ဒီကျူနီဖောင်းကျောက်စာရဲ့ အစွန်နားမှာ တာတန်နူ ဆိုတဲ့ နာမည်ရေးထိုးထား
ရှေးဟောင်းသုတေသန အထောက်အထားတစ်ခု
ကျမ်းစာမှတ်တမ်းကို ထောက်ခံတဲ့ ရှေးဟောင်းသုတေသန အထောက်အထား ရှိသလား။ ၂၀၁၄ ခုနှစ်ထုတ် ကျမ်းဆိုင်ရာ ရှေးဟောင်းသုတေသန ဆန်းစစ်ချက် မဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ပုဒ်မှာ “ဟီဘရူးကျမ်းစောင်တွေထဲက လူဘယ်နှစ်ယောက်ကို ရှေးဟောင်းသုတေသန တွေ့ရှိချက်အရ အတည်ပြုထားသလဲ” ဆိုတဲ့မေးခွန်း ပါလာတယ်။ “အနည်းဆုံး အယောက် ၅၀ ရှိတယ်” ဆိုပြီး အဖြေပေးထားတယ်။ အဲဒီဆောင်းပါးထဲက စာရင်းမှာ မပါတဲ့သူကတော့ တာတနဲဖြစ်တယ်။ သူဟာ ဘယ်သူလဲ။ ကျမ်းစာမှတ်တမ်းမှာ သူပါဝင်တဲ့ အခန်းကဏ္ဍကို သုံးသပ်ကြည့်ရအောင်။
ဂျေရုဆလင်မြို့ဟာ ပါးရှားအင်ပါယာကြီးရဲ့လက်အောက် ကျရောက်ခဲ့ဖူးတယ်။ အဲဒီမြို့ဟာ မြစ်ကြီးရဲ့တစ်ဖက်ကမ်းလို့ ပါးရှားတွေခေါ်တဲ့နယ်မြေ၊ တစ်နည်းအားဖြင့် ယူဖရေးတီးမြစ်ရဲ့ အနောက်ဘက်ခြမ်းမှာ တည်ရှိတယ်။ ပါးရှားတွေဟာ ဗာဗုလုန်ကို အနိုင်ရပြီးနောက် ဂျူးသုံ့ပန်းတွေကို ပြန်လွှတ်ပေးပြီး ဂျေရုဆလင်မြို့မှာ ယေဟောဝါဘုရားရဲ့ ဗိမာန်တော်ကို ပြန်ဆောက်ခွင့်ပြုခဲ့တယ်။ (ဧဇရ ၁:၁-၄) ဂျူးတွေရဲ့ ရန်သူတွေက ဆောက်လုပ်ရေးကို တားဆီးပြီး ပါးရှားကို ဂျူးတွေ တော်လှန်ပုန်ကန်နေတယ်လို့ မဟုတ်မမှန် စွပ်စွဲခဲ့တယ်။ (ဧဇရ ၄:၄-၁၆) ပထမမြောက် ဒါရိမင်းလက်ထက် (ဘီစီ ၅၂၂-၄၈၆) မှာ တာတနဲလို့ခေါ်တဲ့ ပါးရှားအရာရှိက အဲဒီကိစ္စကို ဦးဆောင်စုံစမ်းခဲ့တယ်။ ကျမ်းစာမှာ သူ့ကို “မြစ်ကြီးတစ်ဖက်ကမ်းက ဘုရင်ခံ တာတနဲ” လို့ခေါ်တယ်။—ဧဇရ ၅:၃-၇။
