ဘဝအတ္ထုပ္ပတ္တိ
ဇွဲမလျှော့ခြင်းကအားရရွှင်လန်းမှုဖြစ်စေ
မာရီယို ရိုရှာဒစိုဇာ ပြောပြသည်
“မစ္စတာ ရို ရှာ ခွဲစိတ်ခန်းထဲက အသက်ရှင်ရက်ပြန်ထွက်လာနိုင်မယ် မထင်ဘူး။” ဆရာဝန်ရဲ့ အဲဒီခန့်မှန်းချက်က စိတ်ပျက်စရာကောင်းပေမဲ့ အနှစ် ၂၀ ကြာလို့ ဒီနေ့အထိယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်ဟောပြောသူအဖြစ် ကျွန်တော် အမှုဆောင်နေတုန်းပဲ။ အဲဒီနှစ်တွေတစ်လျှောက်လုံး ဇွဲမလျှော့ဖို့ ဘယ်အရာက ကျွန်တော့်ကို ကူညီပေးခဲ့သလဲ။
ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်း၊ ဘဟီးယာပြည်နယ်၊ စန်တူး အက်စ်တာဗောင်းရွာအနီးက စိုက်ပျိုးမွေးမြူရေးခြံမှာ ကျွန်တော်ကြီးပြင်းလာတာပါ။ ကျွန်တော်ခုနစ်နှစ်သားအရွယ်မှာ အဖေနဲ့အတူ ခြံအလုပ်တွေ ကူလုပ်ပေးနေပြီ။ နေ့တိုင်း ကျွန်တော်ကျောင်းဆင်းတာနဲ့ အဖေက အလုပ်တစ်ခုခုခိုင်းတယ်။ နောက်ပိုင်း အဖေ ဆာဗေးဒေါမြို့တော်ကို အလုပ်ကိစ္စနဲ့သွားတိုင်း ကျွန်တော့်ကို ခြံတာဝန်တွေ လွှဲပေးခဲ့တယ်။
ကျွန်တော်တို့ဆီမှာ လျှပ်စစ်မီး၊ ရေပိုက်လိုင်းနဲ့ ဒီနေ့ခေတ်လို ဇိမ်ခံပစ္စည်းတွေ မရှိပေမဲ့ ပျော်စရာကောင်းတယ်။ ကျွန်တော်နဲ့သူငယ်ချင်းတွေရဲ့လက်ဖြစ် စက္ကူစွန် လွှတ်တယ်၊ သစ်သားကားအရုပ်တွေနဲ့ ဆော့ကစားတယ်။ ဒါ့ပြင် ဘာသာရေးစီတန်းလှည့်လည်ပွဲတွေမှာ ကျွန်တော် ကလယ်ရီနက်မှုတ်တယ်။ ဒေသခံချာ့ချ်ရဲ့ ဓမ္မတေးသီဆိုတဲ့အဖွဲ့မှာလည်း ပါဝင်တယ်၊ အဲဒီမှာတင် အီစတိုရီယာဆာဂရာဒါ (ဘုရားသခင့်သမိုင်းကြောင်း) လို့ခေါ်တဲ့ စာအုပ်ကိုတွေ့ပြီး သမ္မာကျမ်းစာကို စိတ်ဝင်စားလာခဲ့တယ်။
၁၉၃၂ ခုနှစ်၊ ကျွန်တော်အသက် ၂၀ အရွယ်ရောက်တော့ ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းမှာ အတော်ကြာကြာ အကြီးအကျယ်မိုးခေါင်တယ်။ ကျွန်တော်တို့ရဲ့ကျွဲနွားအုပ်တွေ သေ၊ ကောက်ပဲသီးနှံတွေလည်း ပျက်စီးကုန်တယ်၊ ဒါကြောင့် ကျွန်တော် ဆာဗေးဒေါမြို့ကိုပြောင်းသွားပြီး အဲဒီမှာ ဓာတ်ရထားမောင်းတဲ့အလုပ်ရခဲ့တယ်။ နောက်ပိုင်း အိမ်တစ်လုံးငှားပြီး မိသားစုကိုပါ အတူလာနေဖို့ ခေါ်လိုက်တယ်။ ၁၉၄၄ ခုနှစ်မှာ အဖေဆုံးသွားတော့ အမေနဲ့ ညီမရှစ်ယောက်၊ ညီသုံးယောက်ကို ကျွန်တော်ပဲ တာဝန်ယူထောက်ပံ့ရတယ်။
ဓာတ်ရထားမောင်းသူမှ သတင်းကောင်းဟောသူ ဖြစ်လာ
