ဘဝအတ္ထုပ္ပတ္တိ
ဆင်းရဲပေမဲ့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လို့ ပျော်ရွှင်
ကျွန်တော်ရဲ့အဖိုးနဲ့ အဖေတို့ဟာ မော်လ်ဒိုဗာနိုင်ငံရဲ့ မြောက်ပိုင်းမှာရှိတဲ့ ကိတိဇာနီရွာကလေးက အပြီးမသတ်နိုင်တဲ့ အိမ်လေးတစ်အိမ်မှာ နေခဲ့ကြတယ်။ အဲဒီရွာမှာ ကျွန်တော့်ကို ၁၉၃၉၊ ဒီဇင်ဘာလမှာ မွေးဖွားခဲ့တယ်။ ၁၉၃၀ ပြည့်နှစ်နောက်ပိုင်းမှာ အဖိုးနဲ့ အဖေဟာ ယေဟောဝါသက်သေတွေ ဖြစ်လာကြတယ်။ အဖိုးဟာ ရွာက ခရစ်ယာန်ဘုန်းကြီးထက် ကျမ်းစာအကြောင်း ပိုသိနေတယ်ဆိုတာ အမေ သဘောပေါက်သွားတဲ့အခါ အမေလည်း သက်သေခံတစ်ယောက် ဖြစ်လာတယ်။
ကျွန်တော် အသက် ၃ နှစ်မှာ အဖေ၊ ဦးလေးနဲ့ အဖိုးတို့ဟာ ခရစ်ယာန်ကြားနေမှုကြောင့် အလုပ်ကြမ်းစခန်းတွေဆီ အပို့ခံလိုက်ရတယ်။ အဲဒီမှာ အဖေတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တယ်။ ၁၉၄၇ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားလို့ အဖေ အိမ်ပြန်ရောက်လာချိန်မှာတော့ အဖေ့ရဲ့ခါးရိုး ကျိုးနေပါပြီ။ အဖေဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတဲ့ကြားက ယုံကြည်ခြင်းမှာ မြဲမြံစွာ ရပ်တည်ခဲ့တယ်။
ကျွန်တော်တို့ဘဝရဲ့ ကြီးမားတဲ့အပြောင်းအလဲများ
ကျွန်တော် ၉ နှစ်အရွယ်မှာ ကျွန်တော်တို့မိသားစုနဲ့ မော်လ်ဒိုဗာနိုင်ငံက တခြားရာနဲ့ချီတဲ့ သက်သေခံတွေဟာ ဆိုက်ဘေးရီးယားကို နယ်နှင်ခံရကြတယ်။ ၁၉၄၉၊ ဇူလိုင် ၆ ရက်နေ့မှာ ကျွန်တော်တို့ကို ကျွဲနွားတင်တဲ့ မီးရထားပေါ် တိရစ္ဆာန်တွေလို တင်ခေါ်သွားတယ်။ မိုင်ပေါင်း ၄,၀၀၀ ကျော်ကို ၁၂ ရက်ကြာ မရပ်မနားခရီးနှင်ပြီးနောက် လက်ဘ်ယာဇ်ဆိုတဲ့ ဘူတာရုံမှာ ခရီးဆုံးသွားတယ်။ အဲဒီမှာ ဒေသခံအာဏာပိုင်တွေက ကျွန်တော်တို့ကို စောင့်နေကြတယ်။ ကျွန်တော်တို့ကို အုပ်စုငယ်လေးတွေအဖြစ် ခွဲပြီး နေရာအနှံ့ကို ချက်ချင်း ပို့လိုက်ကြတယ်။ ကျောင်းဆောင်အလွတ်လေးတစ်ခုက ကျွန်တော်တို့အုပ်စုရဲ့နေအိမ် ဖြစ်လာတယ်။ ကျွန်တော်တို့ဟာ ပင်ပန်းနွမ်းလျပြီး စိတ်လေးနေကြတယ်။ အဲဒီအချိန်မှာ သက်ကြီးညီအစ်မတစ်ယောက်က ဒုတိယကမ္ဘာစစ်အတွင်း သက်သေခံတွေ စပ်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို စပြီးညည်းလိုက်တယ်။ မကြာခင်မှာပဲ ကျွန်တော်တို့အားလုံး သူနဲ့အတူ အဲဒီသီချင်းကို အားရပါးရ သီဆိုခဲ့ကြတယ်။ သီချင်းမှာပါတဲ့ စာသားတွေကတော့–
