မျက်နှာဖုံးအကြောင်းအရာ | ကောင်းကင်တမန်တွေ တကယ်ရှိရဲ့လား၊ သူတို့အကြောင်း ဘာကြောင့် သိသင့်သလဲ
ကိုယ်စောင့်နတ်ဆိုတာ ရှိသလား
လူတစ်ဦးစီမှာ ကိုယ်စောင့်နတ်၊ တစ်နည်းအားဖြင့် ကိုယ့်ကို စောင့်ရှောက်တဲ့ ကောင်းကင်တမန်ရှိတယ်လို့ ကျမ်းစာ မသွန်သင်ဘူး။ တစ်ခါတုန်းက ယေရှု ဒီလိုပြောခဲ့တယ်– “ကလေးငယ်နဲ့တူတဲ့ ဟောဒီလူတွေ [ယေရှုရဲ့တပည့်တွေ] ကို မထီလေးစား မလုပ်မိစေနဲ့။ ကျွန်တော်ပြောမယ်။ သူတို့ရဲ့ ကောင်းကင်တမန်တွေက ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားရဲ့ ရှေ့မှောက်မှာ အမြဲခစားနေကြတယ်။” (မဿဲ ၁၈:၁၀) လူတစ်ဦးစီကို စောင့်ရှောက်တဲ့ ကောင်းကင်တမန်ရှိတယ်လို့ ယေရှုပြောနေတာ မဟုတ်ဘူး။ မိမိရဲ့တပည့်တစ်ဦးစီကို ကောင်းကင်တမန်တွေ အလွန်စိတ်ဝင်စားတယ်လို့ ပြောနေတာ။ ဒါကြောင့် ဘုရားကို ကိုးကွယ်သူတွေဟာ ကောင်းကင်တမန်တွေ ကာကွယ်မှာပါဆိုပြီး အသက်အန္တရာယ်ရှိတာကို အရဲစွန့်ပြီး မလုပ်သင့်ဘူး။
ဒါဆိုရင် ကောင်းကင်တမန်တွေက လူတွေကို မကူညီဘူးဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ (ဆာလံ ၉၁:၁၁) တချို့က မိမိတို့ကို ကောင်းကင်တမန်တွေကတစ်ဆင့် ဘုရား ကာကွယ်၊ လမ်းညွှန်နေတယ်လို့ အခိုင်အမာ ယုံကြည်ကြတယ်။ အစပိုင်းဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ကဲနက်လည်း အဲဒီလိုယုံတယ်။ သူယုံတာ မှန်ကောင်းမှန်နိုင်တယ်။ တစ်ထစ်ချ ပြောလို့တော့မရဘူး။ ယေဟောဝါသက်သေတွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါ ကောင်းကင်တမန်တွေ ကူညီပေးနေတယ်ဆိုတဲ့ အထောက်အထားကို မကြာခဏ တွေ့နေရတယ်။ ကောင်းကင်တမန်တွေကို မမြင်နိုင်တဲ့အတွက် ကဏ္ဍအသီးသီးမှာ လူတစ်ဦးစီကို ကူညီဖို့ သူတို့ကို ဘုရားသခင် ဘယ်အတိုင်းအတာအထိ အသုံးပြုနေတယ်ဆိုတာကိုတော့ ပြောလို့မရဘူး။ ဘယ်လိုပဲဖြစ်ပါစေ၊ ကျွန်တော်တို့ကို ကူညီပေးခဲ့တာတွေအတွက် ဘုရားသခင်ကို ကျေးဇူးတင်တာ မမှားပါဘူး။—ကောလောသဲ ၃:၁၅။ ယာကုပ် ၁:၁၇၊ ၁၈။