ကျွန်တော် ဆာဗေးဒေါကိုရောက်တာနဲ့ အရင်ဆုံး ကျမ်းစာတစ်အုပ်ဝယ်တယ်။ နှစ်ခြင်းချာ့ချ်မှာ နှစ်အတော်ကြာတက်ရောက်ခဲ့ပြီးနောက် ဓာတ်ရထားမောင်းတဲ့ ဒူဗဲလ်နဲ့ မိတ်ဆွေဖြစ်လာတယ်။ ကျွန်တော်တို့နှစ်ယောက် ကျမ်းစာအကြောင်း အကြာကြီးဆွေးနွေးလေ့ရှိတယ်။ တစ်နေ့တော့ သူက ကျွန်တော့်ကို သေလွန်သူများအဘယ်မှာရှိသနည်းa စာအုပ်ငယ်တစ်အုပ် ပေးဖတ်တယ်။ ဝိညာဉ်မသေနိုင်ဘူးလို့ ကျွန်တော်ယုံကြည်ထားပေမဲ့ ဒီစာအုပ်ငယ်မှာကိုးကားထားတဲ့ ကျမ်းချက်တွေကို သိလိုစိတ်နဲ့ ဖွင့်ဖတ်ကြည့်တယ်။ အံ့ဩစရာက ပြစ်မှားတဲ့ဝိညာဉ်ဟာ အသက်သေရမယ်ဆိုပြီး ကျမ်းစာက အခိုင်အမာဆိုထားတာပဲ။—ယေဇကျေလ ၁၈:၄။
ကျွန်တော့်ရဲ့စိတ်ဝင်စားမှုကို သတိထားမိတဲ့ ဒူဗဲလ်က ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်အမှုဆောင်တစ်ဦးဖြစ်တဲ့ အန်တိုနီယို အန္ဒြာဒီကို ကျွန်တော့်အိမ် သွားလည်ပတ်ဖို့ တောင်းဆိုခဲ့တယ်။ အန်တိုနီယိုက ကျွန်တော့်ဆီ သုံးကြိမ်လည်ပတ်ပြီးနောက်မှာ တခြားသူတွေကို ကျမ်းစာအကြောင်းပြောပြတဲ့အခါ သူနဲ့အတူလိုက်ဖို့ ဖိတ်ခေါ်တယ်။ ဦးဆုံးနှစ်အိမ်ကို သူဟောပြီးတဲ့နောက် “ကဲ၊ ခင်ဗျားအလှည့်ရောက်ပြီ” လို့ပြောတယ်။ ကျွန်တော် ရင်ထိတ်သွားပေမဲ့ မိသားစုတစ်စုက ကောင်းကောင်းနားထောင်ပြီး စာအုပ်နှစ်အုပ်လက်ခံလို့ ပျော်ရွှင်မိတယ်။ ကျမ်းစာအမှန်တရားကို စိတ်ဝင်စားသူနဲ့ ဆုံတွေ့ရတဲ့အခါ အဲဒီလိုပျော်ရွှင်မှုမျိုးခံစားရတာ ဒီနေ့အထိပါပဲ။
၁၉၄၃ ခုနှစ်၊ ခရစ်တော်ရဲ့သေခြင်း နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဧပြီ ၁၉ ရက်ရောက်တော့ ဆာဗေးဒေါအနီးက အတ္တလန္တိတ်သမုဒ္ဒရာမှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။ အတွေ့အကြုံရင့်ကျက်တဲ့ ခရစ်ယာန်အမျိုးသားတွေမရှိတာကြောင့် ညီအစ်ကို အန္ဒြာဒီအိမ်မှာ စည်းဝေးတဲ့အုပ်စုကို ကူညီပေးဖို့ ကျွန်တော်တာဝန်ရတယ်၊ သူ့အိမ်က ဆာဗေးဒေါမြို့ အထက်ပိုင်းနဲ့ အောက်ပိုင်းဆက်ထားတဲ့ လမ်းကျဉ်းပေါ်မှာ ရှိတယ်။
အစောပိုင်းဆန့်ကျင်မှု
ဒုတိယကမ္ဘာစစ်ဖြစ်တဲ့ ၁၉၃၉-၄၅ နှစ်တွေအတွင်း ကျွန်တော်တို့ရဲ့ခရစ်ယာန်လုပ်ငန်းကို လူအများက လက်မခံကြဘူး။ ကျွန်တော်တို့ရဲ့စာပေတွေကို အမေရိကန်ပြည်ထောင်စုက ထုတ်ဝေတာဆိုတော့ ကျွန်တော်တို့ကို မြောက်အမေရိကန်သူလျှိုတွေဆိုပြီး အရာရှိတချို့ စွပ်စွဲကြတယ်။ ဒါနဲ့ပဲ ဖမ်းဆီးလိုက်၊ စစ်ကြောမေးမြန်းလိုက် လုပ်ကြတယ်။ သက်သေခံတစ်ယောက် ဟောပြောခြင်းလုပ်ငန်းကနေ ပြန်ရောက်မလာဘူးဆိုရင် သူ အချုပ်ခံနေရပြီ၊ ကျွန်တော်တို့ ရဲစခန်းကိုသွားပြီး သူလွတ်လာအောင် ပြောပေးရတော့မယ်လို့ တွက်ထားကြတယ်။
