ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ အောက်တိုဘာ စာ. ၁၈-၂၃
  • စစ်မှန်တဲ့ ဉာဏ်ပညာ ဟစ်အော်နေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်မှန်တဲ့ ဉာဏ်ပညာ ဟစ်အော်နေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါနဲ့ပတ်သက်တဲ့ အသိပညာက ဉာဏ်ပညာ ရရှိစေ
  • စစ်မှန်တဲ့ ဉာဏ်ပညာကို လူတွေ ဘာကြောင့် ငြင်းပယ်
  • ကျွန်တော်တို့ကို အကျိုးပြုတဲ့ စစ်မှန်တဲ့ ဉာဏ်ပညာ
  • “ဉာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ‘အထက်မှဉာဏ်ပညာ’ သည် သင့်ဘဝတွင် အကျိုးသြဇာသက်ရောက်သလော
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ‘ဘုရားသခင်၏ဉာဏ်တော် အလွန်နက်နဲစွတကား!’
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ဉာဏ်ပညာကိုရယူကာ ဆုံးမပဲ့ပြင်မှုကိုလက်ခံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ အောက်တိုဘာ စာ. ၁၈-၂၃

လေ့လာရန် ဆောင်းပါး ၄၃

စစ်မှန်တဲ့ ဉာဏ်ပညာ ဟစ်အော်နေ

“စစ်မှန်တဲ့ ဉာဏ်ပညာက လမ်းပေါ်မှာ ဟစ်အော်နေတယ်။ လူထုရင်ပြင်တွေမှာ ကြွေးကြော်နေတယ်။”—ပညာ. ၁:၂၀။

သီချင်း ၈၈ ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ

အကြိုသုံးသပ်ချက်a

၁။ ဉာဏ်ပညာ ဟစ်အော်တာကို လူများစွာ ဘယ်လို တုံ့ပြန်ကြသလဲ။ (ပညာအလိမ္မာ ၁:၂၀၊ ၂၁)

နိုင်ငံများစွာမှာ လမ်းပေါ် ဖြတ်သန်းသွားလာသူတွေကို စာပေ ဝေငှနေတဲ့ သတင်းကောင်း ကြေညာသူတွေကို တွေ့ရလေ့ရှိတယ်။ အဲဒီအမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖူးသလား။ ပါဝင်ဖူးတယ်ဆိုရင် မိမိစကားကို လူတွေ ကြားအောင် ဉာဏ်ပညာ ဟစ်အော်နေတယ်ဆိုတဲ့ ပညာအလိမ္မာကျမ်းထဲက သရုပ်ဖော်ချက်ကို စဉ်းစားမိမှာပဲ။ (ပညာအလိမ္မာ ၁:၂၀၊ ၂၁ ကို ဖတ်ပါ။) ကျမ်းစာ၊ ကျမ်းစာအခြေပြု စာပေတွေမှာ ယေဟောဝါရဲ့ ဉာဏ်ပညာ ဖြစ်တဲ့ “စစ်မှန်တဲ့ ဉာဏ်ပညာ” ပါတယ်။ အသက်လမ်းပေါ် ခြေချနိုင်ဖို့ အဲဒီဉာဏ်ပညာကို လူတွေ လိုအပ်တယ်။ လူတစ်ယောက် စာပေ လက်ခံတဲ့အခါ ကျွန်တော်တို့ ဝမ်းသာတယ်။ ဒါပေမဲ့ လူတိုင်း လက်ခံတာတော့ မဟုတ်ဘူး။ တချို့က ကျမ်းစာ စိတ်မဝင်စားကြဘူး။ တချို့က ကျွန်တော်တို့ကို လှောင်ရယ်ကြတယ်။ ကျမ်းစာ ခေတ်နောက်ကျသွားပြီလို့ ထင်ကြတယ်။ ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ ကျမ်းစာ သွန်သင်ချက်တွေကို ဝေဖန်ကြတယ်။ အဲဒီအတိုင်း လိုက်လျှောက်သူတွေကို အကြင်နာတရား မရှိသူတွေ၊ တစ်ယူသန်သမားတွေလို့ စွပ်စွဲကြတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ဉာဏ်ပညာ လူတိုင်း ရအောင် ယေဟောဝါ ဆက်စီစဉ်ပေးနေတယ်။ ဘယ်နည်းတွေနဲ့လဲ။

