ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ စက်တင်ဘာ စာ. ၂၃-၂၇
  • “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ . . . အစွမ်းထက်တယ်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ . . . အစွမ်းထက်တယ်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ့်အသက်တာ
  • အမှုဆောင်လုပ်ငန်း
  • စင်မြင့်ပေါ်ကနေ သွန်သင်တဲ့အခါ
  • သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းမှ အကျိုးခံစားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ကျမ်းစာ ဖတ်ရှုခြင်းကနေ ပိုအကျိုးရအောင် လုပ်ပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ဘုရားသခင့် နှုတ်ကပါဌ်တော်ကို ခိုင်မြဲစွာ ဆုပ်ကိုင်လော့
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ကျမ်းစာဖတ်ရှုခြင်းကနေ အကျိုးအပြည့်အဝ ရယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ စက်တင်ဘာ စာ. ၂၃-၂၇
လူတစ်ယောက် တစ်ယောက်တည်း အရက်ထိုင်သောက်နေ၊ သူ့အိမ်ကို ယေဟောဝါသက်သေတွေ ရောက်လာပြီး ဟောပြော၊ သူ အစည်းအဝေး လာတက်

“ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ . . . အစွမ်းထက်တယ်”

“ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ရှင်သန်နေတယ်၊ အစွမ်းထက်တယ်။”—ဟီ. ၄:၁၂။

သီချင်း– ၉၆၊ ၉၄

သင် ဘယ်လို ဖြေမလဲ

  • ကိုယ့်အသက်တာမှာ ဘုရားသခင့် နှုတ်ထွက်စကားရဲ့ အစွမ်းကို ဘယ်လို ထုတ်ဖော်နိုင်သလဲ။

  • အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင့် နှုတ်ထွက်စကားရဲ့ အစွမ်းကို ဘယ်လို ထုတ်ဖော်နိုင်သလဲ။

  • စင်မြင့်ပေါ်ကနေ သွန်သင်တဲ့အခါ ဘုရားသခင့် နှုတ်ထွက်စကားရဲ့ အစွမ်းကို ဘယ်လို ထုတ်ဖော်နိုင်သလဲ။

၁။ ဘုရားသခင့် နှုတ်ထွက်စကား အစွမ်းထက်ကြောင်း ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

ယေဟောဝါရဲ့ နှုတ်ထွက်စကား “ရှင်သန်နေတယ်၊ အစွမ်းထက်တယ်” ဆိုတာ ဘုရားလူမျိုးတွေ ယုံကြည်စိတ်ချတယ်။ (ဟီ. ၄:၁၂) ကျမ်းစာက လူများစွာရဲ့ အသက်တာကို ပြောင်းလဲပေးခဲ့ပြီ။ ညီအစ်ကို/မတချို့ဟာ သူခိုး၊ မူးယစ်ဆေးသမား၊ လိင်အကျင့်ပျက်သူတွေ ဖြစ်ခဲ့ဖူးကြတယ်။ တချို့ကျတော့ ဒီစနစ်မှာ အတော်အတန် အောင်မြင်ပေမဲ့ ဘဝမှာ တစ်ခုခု လိုနေတယ်လို့ ခံစားခဲ့ကြတယ်။ (ဒေ. ၂:၃-၁၁) မျှော်လင့်ချက် မဲ့သူတွေဟာ ကျမ်းစာရဲ့ ပြောင်းလဲပေးနိုင်စွမ်းကြောင့် အသက်လမ်းကို ရှာတွေ့ခဲ့ကြတယ်။ “သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်” ဆိုတဲ့ ကင်းမျှော်စင် ဆောင်းပါးတွဲတွေမှာပါတဲ့ တွေ့ကြုံမှုတွေကို ဖတ်ရတာ သင်နှစ်သက်မှာပါ။ အမှန်တရားကို လက်ခံပြီးနောက်မှာတောင် ခရစ်ယာန်တွေဟာ ကျမ်းစာရဲ့ အကူအညီနဲ့ ဆက်တိုးတက်နေကြတယ်။