၁၉၄၃၊ ဩဂုတ်လမှာ သက်သေခံတစ်ဦးဖြစ်တဲ့ ဂျာမန်လူမျိုး အဒေါ့ဖ် မက်စ်မာက ဆာဗေးဒေါကိုရောက်လာပြီး ဦးဆုံးအကြိမ် တိုက်နယ်စည်းဝေးပွဲကျင်းပဖို့ စီစဉ်ပေးတယ်။ စည်းဝေးပွဲကျင်းပဖို့ အာဏာပိုင်ဆီက ခွင့်ပြုချက်ရတာနဲ့ “ကမ္ဘာသစ်တွင်ရမည့် လွတ်လပ်မှု” ဆိုတဲ့လူထုဟောပြောချက်ကြော်ငြာကို ဒေသခံသတင်းစာတွေမှာ ထည့်တယ်၊ ပြီးတော့ ဆိုင်ပြတင်းတွေ၊ ဓာတ်ရထားတွေမှာ ကြော်ငြာဆိုင်းဘုတ်ကပ်တယ်။ ဒါပေမဲ့ စည်းဝေးပွဲဒုတိယနေ့ရောက်တော့ အစည်းအဝေးကျင်းပခွင့်လိုင်စင် ပယ်ဖျက်လိုက်ပြီဆိုပြီး ရဲတစ်ယောက် လာအကြောင်းကြားတယ်။ ဆာဗေးဒေါချာ့ချ်ဂိုဏ်းချုပ်က ရဲမှူးကိုဖိအားပေးပြီး တိုက်နယ်စည်းဝေးပွဲကျင်းပတာကို ပိတ်ပင်ခိုင်းတယ်။ ဒါပေမဲ့ နောက်နှစ်ဧပြီလမှာ ကြေညာခဲ့ပြီးတဲ့ လူထုဟောပြောချက်ကိုဟောဖို့ ခွင့်ပြုမိန့်ရခဲ့တယ်။
အရောက်လှမ်းရမည့်ပန်းတိုင်
၁၉၄၆ ခုနှစ်မှာ ဆောပိုလိုမြို့က ပျော်ရွှင်သောလူမျိုး သီအိုကရက်တစ်စည်းဝေးပွဲကို တက်ရောက်ဖို့ ဖိတ်ခေါ်စာရရှိတယ်။ ဆာဗေးဒေါမှာရှိတဲ့ သင်္ဘောကပ္ပတိန်တစ်ယောက်က ကျွန်တော်တို့အုပ်စု ကုန်းပတ်ပေါ် အိပ်နိုင်မယ်ဆိုရင်တော့ သူ့သင်္ဘောနဲ့လိုက်ဖို့ ခွင့်ပြုတယ်။ ပင်လယ်မှာ မုန်တိုင်းမိလို့ ကျွန်တော်တို့အားလုံး လှိုင်းမူးတဲ့ဒဏ်ခံကြရပေမဲ့ လေးရက်ကြာတော့ ရီယိုဒီဂျနေရိုမြို့ကို ချောမောစွာ ကမ်းကပ်နိုင်ခဲ့တယ်။ ရီယိုမြို့မှာရှိတဲ့ သက်သေခံတွေက ကျွန်တော်တို့ရထားနဲ့ခရီးမဆက်ခင် သူတို့အိမ်မှာ ရက်အနည်းငယ် တည်းခွင့်ပြု ကြတယ်။ ဆောပိုလိုမြို့ကို ရထားဆိုက်တဲ့အခါ “ယေဟောဝါသက်သေများကို ကြိုဆိုပါ၏” စာတန်းကိုင်ထားတဲ့ အုပ်စုငယ်လေးက ကြိုဆိုခဲ့ကြတယ်။
ဒီလိုနဲ့ ဆာဗေးဒေါကို ပြန်ရောက်ပြီးမကြာခင်မှာပဲ အမေရိကန်ပြည်ထောင်စုကလာတဲ့ သာသနာပြု ဟယ်ရီဘလက်ခ်ကို ကျွန်တော် ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်အမှုဆောင်၊ ရှေ့ဆောင်ဖြစ်ချင်တယ်လို့ ပြောပြတယ်။ မိသားစုကို ကြည့်ရှုရမယ့်တာဝန်ရှိသေးလို့ စိတ်ရှည်ပါဆိုပြီး ဟယ်ရီက အကြံပေးတယ်။ နောက်ဆုံးတော့ ၁၉၅၂၊ ဇွန်လမှာ ညီငယ်ညီမငယ်တွေကို ငွေကြေးထောက်ပံ့စရာ မလိုတော့တဲ့အတွက် ဆာဗေးဒေါကနေ တောင်ဘက်ကမ်းရိုးတန်း မိုင် ၁၃၀ အကွာက အီလ်ယားယပ်စ်မြို့အသင်းတော်လေးမှာ ရှေ့ဆောင်အဖြစ် အမှုထမ်းခဲ့တယ်။
ရက်ရောသောထောက်မပေးမှု
နောက်ပိုင်းနှစ်တွေမှာ ကုန်းတွင်းပိုင်းကျပြီး သက်သေခံတွေမရှိသေးတဲ့ ဇက်ယာမြို့ကြီးမှာ တာဝန်ကျခဲ့တယ်။ ကျွန်တော် အရင်ဆုံး ဒေသခံခရစ်ယာန်ဘုန်းကြီးဆီ သွားလည်တယ်။ ဒီမြို့က သူ့ပိုင်နက်ဖြစ်လို့ ကျွန်တော် ဒီမှာဟောခွင့်မရှိဘူးတဲ့။ ပြီးတော့ “ပရောဖက်အတုအယောင်” ရောက်လာပြီဆိုပြီး သူ့အသင်းသားတွေကို သတိပေးတယ်၊ ကျွန်တော့်ရဲ့လုပ်ဆောင်မှုကို စောင့်ကြည့်ဖို့ သူလျှိုတွေ မြို့ထဲမှာ လွှတ်ထားတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီနေ့မှာ ကျွန်တော် ကျမ်းစာစာပေတွေ ၉၀ ကျော်ဝေငှခဲ့ရပြီး ကျမ်းစာသင်အံမှု ၄ ခု စတင်နိုင်ခဲ့တယ်။ နှစ်နှစ်ကြာတော့ ဇက်ယာမြို့မှာ သက်သေခံ ၃၆ ယောက်နဲ့ ကိုယ်ပိုင်ဘုရားသခင့်နိုင်ငံတော်ခန်းမ ရှိလာတယ်! အခုဆိုရင် အဲ့ဒီမှာ အသင်းတော်ရှစ်ခု၊ သက်သေခံ ၇၀၀ လောက်ရှိနေပြီ။
ဇက်ယာမြို့ကိုရောက်ခါစ လပိုင်းအတွင်း မြို့စွန်ကအိမ်ခန်းလေးကိုငှားနေတယ်။ နောက်ပိုင်း အဲဒီမြို့ရဲ့ အကောင်းဆုံးဟိုတယ်တစ်ခုဖြစ်တဲ့ ဆူဒါအက်စ်တာဟိုတယ်ပိုင်ရှင် မီဂယ် ဗဇ်ဒီအိုလီဗာရာနဲ့ တွေ့ဆုံခဲ့တယ်။ မီဂယ်က ကျမ်းစာသင်အံမှုလက်ခံပြီး သူ့ဟိုတယ်အခန်းမှာ ပြောင်းရွှေ့နေဖို့ ကူညီခဲ့တယ်။ နောက်ပိုင်းမှာ မီဂယ်နဲ့သူ့ဇနီးလည်း သက်သေခံတွေဖြစ်လာကြတယ်။
ဇက်ယာမြို့မှာနေခဲ့တုန်း အမှတ်ရစရာနောက်တစ်ခုကတော့ ကျွန်တော်နဲ့ကျမ်းစာလေ့လာခဲ့တဲ့ အထက်တန်းကျောင်းဆရာ လူးအက်ဇ်ကိုထရန်း ဖြစ်တယ်။ ကျွန်တော်ကို ပေါ်တူဂီစကား ပိုကျွမ်းကျင်အောင် သင်ပေးမယ်၊ သင်္ချာဘာသာရပ်ကိုလည်း သင်ပေးမယ်လို့ သူကမ်းလှမ်းတယ်။ ကျွန်တော်က မူလတန်းကျောင်းလောက်ပဲ တက်ခဲ့ရတဲ့သူဆိုတော့ ဒီဖိတ်ခေါ်ချက်ကို ချက်ချင်းလက်ခံခဲ့တယ်။ ပတ်စဉ် သူနဲ့ကျမ်းစာလေ့လာပြီးတိုင်း သူသင်ပေးတဲ့သင်ခန်းစာတွေကြောင့် ယေဟောဝါအဖွဲ့အစည်းက ပြင်ဆင်ပေးတဲ့ နောက်ထပ်အခွင့်ထူးတွေကို ကျွန်တော်လက်ခံဖို့ အသင့်ဖြစ်စေခဲ့တယ်။
စိန်ခေါ်ချက်အသစ်ကို ရင်ဆိုင်ခြင်း
၁၉၅၆ ခုနှစ်မှာ ယေဟောဝါသက်သေတွေရဲ့ နယ်လှည့်အမှုထမ်းလို့လည်းခေါ်တဲ့ တိုက်နယ်ကြီးကြပ်မှူးအဖြစ် လေ့ကျင့်ပေးဖို့ ရီယိုဒီဂျနေရိုမြို့မှာရှိတဲ့ ဌာနခွဲရုံးကနေ ဖိတ်ခေါ်စာတစ်စောင်ရရှိတယ်။ နောက်ထပ်ရှစ်ယောက်နဲ့အတူ တစ်လကျော် သင်တန်းတက်ရတယ်။ သင်တန်းပြီးသွားတော့ ကျွန်တော့်ကို ဆောပိုလိုမြို့မှာ တာဝန်ချတယ်။ ဒါကြောင့် အတော်လေးစိတ်ပူပြီး ‘ငါလို လူမည်းတစ်ယောက်က အီတလီလူမျိုးတွေကြားမှာ ဘာများလုပ်နိုင်မှာလဲ။ သူတို့က ငါ့ကိုလက်ခံပါ့မလား’ လို့တွေးမိတယ်။b
စန်တူး အမာရူခရိုင်က ဦးဆုံးလည်ပတ်ရတဲ့အသင်းတော်မှာ ဘုရားသခင့်နိုင်ငံတော်ခန်းမထဲ ညီအစ်ကို၊ ညီအစ်မတွေနဲ့ စိတ်ဝင်စားသူတွေ အပြည့်ရှိနေတာမြင်ရတော့ ကျွန်တော်အားတက်သွားတယ်။ အဲဒီသီတင်းပတ်အဆုံးမှာ အသင်းတော်မှာရှိတဲ့ ၉၇ ယောက်စလုံး ကျွန်တော်နဲ့အတူ အမှုဆောင်လုပ်ငန်းမှာပါဝင်ကြတော့ အရင်ကစိုးရိမ်ခဲ့တာတွေဟာ အခြေအမြစ်မရှိဘူးဆိုတာ စိတ်ချသွားတယ်။ ‘တကယ်တော့ သူတို့က ငါ့ညီအစ်ကိုတွေပဲ’ လို့ ကျွန်တော်တွေးမိတယ်။ နယ်လှည့်အမှုဆောင်လုပ်ငန်းမှာ ဇွဲလျော့နည်းမသွားဖို့ ကျွန်တော့်ကို အားပေးမှုဖြစ်စေခဲ့တဲ့ ချစ်စရာညီအစ်ကို၊ ညီအစ်မတွေရဲ့ လှိုက်လှဲပျူငှာမှုကို ခံစားခဲ့ရတယ်။
မြည်း၊ မြင်းနှင့် ပုရွက်စားကောင်များ
အဲ့ဒီအချိန်တုန်းက နယ်လှည့်ကြီးကြပ်မှူးတွေ ရင်ဆိုင်ရမယ့် အကြီးမားဆုံးအခက်အခဲတစ်ခုကတော့ ကျေးလက်ဒေသက အသင်းတော်တွေနဲ့ အုပ်စုငယ်လေးတွေဆီရောက်ဖို့ သွားရမယ့်ခရီးရှည်ဖြစ်တယ်။ အဲဒီဒေသတွေမှာ အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်တွေ မရှိသလောက်ဖြစ်ပြီး လမ်းတွေကလည်း ကျဉ်းမှကျဉ်းပဲ။
ဒီအခက်အခဲတွေကြောင့် တိုက်နယ်တချို့က တိုက်နယ်ကြီးကြပ်မှူးအတွက် မြည်း ဒါမှမဟုတ် မြင်းတစ်ကောင် ဝယ်ထားပေးတယ်။ အများအားဖြင့် တနင်္လာနေ့တွေမှာ ကျွန်တော့်အထုပ်အပိုးတွေကို မြည်းပေါ်တင်၊ ကြိုးချည်ပြီး နောက်အသင်းတော်တစ်ခုကို ၁၂ နာရီကြာ မြင်းစီးသွားရတယ်။ စန်တာ ဖာဒူစူလ်မြို့က သက်သေခံတွေမှာ ဒိုရာဒူ (ဂိုလ်ဒီ) လို့ခေါ်တဲ့ မြည်းတစ်ကောင်ရှိတယ်၊ အဲဒီမြည်းက ကျေးလက်ဒေသမှာရှိတဲ့ အုပ်စုတွေဆီသွားမယ့်လမ်းကြောင်းကို ကောင်းကောင်းသိတယ်။ စိုက်ပျိုးမွေးမြူရေးခြံတွေရှေ့ရောက်ရင် ဒိုရာဒူက ရပ်နေပြီး ဂိတ်တံခါးကို ကျွန်တော်သွားဖွင့်တဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်ပေးရှာတယ်။ လည်ပတ်ပြီးတဲ့အခါ ဒိုရာဒူနဲ့ကျွန်တော် နောက်အုပ်စုဆီ ခရီးဆက်ခဲ့ကြတယ်။
