အမှုဆောင်လုပ်ငန်းမှာ jw.org ဝက်ဘ်ဆိုက်ကို အသုံးပြုပါ
ကျွန်ုပ်တို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်က “မြေကြီးစွန်းတိုင်အောင်” သတင်းကောင်း ပျံ့နှံ့အောင် ကူညီပေးနိုင်ပါတယ်။ (တ. ၁:၈) အိမ်ရှင်အများစုက သူတို့ဘာသာ jw.org ဝက်ဘ်ဆိုက်ကို ရှာတွေ့ကြမှာ မဟုတ်ဘူး။ ကြေညာသူက အဲဒီဝက်ဘ်ဆိုက်ကို ပြောပြပေးမှ သူတို့ သိသွားကြတယ်။
နယ်လှည့်ကြီးကြပ်မှူးတစ်ယောက်က ကျမ်းစာကို ဘာကြောင့်လေ့လာသင့်သလဲ ဆိုတဲ့ ဗီဒီယိုကို သူ့ရဲ့ဖုန်းထဲမှာ ကူးယူထားပြီး အခွင့်အခါသင့်တိုင်း ဖွင့်ပြတတ်တယ်။ ဥပမာ၊ တစ်အိမ်တက်ဆင်းသွားတဲ့အခါ သူဒီလိုပြောတယ်– “အရေးကြီးတဲ့ မေးခွန်းသုံးခုရဲ့ အဖြေကို လူတွေသိအောင် ကျွန်တော် လိုက်ပြောပြနေပါတယ်။ အဲဒါတွေကတော့ ကမ္ဘာကြီးမှာ ပြဿနာတွေ ဘာဖြစ်လို့ ဒီလောက်တောင် များနေရတာလဲ။ ဘုရားက ဘယ်လိုဖြေရှင်းပေးမှာလဲ။ အခုချိန်မှာ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းနိုင်မလဲ။ ဒီဗီဒီယိုတိုလေးက အဲဒီမေးခွန်းသုံးခုရဲ့ အဖြေကို ဖော်ပြပေးထားပါတယ်။” ပြီးနောက် ဗီဒီယိုကို ဖွင့်ပြပြီး အိမ်ရှင်ရဲ့ အခြေအနေကို စောင့်ကြည့်တယ်။ ဗီဒီယိုဟာ ဆွဲဆောင်မှု ရှိလွန်းလို့ အိမ်ရှင်အများစုက ပြီးသွားတဲ့အထိ ကြည့်နေကြတယ်။ ဗီဒီယိုပြပြီးတဲ့နောက် နယ်လှည့်ကြီးကြပ်မှူး ဒီလိုဆက်ပြောတယ်– “ကျမ်းစာသင်ဖို့ အွန်လိုင်းကနေ တောင်းဆိုလို့ရတယ်ဆိုတာ ဒီဗီဒီယိုထဲမှာ ကြားခဲ့တယ်မဟုတ်လား။ ကျွန်တော် အခု ဒီမှာရှိနေတုန်း ကျမ်းစာ ဘယ်လိုသင်ပေးသလဲဆိုတာ ခဏလေး ပြပေးချင်တယ်။” အိမ်ရှင် သဘောတူတယ်ဆိုရင် သတင်းကောင်းဘရိုရှာနဲ့ ကျမ်းစာသင်တဲ့ပုံကို သူ ပြပေးတယ်။ အိမ်ရှင်က အချိန်မရှိဘူးလို့ပြောရင် နောက်တစ်ခေါက် ပြန်သွားဖို့ စီစဉ်တယ်။ လက်ဖက်ရည်ဆိုင် ထိုင်တဲ့အခါမှာလည်း အနားမှာရှိတဲ့လူကို စကားလက်ဆုံပြောပြီးနောက် ဗီဒီယိုကို ဖွင့်ပြတတ်တယ်။ သင်ကော အမှုဆောင်လုပ်ငန်းမှာ jw.org ဝက်ဘ်ဆိုက်ကို အသုံးပြုနေသလား။