၂။ ပထမရာစုမှာ ဘုရားသခင့် နှုတ်ထွက်စကား ဘယ်လို အစွမ်းထက်ခဲ့သလဲ။

၂ ကျမ်းစာ လေ့လာမှုကြောင့် ကြီးမားတဲ့ ပြောင်းလဲမှုတွေ လုပ်ခဲ့တဲ့ ခေတ်သစ် ပုံနမူနာများစွာကို အံ့ဩသင့်သလား။ မအံ့ဩသင့်ပါဘူး။ အဲဒီပုံနမူနာတွေက ကောင်းကင် မျှော်လင့်ချက်ရှိတဲ့ ပထမရာစု ညီအစ်ကို/မတွေကို သတိရစေတယ်။ (၁ ကောရိန္သု ၆:၉-၁၁ ကိုဖတ်ပါ။) ဘုရားသခင့် နိုင်ငံတော် အမွေမခံရမယ့်သူတွေအကြောင်း တမန်တော်ပေါလု ဖော်ပြပြီးနောက် “ခင်ဗျားတို့ထဲက တချို့ဟာ အရင်က အဲဒီလိုလုပ်ခဲ့ကြတယ်” လို့ပြောတယ်။ ကျမ်းစာနဲ့ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော် အကူအညီကြောင့် သူတို့ ပြောင်းလဲခဲ့ကြတယ်။ အမှန်တရားကို လက်ခံပြီးနောက်မှာတောင် တချို့ဟာ ကြီးလေးတဲ့ ယုံကြည်ခြင်းဆိုင်ရာ ပြဿနာတွေကို ကျော်လွှားကြရတယ်။ ပထမရာစု ဘိသိက်ခံ ခရစ်ယာန်တစ်ယောက် နှင်ထုတ်ခံရတဲ့အကြောင်း၊ နောက်ပိုင်း ပြန်လက်ခံတဲ့အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ကော. ၅:၁-၅။ ၂ ကော. ၂:၅-၈) ယုံကြည်သူချင်းတွေ ရင်ဆိုင်ရတဲ့ ပြဿနာတွေ၊ ဘုရားသခင့် နှုတ်ထွက်စကားအားဖြင့် ကျော်လွှားခဲ့တာတွေကို သုံးသပ်ရတာ အားရှိစရာပဲ မဟုတ်လား။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးသုံးသပ်ကြမလဲ။

၃ ဘုရားသခင့် နှုတ်ထွက်စကားဟာ အစွမ်းထက်တဲ့ ကိရိယာဖြစ်ပြီး အလွယ်တကူ ရရှိနိုင်တဲ့အတွက် အကောင်းဆုံး အသုံးပြုသင့်တယ်။ (၂ တိ. ၂:၁၅) ဒီဆောင်းပါးမှာ (၁) ကိုယ့်အသက်တာ၊ (၂) အမှုဆောင်လုပ်ငန်း၊ (၃) စင်မြင့်ပေါ်ကနေ သွန်သင်တဲ့အခါ ဘုရားသခင့် နှုတ်ထွက်စကားရဲ့ အစွမ်းတန်ခိုးကို ဘယ်လို ပိုအပြည့်အဝ ထုတ်ဖော်နိုင်ကြောင်း သုံးသပ်ကြပါမယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့ ကောင်းကင်ဘုံစံ ဖခင်ကို ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း တင်ပြဖို့ ကူညီပေးပါလိမ့်မယ်။—ဟေရှာ. ၄၈:၁၇။

ကိုယ့်အသက်တာ

၄။ (က) ကျွန်တော်တို့အပေါ် ဘုရားသခင့် နှုတ်ထွက်စကား အကျိုးသက်ရောက်စေဖို့ ဘာလုပ်ရမလဲ။ (ခ) ကျမ်းစာ ဖတ်ရှုဖို့ သင် ဘယ်လို အချိန်ယူသလဲ။

