သင် “မက်ဆီဒိုးနီးယားပြည်သို့ ကူးလာ” နိုင်မလား
၁။ ပေါလုနဲ့ သူ့အဖော်တွေဟာ ဘာကြောင့် မက်ဆီးဒိုးနီးယားပြည်ကို သွားခဲ့ကြသလဲ။
၁ စီ.အီး ၄၉ လောက်မှာ တမန်တော်ပေါလုဟာ ဒုတိယသာသနာပြုခရီးထွက်ဖို့ ရှုရိပြည်၊ အန္တိအုတ်မြို့ကနေ ထွက်လာခဲ့တယ်။ သူ့ရည်ရွယ်ချက်က ဧဖက်မြို့နဲ့ အာရှမိုင်းနားမှာရှိတဲ့တခြားမြို့တွေကို သွားလည်ပတ်ဖို့ဖြစ်တယ်။ ဒါပေမဲ့ အဲဒီမြို့တွေကို သွားမယ့်အစား “မက်ဆီဒိုးနီးယားပြည်သို့ ကူးလာ” ဖို့ ဖိတ်ခေါ်ချက်ကို သန့်ရှင်းသောစွမ်းအားတော်မှတစ်ဆင့် သူရရှိခဲ့တယ်။ အဲဒီဖိတ်ခေါ်ချက်ကို သူနဲ့ သူ့အဖော်တွေက ဝမ်းမြောက်စွာလက်ခံခဲ့ကြပြီး အဲဒီဒေသမှာ အသင်းတော်သစ်တည်ထောင်ခွင့် ရရှိခဲ့ကြတယ်။ (တ. ၁၆:၉၊ ၁၀; ၁၇:၁၊ ၂၊ ၄) ကနေ့ ကမ္ဘာ့ဒေသတချို့မှာ ရိတ်သိမ်းတဲ့လုပ်သားတွေ အကြီးအကျယ်လိုအပ်နေတယ်။ (မ. ၉:၃၇၊ ၃၈) သင်ဟာ ကူညီပေးနိုင်တဲ့အနေအထားမှာ ရှိသလား။
၂။ တချို့သူတွေဟာ တိုင်းတစ်ပါးကို ပြောင်းရွှေ့ဖို့ ဘာကြောင့် မစဉ်းစားကြတာလဲ။
၂ သင်လည်း ပေါလုလို သာသနာပြုတစ်ဦးဖြစ်ချင်ပေမဲ့ တိုင်းတစ်ပါးမှာ ပြောင်းရွှေ့ဖို့ အလေးအနက် မစဉ်းစားမိတာဖြစ်နိုင်တယ်။ ဥပမာ၊ သင့်အသက်အရွယ်ကြောင့် ဒါမှမဟုတ် သင်ဟာ တစ်ကိုယ်ရေညီမဖြစ်နေလို့ ဒါမှမဟုတ် သင့်မှာ ငယ်ရွယ်တဲ့သားသမီးတွေရှိနေလို့ ဂိလဒ်ကျောင်းတက်ခွင့်မရနိုင်တာ ဖြစ်ကောင်းဖြစ်မယ်။ ဘာသာစကားသင်ယူနိုင်မှာမဟုတ်ဘူးလို့ ယူမှတ်တဲ့အတွက် တိုင်းတစ်ပါးဒေသကိုသွားဖို့ မစဉ်းစားတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ငွေရေးကြေးရေးအခြေအနေကြောင့် အခု လက်ရှိ သင်နေထိုင်တဲ့နိုင်ငံကို ပြောင်းရွှေ့လာတာဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံကို ပြန်သွားဖို့ တွန့်ဆုတ်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အသေအချာဆုတောင်းသုံးသပ်ပြီးတဲ့အခါ သာ၍လိုအပ်တဲ့တိုင်းတစ်ပါးမှာ ပြောင်းရွှေ့ဖို့ အဲဒီအခြေအနေတွေက အတားအဆီးမဖြစ်ဘူးဆိုတာကို တွေ့ရလိမ့်မယ်။