၂။ စစ်မှန်တဲ့ ဉာဏ်ပညာကို ဒီနေ့ခေတ်မှာ ဘယ်လို ရနိုင်သလဲ။ လူအများစု ဘာလုပ်ကြသလဲ။

၂ စစ်မှန်တဲ့ ဉာဏ်ပညာကို ယေဟောဝါ ကြားသိစေတဲ့ တစ်နည်းကတော့ ကျမ်းစာအားဖြင့်ပါပဲ။ ကျမ်းစာကို လူတိုင်းနီးပါး ရနိုင်ပြီ။ ကျမ်းစာအခြေပြု စာပေတွေကော။ ယေဟောဝါရဲ့ ကောင်းချီးကြောင့် ဘာသာစကား ၁၀၀၀ ကျော်နဲ့ ရနိုင်ပြီ။ အဲဒါတွေကို ဖတ်ရှုလေ့လာ၊ လက်တွေ့ကျင့်သုံးသူတွေ အကျိုး ရကြပါလိမ့်မယ်။ ဒါပေမဲ့ လူအများစုကတော့ စစ်မှန်တဲ့ ဉာဏ်ပညာရဲ့ အသံကို ဂရုမစိုက်ကြဘူး။ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒါမှမဟုတ် လူလူချင်းကိုပဲ အားကိုးချင်ကြတယ်။ ကျမ်းစာသွန်သင်ချက်အတိုင်း လိုက်နာတဲ့ ကျွန်တော်တို့ကို အထင်တောင်သေးကြတယ်။ လူတွေ ဘာကြောင့် အဲဒီလို တုံ့ပြန်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ ဦးဆုံး၊ ယေဟောဝါဆီက ဉာဏ်ပညာ ဘယ်လို ရနိုင်ကြောင်း ဆွေးနွေးပါမယ်။

ယေဟောဝါနဲ့ပတ်သက်တဲ့ အသိပညာက ဉာဏ်ပညာ ရရှိစေ

၃။ စစ်မှန်တဲ့ ဉာဏ်ပညာမှာ ဘာပါဝင်သလဲ။

၃ ဉာဏ်ပညာဆိုတာ သိထားတာကို သုံးပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်စွမ်းကို ဆိုလိုတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ဉာဏ်ပညာမှာ အဲဒီထက်မက ပါဝင်တယ်။ “ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ ဉာဏ်ပညာရဲ့ မူလအစပဲ။ အသန့်ရှင်းဆုံးအရှင်ရဲ့ အကြောင်းကို သိရှိခြင်းဟာ သိနားလည်မှုပဲ” လို့ ကျမ်းစာ ပြောတယ်။ (ပညာ. ၉:၁၀) ဒါကြောင့် အရေးကြီး ဆုံးဖြတ်ချက်တွေ ချဖို့ လိုလာတဲ့အခါ ‘အသန့်ရှင်းဆုံးအရှင်နဲ့ပတ်သက်တဲ့ အသိပညာ၊’ တစ်နည်းအားဖြင့် ယေဟောဝါရဲ့ စဉ်းစားပုံကို အခြေခံသင့်တယ်။ ကျမ်းစာ၊ ကျမ်းစာအခြေပြု စာပေတွေ ဖတ်ရှုလေ့လာခြင်းအားဖြင့် အဲဒီလို လုပ်ဆောင်နိုင်တယ်။ ဒါဆိုရင် စစ်မှန်တဲ့ ဉာဏ်ပညာ ရှိကြောင်း ပြရာရောက်တယ်။—ပညာ. ၂:၅-၇။

၄။ ယေဟောဝါ တစ်ပါးတည်းသာ ဘာကြောင့် စစ်မှန်တဲ့ ဉာဏ်ပညာ ပေးနိုင်သလဲ။

၄ ယေဟောဝါ တစ်ပါးတည်းသာ စစ်မှန်တဲ့ ဉာဏ်ပညာ ပေးနိုင်တယ်။ (ရော. ၁၆:၂၇) ယေဟောဝါဟာ ဘာကြောင့် ဉာဏ်ပညာ ရင်းမြစ် ဖြစ်သလဲ။ ပထမ၊ ဖန်ဆင်းရှင် ဖြစ်တဲ့အတွက် ဖန်ဆင်းရာတွေအကြောင်း မသိတာ မရှိဘူး။ (ဆာ. ၁၀၄:၂၄) ဒုတိယ၊ ယေဟောဝါရဲ့ လုပ်ဆောင်မှုအားလုံးမှာ ဉာဏ်ပညာ ပေါ်လွင်ထင်ရှားတယ်။ (ရော. ၁၁:၃၃) တတိယ၊ ယေဟောဝါရဲ့ ပညာရှိ အကြံဉာဏ်ဟာ လိုက်နာကျင့်သုံးသူတွေကို အမြဲ အကျိုးရရှိစေတယ်။ (ပညာ. ၂:၁၀-၁၂) စစ်မှန်တဲ့ ဉာဏ်ပညာ ရဖို့ဆိုရင် အဲဒီ အခြေခံ အမှန်တရားတွေကို လက်ခံရမယ်။ ဆုံးဖြတ်ချက် ချတဲ့အခါ ဖြစ်စေ၊ ဘာမဆို လုပ်ဆောင်တဲ့အခါ ဖြစ်စေ အဲဒါတွေရဲ့ လမ်းညွှန်မှု ခံယူရမယ်။

၅။ ယေဟောဝါကို စစ်မှန်တဲ့ ဉာဏ်ပညာ ရင်းမြစ်အဖြစ် အသိအမှတ် မပြုလို့ လူတွေ ဘာရလဒ် ရနေသလဲ။