ဆက်သွယ်ရေးခက်ခဲတာက တိုက်နယ်လုပ်ငန်းအတွက် ပြဿနာတစ်ခုပဲ။ ဥပမာ၊ မယ်တို ဂရာစိုပြည်နယ်က စိုက်ပျိုးမွေးမြူရေးခြံတစ်ခုမှာ စည်းဝေးကြတဲ့ သက်သေခံအုပ်စုလေးဆီရောက်ဖို့ အီရီဂွာယာမြစ်ကို လှေနဲ့ကူးပြီး တောလမ်းအတိုင်း ၁၅ မိုင် မြင်းစီးသွားရတယ်။ တစ်ခါတော့ ကျွန်တော် လာလည်ပတ်မယ်ဆိုတဲ့ အကြောင်းကြားစာရေးပေမဲ့ စာမရတဲ့အတွက် မြစ်ကမ်းမှာ ဘယ်သူမှလာမကြိုကြဘူး။ ညနေစောင်းနေပြီဖြစ်လို့ စားသောက်ဆိုင်လေးတစ်ခုရဲ့ပိုင်ရှင်ဆီ ကျွန်တော့်အထုပ်အပိုးတွေအပ်၊ လက်ဆွဲအိတ်ယူပြီး ခြေကျင်လျှောက်လာခဲ့တယ်။
မကြာခင်မှာပဲ မှောင်လာတယ်။ အမှောင်ထဲ ခလုတ်တိုက်လဲတဲ့အခါ ပုရွက်စားကောင်ရဲ့ နှာမှုတ်သံကြားရတယ်။ ပုရွက်စားကောင်တစ်ကောင်ဟာ ပတတ်ရပ်နိုင်ပြီး သူ့ရဲ့သန်မာတဲ့လက်နဲ့ လူကိုသတ်နိုင်တယ်လို့ ပြောသံကြားဖူးတယ်။ ဒါကြောင့် ချုံထဲက အသံတစ်ခုခုကြားတိုင်း အကာအကွယ်အနေနဲ့ လက်ဆွဲအိတ်ကို အရှေ့မှာကာထားရင်း သတိကြီးကြီးထားပြီး ရှေ့ကိုလှမ်းရတယ်။ နာရီအတော်ကြာကြာ လျှောက်ပြီးတဲ့နောက် စမ်းချောင်းလေးတစ်ခုအနား ရောက်လာတယ်။ အမှောင်ထဲမှာဆိုတော့ တစ်ဖက်မှာ သံဆူးကြိုးကာထားတာ မမြင်ဘဲ စမ်းချောင်းလေးကို ခုန်ကျော်လိုက်တာ သံဆူးကြိုးပေါ်တည့်တည့်ကျပြီး ဆူးနဲ့စူးရှကုန်တော့တယ်!
နောက်ဆုံး စိုက်ပျိုးမွေးမြူရေးခြံကို ရောက်လာတော့ ခွေးဟောင်သံက ဆီးကြိုနေတယ်။ အဲဒီတုန်းက ညဘက် သိုးသူခိုးတွေ သောင်းကျန်းနေတဲ့အတွက် တံခါးလာဖွင့်တာနဲ့ ကျွန်တော် ဘယ်သူဘယ်ဝါဆိုတာ ချက်ချင်းပြောပြလိုက်တယ်။ စုတ်ပြတ်ပြီး သွေးစွန်းတဲ့အဝတ်နဲ့ ကျွန်တော့်ပုံစံက သနားစရာဖြစ်နေမှာပဲ၊ ဒါပေမဲ့ ကျွန်တော့်ကိုတွေ့ရလို့ ညီအစ်ကိုတွေ ပျော်ရွှင်ခဲ့ကြတယ်။
အခက်အခဲတွေရှိပေမဲ့ ပျော်စရာအချိန်တွေပါပဲ။ မြင်း ဒါမှမဟုတ် ခြေကျင်နဲ့ခရီးရှည်နှင်ရတာ၊ တစ်ခါတလေ သစ်ရိပ်မှာအနားယူရင်း ငှက်ကလေးတွေရဲ့တေးသံကို နားဆင်ရတာ၊ ကျွန်တော်သွားမယ့်လူခြေတိတ်လမ်းတွေပေါ် သွားလာနေတဲ့ မြေခွေးတွေကိုကြည့်ရတာ စိတ်ကြည်နူးစရာပဲ။ ကျွန်တော့်လည်ပတ်မှုက လူတွေအတွက် တကယ့်ကိုအကူအညီဖြစ်စေတယ်ဆိုတာ သိရှိရလို့လည်း ကျွန်တော်ပျော်ရွှင်တယ်။ အတော်များများက ကျွန်တော့်ဆီ ကျေးဇူးတင်စာရေးပို့ကြတယ်။ တချို့က တိုက်နယ်စည်းဝေးပွဲတွေမှာ ပြန်တွေ့ တဲ့အခါ ကျေးဇူးတင်စကားဆိုကြတယ်။ လူတွေ အခက်အခဲတွေကို ကျော်လွှားပြီး ဝိညာဉ်ရေးမှာတိုးတက်လာကြတာမြင်ရတော့ စိတ်ကြည်နူးလိုက်တာ!
အထောက်အမ ရပြီ
နယ်လှည့်လုပ်ငန်းမှာ အမှုဆောင်ခဲ့တဲ့နှစ်တွေအတွင်း အများအားဖြင့် ကျွန်တော် တစ်ကိုယ်တည်းဖြစ်နေတော့ ယေဟောဝါကို ‘ငါ့ရဲ့ကျောက်၊ ငါ့ရဲ့မြို့ရိုး’ အဖြစ် အားထားတတ်လာတယ်။ (ဆာလံ ၁၈:၂) ဒါ့ပြင် တစ်ကိုယ်ရေဘဝက ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို အာရုံမထွေပြားဘဲ လုပ်ဆောင်နိုင်စေတယ်ဆိုတာ သိလာရတယ်။
၁၉၇၈ ခုနှစ်မှာ ရှေ့ဆောင်ညီအစ်မ ဇူလီယာ တာကာဟာရှီနဲ့ တွေ့ဆုံခဲ့တယ်။ သူက ဘုရားသခင့်နိုင်ငံတော်ကြေညာသူတွေ ပိုလိုအပ်နေတဲ့ဒေသမှာ အမှုဆောင်ချင်လို့ ဆောပိုလိုဆေးရုံကြီးမှာ သူနာပြုအလုပ်က ထွက်ခဲ့သူဖြစ်တယ်။ သူ့ကိုသိကျွမ်းတဲ့ အကြီးအကဲတွေက ရှေ့ဆောင်တစ်ဦးဖြစ်တဲ့ သူ့ရဲ့ဝိညာဉ်ရေးအရည်အချင်းတွေကို ချီးမွမ်းကြတယ်။ နှစ်တွေဒီလောက်ကြာပြီးမှ ကျွန်တော်အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တာကို လူတွေအံ့အားသင့်ကြတာ မြင်ယောင်ကြည့်နိုင်ပါတယ်။ မိတ်ဆွေတစ်ယောက်ကတော့ မယုံနိုင်အောင်ဖြစ်ပြီး ကျွန်တော်သာ တကယ်အိမ်ထောင်ပြုမယ်ဆိုရင် ပေါင် ၆၀၀ ရှိတဲ့ နွားတစ်ကောင်ပေးမယ်လို့ ကတိပေးတယ်။ ၁၉၇၈၊ ဇူလိုင် ၁ ရက်မှာကျင်းပတဲ့ ကျွန်တော်တို့ရဲ့မင်္ဂလာဧည့်ခံပွဲမှာ ဒီနွားကို အသားကင်လုပ်စားကြတယ်။
ကျန်းမာရေးချို့တဲ့ငြား ဇွဲမလျှော့
နယ်လှည့်လုပ်ငန်းမှာ ဇူလီယာက ကျွန်တော်နဲ့အတူပါဝင်ပြီး နောက်ရှစ်နှစ်အထိ ဘရာဇီးနိုင်ငံတောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းက အသင်းတော်တွေကို လည်ပတ်ခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော် နှလုံးရောဂါဖြစ်လာတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ အိမ်ရှင်တွေနဲ့ စကားပြောနေတုန်း နှစ်ကြိမ် မူးလဲခဲ့ဖူးတယ်။ ကျွန်တော့်ကျန်းမာရေးကြောင့် ဆောပိုလိုပြည်နယ်၊ ဘီရီဂွီမြို့မှာ အထူးရှေ့ဆောင်တွေအဖြစ်ထမ်းဆောင်ဖို့ တာဝန်ရခဲ့ကြတယ်။
ဘီရီဂွီမှာရှိတဲ့ သက်သေခံတွေက ကျွန်တော့်ကို ဆရာဝန်ပြပေးဖို့ မိုင် ၃၀၀ နီးပါးဝေးတဲ့ ဂိုယာနီယာမြို့ကို ကားနဲ့ခေါ်သွားကြတယ်။ အခြေအနေကောင်းလာတာနဲ့ နှလုံးစည်းချက်ပေးကိရိယာထည့်ဖို့ ခွဲစိတ်ကုသခဲ့ရတယ်။ ဒါက လွန်ခဲ့တဲ့အနှစ် ၂၀ တုန်းကပါ။ နောက်ထပ်နှစ်ကြိမ်လောက် နှလုံးခွဲစိတ်ကုသခဲ့ရပေမဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ တက်တက်ကြွကြွပါဝင်နေတုန်းပါပဲ။ ပြီးတော့ တခြားသစ္စာရှိခရစ်ယာန်ဇနီးတွေလိုပဲ ဇူလီယာလည်း ကျွန်တော့်ကို အမြဲအားပေးထောက်မခဲ့တယ်။