၃။ သာသနာပြုသင်တန်းဟာ တိုင်းတစ်ပါးမှာ အောင်မြင်စွာဟောပြောနိုင်ဖို့ ဘာကြောင့် လိုအပ်ချက်မဟုတ်တာလဲ။
၃ သာသနာပြုသင်တန်းက လိုအပ်ချက်တစ်ခုလား။ ပေါလုနဲ့ သူ့အဖော်တွေကို ဘာက အောင်မြင်စေတာလဲ။ သူတို့ဟာ ယေဟောဝါနဲ့ သန့်ရှင်းသောစွမ်းအားတော်ကို မှီခိုအားကိုးကြတယ်။ (၂ ကော. ၃:၁-၅) ဒါကြောင့် သင့်အခြေအနေက အထူးလေ့ကျင့်မှုခံယူဖို့ ခွင့်မပြုရင်တောင် သင်ဟာ တိုင်းတစ်ပါးမှာ အောင်မြင်စွာ ဟောပြောနိုင်တယ်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းနဲ့ လုပ်ငန်းတော်အစည်းအဝေးကနေတစ်ဆင့် အမြဲလေ့ကျင့်ခံနေရတယ်ဆိုတာကိုလည်း သတိရပါ။ ဒါ့အပြင် ဂိလဒ်ကျောင်းတက်ဖို့ ဒါမှမဟုတ် အလားတူကျောင်းတွေကိုတက်ဖို့ ပန်းတိုင်ထားတယ်ဆိုရင် သာသနာပြုလုပ်ငန်းကို စမ်းကြည့်တဲ့အနေနဲ့ တိုင်းတစ်ပါးကိုပြောင်းရွှေ့ခြင်းက အဖိုးတန်တွေ့ ကြုံမှုတွေကို ရရှိစေပြီး ထပ်ဆင့်လေ့ကျင့်ပေးမှုခံရတဲ့အခါ အဲဒီအတွေ့အကြုံတွေက သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။
၄။ တိုင်းတစ်ပါးမှာပြောင်းရွှေ့ပြီး ဟောပြောဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အသက်ကြီးတွေ ဘာကြောင့် မယူမှတ်သင့်သလဲ။
၄ အသက်ကြီးသူတွေ– အတော်အတန်ကျန်းမာပြီး ဘုရားရေးရာမှာ ရင့်ကျက်တဲ့အသက်ကြီးသူတွေဟာ အကူအညီလိုအပ်တဲ့နိုင်ငံတွေမှာ များစွာအကျိုးပြုနိုင်ကြတယ်။ သင်ဟာ လောကလုပ်ငန်းကနေ ပင်စင်ယူပြီးပြီလား။ ပင်စင်လစာအနည်းငယ်ရထားသူတချို့တောင် သူတို့ပြောင်းရွှေ့သွားတဲ့ဖွံ့ဖြိုးဆဲနိုင်ငံမှာ လောက်ငစွာနေနိုင်ကြတယ်၊ အဆင့်အတန်းမီတဲ့ဆေးကုသမှုအပါအဝင် သူတို့ရဲ့ကုန်ကျစရိတ်ဟာ သူတို့နိုင်ငံမှာထက် အများကြီးသက်သာတယ်။
၅။ တိုင်းတစ်ပါးကို ပြောင်းရွှေ့ခဲ့တဲ့ ပင်စင်ယူပြီးသားညီကိုတစ်ဦးရဲ့တွေ့ကြုံမှုကို ပြန်ပြောပြပါ။
