မျက်နှာဖုံးအကြောင်းအရာ | ကောင်းကင်တမန်တွေ တကယ်ရှိရဲ့လား၊ သူတို့အကြောင်း ဘာကြောင့် သိသင့်သလဲ
ကောင်းကင်တမန်တွေ သင့်အသက်တာကို အကျိုးပြုနိုင်သလား
ကုရာစောင်းနိုင်ငံမှာ နေထိုင်တဲ့ ကဲနက်နဲ့ ဖီလိုမီနာဟာ တနင်္ဂနွေ နေ့လယ်ခင်းတစ်ခုမှာ သူတို့နဲ့ကျမ်းစာသင်နေတဲ့ မောင်နှံစုံဆီ သွားလည်တယ်။
“ကျွန်တော်တို့ရောက်တော့ အိမ်တံခါး ပိတ်ထားတယ်။ အိမ်ရှေ့မှာလည်း ကားမရှိဘူး။ အဲဒီအချိန်မှာ သူ့ဇနီးကို ဖုန်းဆက်ကြည့်ချင်စိတ် ပေါ်လာတယ်” လို့ ကဲနက်ပြောတယ်။
ဖုန်းဆက်ကြည့်တဲ့အခါ အဲဒီအမျိုးသမီးက သူ့ယောက်ျား အလုပ်သွားတယ်လို့ ပြောတယ်။ ကဲနက်နဲ့ ဖီလိုမီနာ အိမ်ရှေ့ရောက်နေမှန်း သိတော့ ထွက်လာပြီး အိမ်ထဲ ဖိတ်ခေါ်တယ်။
အဲဒီအမျိုးသမီး ငိုထားမှန်း သူတို့ ချက်ချင်းရိပ်မိတယ်။ ကျမ်းစာသင်ဖို့ ကဲနက် ဆုတောင်းချိန်မှာ အမျိုးသမီးက ငိုချပါလေရော။ ဒါနဲ့ ဘာများဖြစ်သလဲလို့ မေးကြည့်တယ်။
အမျိုးသမီးက ခုလေးတင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြံစည်တဲ့အကြောင်း၊ မသတ်သေခင် သူ့ယောက်ျားကို နှုတ်ဆက်စာ ရေးနေတုန်း ကဲနက်ဆီက ဖုန်းဝင်လာတဲ့အကြောင်း ပြောပြတယ်။ သူ စိတ်ကျဝေဒနာ ခံစားနေရတယ်လို့ ပြောပြတဲ့အခါ သူတို့က ကျမ်းစာမှာပါတဲ့ အားရှိစရာစကားတွေနဲ့ နှစ်သိမ့်ပေးတယ်။ အဲဒီအားပေးစကားတွေဟာ အသက်တစ်ချောင်းကို ကယ်နိုင်ခဲ့တယ်။
“စိတ်သောကရောက်နေတဲ့ ဒီအမျိုးသမီးကို ကူညီပေးခွင့်ရလို့၊ အထူးသဖြင့် ကောင်းကင်တမန် ဒါမှမဟုတ် သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် ကျွန်တော်တို့ကို လှုံ့ဆော်ပေးလို့ ယေဟောဝါကို ကျေးဇူးတင်လိုက်တာ” ဆိုပြီး ကဲနက်ပြောတယ်။a
ကောင်းကင်တမန် ဒါမှမဟုတ် သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် ဘုရားသခင် ကူညီတယ်လို့ ကဲနက်နဲ့ ဖီလိုမီနာ ယုံတာ မှန်ရဲ့လား။ ကဲနက် အချိန်ကိုက် ဖုန်းခေါ်လိုက်တာက တိုက်ဆိုင်မှု သက်သက်ပဲလား။
တစ်ထစ်ချ ပြောလို့တော့ မရဘူး။ ဒါပေမဲ့ ဘုရားသခင်က ကောင်းကင်တမန်တွေကို သုံးပြီး လူတွေ မိမိနဲ့ရင်းနှီးလာအောင် ကူညီနေတယ်ဆိုတာတော့ သေချာတယ်။ ဥပမာ၊ ဘုရားသခင်ဟာ ကျမ်းစာလမ်းညွှန်ချက် ရှာနေတဲ့ အီသီယိုးပီးယားအရာရှိကို ကူညီဖို့ သတင်းကောင်းဟောသူ ဖိလိပ္ပုဆီ ကောင်းကင်တမန် စေလွှတ်ပြီး ညွှန်ကြားခဲ့တယ်လို့ ကျမ်းစာပြောတယ်။—တမန်တော် ၈:၂၆-၃၁။
တန်ခိုးကြီး ဝိညာဉ်ပုဂ္ဂိုလ်တွေကို လူတွေ ယုံကြည်ဖို့ ဘာသာအသီးသီးက သွန်သင်တယ်။ ဝိညာဉ်ပုဂ္ဂိုလ်တချို့ကို စေတနာအပြည့်နဲ့ ဘုရားအလိုတော်ဆောင်သူ၊ လူတွေကို စောင့်ရှောက်ပေးသူတွေအဖြစ် ပုံဖော်ကြတယ်။ ကောင်းကင်တမန်တွေ ရှိရုံတင်မကဘူး၊ လူတွေကို တကယ်အကျိုးပြုတယ်လို့ ယုံကြည်သူတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ကောင်းကင်တမန်တွေကို လုံးဝ မယုံတဲ့သူတွေလည်း ရှိတယ်။
ကောင်းကင်တမန်တွေ တကယ်ရှိရဲ့လား။ ရှိတယ်ဆိုရင် ဘယ်ကနေ ဖြစ်လာတာလဲ။ ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရားက ဘာလဲ။ သင့်အသက်တာကို သူတို့ အကျိုးပြုနိုင်သလား။ အထောက်အထားတွေကို သုံးသပ်ကြည့်ကြစို့။
a ယေဟောဝါဆိုတာ ကျမ်းစာမှာပါတဲ့ ဘုရားသခင်ရဲ့နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈။