ဘဝအတ္ထုပ္ပတ္တိ
နိုင်ငံတော်လုပ်ငန်းမှာပါဝင်ခဲ့တဲ့ ကျွန်မဘဝရဲ့ သမိုင်းမှတ်တိုင်များ
၁၉၄၇ ခုနှစ်ရဲ့ တစ်နေ့မှာ အယ်လ်ဆာဗေးဒေါနိုင်ငံ၊ စန်တာအယ်နာမြို့က သာသနာပြုအိမ်ဟာ တိုက်ခိုက်ခံခဲ့ရတယ်။ ကင်းမျှော်စင်သင်တန်းကျင်းပနေတုန်း ကောင်လေးတချို့က ပွင့်နေတဲ့ ပြတင်းပေါက်ကတစ်ဆင့် အိမ်ထဲကို ခဲနဲ့ပေါက်ကြတယ်။ ဒီလိုလုပ်ဖို့ ကက်သလစ်ဘုန်းကြီးတွေ သွေးထိုးပေးတာ။ မကြာခင်မှာပဲ သူတို့က ဒေါသထွက်နေတဲ့လူအုပ်ကို သာသနာပြုအိမ်ဆီ ဦးဆောင်ခေါ်လာတယ်။ တချို့က မီးတုတ်တွေ ကိုင်ထားတယ်။ တချို့က ပုံတော်တွေကိုင်ထားတယ်။ “မယ်တော်မာရိ အသက်ရှည်ပါစေ၊” “ယေဟောဝါ သေပါစေ” လို့ အော်ဟစ်ပြီး သာသနာပြုအိမ်ကို နှစ်နာရီလောက် ခဲနဲ့ပေါက်ကြတယ်။ တကယ်တော့ သာသနာပြုတွေ ထွက်သွားအောင် သူတို့ခြောက်လှန့်ချင်တာ။ ဒီလိုဖြစ်ခဲ့တာ လွန်ခဲ့တဲ့ ၆၇ နှစ်ကပေါ့။ ကျွန်မက သာသနာပြုတစ်ယောက်ဖြစ်ပြီး အဲဒီကင်းမျှော်စင်သင်တန်းကျင်းပနေချိန်မှာ ရှိနေခဲ့လို့ ဒါတွေကို သိနေတာ။a
အဲဒီလိုလူအုပ်မတိုက်ခိုက်ခင် နှစ်နှစ်မှာ အယ်ဗလင်း ထရေဘတ်နဲ့ ကျွန်မဟာ လေးကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း ဆင်းခဲ့ကြတယ်။ အဲဒီတုန်းက ဂိလဒ်ကျောင်းဟာ နယူးယောက်ပြည်နယ်၊ အီတာကာမြို့နားမှာရှိတယ်။ အယ်လ်ဆာဗေးဒေါနိုင်ငံမှာ သာသနာပြုအဖြစ် အမှုဆောင်ဖို့ ကျွန်မတို့တာဝန်ခန့်အပ်ခံရတယ်။ အဲဒီမှာ ၂၉ နှစ်နီးပါး ကျွန်မအမှုဆောင်ခဲ့တယ်။ ဒါပေမဲ့ သာသနာပြုဘဝအကြောင်းမပြောခင် ဒီလိုလုပ်ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့တယ်ဆိုတာ ပြောပြပါရစေ။
ကျွန်မတို့မိသားစု အမှန်တရားသိရှိလာပုံ
၁၉၂၃ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ စပိုကန်းမြို့မှာ ကျွန်မ မွေးဖွားခဲ့တယ်။ ကျွန်မရဲ့မိဘတွေကတော့ ဂျွန်နဲ့ အီဗာ အိုစင်ဖြစ်ပြီး လူသာရင်အသင်းသားတွေဖြစ်တယ်။ ဒါပေမဲ့ မီးငရဲနဲ့ပတ်သက်တဲ့ ချာ့ချ်သွန်သင်ချက်ကို သူတို့ လက်မခံဘူး။ မေတ္တာရှင်ဘုရားသခင်ဟာ လူတွေကို ညှဉ်းဆဲတယ်ဆိုတာ သူတို့ မယုံနိုင်ဘူး။ (၁ ယော. ၄:၈) အဖေက မုန့်တိုက်မှာ အလုပ်လုပ်တယ်။ တစ်ညမှာ အလုပ်ဖော်တစ်ယောက်က ဘုရားသခင်ဟာ လူတွေကို မီးငရဲမှာ မညှဉ်းဆဲဘူးဆိုတာကို ကျမ်းစာနဲ့ ရှင်းပြတယ်။ မကြာခင် ကျွန်မရဲ့မိဘတွေဟာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာခဲ့တယ်။ သေပြီးနောက်ဘာဖြစ်တယ်ဆိုတာနဲ့ ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်ကို သူတို့ သိလာတယ်။
အဲဒီတုန်းက ကျွန်မ ကိုးနှစ်ပဲရှိသေးတယ်။ ဒါပေမဲ့ သိရှိလာတာတွေကြောင့် သူတို့ ဘယ်လောက်စိတ်ထက်သန်ခဲ့တယ်ဆိုတာ ကျွန်မ မှတ်မိနေတုန်းပဲ။ ဘုရားသခင့်နာမည် ယေဟောဝါဖြစ်တယ်၊ သုံးပါးတစ်ဆူမရှိဘူးဆိုတာတွေကို သိလာရတဲ့အတွက် သူတို့သိပ်ပျော်ခဲ့ကြတယ်။ (ယော. ၈:၃၂) သူတို့က သိလာတာတွေကို ကျွန်မကို သင်ပေးတယ်။ ကျွန်မလည်း သင်ပေးတာအားလုံးကို လက်ခံတယ်။ ကျမ်းစာဖတ်ရတာ ပျင်းစရာကောင်းတယ်လို့ တစ်ခါမှ မခံစားခဲ့ရဘူး။ ကျမ်းစာလေ့လာရတာကို ကျွန်မ သိပ်ပျော်တယ်။ ကျွန်မက ရှက်တတ်ပေမဲ့ မိဘတွေနဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ ၁၉၃၄ မှာ သူတို့နှစ်ခြင်းခံတယ်။ ကျွန်မကတော့ ၁၉၃၉၊ အသက် ၁၆ နှစ်မှာ နှစ်ခြင်းခံတယ်။
၁၉၄၁၊ မစ်ဇိုရီပြည်နယ်၊ စိန့်လူးဝစ္စမြို့ စည်းဝေးပွဲမှာ မိဘတွေနဲ့အတူ
၁၉၄၀၊ နွေရာသီမှာ မိဘတွေက အိမ်ရောင်းလိုက်ပြီး အိုင်ဒဟိုပြည်နယ်၊ ကော်ဒလိန်းမြို့ကို ကျွန်မတို့ ပြောင်းခဲ့ကြတယ်။ ကားဝပ်ရှော့အပေါ်က တိုက်ခန်းတစ်ခုမှာ ငှားနေပြီး ရှေ့ဆောင်လုပ်ကြတယ်။ စည်းဝေးတွေကိုလည်း အိမ်မှာ ကျင်းပတယ်။ အဲဒီတုန်းက အသင်းတော်နည်းနည်းလေးပဲ နိုင်ငံတော်ခန်းမရှိတယ်။ အများစုကတော့ ငှားထားတဲ့အခန်းတွေ၊ ညီအစ်ကိုညီအစ်မတွေရဲ့ အိမ်တွေမှာပဲ စည်းဝေးကြတယ်။
၁၉၄၁ မှာ မစ်ဇိုရီပြည်နယ်၊ စိန့်လူးဝစ္စမြို့ စည်းဝေးကြီးကို မိဘတွေနဲ့အတူ တက်ရောက်ခဲ့တယ်။ စည်းဝေးနောက်ဆုံးနေ့ကို “ကလေးများနေ့” လို့ နာမည်ပေးထားတယ်။ အဲဒီနေ့မှာ အသက် ၅ နှစ်ကနေ ၁၈ နှစ်ကြား ကလေးတွေကို စင်မြင့်နားမှာ ထိုင်ခိုင်းတယ်။ ညီအစ်ကို ရပ်သဖော့ဒ်က သူ့ရဲ့ဟောပြောချက်အဆုံးမှာ အဲဒီကလေးတွေကို ဦးတည်ဟောခဲ့တယ်။ “ဘုရားသခင်နဲ့ ကိုယ်တော်ခန့်အပ်ထားတဲ့ဘုရင်ကို နာခံ” ဖို့ သဘောတူရင် မတ်တတ်ရပ်ပါလို့ ပြောတဲ့အခါ ကျွန်မတို့အားလုံး ထရပ်လိုက်ကြတယ်။ အဲဒီအခါ ညီအစ်ကို ရပ်သဖော့ဒ်က “နိုင်ငံတော်အကြောင်း သက်သေခံမယ့် လူသစ် ၁၅,၀၀၀ ကျော်ကို ကြည့်လိုက်ပါအုံး” လို့ ပြောတယ်။ အဲဒီအချိန်မှာပဲ ကျန်တဲ့ဘဝတစ်လျှောက်လုံး ရှေ့ဆောင်လုပ်တော့မယ်လို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။
ကျွန်မတို့မိသားစုရရှိတဲ့ တာဝန်
အဲဒီစည်းဝေးပြီးနောက် လအနည်းငယ်ကြာတဲ့အခါ ကယ်လီဖိုးနီးယားတောင်ပိုင်း၊ အောက်စ်နာ့ဒ်မြို့ကိုပြောင်းဖို့ ကျွန်မတို့မိသားစု တောင်းဆိုခံရတယ်။ အဲဒီမှာ အသင်းတော်ဖွင့်ဖို့ တာဝန်ရတယ်။ ခုတင်တစ်လုံးပဲပါတဲ့ ကားအိမ်လေးမှာ ကျွန်မတို့ နေကြတယ်။ ညတိုင်း ထမင်းစား,စားပွဲပေါ်မှာ ကျွန်မအတွက် အိပ်ရာခင်းရတယ်။ ကိုယ်ပိုင်အိပ်ခန်းနဲ့နေလာခဲ့တဲ့ ကျွန်မအတွက်တော့ အပြောင်းအလဲကြီးပါပဲ။
၁၉၄၁၊ ဒီဇင်ဘာ ၇ မှာ ဟာဝိုင်ယီကျွန်းမှာရှိတဲ့ ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကြဲလိုက်တယ်။ နောက်တစ်နေ့မှာပဲ အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်မှာ ပါဝင်လာတယ်။ ကယ်လီဖိုးနီးယားကို ကျွန်မတို့ မရောက်ခင်လေးမှာပဲ အဲဒီလိုဖြစ်ခဲ့တာ။ ကမ်းခြေတစ်လျှောက် ဂျပန်ရေငုပ်သင်္ဘောတွေ နေရာယူထားတာကြောင့် ကမ်းခြေနားမှာနေထိုင်သူအားလုံး ညဘက်မှာ မီးတွေမှိတ်ထားဖို့ အာဏာပိုင်တွေ ကြေညာတယ်။ မှောင်မည်းနေတဲ့အတွက် ဂျပန်စစ်တပ်တွေ ကုန်းပေါ်ကိုပစ်ခတ်ဖို့ ခက်သွားတယ်။
လအနည်းငယ်အကြာ ၁၉၄၂၊ စက်တင်ဘာမှာ အိုဟိုင်အိုပြည်နယ်၊ ကလိဗ်လဲန်မြို့မှာကျင်းပတဲ့ ကမ္ဘာသစ်သီအိုကရက်တစ် စည်းဝေးကြီးကို ကျွန်မတို့ တက်ရောက်ခဲ့တယ်။ ညီအစ်ကို နေသန် အိပ်ချ် နောရ် ဟောတဲ့ “ငြိမ်းချမ်းရေး တည်မြဲတည်နိုင်မည်လော” ဆိုတဲ့ ဟောပြောချက်ကို ကျွန်မ မှတ်မိနေတုန်းပဲ။ အဲဒီဟောပြောချက်မှာ ‘တစ်ချိန်ကရှိခဲ့ပေမဲ့ အခုမရှိတဲ့၊ မကြာခင် တွင်းနက်ကြီးထဲကနေ တက်လာမယ့်’ “သားရဲ” အကြောင်း ပရောဖက်ပြုထားတဲ့ ဗျာဒိတ်အခန်းကြီး ၁၇ ကို သူဆွေးနွေးခဲ့တယ်။ (ဗျာ. ၁၇:၈၊ ၁၁) “သားရဲ” ဟာ စစ်အတွင်း မလှုပ်မရှားဖြစ်သွားတဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီး ဖြစ်တယ်လို့ သူရှင်းပြတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးအသင်းကြီး ပြန်ပေါ်လာမယ်၊ ပိုငြိမ်းချမ်းတဲ့အချိန်ကာလ ရှိလာမယ်ဆိုပြီး ဆက်ပြောတယ်။ အဲဒီအတိုင်း တကယ်ဖြစ်လာတယ်။ ၁၉၄၅ မှာ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီး နိုင်ငံပေါင်းချုပ်အသင်းကို ကုလသမဂ္ဂ ဆက်ခံလိုက်တယ်။ အဲဒီအချိန်ကစပြီး ယေဟောဝါသက်သေတွေဟာ ကမ္ဘာ့ဒေသများစွာမှာ သတင်းကောင်း ဟောပြောနိုင်ခဲ့လို့ အကြီးအကျယ်တိုးတက်လာတယ်။
ဂိလဒ်ကျောင်းဆင်းလက်မှတ်
လုပ်စရာအများကြီးရှိသေးတယ်ဆိုတာကို ဒီပရောဖက်ပြုချက်က သိနားလည်စေတယ်။ ဒါကြောင့် နောက်နှစ်မှာ ဂိလဒ်ကျောင်းစဖွင့်မယ်လို့ ကြေညာတဲ့အခါ ကျွန်မ သိပ်တက်ချင်တယ်။ ကျွန်မ သာသနာပြုတစ်ယောက် ဖြစ်ချင်တယ်။ ဒီအတောအတွင်း ၁၉၄၃ ခုနှစ်မှာ အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့မှာ ရှေ့ဆောင်လုပ်ဖို့ တာဝန်ရတယ်။ အဲဒီတုန်းက ဓာတ်ပြားစက်တွေကို သုံးတယ်။ တံခါးဝမှာ ဟောပြောချက်တွေကို ဖွင့်ပြပြီး ကျမ်းစာစာပေတွေ ဝေငှခဲ့တယ်။ အဲဒီတစ်နှစ်လုံး သာသနာပြုလုပ်ငန်းအကြောင်းပဲ ကျွန်မ စဉ်းစားနေတယ်။
၁၉၄၄ မှာ အယ်ဗလင်း ထရေဘတ်နဲ့ ကျွန်မဟာ ဂိလဒ်ကျောင်းတက်ဖို့ ဖိတ်ခေါ်ခံရတယ်။ ဖိတ်ခေါ်ခံရလို့ ဝမ်းသာလိုက်တာ။ တကယ်ပျော်စရာကောင်းတဲ့နည်းနဲ့ ကျမ်းစာ ဘယ်လိုလေ့လာရမယ်ဆိုတာ ငါးလလုံးလုံး သင်ယူခဲ့ရတယ်။ ဆရာတွေရဲ့ နှိမ့်ချမှုကို ကျွန်မတို့ သိပ်အထင်ကြီးလေးစားသွားတယ်။ သူတို့ဟာ တစ်ခါတလေ စားပွဲထိုးလုပ်ပြီး အစားအစာတွေ ပြင်ဆင်ပေးတယ်။ ၁၉၄၅၊ ဇန်နဝါရီ ၂၂ မှာ ကျွန်မတို့ရဲ့ ဂိလဒ်ကျောင်းကာလ ပြီးဆုံးသွားတယ်။
သာသနာပြုတာဝန်
၁၉၄၆၊ ဇွန်လမှာ အယ်ဗလင်းနဲ့ ကျွန်မဟာ လီယို၊ အက်စတာ မာဟန်တို့နဲ့အတူ အယ်လ်ဆာဗေးဒေါနိုင်ငံ၊ စန်တာအယ်နာမြို့ကို ရောက်လာတယ်။ လယ်ကွင်းကတော့ ‘ရိတ်သိမ်းဖို့ မှည့်ဝင်း’ နေတယ်။ (ယော. ၄:၃၅) ကျွန်မတို့ရောက်ပြီး လအနည်းငယ်အကြာမှာ ဦးဆုံး တိုက်နယ်စည်းဝေးကို စန်တာအယ်နာမြို့မှာ တက်ရောက်ခဲ့တယ်။ တခြားသူတွေကိုလည်း ကျွန်မတို့ ဖိတ်ခေါ်တယ်။ လူ ၅၀၀ နီးပါးလာတက်လို့ သိပ်ပျော်ခဲ့ရတယ်။ ဟောပြောခြင်းလုပ်ငန်းကြောင့် ကက်သလစ်ဘုန်းကြီးတွေ တအားဒေါသထွက်တယ်။ နောက်တစ်ပတ်အကြာမှာ အစပိုင်းမှာပြောခဲ့တဲ့အတိုင်း လူအုပ်နဲ့ တိုက်ခိုက်ဖို့ သူတို့ စီစဉ်ခဲ့တယ်။ တကယ်တော့ သူတို့က ကျွန်မတို့ကို ခြောက်လှန့်ချင်တာ။ ဒီကနေ ထွက်သွားစေချင်တာ။ ဒါပေမဲ့ ကျွန်မတို့ကတော့ ဒီမှာဆက်နေပြီး လူတွေကို ကူညီပေးဖို့ ပိုလို့တောင် စိတ်ပိုင်းဖြတ်လိုက်တယ်။ ဘုန်းကြီးတွေက လူတွေကို ကျမ်းစာမဖတ်စေချင်ဘူး။ အဲဒီအပြင် လူတချို့လောက်ပဲ ကျမ်းစာဝယ်ဖို့ ငွေတတ်နိုင်တယ်။ ဒါပေမဲ့ လူအများစုက ကျမ်းစာအမှန်တရားကို သိချင်ကြတယ်။ ယေဟောဝါအကြောင်း၊ မြေကြီးကို ပရဒိသုဖြစ်စေမယ့် ကိုယ်တော့်ကတိအကြောင်း သူတို့ကို ပြောပြဖို့ ကျွန်မတို့ စပိန်စကား သင်ယူကြတယ်။ ဒီအတွက် သူတို့ သိပ်ကျေးဇူးတင်ကြတယ်။
ဂိလဒ်ကျောင်းမှာ အတူတက်ခဲ့တဲ့ ကျွန်မတို့ ငါးယောက် အယ်လ်ဆာဗေးဒေါနိုင်ငံမှာ တာဝန်ကျ။ ဘယ်မှညာ– အယ်ဗလင်း ထရေဘတ်၊ မီလီ ဘရက်ရှီးယား၊ အက်စတာမာဟန်၊ ကျွန်မ၊ လီယိုမာဟန်
ကျွန်မရဲ့ဦးဆုံးကျမ်းစာသင်အံမှုက ရိုဆာ အော်စန်စီယိုဖြစ်တယ်။ သူက လူတစ်ယောက်နဲ့ လက်မထပ်ဘဲ ပေါင်းသင်းနေထိုင်နေတယ်။ ကျမ်းစာစလေ့လာပြီးနောက်မှာတော့ အဲဒီလူနဲ့ ဆက်မပေါင်းတော့ဘူး။ အဲဒီလူလည်း ကျမ်းစာ လေ့လာခဲ့တယ်။ နောက်ပိုင်း သူတို့လက်ထပ်လိုက်ပြီး နှစ်ခြင်းခံခဲ့တယ်။ ထက်သန်တဲ့ သက်သေခံတွေ ဖြစ်လာတယ်။ ရိုဆာဟာ စန်တာအယ်နာမြို့မှာ မှန်မှန်ရှေ့ဆောင် ဦးဆုံးစလုပ်တဲ့သူ ဖြစ်တယ်။b
ရိုဆာဟာ ကုန်စုံဆိုင်လေးတစ်ဆိုင် ဖွင့်ထားတယ်။ အမှုဆောင်သွားတိုင်း ဆိုင်ပိတ်တယ်။ သူ့ရဲ့လိုအပ်ရာတွေကို ယေဟောဝါပေးမယ်ဆိုတာ သူ ယုံကြည်တယ်။ အမှုဆောင်ကနေပြန်လာပြီး ဆိုင်ပြန်ဖွင့်တဲ့အခါ ဖောက်သည်မပြတ်ဘူး။ ယေဟောဝါဟာ မဿဲ ၆:၃၃ မှာ ကတိပေးထားတဲ့အတိုင်း သူ့ကို ဂရုစိုက်တယ်ဆိုတာ သိခဲ့ရတယ်။ ရိုဆာဟာ သေဆုံးတဲ့အချိန်အထိ ယေဟောဝါအပေါ် သစ္စာရှိခဲ့တယ်။
ကျွန်မတို့ သာသနာပြုခြောက်ယောက်ဟာ လူသိများတဲ့ စီးပွားရေးသမားတစ်ယောက်ရဲ့အိမ်ကို ငှားနေကြတယ်။ တစ်နေ့မှာ ဘုန်းကြီးတစ်ယောက် ရောက်လာပြီး ကျွန်မတို့ကို အိမ်ဆက်ငှားရင် သူနဲ့ သူ့မိန်းမကို ချာ့ချ်ကနေ နှင်ထုတ်မယ်လို့ ပြောတယ်။ သူကတော့ မကြောက်ဘူး။ ချာ့ချ်ကနေ နှင်ထုတ်ရင်လည်း ဂရုမစိုက်ဘူးလို့ ပြန်ပြောလိုက်တယ်။ တကယ်တော့ သူက ဘုန်းကြီးတွေရဲ့လုပ်ရပ်တချို့ကို ရွံမုန်းနေတာ။ သူ့အိမ်မှာ ကြိုက်သလောက်ဆက်နေပါဆိုပြီး ကျွန်မတို့ကို ပြောတယ်။
လေးစားခံရသူတစ်ယောက် သက်သေခံဖြစ်လာ
၁၉၅၅ မှာ ဆောက်လုပ်ခဲ့တဲ့ ဌာနခွဲရုံး
မြို့တော် စန်ဆာဗေးဒေါမှာ သာသနာပြုတစ်ယောက်ဟာ ဘာလ်တာဆာပါလာဆိုတဲ့ အင်ဂျင်နီယာတစ်ယောက်ရဲ့ဇနီးကို ကျမ်းစာသင်ပေးတယ်။ အဲဒီအင်ဂျင်နီယာဟာ ဘာသာရေးခေါင်းဆောင်တွေရဲ့ အရေခြုံဟန်ဆောင်မှုတွေကြောင့် ဘုရားသခင်ကို မယုံကြည်တော့ပေမဲ့ စိတ်ကောင်းရှိသူတစ်ယောက်ဖြစ်တယ်။ သက်သေခံမဟုတ်သေးပေမဲ့ အယ်လ်ဆာဗေးဒေါဌာနခွဲရုံးဆောက်ဖို့ ဒီဇိုင်းဆွဲပေးတယ်။ ဆောက်လုပ်ရေးမှာလည်း ကူညီပေးတယ်။ အဲဒီအတွက် အခကြေးငွေမယူဘူး။
ဆောက်လုပ်ရေးမှာ သက်သေခံတွေနဲ့ တွဲအလုပ်လုပ်ရတဲ့အခါ စစ်မှန်တဲ့ဘာသာကို တွေ့ပြီဆိုတာ ယုံကြည်သွားတယ်။ ၁၉၅၅၊ ဇူလိုင် ၂၂ မှာ သူ နှစ်ခြင်းခံတယ်။ သိပ်မကြာခင်မှာ သူ့ဇနီး ပေါ်လီနာ နှစ်ခြင်းခံတယ်။ သူတို့ရဲ့သားသမီးနှစ်ယောက်စလုံး ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်နေကြတယ်။ သားဖြစ်သူ ဘာလ်တာဆာဟာ နယူးယောက်ဗေသလမှာ အမှုဆောင်နေတာ အခုဆို ၄၉ နှစ်ရှိပြီ။ အမေရိကန်နိုင်ငံ ဌာနခွဲကော်မတီဝင်တစ်ဦးအနေနဲ့ အမှုဆောင်နေပြီး ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ထောက်မပေးနေတယ်။c
စန်ဆာဗေးဒေါမြို့မှာ ခရိုင်စည်းဝေးတွေ စကျင်းပဖို့ စီစဉ်တဲ့အခါ ညီအစ်ကို ပါလာက အားကစားရုံကြီး တစ်ခုရဖို့ ကူညီပေးခဲ့တယ်။ ဦးဆုံးအကြိမ်မှာတော့ ခုံတွေအများကြီး လွတ်နေတယ်။ ဒါပေမဲ့ တစ်နှစ်ပြီးတစ်နှစ် လူပိုများလာတဲ့အတွက် မကြာခင်မှာပဲ ခုံတွေမလောက်တော့ဘူး။ ကျွန်မတို့ရဲ့ကြိုးစားမှုကို ယေဟောဝါ ကောင်းချီးပေးနေတယ်ဆိုတာ ထင်ရှားတယ်။ အဲဒီစည်းဝေးကြီးတွေမှာ ကျွန်မ ကျမ်းစာသင်ပေးခဲ့သူတွေကို တွေ့ရတယ်။ သူတို့ရဲ့ကျမ်းစာသင်သားတွေ နှစ်ခြင်းခံတာကို မြင်ရတဲ့အခါ ပျော်လိုက်တာ။ ဒီလူသစ်တွေဟာ ကျွန်မရဲ့ မြေးတွေလိုပါပဲ။
ခရိုင်စည်းဝေးတစ်ခုမှာ သာသနာပြုတွေကို ညီအစ်ကို အပ်ဖ် ဒဗလျူ ဖရန့်စ် ဟောပြောနေ