၄ ကျွန်တော်တို့အပေါ် ဘုရားသခင့် နှုတ်ထွက်စကား အကျိုးသက်ရောက်စေဖို့ ပုံမှန်၊ ဖြစ်နိုင်မယ်ဆိုရင် နေ့စဉ် ဖတ်ရှုရမယ်။ (ယောရှု ၁:၈) အများစုက အလုပ်များကြတာ မှန်ပါတယ်။ ဒါပေမဲ့ တာဝန်ဝတ္တရားတွေအပါအဝင် ဘယ်အရာကမှ ကျမ်းစာ ဖတ်ရှုတဲ့ လုပ်ရိုးလုပ်စဉ်ကို အနှောင့်အယှက် မဖြစ်စေသင့်ဘူး။ (ဧဖက် ၅:၁၅၊ ၁၆ ကိုဖတ်ပါ။) ယေဟောဝါရဲ့ ကျေးကျွန်များစွာဟာ နေ့တစ်နေ့ အစမှာဖြစ်စေ၊ အဆုံးမှာဖြစ်စေ၊ တခြားတစ်ချိန်ချိန်မှာဖြစ်စေ နေ့စဉ် ကျမ်းစာဖတ်ရှုဖို့ နည်းလမ်းတွေ ရှာတွေ့ခဲ့ကြပြီ။ “ပညတ်တော်ကို အလွန်နှစ်သက်ပါတယ်။ တစ်နေ့လုံး စဉ်းစားဆင်ခြင်ပါတယ်” လို့ ရေးခဲ့တဲ့ ဆာလံဆရာလို ခံစားကြရတယ်။—ဆာ. ၁၁၉:၉၇။

၅၊ ၆။ (က) တွေးတောဆင်ခြင်ခြင်း ဘာကြောင့် အရေးကြီးသလဲ။ (ခ) ဘယ်လို ထိထိရောက်ရောက် တွေးတောဆင်ခြင်နိုင်သလဲ။ (ဂ) ဘုရားသခင့် နှုတ်ထွက်စကားကို ဖတ်ရှုခြင်း၊ တွေးတောဆင်ခြင်ခြင်းကနေ ကိုယ်တိုင် ဘယ်လို အကျိုးရရှိခဲ့ပြီလဲ။

၅ ကျမ်းစာ ဖတ်ရှုခြင်းအပြင် ဖတ်ရှုတဲ့အရာကို တွေးတောဆင်ခြင်ဖို့ အရေးကြီးတယ်။ (ဆာ. ၁:၁-၃) ဒါမှ အမြဲတမ်း မှန်ကန်တဲ့ ဉာဏ်ပညာကို လက်တွေ့ကျင့်သုံးနိုင်ကြမယ်။ ပုံနှိပ်ကျမ်းစာဖြစ်စေ၊ အီလက်ထရွန်နစ်ကျမ်းစာဖြစ်စေ ဖတ်ရှုတဲ့အခါ ပြီးရုံလောက်သာ မဟုတ်ဘဲ နှလုံးသားထဲ စိမ့်ဝင်စေဖို့ ပန်းတိုင်ထားသင့်တယ်။

ယေဟောဝါသက်သေတစ်ဘောက် ကျမ်းစာဖတ်နေ

၆ ဘယ်လို ထိထိရောက်ရောက် တွေးတောဆင်ခြင်နိုင်သလဲ။ အပိုင်းတစ်ပိုင်း ဖတ်ပြီးနောက် ခဏ ရပ်ပြီး ‘ဒါက ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ။ ဒီအပိုင်းမှာပါတဲ့ အခြေခံမူကို ဘဝမှာ ငါ ဘယ်လို ကျင့်သုံးနေသလဲ။ ဘယ်ကဏ္ဍတွေမှာ တိုးတက်နိုင်သလဲ’ ဆိုတဲ့ မေးခွန်းတွေကို တွေးတောခြင်းက အထောက်အကူ ပြုတယ်။ ဘုရားသခင့် နှုတ်ထွက်စကားကို ဆုတောင်းပြီး တွေးတောဆင်ခြင်တဲ့အခါ ပိုအပြည့်အဝ ကျင့်သုံးဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ ကိုယ့်အသက်တာမှာ ကျမ်းစာရဲ့ အစွမ်းတန်ခိုးကို ပိုထုတ်ဖော်နိုင်ပါလိမ့်မယ်။—၂ ကော. ၁၀:၄၊ ၅။

အမှုဆောင်လုပ်ငန်း

၇။ အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင့် နှုတ်ထွက်စကားကို ဘယ်လို အသုံးပြုသင့်သလဲ။