၅ အမှုဆောင်မှာ ဆုံတွေ့ရသူ များစွာဟာ သဘာဝတရားရဲ့ အံ့ဖွယ်ဒီဇိုင်းကို အံ့ဩမိန်းမောကြပေမဲ့ ဖန်ဆင်းရှင်ကိုတော့ ငြင်းပယ်ကြတယ်။ ဆင့်ကဲအယူကိုပဲ ထောက်ခံကြတယ်။ တချို့ကလည်း ဘုရားကို ယုံတယ်လို့ ပြောပေမဲ့ ကျမ်းစာ စံနှုန်းတွေကို ခေတ်နောက်ကျသွားပြီလို့ ယူဆကြတယ်။ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ရွေးချယ်ကြတယ်။ ဘာရလဒ် ရနေသလဲ။ ဘုရားသခင့် ဉာဏ်ပညာအစား ကိုယ့်ဉာဏ်ပညာကို အားကိုးလို့ ပိုကောင်းတဲ့ ကမ္ဘာကြီး ဖြစ်လာသလား။ စစ်မှန်တဲ့ ပျော်ရွှင်မှု၊ အနာဂတ်အတွက် ခိုင်မာတဲ့ မျှော်လင့်ချက် ရှိနေသလား။ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတာတွေက “ယေဟောဝါကို ဆန့်ကျင်တဲ့ဘက်မှာ ဉာဏ်ပညာ၊ ပိုင်းခြားသိမြင်မှု၊ အကြံဉာဏ် တစ်ခုမှ မရှိဘူး” ဆိုတဲ့ အမှန်တရားကို ထင်ရှားစေတယ်။ (ပညာ. ၂၁:၃၀) စစ်မှန်တဲ့ ဉာဏ်ပညာကို ရှာဖို့ လှုံ့ဆော်ပေးသင့်တဲ့ အကြောင်းကောင်းပါပဲ။ လူအများစုကတော့ အဲဒီလို မရှာကြဘူး။ ဘာကြောင့်လဲ။

စစ်မှန်တဲ့ ဉာဏ်ပညာကို လူတွေ ဘာကြောင့် ငြင်းပယ်

၆။ ပညာအလိမ္မာ ၁:၂၂-၂၅ အရ စစ်မှန်တဲ့ ဉာဏ်ပညာကို ဘယ်သူတွေ ငြင်းပယ်ကြသလဲ။

၆ စစ်မှန်တဲ့ ဉာဏ်ပညာ “လမ်းပေါ်မှာ ဟစ်အော်” တာကို လူများစွာ နားမထောင်ကြဘူး။ ကျမ်းစာအရ ဉာဏ်ပညာကို ငြင်းပယ်တဲ့ အုပ်စု သုံးစု ရှိတယ်။ “အတွေ့အကြုံ မရှိသူ၊” “လှောင်ပြောင်တတ်သူ၊” “လူမိုက်” တို့ ဖြစ်တယ်။ (ပညာအလိမ္မာ ၁:၂၂-၂၅ ကို ဖတ်ပါ။) သူတို့ ဘာကြောင့် ဘုရားဉာဏ်ပညာကို ငြင်းပယ်ကြကြောင်း၊ သူတို့လို မဖြစ်အောင် ဘယ်လို ရှောင်နိုင်ကြောင်း ကြည့်ကြစို့။

၇။ တချို့က “အတွေ့အကြုံ မရှိသူတွေ” ဆက်ဖြစ်ဖို့ ဘာကြောင့် ရွေးချယ်ကြသလဲ။

၇ “အတွေ့အကြုံ မရှိသူတွေ” ဟာ ကြားသမျှ ယုံသူတွေ၊ အလွယ်တကူ လှည့်စားလို့ ရသူတွေ ဖြစ်တယ်။ (ပညာ. ၁၄:၁၅) အမှုဆောင်မှာ အဲဒီလိုလူတွေကို တွေ့ရလေ့ ရှိတယ်။ ဥပမာ၊ ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်တွေကြောင့် လှည့်စားခံနေရသူ သန်းပေါင်းများစွာအကြောင်း စဉ်းစားကြည့်ပါ။ လှည့်စားခံနေရမှန်း သိလာတဲ့အခါ စိတ်ပျက်သွားကြသူ တချို့တော့ ရှိပါတယ်။ ဒါပေမဲ့ ပညာအလိမ္မာ ၁:၂၂ မှာ ဖော်ပြထားသူတွေဟာ အတွေ့အကြုံ မရှိသူတွေ ဖြစ်ရတာကို ကြိုက်လို့ အဲဒီလို ဆက်ဖြစ်နေဖို့ ရွေးချယ်ကြတာ။ (ယေ. ၅:၃၁) ကိုယ်ကြိုက်တာ ကိုယ်လုပ်ချင်ကြတယ်။ ကျမ်းစာကို စိတ်မဝင်စားဘူး။ ကျမ်းစာစံနှုန်းတွေအတိုင်း မလိုက်ချင်ဘူး။ ကနေဒါနိုင်ငံ၊ ကွီဘက်မြို့မှာ နေတဲ့ ဘာသာတရား ကိုင်းရှိုင်းတဲ့ အမျိုးသမီး တစ်ယောက်က “ကျွန်မတို့ရဲ့ ဘုန်းကြီး လှည့်စားတယ်ဆိုရင်လည်း အဲဒါ သူ့အမှား။ ကျွန်မတို့ အမှား မဟုတ်ဘူး” လို့ ပြောတယ်။ လူများစွာလည်း အဲဒီလို ယူဆကြတယ်။ ဘုရားပညတ်ကို တမင်တကာ ဂရုမစိုက်သူတွေလို ကျွန်တော်တို့ မဖြစ်ချင်ကြပါဘူး။—ပညာ. ၁:၃၂။ ၂၇:၁၂။