တာတနဲရဲ့ နာမည်ပါတဲ့ ကျူနီဖောင်းကျောက်စာများစွာဟာ မိသားစုမော်ကွန်းတိုက်ရဲ့ မျိုးရိုးစာရင်းမှာ အခုထိ ရှိနေတုန်းပဲ။ ကျောက်စာတစ်ခုမှာ အဲဒီစာရင်းထဲကတစ်ဦးကို ကျမ်းစာမှာပါတဲ့လူတစ်ဦးနဲ့ ဆက်စပ်ဖော်ပြထားတယ်။ အဲဒီကျောက်စာဟာ ပထမမြောက် ဒါရိမင်းနန်းစံ အနှစ် ၂၀ မြောက်၊ ဘီစီ ၅၀၂ ရက်စွဲတပ်ထားတဲ့ ကတိစာချုပ်ဖြစ်တယ်။ အဲဒီကျောက်စာမှာ “မြစ်ကြီးတစ်ဖက်ကမ်းက ဘုရင်ခံတာတန်နူ” ရဲ့ အမှုထမ်းကို လုပ်ငန်းကိစ္စတစ်ခုအတွက် သက်သေအဖြစ် ဖော်ပြထားတယ်။ တာတန်နူဆိုတာ ဧဇရကျမ်းမှာပါတဲ့ တာတနဲပဲ။
တာတနဲရဲ့ အခန်းကဏ္ဍက ဘာလဲ။ ဘီစီ ၅၃၅ မှာ မဟာဆိုင်းရပ်က သူ့ရဲ့ပိုင်နက်တွေကို နယ်မြေတွေအဖြစ် ပြန်ဖွဲ့စည်းခဲ့တယ်။ နယ်မြေတစ်ခုကို ဗာဗုလုန်နဲ့ မြစ်ကြီးတစ်ဖက်ကမ်းလို့ ခေါ်တယ်။ နောက်တော့ အဲဒီနယ်မြေ နှစ်ပိုင်းကွဲသွားတယ်။ တစ်ပိုင်းကို မြစ်ကြီးတစ်ဖက်ကမ်းလို့ ခေါ်ပြီး ဆီးလီး-ဆီးရီးယား၊ ဖိုနီးရှား၊ ရှမာရိ၊ ယုဒနယ်တွေ ပါဝင်တယ်။ အဲဒီနယ်မြေတွေကို ဒမတ်စကတ်မြို့ကနေ အုပ်ချုပ်ခဲ့ပုံရတယ်။ တာတနဲက အဲဒီနယ်မြေတွေကို ဘီစီ ၅၂၀ ကနေ ၅၀၂ အထိ အုပ်ချုပ်ခဲ့တယ်။
တာတနဲက ဂျူးတွေ ပုန်ကန်တယ်ဆိုတဲ့ စွပ်စွဲချက်ကို စုံစမ်းဖို့ ဂျေရုဆလင်ကို ရောက်လာတယ်။ အဲဒီနောက် ယေဟောဝါရဲ့ ဗိမာန်တော်ကို ပြန်ဆောက်ဖို့ ဆိုင်းရပ်မင်းရဲ့ ခွင့်ပြုချက်ကို ဂျူးတွေ ရရှိထားကြောင်း ဒါရိမင်းဆီ အစီရင်ခံတယ်။ နန်းတွင်းမော်ကွန်းတိုက်မှာ စစ်ဆေးကြည့်တဲ့အခါ ခွင့်ပြုချက်ရထားတာ မှန်ကန်ကြောင်း တွေ့ရှိရတယ်။ (ဧဇရ ၅:၆၊ ၇၊ ၁၁-၁၃။ ၆:၁-၃) ဒါကြောင့် သူတို့ကို မနှောင့်ယှက်နဲ့ဆိုတဲ့ ဘုရင့်အမိန့်အတိုင်း တာတနဲ လိုက်နာခဲ့တယ်။—ဧဇရ ၆:၆၊ ၇၊ ၁၃။
တကယ်တော့ “မြစ်ကြီးတစ်ဖက်ကမ်းက ဘုရင်ခံတာတနဲ” ဆိုတဲ့ နာမည်ဟာ သမိုင်းစာမျက်နှာမှာ ဘာမှအရေးမပါဘူး။ ဒါပေမဲ့ ကျမ်းစာထဲမှာ သူ့အကြောင်းကို ရာထူးအမည် အတိအကျနဲ့ ဖော်ပြထားတယ်။ ကျမ်းစာရဲ့ သမိုင်းဆိုင်ရာ တိကျမှန်ကန်မှုကို ရှေးဟောင်းသုတေသန တွေ့ရှိချက်တွေက အကြိမ်ကြိမ် ထောက်ခံတယ်ဆိုတဲ့ အထောက်အထားတစ်ခုပါပဲ။