၇ အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင့် နှုတ်ထွက်စကားကို ကောင်းစွာ အသုံးပြုဖို့ ဘာက ကူညီပေးနိုင်သလဲ။ တစ်နည်းကတော့ ဟောပြောသွန်သင်တဲ့အခါ ကျမ်းစာကို တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်းပါပဲ။ ညီအစ်ကိုတစ်ယောက်က “ယေဟောဝါနဲ့အတူ တစ်အိမ်တက်ဆင်း ဟောပြောတဲ့အခါ တစ်ယောက်တည်း ဒိုင်ခံပြောမလား၊ ဘုရားသခင်ကို စကားပြောခွင့် ပြုမလား” ဆိုပြီး ပြောတယ်။ ဆိုလိုတာက အမှုဆောင်လုပ်ငန်းမှာ ကျမ်းစာကနေ တိုက်ရိုက်ဖတ်ပြခြင်းအားဖြင့် ယေဟောဝါကို စကားပြောခွင့်ပေးဖို့ပါပဲ။ သေသေချာချာ ရွေးချယ်ထားတဲ့ ကျမ်းချက်တစ်ချက်က ကျွန်တော်တို့ ပြောနိုင်တဲ့ ဘယ်အရာထက်မဆို များစွာ အစွမ်းထက်ပါလိမ့်မယ်။ (၁ သက်. ၂:၁၃) ‘ငါဟောတဲ့သူတွေကို ကျမ်းချက်တစ်ချက် ဖတ်ပြဖို့ အခွင့်အရေး ရှာယူသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

၈။ ဟောပြောတဲ့အခါ ကျမ်းချက်တွေကို ဖတ်ပြရုံလောက်သာ ဘာကြောင့် မလုပ်သင့်သလဲ။

၈ ကျမ်းစာကို ဖတ်ပြရုံထက်မက လိုအပ်တယ်။ ဘာကြောင့်လဲ။ လူများစွာက ကျမ်းစာကို အနည်းအကျဉ်းလောက်သာ သိကြလို့ပဲ။ ပထမရာစုတုန်းကလည်း အဲဒီလိုပဲ။ (ရော. ၁၀:၂) ဒါကြောင့် ကျမ်းချက်တစ်ချက် ဖတ်ပြရုံနဲ့ ဆိုလိုရင်းကို နားလည်မယ်လို့ မယူဆသင့်ဘူး။ အချိန်ယူပြီး အဓိက စကားလုံးတွေ ပြန်ဖတ်ပြရမယ်။ အဓိပ္ပာယ်ကို ရှင်းပြရမယ်။ ဒီနည်းအားဖြင့် နားထောင်သူတွေရဲ့ စိတ်နှလုံးထဲ ဘုရားသခင့် နှုတ်ထွက်စကား ရောက်ရှိအောင် ကူညီပေးနိုင်မယ်။—လုကာ ၂၄:၃၂ ကိုဖတ်ပါ။

၉။ ကျမ်းစာကို ပိုလေးမြတ်စေတဲ့နည်းနဲ့ ဘယ်လို မိတ်ဆက်ပေးနိုင်သလဲ။ ဥပမာပေးပါ။

၉ ကျမ်းစာကို ပိုလေးမြတ်လာစေတဲ့နည်းနဲ့ ကျမ်းချက်တွေကို မိတ်ဆက်ပေးသင့်တယ်။ ဥပမာ၊ “ဒီအကြောင်း ဖန်ဆင်းရှင် ဘာပြောထားသလဲ ကြည့်ရအောင်” လို့ ပြောနိုင်တယ်။ ခရစ်ယာန် မဟုတ်သူနဲ့ စကားပြောတဲ့အခါ “ကျမ်းစာမှာ ဘာပြောထားသလဲ သတိပြုကြည့်ပါ” လို့ပြောနိုင်တယ်။ ဘုရားတရား စိတ်မဝင်စားတဲ့သူကို ဟောတဲ့အခါ “ဒီရှေးစကားပုံကို ကြားဖူးသလား” လို့ မေးနိုင်တယ်။ လူတစ်ယောက်စီကို ခွဲခြားသိမြင်ပြီး အလိုက်အထိုက် ချဉ်းကပ်ရမယ်။—၁ ကော. ၉:၂၂၊ ၂၃။