ကျွန်တော် ကျန်းမာရေးချို့တဲ့လို့ အရင်လို မလုပ်ဆောင်နိုင်တာတွေ၊ စိတ်ဓာတ်ကျစရာတွေရှိပေမဲ့ ရှေ့ဆောင်အဖြစ် အမှုဆောင်နိုင်တုန်းပဲ။ ဒီလိုစနစ်ဟောင်းမှာ ကျွန်တော်တို့ရဲ့ဘဝဟာ ပန်းခင်းလမ်းဖြစ်မယ်လို့ ယေဟောဝါ တစ်ခါမှကတိမပြုခဲ့ဘူးဆိုတာ ကိုယ့်ကိုယ်ကိုအမြဲသတိပေးတယ်။ တမန်တော်ပေါလုနဲ့ ရှေးခေတ်က တည်ကြည်တဲ့ခရစ်ယာန်တွေတောင် ဇွဲမလျှော့ခဲ့ကြဘူးဆိုရင် ကျွန်တော်တို့လည်း ဘာကြောင့် ဇွဲလျှော့ရမှာလဲ။—တမန်တော် ၁၄:၂၂။
၁၉၃၀ ပြည့်လွန်နှစ်တွေတုန်းက ကျွန်တော်ကိုင်ခဲ့တဲ့ ဦးဆုံးကျမ်းစာအုပ်ကို မကြာခင်က ပြန်တွေ့ ခဲ့တယ်။ ကျမ်းစာအုပ်အတွင်းဖုံးမှာ ခရစ်ယာန်အစည်းအဝေးတွေကို ကျွန်တော်စတက်တဲ့ ၁၉၄၃ ခုနှစ်တုန်းက ဘရာဇီးမှာ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ အရေအတွက် ၃၅၀ ဆိုပြီး ရေးထားတယ်။ အခု ဘရာဇီးမှာ သက်သေခံ ၆၀၀,၀၀၀ ကျော်ရှိနေပြီဆိုတာ မယုံနိုင်စရာပဲ။ ဒီလိုတိုးတက်လာဖို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရခဲ့တဲ့အတွက် တကယ်အခွင့်ထူးတယ်။ ကျွန်တော်ဇွဲမလျှော့တဲ့အတွက် ကျွန်တော့်ကို ယေဟောဝါ ကောင်းချီးအလျှံပယ် သွန်းလောင်းပေးခဲ့တယ်။ ဆာလံဆရာလိုပဲ ကျွန်တော်လည်း ‘ယေဟောဝါသည် ငါတို့အဖို့ ကြီးသောအမှုကိုပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက်လျက်နေကြ၏’ ဆိုပြီး ပြောနိုင်တယ်။—ဆာလံ ၁၂၆:၃။
[အောက်ခြေမှတ်ချက်များ]
a ယေဟောဝါသက်သေများထုတ်ဝေခဲ့သည်၊ ယခု မထုတ်ဝေတော့ပါ။
b ဆောပိုလိုတွင် ၁၈၇၀-၁၉၂၀ ပြည့်နှစ်အတွင်း အီတလီလူမျိုး ၁,၀၀၀,၀၀၀ ကျော် ပြောင်းရွှေ့နေထိုင်ခဲ့သည်။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
၁၉၄၃ ခု နှစ်၊ ဆာဗေးဒေါမြို့တွင် ဦးဆုံးတိုက်နယ်စည်းဝေးပွဲ၏ လူထုဟောပြောချက်ကို သက်သေခံများကြေညာစဉ်
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
၁၉၄၆ ခု နှစ်၊ ဆောပိုလိုတွင် ပျော်ရွှင်သောလူမျိုး စည်းဝေးပွဲအတွက် ရောက်ရှိလာသော သက်သေခံများ
[စာမျက်နှာ ၁၀၊ ၁၁ ပါ ရုပ်ပုံ]
၁၉၅၀ ပြည့်လွန်နှစ်များနှောင်းပိုင်းအတွင်း နယ်လှည့်လုပ်ငန်းတွင်
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ဇနီး ဇူလီယာ နှင့်အတူ