၈။ အတွေ့အကြုံကောင်း ရဖို့ ဘာက ကူညီပေးမလဲ။

၈ အတွေ့အကြုံ မရှိသူတွေ ဆက်မဖြစ်ဖို့၊ “အရွယ်ရောက်သူတွေလို စဉ်းစား” ဖို့ ကျမ်းစာ အားပေးတယ်။ (၁ ကော. ၁၄:၂၀) ဘဝမှာ ကျမ်းစာ မူတွေ ကျင့်သုံးခြင်းအားဖြင့် အတွေ့အကြုံကောင်းတွေ ရလာနိုင်တယ်။ အဲဒီမူတွေက ပြဿနာတွေကို ရှောင်နိုင်ဖို့၊ ပညာရှိ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ဘယ်လို ကူညီပေးကြောင်း ကျွန်တော်တို့ တဖြည်းဖြည်း ကိုယ်တွေ့ သိလာကြပြီ။ ဒီကိစ္စမှာ ကိုယ့်တိုးတက်မှုကို ပုံမှန် စစ်ဆေးသင့်တယ်။ သင်ဟာ ကျမ်းစာ လေ့လာနေပြီး အစည်းအဝေးတွေ တက်နေတာ အတော်ကြာနေပြီဆိုရင် ဘာကြောင့် ယေဟောဝါဆီ မအပ်နှံသေးတာလဲ၊ နှစ်ခြင်း မခံသေးတာလဲလို့ မေးကြည့်နိုင်တယ်။ နှစ်ခြင်း ခံပြီးသား ဖြစ်မယ်ဆိုရင်လည်း သတင်းကောင်း ဟောပြော သွန်သင်သူအဖြစ် တိုးတက်နေသလား။ ကျမ်းစာမူတွေရဲ့ လမ်းညွှန်မှု ခံယူနေတယ်ဆိုတာ ဆုံးဖြတ်ချက်တွေက ဖော်ပြနေသလား။ တခြားသူတွေနဲ့ ဆက်ဆံရာမှာ ခရစ်ယာန် အရည်အသွေးတွေ တင်ပြနေသလား။ တိုးတက်စရာ ရှိနေတယ်ဆိုရင် “အတွေ့အကြုံမရှိသူကို ဉာဏ်ပညာရှိစေ” တဲ့ ယေဟောဝါရဲ့ သတိပေးချက်တွေကို အသေအချာ တွေးတောသင့်တယ်။—ဆာ. ၁၉:၇။

၉။ ဉာဏ်ပညာကို ငြင်းပယ်ကြောင်း “လှောင်ပြောင်တတ်သူတွေ” ဘယ်လို ပြကြသလဲ။

၉ ဘုရားဉာဏ်ပညာကို ဂရုမစိုက်တဲ့ ဒုတိယအုပ်စုကတော့ “လှောင်ပြောင်တတ်သူတွေ။” အမှုဆောင်မှာ အဲဒီလို လူတွေကို တွေ့ရလေ့ ရှိတယ်။ သူတို့က အလှောင်အပြောင်သန်သူတွေ ဖြစ်တယ်။ (ဆာ. ၁၂၃:၄) နောက်ဆုံးကာလမှာ လှောင်ပြောင်တတ်သူတွေ များလာမယ်လို့ ကျမ်းစာမှာ သတိပေးတယ်။ (၂ ပေ. ၃:၃၊ ၄) ဖြောင့်မတ်သူ လောတရဲ့ သားမက်တွေလိုပဲ ဒီနေ့ခေတ် လူတချို့က ဘုရားသတိပေးချက်တွေကို ဂရုမစိုက်ကြဘူး။ (က. ၁၉:၁၄) ကျမ်းစာမူတွေအတိုင်း နေထိုင်သူတွေကို လှောင်ပြောင်ကြတယ်။ “ဘုရားတရားမဲ့တဲ့ အလိုဆန္ဒတွေနောက် လိုက်” ကြတယ်။ (ယု. ၇၊ ၁၇၊ ၁၈) လှောင်ပြောင်သူတွေနဲ့ပတ်သက်တဲ့ ကျမ်းစာဖော်ပြချက်ဟာ အယူဖောက်ပြန်သူတွေ၊ ယေဟောဝါကို ငြင်းပယ်သူတွေရဲ့ သဘောထားနဲ့ တစ်ထပ်တည်းပါပဲ။

