မျက်နှာဖုံးဆောင်းပါး | နာမ်ဝိညာဉ်ဘုံအကြောင်း သိကောင်းစရာများ
နာမ်ဝိညာဉ်ဘုံမှ ပုဂ္ဂိုလ်တွေအကြောင်း မေးခွန်းများ
နာမ်ဝိညာဉ်ဘုံအကြောင်း၊ အဲဒီမှာ နေထိုင်သူတွေအကြောင်း သင်စဉ်းစားဖူးသလား။ စဉ်းစားဖူးတယ်ဆိုရင် သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီအကြောင်းကို နှစ်ထောင်ပေါင်းများစွာကတည်းက လူတွေ တွေးဆခဲ့ကြတယ်။ ဝိညာဉ်ဘုံဆိုတာ ရိုသေကိုင်းရှိုင်းထိုက်တဲ့ ကွယ်လွန်သူ ဘိုးဘေးတွေ နေထိုင်တဲ့နေရာလို့ တချို့ယူဆကြတယ်။ တချို့ကျတော့လည်း အဲဒါကို ကောင်းကင်ဘုံလို့ခေါ်တဲ့ အေးချမ်းလှပတဲ့ နေရာတစ်ခုအဖြစ် စိတ်ကူးပုံဖော်ကြပြီး အဲဒီမှာ ကောင်းကင်တမန်တွေ၊ ကွယ်လွန်သွားတဲ့ သူတော်ကောင်းတွေ နေထိုင်တယ်လို့ ယူဆကြတယ်။ တချို့ကျပြန်တော့ ဝိညာဉ်ဘုံဆိုတာ သန်းပေါင်းများစွာသော နတ်ဘုရားတွေရဲ့ ဌာနေတစ်ခုလို့ ထင်ကြတယ်။
ဝိညာဉ်ဘုံကနေ ရောက်လာပြီး အဲဒီအကြောင်း ပြောပြနိုင်မယ့် မျက်မြင်သက်သေဆိုလို့ တစ်ယောက်မှ မရှိတဲ့အတွက် ဝိညာဉ်ဘုံအကြောင်း ဘာမှမသိနိုင်ဘူးဆိုပြီး လူအတော်များများ ယူဆကြတယ်။ အဲဒီလိုယူဆတာ တကယ်တော့ မမှန်ပါဘူး။ ယေရှုခရစ်ဟာ ကမ္ဘာမြေကို မလာခင် ဝိညာဉ်ဘုံဖြစ်တဲ့ ကောင်းကင်မှာ ရှိခဲ့တယ်။ ပထမရာစုမှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေကို “ငါသည် ငါ့အလိုအတိုင်း ဆောင်ရွက်ရန် ကောင်းကင်မှ ဆင်းသက်သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသော အရှင်၏ အလိုတော်ကို ဆောင်ရန် ဆင်းသက်လာ၏” ဆိုပြီး ပွင့်ပွင့်လင်းလင်း သူပြောခဲ့တယ်။ “ငါ့အဖ၏အိမ်တော်၌ နေစရာအခန်း များစွာရှိ၏” ဆိုပြီး တမန်တော်တွေကို သူပြောတာက ကိုယ်တိုင် မြင်ခဲ့ကြားခဲ့တာတွေကို ပြန်ပြောပြနေတာပါပဲ။—ယောဟန် ၆:၃၈; ၁၄:၂။
ယေရှုရဲ့အဖဆိုတာ ဘုရားသခင်ပါ။ ကိုယ်တော့်နာမည်က ယေဟောဝါလို့ခေါ်တယ်။ (ယေရမိ ၃၃:၂) ယေဟောဝါဘုရားရဲ့ “အိမ်တော်” ဟာ ကောင်းကင်မှာ ရှိပါတယ်။ ဒါကြောင့် မမြင်ရတဲ့ ကောင်းကင်ဘုံအကြောင်းကို ယေဟောဝါဘုရားနဲ့ ယေရှုလောက် ဘယ်သူမှ ပိုပြီးပြောပြနိုင်မှာ မဟုတ်ဘူး။ သူတို့က သစ္စာရှိသူတွေကို ခမ်းနားထည်ဝါတဲ့ စိတ်အာရုံတွေကတစ်ဆင့် ဝိညာဉ်ဘုံအကြောင်း အများကြီး ဖော်ပြထားတယ်။
လူတချို့ မြင်ခဲ့ရတဲ့ စိတ်အာရုံအကြောင်း ကျမ်းစာမှတ်တမ်းတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးထားတယ်။ အဲဒီစိတ်အာရုံတွေကို သုံးသပ်သွားတဲ့အခါ သတိပြုရမှာက ဝိညာဉ်ဘုံဟာ ထိတွေ့ကိုင်တွယ်နိုင်တဲ့အရာ၊ မြင်တွေ့ရတဲ့အရာ မဟုတ်ဘူးဆိုတဲ့ အချက်ပါ။ ဒါကြောင့် ဘုရားသခင်က ဝိညာဉ်ပုဂ္ဂိုလ်တွေပဲ နားလည်တဲ့ အသုံးအနှုန်းတွေနဲ့ ဝိညာဉ်ဘုံအကြောင်း မရှင်းပြဘဲ ကျွန်တော်တို့လူသားတွေ နားလည်နိုင်တဲ့ စကားလုံးတွေသုံးပြီး ဝိညာဉ်ဘုံအကြောင်း ရုပ်လုံးပေါ်အောင် ဖော်ပြခဲ့တယ်။ အဲဒီစိတ်အာရုံတွေက ဝိညာဉ်ဘုံမှာရှိတဲ့ “နေစရာအခန်းများစွာ” မှာ နေထိုင်သူတွေအကြောင်း သင့်ကို ပိုနားလည်စေပါလိမ့်မယ်။