အမှုဆောင်လုပ်ငန်းမှာ ယေဟောဝါသက်သေတွေ ကျမ်းစာ အသုံးပြု

၁၀။ (က) ညီအစ်ကိုတစ်ယောက်ရဲ့ တွေ့ကြုံမှုကို ပြောပြပါ။ (ခ) အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင့် နှုတ်ထွက်စကားရဲ့ အစွမ်းထက်မှုကို ဘယ်လို ကြုံဖူးသလဲ။

၁၀ အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင့် နှုတ်ထွက်စကားကို အသုံးပြုခြင်းက နားထောင်သူတွေအပေါ် အကြီးအကျယ် သက်ရောက်နိုင်ကြောင်း လူများစွာ တွေ့ရှိခဲ့ကြပြီ။ ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။ ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းတွေကို ဖတ်ရှုနေတာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်တဲ့ သက်ကြီးရွယ်အို အမျိုးသားတစ်ယောက်ဆီ ညီအစ်ကိုတစ်ယောက် ပြန်လည်ပတ်တယ်။ နောက်ဆုံးထုတ် ကင်းမျှော်စင်ကို ဒီအတိုင်း ပေးလိုက်မယ့်အစား ဆောင်းပါးမှာပါတဲ့ ကျမ်းချက်တစ်ချက် ဖတ်ပြလိုက်တယ်။ ‘ကရုဏာကြီးတဲ့အဖ၊ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်ဟာ ကျွန်တော်တို့ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ နှစ်သိမ့်ပေးတယ်’ ဆိုတဲ့ ၂ ကောရိန္သု ၁:၃၊ ၄ ကို ဖတ်ပြတယ်။ အိမ်ရှင် စိတ်ထိမိသွားပြီး နောက်တစ်ခေါက် ဖတ်ပြဖို့ ပြောတယ်။ သူနဲ့ သူ့ဇနီး နှစ်သိမ့်မှု လိုအပ်နေကြောင်း ပြောပြီး ကျမ်းစာ သတင်းတရားကို စိတ်ဝင်စားကြောင်း ပြခဲ့တယ်။ အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင့် နှုတ်ထွက်စကား အစွမ်းထက်ကြောင်း သဘောတူတယ် မဟုတ်လား။—တ. ၁၉:၂၀။

စင်မြင့်ပေါ်ကနေ သွန်သင်တဲ့အခါ

၁၁။ စင်မြင့်ပေါ်ကနေ သွန်သင်တဲ့ ညီအစ်ကိုတွေမှာ ဘာတာဝန် ရှိသလဲ။

၁၁ ခရစ်ယာန် ပတ်စဉ် အစည်းအဝေးတွေ၊ အစည်းအဝေးပွဲတွေ၊ အစည်းအဝေးကြီးတွေ တက်ရတာ ကျွန်တော်တို့ နှစ်သက်ကြတယ်။ ယေဟောဝါကို ဝတ်ပြုဖို့ အဓိက တက်ရောက်ကြတာပါ။ ကျမ်းစာလမ်းညွှန်ချက်ကနေလည်း အကျိုးအများကြီး ရရှိကြတယ်။ ဒီလိုအချိန်အခါတွေဟာ စင်မြင့်ပေါ်ကနေ သွန်သင်ရတဲ့ ညီအစ်ကိုတွေအတွက် အခွင့်ထူးပါပဲ။ ကြီးမားတဲ့ တာဝန်ဖြစ်မှန်းလည်း အသိအမှတ် ပြုသင့်တယ်။ (ယာ. ၃:၁) ဘုရားသခင့် နှုတ်ထွက်စကားပေါ် အခြေခံပြီး အမြဲသွန်သင်ရမယ်။ သင်ဟာ စင်မြင့်ပေါ်ကနေ သွန်သင်ဖို့ တာဝန်ရထားတယ်ဆိုရင် ကျမ်းစာရဲ့ အစွမ်းတန်ခိုးကို ဘယ်လို ထုတ်ဖော်နိုင်သလဲ။