၁၀။ ဆာလံ ၁:၁ အရ လှောင်ပြောင်တတ်သူတွေ မဖြစ်အောင် ဘယ်လို ရှောင်နိုင်သလဲ။

၁၀ လှောင်ပြောင်တတ်သူတွေ မဖြစ်အောင် ဘယ်လို ရှောင်နိုင်သလဲ။ တစ်နည်းကတော့ ပြစ်တင်ဝေဖန်တတ်သူတွေနဲ့ မပေါင်းခြင်းအားဖြင့်ပါပဲ။ (ဆာလံ ၁:၁ ကို ဖတ်ပါ။) အယူဖောက်ပြန်သူတွေဆီက ဘာမှ နားမထောင်၊ မဖတ်ဖို့ ဆိုလိုတယ်။ သတိမထားဘူးဆိုရင် ပြစ်တင်ဝေဖန်တတ်တဲ့ သဘော အလွယ်တကူ ကူးစက်လာနိုင်တယ်။ ယေဟောဝါနဲ့ အဖွဲ့အစည်း လမ်းညွှန်ချက်ကို သံသယ ဝင်လာနိုင်တယ်။ အဲဒီလို မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ဒီလို မေးသင့်တယ်– ‘လမ်းညွှန်ချက်၊ ရှင်းပြချက် အသစ်တွေ ရတဲ့အခါ ပြစ်တင်ညည်းညူလေ့ ရှိသလား။ ဦးဆောင်နေသူတွေကို အပြစ်ရှာလေ့ ရှိသလား။’ အဲဒီလို သဘောထားတွေကို ချက်ချင်း ပြုပြင်မယ်ဆိုရင် ယေဟောဝါရဲ့ နှစ်သက်မှု ရပါလိမ့်မယ်။—ပညာ. ၃:၃၄၊ ၃၅။

၁၁။ ယေဟောဝါရဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေကို “လူမိုက်တွေ” ဘယ်လို ရှုမြင်ကြသလဲ။

၁၁ ဉာဏ်ပညာကို ငြင်းပယ်တဲ့ တတိယ အုပ်စုကတော့ “လူမိုက်တွေ။” ဘုရားသခင့် ကိုယ်ကျင့်တရား စံနှုန်းတွေကို လိုက်မယ့်အစား ကိုယ်မှန်တယ် ထင်တာ လုပ်တဲ့အတွက် မိုက်မဲကြတာ။ (ပညာ. ၁၂:၁၅) အဲဒီလို လူတွေဟာ ဉာဏ်ပညာ ရင်းမြစ် ယေဟောဝါကို ငြင်းပယ်ကြတယ်။ (ဆာ. ၅၃:၁) အမှုဆောင်မှာ သူတို့နဲ့ ဆုံတဲ့အခါ ကျမ်းစာ စံနှုန်းတွေကို လေးမြတ်တဲ့ ကျွန်တော်တို့ကို ကြမ်းကြမ်းတမ်းတမ်း ဝေဖန်လေ့ ရှိတယ်။ ဒါပေမဲ့ ပိုကောင်းတဲ့ အသက်တာ သူတို့ မပေးနိုင်ဘူး။ “လူမိုက်က စစ်မှန်တဲ့ဉာဏ်ပညာကို လက်လှမ်းမမီနိုင်ဘူး။ မြို့တံခါးမှာ ထိုင်တဲ့အခါ သူ့မှာ ပြောစရာ ဘာမှမရှိဘူး” လို့ ကျမ်းစာ ပြောတယ်။ (ပညာ. ၂၄:၇) လူမိုက်တွေမှာ ဘာအကြံဉာဏ်ကောင်းမှ မရှိဘူး။ ဒါကြောင့် “လူမိုက်ကို ဝေးဝေးရှောင်” ဖို့ ယေဟောဝါ သတိပေးတာ မဆန်းပါဘူး။—ပညာ. ၁၄:၇။

၁၂။ လူမိုက်တွေရဲ့ လမ်းစဉ်ကို ရှောင်နိုင်ဖို့ ဘာက ကူညီပေးမလဲ။

၁၂ ဘုရားသခင့် အကြံဉာဏ်ကို မုန်းတီးသူတွေလို မဟုတ်ဘဲ ကျွန်တော်တို့ကတော့ ဘုရားရဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ အပါအဝင် ဘုရားနည်းလမ်းတွေကို မြတ်နိုးစိတ် မွေးမြူကြတယ်။ နာခံသူနဲ့ မနာခံသူတွေ ရတဲ့ ရလဒ်တွေကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် အဲဒီမြတ်နိုးစိတ် တိုးများစေနိုင်တယ်။ ယေဟောဝါရဲ့ ပညာရှိ အကြံဉာဏ်ကို မိုက်မဲစွာ ငြင်းပယ်လို့ လူတွေ ဘာဒုက္ခတွေ ကြုံရသလဲဆိုတာ သတိထားကြည့်ပါ။ ပြီးနောက် ဘုရားကို နာခံလို့ ကိုယ့်ဘဝ ဘယ်လောက် တိုးတက်ကောင်းမွန်လာကြောင်း စဉ်းစားပါ။—ဆာ. ၃၂:၈၊ ၁၀။