စည်းဝေးပွဲတစ်ခုမှာ ညီအစ်ကိုတစ်ယောက်က ကျွန်မကို တောင်းပန်ချင်တဲ့အကြောင်း လာပြောတယ်။ သူ ဘာပြောချင်မှန်း ကျွန်မ မသိဘူး။ သူ့ကိုလည်း မမှတ်မိဘူး။ “ကျွန်တော်က စန်တာအယ်နာမြို့မှာ ညီအစ်မတို့အိမ်ကို ခဲနဲ့ပေါက်ခဲ့တဲ့ ကောင်လေးတစ်ယောက်ပါ” လို့ သူ ပြောတယ်။ အခု ကျွန်မနဲ့အတူ ယေဟောဝါကို သူ အမှုဆောင်နေတာသိရလို့ ဝမ်းသာလိုက်တာ။ အချိန်ပြည့်အမှုဆောင်လုပ်ငန်းဟာ ဘဝမှာ ကျေနပ်စရာအကောင်းဆုံးလုပ်ငန်း ဖြစ်တယ်ဆိုတာ သိလိုက်ရတယ်။
အယ်လ်ဆာဗေးဒေါမှာ တက်ရောက်ခဲ့တဲ့ ဦးဆုံးတိုက်နယ်စည်းဝေး
ကျေနပ်စရာကောင်းတဲ့ ရွေးချယ်မှုများ
ကျွန်မဟာ အယ်လ်ဆာဗေးဒေါမှာ သာသနာပြုအဖြစ် ၂၉ နှစ်နီးပါး အမှုဆောင်ခဲ့တယ်။ စန်တာအယ်နာ၊ စန်ဆိုနာတေ၊ စန်တာတေကလာနဲ့ စန်ဆာဗေးဒေါမြို့တွေမှာ အမှုဆောင်ခဲ့တယ်။ ဒီအတောအတွင်း မိဘတွေ အိုမင်းမစွမ်းဖြစ်လာပြီး ကျွန်မရဲ့အကူအညီကို လိုအပ်လာတယ်။ အကြိမ်ကြိမ်ဆုတောင်းပြီးနောက် သာသနာပြုလုပ်ငန်းကနေ ရပ်နားဖို့ ဆုံးဖြတ်လိုက်ပြီး ၁၉၇၅ မှာ စပိုကန်းမြို့ကို ပြန်သွားခဲ့တယ်။
၁၉၇၉ မှာ အဖေဆုံးသွားတယ်။ အမေ့ကို နောက်ရှစ်နှစ်လုံးလုံး ပြုစုခဲ့ရတယ်။ သူ့ခမျာ အားနည်းလွန်းလို့ ကျွန်မ အကူအညီမပါဘဲ ဘာမှသိပ်မလုပ်နိုင်ရှာဘူး။ အသက် ၉၄ နှစ်မှာ သူ ဆုံးသွားတယ်။ ကျွန်မအတွက်တော့ တော်တော်ခက်ခဲတဲ့ အချိန်တွေပဲ။ ဖိစီးမှုတွေ၊ ဝမ်းနည်းမှုတွေကြောင့် ယဲ့ယဲ့လေးပဲကျန်တော့တယ်။ သိပ်နာကျင်တဲ့ ရေယုန်တွေလည်းပေါက်လာတယ်။ ဒါပေမဲ့ ယေဟောဝါ ထောက်မပေးတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မရဲ့ဆုတောင်းချက်တွေကို ကိုယ်တော်အဖြေပေးတယ်။ အဲဒီခက်ခဲတဲ့အချိန်မှာ ခံနိုင်ရည်ရှိဖို့ ကူညီပေးတယ်။ ‘သင်တို့ ဆံပင်ဖြူလာချိန်အထိ သင်တို့ကို ငါ သယ်ဆောင်မယ်၊ ထမ်းမယ်၊ ကယ်ဆယ်မယ်’ လို့ ကတိပေးတဲ့အတိုင်း ကိုယ်တော် လုပ်ဆောင်ပေးတယ်။—ဟေရှာ. ၄၆:၄၊ ကဘ။
၁၉၉၀ မှာ ဝါရှင်တန်ပြည်နယ်၊ အိုမက်မြို့ကို ကျွန်မ ပြောင်းခဲ့တယ်။ အဲဒီက စပိန်ရပ်ကွက်မှာ ဟောပြောနိုင်လို့ အသုံးဝင်တယ်လို့ ပြန်ခံစားလာရတယ်။ ကျွန်မရဲ့ကျမ်းစာသင်သား အတော်များများ နှစ်ခြင်းခံကြတယ်။ ဒါပေမဲ့ အိုမက်မြို့က အိမ်ကို မထိန်းသိမ်းနိုင်တော့လို့ ၂၀၀၇၊ နိုဝင်ဘာမှာ ဝါရှင်တန်ပြည်နယ်၊ ချယ်လန်မြို့က တိုက်ခန်းတစ်ခုကို ပြောင်းခဲ့တယ်။ အဲဒီမှာရှိတဲ့ စပိန်စကားပြောအသင်းတော်က ကျွန်မကို ကောင်းကောင်းကြည့်ပေးတဲ့အတွက် ကျေးဇူးတင်လိုက်တာ။ သက်ကြီးရွယ်အိုဆိုလို့ ကျွန်မတစ်ယောက်ပဲရှိတဲ့အတွက် ကျွန်မကို သူတို့အဘွားလိုသဘောထားပြီး ချစ်ခင်ကြတယ်။