ညီအစ်ကိုတစ်ယောက် ကျမ်းစာ သုံးပြီး စင်မြင့်ပေါ်ကနေ သွန်သင်နေ

၁၂။ ဟောပြောချက်ကို ကျမ်းချက်တွေအပေါ် ဘယ်လို အခြေခံနိုင်သလဲ။

၁၂ ဟောပြောချက်ကို ကျမ်းချက်တွေအပေါ် အခြေခံပါ။ (ယော. ၇:၁၆) ဘာတွေ ပါဝင်သလဲ။ တွေ့ကြုံမှု၊ ဥပမာ၊ တင်ဆက်ပုံ တစ်ခုမှ အသုံးပြုတဲ့ကျမ်းချက်ကို မလွှမ်းမိုးစေဖို့၊ ကျမ်းချက်ကနေ အာရုံမလွဲသွားစေဖို့ သတိပြုပါ။ ကျမ်းချက်များများ ဖတ်ပြရုံနဲ့ ကျမ်းစာကနေ သွန်သင်နေတယ်လို့ မယူဆပါနဲ့။ ကျမ်းချက် များလွန်းသွားရင်လည်း နားထောင်သူတွေရဲ့ စိတ်ထဲ ဘာတစ်ခုမှ မကျန်ခဲ့ဘဲ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အဓိကကျမ်းချက်တွေကို ဂရုတစိုက် ရွေးချယ်ပါ။ ဖတ်ဖို့၊ ရှင်းပြဖို့၊ ဥပမာပေးဖို့၊ သက်ဆိုင်ပုံကို တင်ပြဖို့ အချိန်ယူပါ။ (နေ. ၈:၈) ဟောပြောချက်ဟာ အဖွဲ့အစည်း ပြင်ဆင်ပေးတဲ့ အောက်လိုင်းကို အခြေခံမယ်ဆိုရင် အောက်လိုင်းနဲ့ ပါဝင်တဲ့ ကျမ်းချက်တွေကို လေ့လာပါ။ အောက်လိုင်းမှာပါတဲ့ အချက်နဲ့ ရည်ညွှန်းကျမ်းချက်တွေ ဆက်စပ်ပုံကို နားလည်ဖို့ ကြိုးစားပါ။ အောက်လိုင်းရဲ့ ဆိုလိုရင်းတွေကို ပေါ်လွင်စေမယ့် အကောင်းဆုံး ကျမ်းချက်တွေကို အသုံးပြုပါ။ (သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပညာရေးမှ အကျိုးရယူ စာအုပ် သင်ခန်းစာ ၂၁ ကနေ ၂၃ မှာ လက်တွေ့ကျ အကြံပြုချက်တွေ တွေ့ရှိနိုင်တယ်။) အရေးကြီးဆုံးကတော့ ဘုရားသခင့် နှုတ်ထွက်စကားမှာပါတဲ့ အဖိုးတန် အယူအဆတွေကို ဖော်ပြနိုင်ဖို့ ယေဟောဝါရဲ့ အကူအညီ တောင်းခံပါ။—ဧဇရ ၇:၁၀ နဲ့ ပညာအလိမ္မာ ၃:၁၃၊ ၁၄ တို့ကိုဖတ်ပါ။

၁၃။ (က) အစည်းအဝေးမှာ သုံးတဲ့ ကျမ်းချက်ကြောင့် ညီအစ်မတစ်ယောက် ဘယ်လို စိတ်ထိမိသွားသလဲ။ (ခ) အစည်းအဝေးတွေမှာ တင်ဆက်တဲ့ ကျမ်းစာသွန်သင်ချက်ကနေ ဘယ်လို အကျိုးရရှိခဲ့ပြီလဲ။