၁၃။ မိမိရဲ့ ပညာရှိ အကြံဉာဏ်ကို နာခံဖို့ ယေဟောဝါ ဖိအားပေးသလား။

၁၃ လူတိုင်း ဉာဏ်ပညာ ရနိုင်အောင် ယေဟောဝါ စီစဉ်ပေးထားပေမဲ့ လက်ခံဖို့ အတင်းအကျပ် ဖိအား မပေးဘူး။ ဉာဏ်ပညာကို ငြင်းပယ်ရင် ဘာရလဒ် ရမလဲဆိုတာ ဖော်ပြပေးတယ်။ (ပညာ. ၁:၂၉-၃၂) ယေဟောဝါကို နာမခံဖို့ ရွေးချယ်သူတွေဟာ “ကိုယ့်လမ်းစဉ်ရဲ့ အကျိုးဆက်တွေကို ပြန်ခံစားရလိမ့်မယ်။” သူတို့ရဲ့ ဘဝပုံစံကြောင့် စိတ်ပျက်စရာ၊ ဒုက္ခတွေပဲ ကြုံရလိမ့်မယ်။ နောက်ဆုံးမှာ ဖျက်ဆီးခံရလိမ့်မယ်။ ယေဟောဝါရဲ့ ပညာရှိ အကြံဉာဏ်ကို နားထောင်၊ ကျင့်သုံးသူတွေအတွက်တော့ ‘ငါ့စကားကို နားထောင်သူက ဘေးကင်းလုံခြုံစွာ နေရလိမ့်မယ်။ ဘေးဆိုးကို မကြောက်ဘဲ အေးချမ်းစွာ နေရလိမ့်မယ်’ လို့ ကျမ်းစာမှာ ကတိပေးထားတယ်။—ပညာ. ၁:၃၃။

ကျွန်တော်တို့ကို အကျိုးပြုတဲ့ စစ်မှန်တဲ့ ဉာဏ်ပညာ

အသင်းတော် အစည်းအဝေးမှာ ညီအစ်ကိုတစ်ယောက် မှတ်ချက်ပေးနေ။

အစည်းအဝေးတွေမှာ ပါဝင်တာက ယေဟောဝါနဲ့ ပိုရင်းနှီးစေ (စာပိုဒ် ၁၅ ကို ကြည့်ပါ)

၁၄-၁၅။ ပညာအလိမ္မာ ၄:၂၃ ကနေ ဘာသိရသလဲ။

၁၄ ဘုရားသခင့် ဉာဏ်ပညာကို လိုက်နာကျင့်သုံးရင် အမြဲ အကျိုးရတယ်။ ဆွေးနွေးခဲ့တဲ့အတိုင်း ပညာရှိ အကြံဉာဏ် ဖောဖောသီသီ ရအောင် ယေဟောဝါ စီစဉ်ပေးတယ်။ ဥပမာ၊ ပညာအလိမ္မာကျမ်းမှာ အသက်တာကို တိုးတက်စေနိုင်တဲ့ လက်တွေ့ကျ အကြံဉာဏ်တွေ ပေးထားတယ်။ အဲဒီထဲက အကြံဉာဏ် လေးခုကို သုံးသပ်ကြည့်ရအောင်။

၁၅ ပုံဆောင် စိတ်နှလုံးကို ကာကွယ်ပါ။ “အသက်ဟာ စိတ်နှလုံးမှာ တည်မှီနေလို့ အရာအားလုံးထက် စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ” လို့ ကျမ်းစာ ပြောတယ်။ (ပညာ. ၄:၂၃) ပကတိ နှလုံးကို ကာကွယ်ဖို့ ကျန်းမာတဲ့ အစာ၊ လုံလောက်တဲ့ လေ့ကျင့်ခန်း လိုအပ်တယ်။ အကျင့်ဆိုးတွေ ရှောင်ရမယ်။ ပုံဆောင် စိတ်နှလုံးကို ကာကွယ်ဖို့လည်း အလားတူပဲ။ နေ့တိုင်း ကျမ်းစာ ဖတ်ရမယ်။ အစည်းအဝေးတွေ ပြင်ဆင်၊ တက်ရောက်၊ ပါဝင်ရမယ်။ အမှုဆောင်မှာ ပုံမှန် တက်တက်ကြွကြွ ပါဝင်ရမယ်။ အကျင့်ပျက် ဖျော်ဖြေမှု၊ မကောင်းတဲ့ အပေါင်းအသင်းလိုမျိုး အတွေးအခေါ်ကို ပျက်စီးစေနိုင်တဲ့ အရာမှန်သမျှကို ရှောင်ရမယ်။

ကျေနပ်ရောင့်ရဲနေတဲ့ မိသားစုတစ်စု။ အိမ်အပြင် မီးဖိုပေါ်မှာ မိခင်ဖြစ်သူ ချက်ပြုတ်နေ။ အနားမှာ ဖခင်က “ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ” စာအုပ် သုံးပြီး ကလေးနှစ်ယောက်ကို ကျမ်းစာ သင်ပေးနေ။