၅ အင်္ဂလိပ်စကားပြောနိုင်ငံက ပင်စင်ယူပြီးသားညီကိုတစ်ဦးဟာ အကြီးအကဲနဲ့ ရှေ့ဆောင်တစ်ဦးဖြစ်တယ်၊ သူဟာ ကြေညာသူကိုးယောက်ရှိတဲ့ အင်္ဂလိပ်စကားပြောအုပ်စုကို ကူညီဖို့ ကမ္ဘာလှည့်ခရီးသည်များစွာရှိတဲ့ အရှေ့တောင်အာရှကဒေသတစ်ခုကို ပြောင်းရွှေ့ခဲ့တယ်။ အဲဒီအုပ်စုက အဲဒီနိုင်ငံမှာရှိတဲ့ တိုင်းတစ်ပါးသား ၃၀,၀၀၀ ကို ဟောပြောရတယ်။ နှစ်နှစ်အတွင်းမှာ အစည်းအဝေးတက်ရောက်သူ အယောက် ၅၀ ရှိလာတယ်။ ညီကိုက ဒီလိုရေးတယ်– “ဒီနိုင်ငံကို ပြောင်းလာတဲ့အတွက် ကောင်းချီးများစွာ ခံစားခဲ့ရတယ်။ အဲဒီကောင်းချီးတွေကိုပြောပြဖို့ အချိန်လောက်မှာမဟုတ်ဘူး။”
၆။ သာ၍လိုအပ်တဲ့နိုင်ငံတစ်နိုင်ငံမှာ ပြောင်းရွှေ့ခဲ့တဲ့ တစ်ကိုယ်ရေညီမတစ်ဦးရဲ့တွေ့ကြုံမှုကို ပြန်ပြောပြပါ။
၆ တစ်ကိုယ်ရေညီမတွေ– သာ၍လိုအပ်တဲ့နိုင်ငံတွေမှာ သတင်းကောင်းဟောပြောဖို့ ညီမတွေကို ယေဟောဝါ အကြီးအကျယ်အသုံးပြုနေတယ်။ (ဆာ. ၆၈:၁၁) တစ်ကိုယ်ရေညီမငယ်တစ်ဦးက သူ့ရဲ့ဟောပြောခြင်းကို တိုးချဲ့တဲ့အနေနဲ့ တိုင်းတစ်ပါးမှာ သွားရောက်အမှုဆောင်ဖို့ ပန်းတိုင်ထားတယ်၊ ဒါပေမဲ့ သမီးရဲ့ဘေးကင်းလုံခြုံရေးအတွက် မိဘတွေအနေနဲ့ စိုးရိမ်ပူပန်ပေးကြတယ်။ ဒါကြောင့် ညီမငယ်က နိုင်ငံရေးနဲ့ စီးပွားရေးတည်ငြိမ်တဲ့နိုင်ငံတစ်ခုကို ရွေးချယ်ပြီး ဌာနခွဲရုံးကို စာရေးလိုက်တယ်၊ အဲဒီအခါ အကူအညီဖြစ်စေတဲ့ သတ်သတ်မှတ်မှတ်အချက်အလက်တွေကို ရရှိခဲ့တယ်။ သူပြောင်းရွှေ့တဲ့နိုင်ငံမှာ ခြောက်နှစ်နေထိုင်စဉ်အတွင်း ကောင်းချီးများစွာ ခံစားခဲ့ရတယ်။ သူဒီလိုပြောတယ်– “ကျွန်မနိုင်ငံမှာဆိုရင် ကျမ်းစာသင်အံမှု သိပ်မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သာ၍လိုအပ်တဲ့ဒေသမှာ အမှုဆောင်တဲ့အခါ ကျမ်းစာသင်အံမှုများစွာ ကျင်းပနိုင်ခဲ့ပြီး ကျွန်မရဲ့သွန်သင်ခြင်းအရည်အသွေးလည်း တကယ်တိုးတက်လာခဲ့တယ်။”
၇။ တိုင်းတစ်ပါးမှာ ပြောင်းရွှေ့တဲ့ မိသားစုတစ်စုရဲ့တွေ့ကြုံမှုကို ပြန်ပြောပြပါ။
၇ မိသားစုများ– သင့်မှာ သားသမီးတွေရှိတဲ့အတွက် သတင်းကောင်းပျံ့နှံ့စေဖို့ တိုင်းတစ်ပါးကိုမပြောင်းရွှေ့နိုင်ဘဲ ဖြစ်နေသလား။ ရှစ်နှစ်နဲ့ ဆယ်နှစ်အရွယ် ကလေးနှစ်ယောက်ရှိတဲ့ မိသားစုတစ်စုဟာ တိုင်းတစ်ပါးကို ပြောင်းရွှေ့ကြည့်တယ်။ မိခင်ဖြစ်သူက သူတို့ရဲ့အတွေ့အကြုံကို ဒီလိုရေးတယ်– “ကျွန်မတို့ရဲ့ကလေးတွေကို ဒီမှာ ကြီးပြင်းစေခွင့်ရတဲ့အတွက် ဝမ်းသာတယ်၊ အကြောင်းကတော့ သူတို့က အထူးရှေ့ဆောင်တွေ၊ သာသနာပြုတွေနဲ့ ပေါင်းသင်းခွင့်ရကြလို့ပဲ။ သာ၍လိုအပ်တဲ့ဒေသမှာ အမှုဆောင်ရလို့ ကျွန်မတို့ရဲ့အသက်တာဟာ ကြွယ်ဝပြည့်စုံနေပါတယ်။”