“ညီအစ်ကိုများစွာ အဝေးကို နယ်နှင်ခံကြရ။
ညီအစ်ကိုတွေကို မြောက်ဘက်နဲ့ အရှေ့ဘက်ဆီ သူတို့ ခေါ်သွားကြ။
ညီအစ်ကိုတွေ ဘုရားအလုပ်,လုပ်ကြလို့ ဒုက္ခတောရှိရာ အပို့ခံရ၊ အဲဒီမှာ သေလောက်တဲ့ အခက်အခဲတွေကို ခံရပ်ခဲ့ကြ။”
နောက်ပိုင်း ကျွန်တော်တို့ဟာ အိမ်နဲ့ ရှစ်မိုင်လောက်ဝေးတဲ့နေရာမှာ တနင်္ဂနွေနေ့တိုင်း ကျမ်းစာဆွေးနွေးတဲ့ စည်းဝေးတွေကို တက်နိုင်ခဲ့ကြတယ်။ မှောင်မည်းနေတဲ့ ဆောင်းမနက်တွေမှာ စောစောထကြရပြီး အပူချိန် (-၄၀˚C) မှာ ခါးလောက်ရှိတဲ့ နှင်းထုကြီးတွေကြား ခြေကျင်သွားခဲ့ရတယ်။ အယောက် ၅၀ ထက်မနည်းတဲ့ ကျွန်တော်တို့ဟာ အခန်းကျဉ်းလေးထဲမှာ ကျပ်ကျပ်သိပ်သိပ် ပူးကပ်ထိုင်ရတယ်။ ကျွန်တော်တို့ဟာ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ဆိုကြတယ်။ ညီအစ်ကိုတစ်ယောက်က စိတ်နှလုံးပါပါ ဆုတောင်းပေးပြီးနောက် ကျမ်းစာမေးခွန်းတွေကို တစ်နာရီ ဒါမှမဟုတ် ဒီထက်ကြာကြာ ဆွေးနွေးခဲ့ကြတယ်။ အဲဒီနောက် ကျွန်တော်တို့ သီချင်းတွေ ထပ်ဆိုပြီး နောက်ထပ်ကျမ်းစာမေးခွန်းတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်။ တကယ့်ကို ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ အချိန်လေးပါပဲ။
အခက်အခဲသစ်တွေ ရင်ဆိုင်ရ
၁၉၇၄ ခုနှစ်လောက်က ဂျန်ကွိုင်ဘူတာရုံမှာ
ပြည်နှင်ဒဏ်ခံရတဲ့ သက်သေခံတွေဟာ ၁၉၆၀ ပြည့်နှစ်မှာ လွတ်လပ်မှု အတော်လေး ရလာတယ်။ ကျွန်တော်တို့က ဆင်းရဲပေမဲ့ မော်လ်ဒိုဗာနိုင်ငံကို ကျွန်တော် လည်ပတ်နိုင်ခဲ့ပြီး အဲဒီမှာ နီနာနဲ့ တွေ့ဆုံခဲ့တယ်။ သူ့ရဲ့မိဘတွေကော၊ အဖိုးအဖွားတွေကပါ သက်သေခံတွေဖြစ်ကြတယ်။ မကြာခင်မှာ ကျွန်တော်တို့ လက်ထပ်ပြီး ဆိုက်ဘေးရီးယားကို ပြန်သွားကြတယ်။ အဲဒီမှာပဲ သမီးလေး ဒိုင်နာကို ၁၉၆၄ ခုနှစ်မှာမွေးပြီး သားလေး ဗီခ်တောကို ၁၉၆၆ ခုနှစ်မှာ မွေးဖွားခဲ့တယ်။ နှစ်နှစ်ကြာပြီးနောက် ကျွန်တော်တို့ ယူကရိန်းနိုင်ငံကို ပြောင်းရွှေ့ပြီး ဂျန်ကွိုင်မြို့က အိမ်လေးမှာ နေထိုင်ခဲ့ကြတယ်။ အဲဒီမြို့လေးဟာ ခရိုင်မီယာကျွန်းဆွယ်ပေါ်က ယော့လ်တာမြို့နဲ့ မိုင် ၁၀၀ နီးပါး ကွာဝေးတယ်။