ငွေအပေါ် မျှတတဲ့ အမြင်က ရှိတာနဲ့ ရောင့်ရဲဖို့ ကူညီပေး (စာပိုဒ် ၁၆ ကို ကြည့်ပါ)

၁၆။ ဒီနေ့ခေတ်မှာ ပညာအလိမ္မာ ၂၃:၄၊ ၅ ဘာကြောင့် သိပ်လက်တွေ့ကျသလဲ။

၁၆ ကိုယ့်မှာ ရှိတာနဲ့ ရောင့်ရဲပါ။ “စည်းစိမ်ဥစ္စာရဖို့ ရေကုန်ရေခန်း မကြိုးစားနဲ့။ . . . စည်းစိမ်ဥစ္စာတွေဟာ မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်သွားတတ်တယ်။ လင်းယုန်လို အတောင်တွေ ပေါက်ပြီး ကောင်းကင်ကို ပျံသွားလိမ့်မယ်” လို့ ကျမ်းစာ အကြံပေးတယ်။ (ပညာ. ၂၃:၄၊ ၅) ဥစ္စာဆိုတာ မမြဲဘူး။ ဒီနေ့ခေတ် သူဌေးကော ဆင်းရဲသားတွေပါ ပိုက်ဆံနောက် တကောက်ကောက် လိုက်နေလို့ ဂုဏ်သိက္ခာ၊ ဆက်ဆံရေး၊ ကျန်းမာရေးတွေ ထိခိုက်ကြရတယ်။ (ပညာ. ၂၈:၂၀။ ၁ တိ. ၆:၉၊ ၁၀) ဒါပေမဲ့ ငွေကို မျှမျှတတ ရှုမြင်တတ်ဖို့၊ လောဘ မကြီးဖို့၊ ကျေနပ်ရောင့်ရဲ၊ ပျော်ရွှင်စေဖို့ ဉာဏ်ပညာက ကူညီပေးတယ်။—ဒေ. ၇:၁၂။

အသင်းတော်က တခြားညီအစ်မတွေနဲ့ ညီအစ်မတစ်ယောက် အတင်းပြောနေ။ ညီအစ်မနှစ်ယောက်က သူပြောတာကို စိတ်ဝင်တစား နားထောင်နေ။ ကျန်တစ်ယောက်က ကြားတာကို စဉ်းစားနေ။

စကားမပြောခင် စဉ်းစားတာက တခြားသူတွေကို ထိခိုက်စေမယ့် စကား မပြောမိအောင် ကူညီပေး (စာပိုဒ် ၁၇ ကို ကြည့်ပါ)

၁၇။ ပညာအလိမ္မာ ၁၂:၁၈ မှာ ပါသလို ဘယ်လိုနည်းနဲ့ ‘ဉာဏ်ပညာ ရှိရှိ’ စကားပြောနိုင်မလဲ။

၁၇ စကားမပြောခင် စဉ်းစားပါ။ သတိမထားဘူးဆိုရင် ကိုယ့်စကားကြောင့် အကြီးအကျယ် ထိခိုက်မိစေနိုင်တယ်။ “မစဉ်းစားဘဲ ပြောတဲ့ စကားဟာ ဓားနဲ့ ထိုးသလိုပဲ။ ဉာဏ်ပညာရှိသူရဲ့ စကားကတော့ ဒဏ်ရာကိုတောင် ပျောက်ကင်းစေတယ်” လို့ ကျမ်းစာ ပြောတယ်။ (ပညာ. ၁၂:၁၈) တခြားသူတွေရဲ့ အပြစ်အနာအဆာအကြောင်း အတင်းအဖျင်း မပြောခြင်းက ဆက်ဆံရေး အဆင်ပြေအောင် ကူညီပေးတယ်။ (ပညာ. ၂၀:၁၉) ထိခိုက်စေတဲ့ စကားအစား ကုစားပေးတဲ့ စကား ပြောနိုင်ဖို့ စိတ်နှလုံးကို ဘုရားသခင့် တရားစကား ဖြည့်ထားရမယ်။ (လု. ၆:၄၅) ကျမ်းစာ ပြောတာတွေကို တွေးတောဆင်ခြင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ စကားဟာ တခြားသူတွေကို လန်းဆန်းစေတဲ့ “ဉာဏ်ပညာ စမ်းရေတွင်း” လို ဖြစ်နိုင်ပါတယ်။—ပညာ. ၁၈:၄။

ကြားရက် အစည်းအဝေး စကားပြော နမူနာ ဗီဒီယို ကြည့်ပြီး ညီအစ်မတစ်ယောက် မှတ်စု ရေးနေ။ မှတ်စုစာအုပ် ဘေးမှာ ဝေစာတချို့၊ JW Library app ဖွင့်ထားတဲ့ ဖုန်း ရှိ။

အဖွဲ့အစည်း လမ်းညွှန်ချက်ကို လိုက်နာတာက အမှုဆောင်လုပ်ငန်းမှာ တိုးတက်ဖို့ ကူညီပေးနိုင် (စာပိုဒ် ၁၈ ကို ကြည့်ပါ)