၈။ ဘာသာစကားနောက်တစ်ခုကိုမသင်ယူဘဲ တိုင်းတစ်ပါးမှာ အမှုဆောင်ဖို့ ဖြစ်နိုင်သလား။ ရှင်းပြပါ။
၈ ဘာသာစကားအတွက် စိုးရိမ်ခြင်း– တိုင်းတစ်ပါးဘာသာကိုသင်ယူဖို့ဆိုတဲ့အတွေးက တခြားနိုင်ငံကို ပြောင်းရွှေ့ဖို့ အတားအဆီးဖြစ်စေသလား။ နိုင်ငံတော်ဟောပြောသူပိုလိုအပ်တဲ့ တခြားနိုင်ငံတွေမှာလည်း သင့်ဘာသာစကားကို လူတွေပြောနေနိုင်ဖွယ်ရှိတယ်။ အင်္ဂလိပ်စကားပြောတဲ့ ဇနီးမောင်နှံဟာ စပိန်စကားပြောနိုင်ငံတစ်ခုကို ပြောင်းရွှေ့ခဲ့ကြပြီး အဲဒီမှာလာပြောင်းရွှေ့နေထိုင်သူတော်တော်များများဟာ အင်္ဂလိပ်စကားပြောကြတယ်။ ဌာနခွဲရုံးကနေ အကူအညီလိုအပ်တဲ့ အင်္ဂလိပ်အသင်းတော်တွေရှိကြောင်း ဖော်ပြတဲ့အကြောင်းကြားစာကို ရရှိပြီးနောက်မှာ သူတို့က အသင်းတော်တစ်ခုကိုရွေးချယ်ပြီး နှစ်ကြိမ်လည်ပတ်ခဲ့ကြတယ်။ သူတို့ဟာ မိခင်နိုင်ငံကို ပြန်၊ လစဉ်အသုံးစရိတ်ကို လျှော့ချပြီး တစ်နှစ်ကြာ ငွေစုဆောင်းခဲ့ကြတယ်။ ပြောင်းရွှေ့ဖို့အသင့်ဖြစ်တဲ့အချိန်မှာ အဲဒီနိုင်ငံက ညီကိုတွေက အတော်အသင့်ကောင်းတဲ့အိမ်မှာနေနိုင်အောင် သူတို့ကို ကူညီပေးကြတယ်။
၉၊ ၁၀။ ကိုယ့်နိုင်ငံကနေ တခြားနိုင်ငံကို ပြောင်းရွှေ့အခြေချခဲ့သူတွေဟာ ဘာကို စဉ်းစားသုံးသပ်နိုင်သလဲ၊ ဘာကြောင့်လဲ။
၉ တခြားနိုင်ငံမှာ ပြောင်းရွှေ့အခြေချနေထိုင်သူတွေ– သင်ဟာ အမှန်တရားမသိရှိခင်မှာ သင့်မွေးရပ်မြေကနေ နိုင်ငံတစ်နိုင်ငံကို ပြောင်းရွှေ့အခြေချနေထိုင်ခဲ့တာလား။ သင့်ရဲ့မိခင်နိုင်ငံမှာ ရိတ်သိမ်းတဲ့လုပ်သားတွေ အကြီးအကျယ်လိုအပ်နေတာဖြစ်နိုင်တယ်။ ကိုယ့်နိုင်ငံကို ပြန်သွားကူညီဖို့ စဉ်းစားသုံးသပ်နိုင်မလား။ တခြားနိုင်ငံကလာသူတစ်ဦးထက် သင့်အနေနဲ့ဆိုရင် အလုပ်ရှာတွေ့ဖို့နဲ့ နေအိမ်ရဖို့ ပိုလွယ်ကူနိုင်တယ်။ ဒေသခံဘာသာစကားကိုလည်း သင်ပြောနိုင်တယ်။ ဒါ့အပြင် လူတွေဟာ နိုင်ငံတော်သတင်းစကားကို တိုင်းတစ်ပါးကလာသူတစ်ဦးဆီကထက် သင့်ဆီကနေ ပိုနားထောင်ချင်ကြပါလိမ့်မယ်။