၁၃ ဩစတြေးလျနိုင်ငံက ညီအစ်မတစ်ယောက်ဟာ အစည်းအဝေးမှာ သုံးတဲ့ကျမ်းချက်တွေကြောင့် စိတ်ထိမိခဲ့တယ်။ ကလေးဘဝနောက်ခံ ဆိုးရွားပေမဲ့ ကျမ်းစာသတင်းတရားကို လက်ခံပြီး ဆက်ကပ်အပ်နှံ နှစ်ခြင်းခံခဲ့တယ်။ ဒါတောင် ယေဟောဝါရဲ့ မေတ္တာကို လက်ခံဖို့ အခက်တွေ့နေတုန်းပဲ။ နောက်ပိုင်းကျမှ ဘုရားသခင်ရဲ့ မေတ္တာကို ယုံကြည်စိတ်ချသွားတယ်။ အဲဒီလိုဖြစ်ဖို့ ဘာက ကူညီပေးခဲ့သလဲ။ အစည်းအဝေးတစ်ခုမှာ သုံးတဲ့ ကျမ်းချက်ကို တွေးတောဆင်ခြင်ပြီး တခြားကျမ်းချက်တွေနဲ့ ဆက်စပ်ကြည့်ခြင်းပါပဲ။a ပတ်စဉ် အစည်းအဝေးတွေ၊ အစည်းအဝေးပွဲတွေ၊ အစည်းအဝေးကြီးတွေမှာသုံးတဲ့ ကျမ်းချက်တွေကြောင့် အလားတူ စိတ်ထိမိဖူးသလား။—နေ. ၈:၁၂။

၁၄။ ယေဟောဝါရဲ့ နှုတ်ထွက်စကားကို တန်ဖိုးထားလေးမြတ်ကြောင်း ဘယ်လို တင်ပြနိုင်သလဲ။

၁၄ နှုတ်တော်ထွက် ကျမ်းစာကို ယေဟောဝါ ပေးထားလို့ ကျေးဇူးတင်စရာပါပဲ။ ဘုရားသခင်က လူ့မိသားစုအတွက် ကျမ်းစာ ပေးထားရုံသာမက ကျမ်းစာတည်မြဲမယ်ဆိုတဲ့ ကတိကိုလည်း ပြည့်စုံစေတယ်။ (၁ ပေ. ၁:၂၄၊ ၂၅) ဒါကြောင့် ကျမ်းစာကို ပုံမှန် ဖတ်ရှုသင့်တယ်။ အသက်တာမှာ ကျင့်သုံးသင့်တယ်။ တခြားသူတွေကို ကူညီတဲ့အခါ အသုံးပြုသင့်တယ်။ ဒီနည်းအားဖြင့် ဘုရားသခင် ပေးထားတဲ့ ဒီဘဏ္ဍာကိုသာမက အာဘော်ရှင် ယေဟောဝါဘုရားကိုလည်း ချစ်ကြောင်း၊ လေးမြတ်ကြောင်း တင်ပြနေကြပါတယ်။

a “အလှည့်အပြောင်း” လေးထောင့်ကွက်ကို ကြည့်ပါ။

ဘုရားသခင့် နှုတ်ထွက်စကားရဲ့ အစွမ်းတန်ခိုးကို ထုတ်ဖော်ပါ

ကိုယ့်အသက်တာမှာ–

  • ပုံမှန် ဖတ်ရှုပါ

  • တွေးတောဆင်ခြင်ပါ

  • လက်တွေ့ကျင့်သုံးပါ

အမှုဆောင်လုပ်ငန်းမှာ–

  • ကျမ်းစာကို တွင်တွင်ကျယ်ကျယ် အသုံးပြုပါ

  • အဓိကအချက်တွေကို ခွဲထုတ်ပြီး ရှင်းပြပါ

  • ဘုရားသခင့် နှုတ်ထွက်စကားကို ပိုလေးမြတ်စေတဲ့နည်းနဲ့ မိတ်ဆက်ပေးပါ

စင်မြင့်ပေါ်ကနေ သွန်သင်တဲ့အခါ–

  • ကျမ်းချက်တွေကို အခြေခံပြီး ဟောပြောပါ

  • တွေ့ကြုံမှုတွေ၊ ဥပမာတွေ၊ တင်ဆက်ပုံတွေက ကျမ်းစာကို မလွှမ်းမိုးပါစေနဲ့

  • ရှင်းပြဖို့၊ ဥပမာပေးဖို့၊ သက်ဆိုင်ပုံ တင်ပြဖို့ အချိန်ယူပါ

“အလှည့်အပြောင်း”

အမှန်တရား သိရှိပြီး နှစ်များစွာရှိနေတာတောင် ဘုရားသခင့် မေတ္တာကို လက်ခံဖို့ ဗစ်တိုးရီးယား အခက်တွေ့နေတုန်းပဲ။ နောက်ဆုံး ဘုရားသခင့် မေတ္တာကို လက်ခံနိုင်ဖို့ ဘာက ကူညီပေးခဲ့သလဲ။ ဗစ်တိုးရီးယား ဒီလိုပြောပြတယ်–