၁၈။ ပညာအလိမ္မာ ၂၄:၆ ကို ကျင့်သုံးတာက အမှုဆောင်လုပ်ငန်းမှာ အောင်မြင်အောင် ဘယ်လို ကူညီပေးနိုင်သလဲ။

၁၈ လမ်းညွှန်ချက်ကို လိုက်နာပါ။ “ကျွမ်းကျင်သူ လမ်းညွှန်ပေးတဲ့အတိုင်း စစ်ပွဲကို ဆင်နွှဲရမယ်။ အကြံပေးသူများရင် အောင်ပွဲဆင်နိုင်တယ်” လို့ ကျမ်းစာ အကြံပေးတယ်။ (ပညာ. ၂၄:၆) အဲဒီမူကို ကျင့်သုံးခြင်းက ဟောပြောခြင်းနဲ့ သွန်သင်ခြင်း လုပ်ငန်းမှာ ဘယ်လို အောင်မြင်စေကြောင်း စဉ်းစားကြည့်ပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဟောပြောသွန်သင်မယ့်အစား ရလာတဲ့ အကြံပြုချက်တွေကို လိုက်နာသင့်တယ်။ အစည်းအဝေးတွေမှာ ပညာရှိ လမ်းညွှန်ချက်တွေ ရတယ်။ တခြားသူတွေရဲ့ ဟောပြောချက်၊ သရုပ်ပြတင်ဆက်မှုတွေကနေလည်း သင်ယူနိုင်တယ်။ ကျမ်းစာ နားလည်အောင် လူတွေကို ကူညီပေးနိုင်တဲ့ စာပေ၊ ဗီဒီယိုလိုမျိုး အသုံးဝင်တဲ့ ကိရိယာတွေကိုလည်း ယေဟောဝါရဲ့ အဖွဲ့အစည်း ပြင်ဆင်ပေးထားတယ်။ အဲဒီကိရိယာတွေကို ထိထိရောက်ရောက် သုံးတတ်အောင် သင်ယူပါ။

၁၉။ ယေဟောဝါ ပေးတဲ့ ဉာဏ်ပညာနဲ့ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။ (ပညာအလိမ္မာ ၃:၁၃-၁၈)

၁၉ ပညာအလိမ္မာ ၃:၁၃-၁၈ ကို ဖတ်ပါ။ ကျမ်းစာပါ လက်တွေ့ကျ အကြံဉာဏ်အတွက် ကျေးဇူးတင်စရာပါပဲ။ အဲဒီအကြံဉာဏ်သာ မရှိရင် ဘဝက တော်တော် စိတ်ပျက်စရာ ဖြစ်နေမှာပဲ။ ပညာအလိမ္မာကျမ်းထဲက လက်တွေ့ကျ ဉာဏ်ပညာတွေကို ဒီဆောင်းပါးမှာ လေ့လာခဲ့ကြပြီ။ ကျမ်းစာတစ်အုပ်လုံးမှာ ယေဟောဝါဆီက ပညာရှိ အကြံဉာဏ် အပြည့် ပါတယ်။ ယေဟောဝါ ပေးတဲ့ အကြံဉာဏ်ကို ဘဝကဏ္ဍတိုင်းမှာ အမြဲ ကျင့်သုံးဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ လောက ဘယ်လိုပဲ ထင်ထင် ဘုရားသခင့် ဉာဏ်ပညာကို ‘မလွှတ်တမ်း ကိုင်စွဲထားသူတွေဟာ ပျော်ရွှင်ချမ်းမြေ့သူတွေလို့ သတ်မှတ်’ ခံရလိမ့်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချကြပါတယ်။

သင် ဘယ်လို ဖြေမလဲ

  • စစ်မှန်တဲ့ ဉာဏ်ပညာ ဘယ်လို ရနိုင်သလဲ။

  • ဉာဏ်ပညာ ဟစ်အော်တာကို လူများစွာ ဘာကြောင့် နားမထောင်ကြသလဲ။ ဘာရလဒ် ရသလဲ။

  • ပညာအလိမ္မာကျမ်းမှာ ပါတဲ့ ဘယ်အကြံဉာဏ်က သင့်အတွက် အထူးလက်တွေ့ကျသလဲ။

သီချင်း ၃၆ နှလုံးကို စောင့်ကြပ်စို့

a ယေဟောဝါ ပေးတဲ့ ဉာဏ်ပညာဟာ လောက ပေးတဲ့ ဘယ်ဉာဏ်ပညာထက်မဆို များစွာ သာလွန်တယ်။ လူထုရင်ပြင်မှာ ဟစ်အော်နေတဲ့ ဉာဏ်ပညာနဲ့ပတ်သက်တဲ့ ပညာအလိမ္မာကျမ်း ဖော်ပြချက်ကို ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ စစ်မှန်တဲ့ ဉာဏ်ပညာ ဘယ်လို ရနိုင်ကြောင်း၊ ဉာဏ်ပညာစကားကို တချို့ ဘာကြောင့် နားမထောင်ကြောင်း၊ နားထောင်ရင် ဘာအကျိုး ရနိုင်ကြောင်းလည်း ဆွေးနွေးပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