၁၀ အယ်လ်ဘေးနီးယားနိုင်ငံကနေ အီတလီနိုင်ငံကို ဒုက္ခသည်အဖြစ် ပြောင်းရွှေ့ခဲ့သူတစ်ဦးဟာ အလုပ်ကောင်းတစ်ခုရခဲ့ပြီး အယ်လ်ဘေးနီးယားမှာရှိတဲ့ သူ့မိသားစုဆီကို ပိုက်ဆံတွေ ပို့ပေးနေတယ်။ အမှန်တရားကို သူသိရှိပြီးတဲ့နောက် သာ၍လိုအပ်တဲ့နေရာမှာအမှုဆောင်ဖို့ ပြောင်းရွှေ့ကြမယ့် အီတလီလူမျိုးအထူးရှေ့ဆောင်အုပ်စုကို အယ်လ်ဘေးနီးယားဘာသာစကား စသင်ပေးတယ်။ ညီကိုက ဒီလိုရေးတယ်– “သူတို့က ကျွန်တော်ထွက်လာတဲ့ဒေသကို သွားကြမယ်။ အဲဒီကဘာသာစကားကို သူတို့မသိကြပေမယ့် သွားဖို့ သူတို့စိတ်အားထက်သန်နေကြတယ်။ ကျွန်တော့်ဘာသာစကားနဲ့ ယဉ်ကျေးမှုဟာ အယ်လ်ဘေးနီးယန်းပဲ။ ကျွန်တော်က အီတလီမှာ ဘာလာလုပ်တာလဲ။” ညီကိုဟာ သတင်းကောင်းပျံ့နှံ့ရေးကိုကူညီပေးဖို့ အယ်လ်ဘေးနီးယားနိုင်ငံကို ပြန်သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူဒီလိုပြောတယ်– “အီတလီမှာ ရတဲ့အလုပ်နဲ့ ပိုက်ဆံတွေကို လက်လွှတ်လိုက်ရလို့ ကျွန်တော် နောင်တရမယ်ထင်လား။ လုံးဝနောင်တမရဘူး။ အယ်လ်ဘေးနီးယားနိုင်ငံမှာ စစ်မှန်တဲ့အလုပ်တစ်ခု ကျွန်တော်ရသွားပြီ။ ကျွန်တော့်အမြင်ကတော့၊ တကယ်အရေးကြီးတဲ့ တည်မြဲပြီးရွှင်လန်းမှုပေးတဲ့အလုပ်ဆိုတာ ယေဟောဝါရဲ့အမှုတော်ကို စိတ်နှလုံးအကြွင်းမဲ့လုပ်ဆောင်ခြင်းပဲ။”
၁၁၊ ၁၂။ တိုင်းတစ်ပါးကိုပြောင်းရွှေ့ဖို့ စဉ်းစားထားတဲ့သူတွေဟာ ဘာကိုလုပ်ဆောင်သင့်သလဲ။
၁၁ လုပ်ဆောင်နိုင်ပုံ– ပေါလုနဲ့ သူ့အဖော်တွေဟာ မက်ဆီဒိုးနီးယားကို မသွားခင် အနောက်ဘက်ကို သွားဖို့ ရည်ရွယ်ခဲ့ကြတယ်၊ ဒါပေမဲ့ “သန့်ရှင်းသော စွမ်းအားတော်သည် တားမြစ်သောကြောင့်” မြောက်ဘက်ကို သွားကြတယ်။ (တ. ၁၆:၆) ဗိသုနိပြည်ကို သူတို့ရောက်ခါနီးမှာ ယေရှုက သူတို့ကို တားဆီးခဲ့တယ်။ (တ. ၁၆:၇) ယေဟောဝါက ဟောပြောခြင်းလုပ်ငန်းကို ယေရှုကနေတစ်ဆင့် ဆက်ပြီးကြီးကြပ်နေတယ်။ (မ. ၂၈:၂၀) ဒါကြောင့် တိုင်းတစ်ပါးကို ပြောင်းရွှေ့ဖို့ စဉ်းစားသုံးသပ်တယ်ဆိုရင် ယေဟောဝါရဲ့လမ်းညွှန်မှုကို ဆုတောင်းပြီးရှာပါ။—လု. ၁၄:၂၈-၃၀; ယာ. ၁:၅; “သင်ပြောင်းရွှေ့ဖို့ စဉ်းစားထားတဲ့နိုင်ငံဟာ အကူအညီလိုအပ်တဲ့နိုင်ငံဖြစ်ကြောင်း သိရှိနိုင်ပုံ” ဆိုတဲ့လေးထောင့်ကွက်ကို ကြည့်ပါ။