အာရုံမပျံ့လွင့်ဘဲ ယေဟောဝါအတွက် ပိုအပြည့်အဝ အမှုဆောင်နိုင်အောင် အိမ်ထောင်မပြုဖို့ ကျွန်မ ရွေးချယ်ခဲ့တယ်။ (၁ ကော. ၇:၃၄၊ ၃၅) ကျွန်မမှာ သားသမီးအရင်းတွေမရှိပေမဲ့ အမှန်တရားသိလာအောင် ကျွန်မ ကူညီပေးခဲ့သူအများကြီးဟာ ကျွန်မရဲ့ သားသမီးအရင်းတွေလိုပါပဲ။ လက်ရှိအသက်တာမှာတော့ အရာအားလုံး ပြည့်စုံနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်။ ဒါကြောင့် အရေးကြီးဆုံးအရာဖြစ်တဲ့ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်တာကိုပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကမ္ဘာသစ်ရောက်တဲ့အခါ ကိုယ်ဆန္ဒရှိတာအားလုံးလုပ်ဖို့ အချိန်တွေ အများကြီးရမယ်လေ။ ကျွန်မ အကြိုက်ဆုံးကျမ်းချက်ကတော့ ဆာလံ ၁၄၅:၁၆ ပဲ။ ‘သက်ရှိအားလုံးရဲ့ အလိုဆန္ဒကို ဖြည့်ဆည်း’ ပေးမယ်လို့ အဲဒီကျမ်းချက်မှာ ယေဟောဝါ ကတိပေးထားတယ်။
ရှေ့ဆောင်လုပ်ငန်းက ကျွန်မကို လန်းဆန်းတက်ကြွစေပြီး ဘဝရည်ရွယ်ချက်ရှိစေတယ်
အခု ကျွန်မ ၉၁ နှစ်ရှိပြီ။ ကျန်းမာရေးကောင်းနေသေးလို့ ရှေ့ဆောင်ဆက်လုပ်နေတယ်။ ရှေ့ဆောင်လုပ်ငန်းက ကျွန်မကို လန်းဆန်းတက်ကြွစေပြီး ဘဝရည်ရွယ်ချက်ရှိစေတယ်။ အယ်လ်ဆာဗေးဒေါကို ကျွန်မ စရောက်တုန်းက အဲဒီမှာ ဟောပြောခြင်းလုပ်ငန်း စခါစပဲရှိသေးတယ်။ အခုတော့ အဲဒီမှာ ကြေညာသူ ၃၉,၀၀၀ ကျော်ရှိနေပြီ။ ဒီတိုးတက်မှုက ကျွန်မ ယုံကြည်ခြင်းကို ခိုင်ခံ့စေတယ်။ စာတန် ဘယ်လောက်ပဲကြိုးစားပါစေ ကျွန်မတို့လုပ်ငန်းကို ရပ်အောင်မလုပ်နိုင်ဘူးဆိုတာ ကျွန်မ သိတယ်။ ယေဟောဝါရဲ့လူမျိုးကို သန့်ရှင်းသောစွမ်းအားတော်က ထောက်မနေတယ်ဆိုတာ ကျွန်မ အပြည့်အဝ ယုံကြည်တယ်။
a ၁၉၈၁၊ ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၄၅-၄၆ [လိပ်] မှာကြည့်ပါ။
b ၁၉၈၁ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၄၁-၄၂ [လိပ်]။
c ၁၉၈၁ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၆၆-၆၇၊ ၇၄-၇၅ [လိပ်]။