ခရိုင်မီယာကျွန်းဆွယ်မှာရှိတဲ့ ယေဟောဝါသက်သေတွေက ဆိုဗီယက်ပြည်ထောင်စုလက်အောက်မှာ ရှိနေသေးလို့ သက်သေခံတွေရဲ့ လုပ်ငန်းကို ပိတ်ပင်ထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို တင်းတင်းကျပ်ကျပ် မပိတ်ပင်သလို ပြင်းပြင်းထန်ထန် ဖမ်းဆီးနှိပ်စက်တာမျိုးလည်း မရှိပါဘူး။ ဒါကြောင့် ညီအစ်ကို၊ ညီအစ်မတချို့ဟာ အမှန်တရားမှာရှိတဲ့ သူတို့ရဲ့ စိတ်ထက်သန်မှု တဖြည်းဖြည်းနဲ့ လျော့နည်းလာတယ်။ ဆိုက်ဘေးရီးယားမှာတုန်းက ဒုက္ခအများကြီးခံခဲ့ရလို့ အခုတော့ အဆင်ပြေပြေနေနိုင်ဖို့ ရုပ်ပစ္စည်း ကြိုးစားရှာတာ မမှားဘူးလို့ သူတို့ ဆင်ခြေပေးလာကြတယ်။
စိတ်လှုပ်ရှားဖွယ် တိုးတက်မှုများ
၁၉၉၁၊ မတ် ၂၇ ရက်နေ့မှာ ဆိုဗီယက်ပြည်ထောင်စုတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုတွေကို အစိုးရက တရားဝင်ခွင့်ပြုလိုက်တယ်။ ဒါနဲ့ သက်သေခံတွေက ချက်ချင်းပဲ နှစ်ရက်ကြာ အထူးစည်းဝေးကြီးကို နိုင်ငံတစ်ဝန်း နေရာခုနှစ်နေရာမှာ ကျင်းပဖို့ စီစဉ်လိုက်ကြတယ်။ ကျွန်တော်တို့က ဩဂုတ် ၂၄ ရက်မှာကျင်းပမယ့် ယူကရိန်းနိုင်ငံ၊ အိုဒက်စာမြို့က စည်းဝေးကြီးကို သွားတက်ရမယ်။ ဘောလုံးကွင်းကြီးထဲမှာ ကျင်းပမယ့် ဒီစည်းဝေးကြီးအတွက် ကြိုတင်ပြင်ဆင်ရာမှာ ကူညီနိုင်ဖို့ ကျွန်တော် တစ်လကြိုသွားခဲ့တယ်။
ကျွန်တော်တို့ ရက်ပေါင်းများစွာ တစ်နေကုန် အလုပ်လုပ်ခဲ့ကြပြီး ညရောက်ရင် အားကစားရုံက ခုံတန်းရှည်ပေါ်မှာ မကြာခဏဆိုသလို အိပ်ခဲ့ရတယ်။ သက်သေခံညီအစ်မတွေက အားကစားရုံ၀င်းကြီးကို သန့်ရှင်းရေး လုပ်ခဲ့တာ အမှိုက် တန် ၇၀ လောက်တောင် ထွက်လာတယ်။ နေရာထိုင်ခင်း စီစဉ်ရေးမှာ တာဝန်ကျသူတွေကလည်း စည်းဝေးကြီးတက်ရောက်မယ့် ကိုယ်စားလှယ် ခန့်မှန်းခြေ ၁၅,၀၀၀ အတွက် တည်းခိုနိုင်မယ့်နေရာတွေကို မြို့အနှံ့ ရှာဖွေခဲ့ကြတယ်။ အဲဒီနောက် ထိတ်လန့်စရာသတင်းကို ရုတ်တရက် ကြားလိုက်ရတယ်။
စည်းဝေးကြီးမစခင် ငါးရက်အလို ဩဂုတ် ၁၉ ရက်နေ့မှာ ဆိုဗီယက်ပြည်ထောင်စုရဲ့သမ္မတ မီခေလ် ဂေါ့ဘာဂျော်ဗ်ဟာ စည်းဝေးကြီးလုပ်မယ့်နေရာနဲ့ သိပ်မဝေးတဲ့ ယော့လ်တာမြို့နားမှာ အပန်းဖြေခရီးထွက်နေတုန်း အဖမ်းခံလိုက်ရတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ စည်းဝေးကြီးအစီအစဉ် ဖျက်သိမ်းခံလိုက်ရတယ်။ ကိုယ်စားလှယ်တွေက “ဘတ်စကား၊ ရထားတွေ စီစဉ်ထားတာကို ကျွန်တော်တို့ ဘယ်လိုလုပ်ရမှာလဲ” ဆိုပြီး စည်းဝေးကြီးရုံးခန်းကို ဖုန်းဆက်မေးကြတယ်။ စည်းဝေးကြီးကို ဦးစီးတဲ့တာဝန်ရှိ ညီအစ်ကိုတွေက စိတ်ထက်သန်စွာ ဆုတောင်းပြီးတဲ့နောက် “ဘယ်လိုပဲဖြစ်ဖြစ် လာခဲ့ကြပါ” လို့ သူတို့ကို ပြန်ပြောခဲ့တယ်။