၁၂ တိုင်းတစ်ပါးမှာ သင် သွားရောက်အမှုဆောင်ခြင်းနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထင်မြင်ချက်ပေးဖို့ သင့်အကြီးအကဲတွေနဲ့ တခြားရင့်ကျက်တဲ့ခရစ်ယာန်တွေကို တောင်းဆိုပါ။ (သု. ၁၁:၁၄; ၁၅:၂၂) တိုင်းတစ်ပါးမှာ အမှုဆောင်ခြင်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်း ထုတ်ဝေပြီးသားဆောင်းပါးတွေကို ဖတ်ကြည့်ပါ၊ ဒါ့အပြင် ပြောင်းရွှေ့ဖို့ သင်စဉ်းစားထားတဲ့နိုင်ငံတွေအကြောင်း ကောင်းကောင်းလေ့လာပါ။ သင်ပြောင်းရွှေ့ချင်တဲ့နိုင်ငံကို ရက်အတော်ကြာ သွားလည်ကြည့်နိုင်မလား။ တိုင်းတစ်ပါးကို သင် တကယ်ပြောင်းရွှေ့ချင်တယ်ဆိုရင် ထပ်ဆင့်အချက်အလက်တွေကိုသိဖို့ နောက်ဆုံးထုတ် နှစ်ချုပ်စာအုပ်ပါလိပ်စာကိုသုံးပြီး အဲဒီနိုင်ငံက ဌာနခွဲရုံးကို စာရေးနိုင်တယ်။ ဒါပေမဲ့ ဌာနခွဲရုံးကို တိုက်ရိုက်စာရေးမယ့်အစား ဒေသခံအကြီးအကဲတွေကို ဦးစွာပေးပါ၊ သူတို့က မပေးပို့ခင် မှတ်ချက်တွေ ထပ်ဖြည့်စွက်ပါလိမ့်မယ်။—ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်းစာအုပ်၊ စာမျက်နှာ ၁၁၁-၁၁၂။
၁၃။ ဌာနခွဲရုံးက သင့်ကို ဘယ်လိုကူညီပေးမလဲ၊ ဒါပေမဲ့ ဘာတွေကိုတော့ သင်တာ၀န်ယူရမလဲ။
၁၃ သင် ဆုံးဖြတ်ချက်ချနိုင်အောင် ပြောင်းရွှေ့ဖို့သင်စဉ်းစားထားတဲ့နိုင်ငံအကြောင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဌာနခွဲရုံးက သင့်ဆီ ပေးပို့မှာဖြစ်တယ်၊ ဒါပေမဲ့ ထောက်ခံစာတွေ၊ နေထိုင်ခွင့်တွေ၊ ဗီဇာ ဒါမှမဟုတ် တခြားဥပဒေဆိုင်ရာစာရွက်စာတမ်းတွေလုပ်ပေးဖို့ ဒါမှမဟုတ် နေအိမ်ရှာပေးဖို့ အဲဒီဌာနခွဲမှာ တာဝန်မရှိဘူး။ ဒါတွေအားလုံးဟာ သင် မပြောင်းရွှေ့ခင် ဂရုတစိုက်လေ့လာစုံစမ်းဖို့လိုတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေဖြစ်တယ်။ ဒါ့အပြင် ဗီဇာတောင်းဆိုချက်၊ အလုပ်လုပ်ခွင့်နဲ့ပတ်သက်တဲ့ အချက်အလက်တွေရရှိဖို့ သံရုံးတွေ (သို့) ကောင်စစ်ဝန်ရုံးတွေကို ဆက်သွယ်ဖို့ သင်တာဝန်ယူရပါမယ်။ ပြောင်းရွှေ့တဲ့သူတွေဟာ ကိုယ့်ရဲ့လိုအပ်ရာတွေနဲ့ တရားရေးတောင်းဆိုချက်တွေကို တာဝန်ယူနိုင်သင့်ပါတယ်။—ဂလ. ၆:၅။
၁၄။ လုပ်ငန်းပိတ်ပင်ထားတဲ့နိုင်ငံကို သွားလည်ပတ်တဲ့အခါ (သို့) ပြောင်းရွှေ့တဲ့အခါ ဘာတွေကို သတိထားရမလဲ။
၁၄ လုပ်ငန်းပိတ်ပင်တဲ့ နိုင်ငံတွေ– တချို့နိုင်ငံတွေမှာရှိတဲ့ ဒေသခံညီကို၊ ညီမတွေဟာ သူတို့ရဲ့ဝတ်ပြုကိုးကွယ်မှုကို သတိကြီးစွာနဲ့လုပ်ဆောင်ရတယ်။ (မ. ၁၀:၁၆) အဲဒီလိုနိုင်ငံမျိုးကို သွားလည်ပတ်တဲ့ (သို့) ပြောင်းရွှေ့တဲ့ကြေညာသူတွေကြောင့် ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုကို မလိုအပ်ဘဲအာရုံစိုက်လာစေနိုင်ပြီး ဒေသခံ ညီကို၊ ညီမတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်။ အဲဒီလိုနိုင်ငံမျိုးကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်ဆိုရင် မပြောင်းရွှေ့ခင်မှာ အကြီးအကဲအဖွဲ့ကနေတစ်ဆင့် သင့်နိုင်ငံကဌာနခွဲရုံးကို ကျေးဇူးပြု၍ စာရေးပါ။
၁၅။ ပြောင်းရွှေ့ဖို့အနေအထားမှာမရှိတဲ့သူတွေဟာ လက်ရှိနေထိုင်ရာဒေသမှာပဲ ဟောပြောခြင်းလုပ်ငန်းကို ဘယ်လိုတိုးချဲ့နိုင်သလဲ။
၁၅ မပြောင်းရွှေ့နိုင်ဘူးဆိုရင်– သင်ဟာ တခြားနိုင်ငံတစ်နိုင်ငံကို ပြောင်းရွှေ့နိုင်တဲ့အနေအထားမှာမရှိဘူးဆိုရင် စိတ်ဓာတ်မကျပါနဲ့။ သင့်အတွက် တခြား “ဆောင်ရွက်စရာ လုပ်ငန်းတံခါးကြီး ပွင့်” ကောင်းပွင့်လာလိမ့်မယ်။ (၁ ကော. ၁၆:၈၊ ၉) သင်နေထိုင်ရာဒေသကနေ ပြောင်းရွှေ့စရာမလိုဘဲ သွားရောက်ကူညီနိုင်တဲ့ ဒေသတွေရှိမရှိဆိုတာကို သင့်တိုက်နယ်ကြီးကြပ်မှူးတွေ သိနိုင်တယ်။ အနီးအနားက နိုင်ငံခြားစကားပြောအသင်းတော် (သို့) အုပ်စုကို အကူအညီပေးနိုင်တယ်။ ဒါမှမဟုတ် သင့်လက်ရှိအသင်းတော်မှာပဲ ဟောပြောခြင်းလုပ်ငန်းကို တိုးချဲ့လုပ်ဆောင်နိုင်တယ်။ သင့်အခြေအနေ ဘယ်လိုပဲရှိပါစေ အရေးကြီးတဲ့အရာကတော့ ဘုရားသခင်ကို စိတ်နှလုံးအပြည့်နဲ့ဝတ်ပြုဖို့ပါပဲ။—ကော. ၃:၂၃။