“နှစ်ခြင်းခံပြီး ၁၅ နှစ်အကြာမှာ အလှည့်အပြောင်း ဖြစ်လာတယ်။ နိုင်ငံတော်ခန်းမ ဟောပြောချက်တစ်ခုမှာ . . . ဟောပြောသူက ယာကုပ် ၁:၂၃၊ ၂၄ ကို ဖတ်တယ်။ အဲဒီကျမ်းချက်မှာ ဘုရားသခင့် နှုတ်ထွက်စကားကို မှန်နဲ့ တင်စားထားတယ်။ အဲဒီမှန်မှာ ယေဟောဝါ ကျွန်မတို့ကို ရှုမြင်သလို ကိုယ့်ကိုယ်ကိုယ် ရှုမြင်နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံက ယေဟောဝါရဲ့ ရှုမြင်ပုံနဲ့များ ကွဲပြားနေသလားလို့ ကျွန်မ တွေးမိတယ်။ အစပိုင်းမှာတော့ လက်မခံနိုင်ဘူး။ ကျွန်မကို ယေဟောဝါ ချစ်မယ်လို့ မျှော်လင့်တာ လွန်လွန်းတယ်လို့ ခံစားနေရတုန်းပဲ။

“ရက်အနည်းငယ်ကြာပြီးနောက် ဘဝကို ပြောင်းလဲစေတဲ့ ကျမ်းချက်တစ်ချက် ဖတ်လိုက်မိတယ်။ ဟေရှာယ ၁:၁၈ ပဲ။ အဲဒီမှာ ယေဟောဝါက ‘လာကြ။ ငါတို့ရဲ့အမှုကို ဖြေရှင်းကြစို့။ မင်းတို့ရဲ့ အပြစ်တွေဟာ ကြက်သွေးရောင် ထနေရင်တောင် နှင်းပွင့်လို ဖြူဖွေးသွားမယ်’ လို့ပြောထားတယ်။ ‘လာပါ၊ ဗစ်ကီ၊ ငါတို့ရဲ့အမှုကို ဖြေရှင်းကြစို့။ မင်းကို ငါသိတယ်။ မင်းရဲ့အပြစ်တွေကို ငါသိတယ်။ မင်းရဲ့စိတ်နှလုံးကိုလည်း ငါသိတယ်။ မင်းကို ငါချစ်တယ်’ လို့ ယေဟောဝါ ပြောနေသလို ခံစားရတယ်။

“အဲဒီညမှာ အိပ်မပျော်ခဲ့ဘူး။ ယေဟောဝါ ချစ်တာကို သံသယဝင်နေတုန်းပဲ။ ဒါပေမဲ့ ယေရှုရဲ့ ရွေးဖိုးပူဇော်သက္ကာအကြောင်း စဉ်းစားမိတယ်။ ကျွန်မကို ယေဟောဝါ အကြာကြီး စိတ်ရှည်ခဲ့မှန်း၊ မေတ္တာကို နည်းမျိုးစုံနဲ့ ဖော်ပြခဲ့မှန်း ရုတ်တရက် သိလိုက်ရတယ်။ ကျွန်မရဲ့လုပ်ရပ်က ‘ဘုရားရဲ့ မေတ္တာဟာ အဲဒီလောက် မကြီးမားပါဘူး။ ကျွန်မရဲ့ အပြစ်တွေကို ဖုံးအုပ်ဖို့ သားတော်ရဲ့ ပူဇော်သက္ကာနဲ့ မလောက်ဘူး’ လို့ ဘုရားကို ပြောနေခဲ့သလိုပဲ။ ရွေးဖိုးကို ယေဟောဝါဆီ ပြန်ပစ်ပေးနေသလိုပဲ။ အခုတော့ ရွေးဖိုးလက်ဆောင်အကြောင်း တွေးတောဆင်ခြင်ခြင်းအားဖြင့် ကျွန်မကို ယေဟောဝါ ချစ်တယ်လို့ ခံစားနေရပါပြီ။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