ဆုတောင်းရင်းနဲ့ပဲ ပြင်ဆင်မှုတွေ ဆက်လုပ်ခဲ့ကြတယ်။ ဆိုဗီယက်ပြည်ထောင်စု ဒေသအရပ်ရပ်ကနေ စည်းဝေးကြီးတက်ဖို့ လာကြတဲ့သူတွေကို သယ်ယူပို့ဆောင်ရေးဌာနက ကြိုဆိုတွေ့ဆုံပြီး သူတို့တည်းခိုမယ့် နေရာတွေဆီ ခေါ်သွားကြတယ်။ မနက်တိုင်း စည်းဝေးကြီးကော်မတီဝင်တွေဟာ မြို့တော်အရာရှိတွေနဲ့ တွေ့ဆုံဖို့ ထွက်သွားကြတယ်။ ဒါပေမဲ့ ညဘက်ပြန်လာတိုင်း သတင်းကောင်း ပါမလာဘူး။
ကျွန်တော်တို့ဆုတောင်းချက်တွေရဲ့ အဖြေ
စည်းဝေးကြီးမကျင်းပခင် နှစ်ရက်အလို ဩဂုတ် ၂၂ ရက်၊ ကြာသပတေးနေ့မှာ စည်းဝေးကြီးကော်မတီဝင်တွေဟာ သတင်းကောင်းနဲ့ ပြန်လာကြတယ်။ စည်းဝေးကြီးကျင်းပဖို့ ခွင့်ပြုချက် ရလိုက်ပြီတဲ့။ စနေနေ့မနက်၊ စည်းဝေးကြီးရဲ့အဖွင့်သီချင်းကို ကျွန်တော်တို့ သီဆိုပြီး အဖွင့်ဆုတောင်းနေချိန် ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ဝမ်းသာမှုတွေ ပြည့်လျှံလို့နေပါတယ်။ အဲဒီနေ့အစီအစဉ်ပြီးသွားတဲ့နောက်မှာ ကျွန်တော်တို့ဟာ ညမိုးချုပ်တဲ့အထိ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ စကားပြောလို့ မပြီးနိုင်တော့ဘူး။ ဒီမှာရှိတဲ့ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေဟာ အဆိုးဝါးဆုံး စမ်းသပ်မှုတွေအောက် ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့တဲ့ ယုံကြည်ခြင်းခိုင်ခံ့သူတွေဖြစ်တယ်။
၁၉၉၁ ခုနှစ်၊ အိုဒက်စာမြို့က စည်းဝေးကြီး
စည်းဝေးကြီးပြီးနောက် ၂၂ နှစ်အတွင်း အဖွဲ့အစည်းမှာ ကြီးမားတဲ့တိုးတက်မှုတွေ ဖြစ်လာခဲ့တယ်။ ယူကရိန်းနိုင်ငံတစ်ဝန်းမှာ နိုင်ငံတော်ခန်းမတွေကို ဆောက်လုပ်ပြီးစီးခဲ့တယ်။ ၁၉၉၁ ခုနှစ်တုန်းက ကြေညာသူ နှစ်သောင်းခွဲပဲရှိပေမဲ့ အခုတော့ တစ်သိန်းခွဲတောင် ကျော်သွားပြီ။
ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လို့ ပျော်ရွှင်နေ
ကျွန်တော်တို့ မိသားစုဟာ လူဦးရေ ၄၀,၀၀၀ လောက်ရှိတဲ့ ဂျန်ကွိုင်မြို့က အရင်အိမ်လေးမှာ အခုထိ ဆက်နေကြတုန်းပဲ။ ၁၉၆၈ ခုနှစ်မှာ ဆိုက်ဘေးရီးယားကနေ ကျွန်တော်တို့ ဒီကို ရောက်တုန်းက သက်သေခံမိသားစု နည်းနည်းလေးပဲရှိခဲ့ပေမဲ့ အခု အသင်းတော် ၆ ခုတောင် ရှိနေပါပြီ။
ကျွန်တော့်မိသားစုလည်း တဖြည်းဖြည်းများလာတယ်။ အခုဆိုရင် ကျွန်တော်တို့လင်မယား၊ သားသမီးတွေ၊ မြေးတွေ၊ မြစ်တွေအားလုံး မျိုးဆက်လေးဆက်အထိ ယေဟောဝါဘုရားသခင်ကို ပျော်ရွှင်စွာ ဝတ်ပြုကိုးကွယ်နေကြပါတယ်။