၁၆။ တိုင်းတစ်ပါးကိုပြောင်းရွှေ့ချင်တဲ့သူတွေကို ဘယ်လိုဆက်ဆံသင့်သလဲ။
၁၆ တိုင်းတစ်ပါးမှာ အမှုဆောင်ဖို့ပန်းတိုင်ထားတဲ့ ရင့်ကျက်တဲ့ခရစ်ယာန်တစ်ယောက်ကို သင်သိပါသလား။ သိတယ်ဆိုရင် သူ့ကို ကူညီပေးပါ၊ အားပေးစကားပြောပါ။ ရှုရိပြည်၊ အန္တိအုတ်မြို့ကနေ ပေါလု ထွက်သွားတုန်းကဆိုရင် အဲဒီမြို့ဟာ (ရောမမြို့နဲ့ အလက်ဇန္ဒြီယားမြို့ပြီးရင်) ရောမအင်ပါယာမှာ တတိယအကြီးဆုံးမြို့ဖြစ်ခဲ့တယ်။ ဒီလိုရပ်ကွက်ကြီးရှိတဲ့အန္တိအုတ်အသင်းတော်ဟာ ပေါလုရဲ့အကူအညီ လိုအပ်နိုင်ပါတယ်၊ ပေါလုထွက်သွားတဲ့အခါမှာလည်း သူ့ကို သူတို့လွမ်းနေကြပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီကနေ ပေါလုထွက်မသွားဖို့ ညီကိုတွေ တားဆီးခဲ့တယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ သူတို့ရဲ့ဒေသလောက်ကိုပဲစဉ်းစားမယ့်အစား “လယ်ကား ဤလောကဖြစ်တယ်” ဆိုတာကို ညီကိုတွေ သတိရခဲ့တယ်။—မ. ၁၃:၃၈။
၁၇။ ‘မက်ဆီဒိုးနီးယားပြည်သို့ ကူးသွား’ နိုင်မလားဆိုတာကို ဘာကြောင့်စဉ်းစားသုံးသပ်သင့်သလဲ။
၁၇ ပေါလုနဲ့ သူ့အဖော်တွေဟာ မက်ဆီဒိုးနီးယားပြည်ကို ကူးလာဖို့ ဖိတ်ခေါ်ချက်ကို တုံ့ပြန်တဲ့အတွက် ကြွယ်ဝတဲ့ကောင်းချီးတွေ ရရှိခဲ့ကြတယ်။ မက်ဆီဒိုးနီးယားပြည်ရဲ့မြို့တော် ဖိလိပ္ပိမှာ သူတို့နေခဲ့တုန်းက လုဒိဆိုတဲ့အမျိုးသမီးတစ်ယောက်ကို သူတို့တွေ့ခဲ့တယ်၊ “ပေါလုဟောပြောရာများကို နာယူလက်ခံရန် ယေဟောဝါဘုရားသည် သူ၏စိတ်နှလုံးကို အပြည့်အဝ ဖွင့်တော်မူ၏။” (တ. ၁၆:၁၄) လုဒိနဲ့ သူ့အိမ်သားအားလုံး နှစ်ခြင်းခံကြတဲ့အခါ ပေါလုနဲ့ သူ့အဖော်တွေ ဘယ်လောက်ဝမ်းသာကြမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ နိုင်ငံတော်တော်များများမှာ နိုင်ငံတော်သတင်းစကားမကြားသေးတဲ့ လုဒိလို စိတ်နှလုံးရိုးဖြောင့်သူတွေရှိကြတယ်။ သင်ဟာ “မက်ဆီဒိုးနီးယားပြည်သို့ ကူးလာ” မယ်ဆိုရင် အဲဒီလိုလူတွေကို တွေ့ရှိမှာဖြစ်ပြီး သူတို့ကိုကူညီပေးခြင်းကနေ ရွှင်လန်းမှု တွေ့ကြုံခံစားရပါလိမ့်မယ်။