တောင်းပါ။
ဘုရားသခင်အကြောင်း လေ့လာဖို့၊ ဘုရားသခင့်လမ်းညွှန်ချက်ကို သင့်ဘဝမှာ လက်တွေ့ကျင့်သုံးဖို့ အချိန်ရွှေ့ဆိုင်းမနေပါနဲ့။ အခုကတည်းက ဘုရားသခင်နဲ့ သမ္မာကျမ်းစာကို ချစ်မြတ်နိုးတတ်လာအောင် လုပ်ဆောင်ပါ။ ကျမ်းစာမူတွေကို လက်တွေ့လုပ်ဆောင်တဲ့ လူတစ်ဦးနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– “ထိုသူသည် . . . ပြုလေသမျှတို့၌ အောင်လိမ့်မည်။”—ဆာလံ ၁:၁-၃။
[အောက်ခြေမှတ်ချက်]
a ဒီဆောင်းပါးမှာပါတဲ့ နာမည်တွေကို ပြောင်းထားပါတယ်။