၂ ပေတရု
၁ ယေရှုခရစ်ရဲ့ကျွန်နဲ့ တမန်တော်ဖြစ်တဲ့ ကျွန်တော် ရှိမုန်ပေတရုက တန်ဖိုးကြီးတဲ့ ယုံကြည်ခြင်းကို ရထားတဲ့ ခင်ဗျားတို့ဆီ စာရေးလိုက်ပါတယ်။ ဘုရားသခင်နဲ့ ကယ်တင်ရှင် ယေရှုခရစ်ရဲ့ ဖြောင့်မတ်ခြင်းကြောင့် အဲဒီယုံကြည်ခြင်းမျိုးကို ကျွန်တော်တို့အားလုံး ရရှိထားကြတာပါ။
၂ ဘုရားသခင်နဲ့ သခင်ယေရှုအကြောင်း တိကျမှန်ကန်စွာ သိလာတဲ့အတွက်+ ခင်ဗျားတို့ဆီမှာ မဟာကရုဏာတော်နဲ့ ငြိမ်သက်ခြင်း တိုးပွားပါစေ။ ၃ ဘုရားတရားကိုင်းရှိုင်းမှုနဲ့အညီ အသက်ရှင်နိုင်ဖို့ ကူညီပေးတဲ့အရာ အားလုံးကို ဘုရားသခင့် တန်ခိုးအားဖြင့် ကျွန်တော်တို့ ရရှိထားကြတယ်။ အဲဒီလိုရရှိတဲ့အတွက် မိမိရဲ့ ဘုန်းအသရေနဲ့ ဂုဏ်အသရေကြောင့် ခေါ်ယူတဲ့အရှင်အကြောင်းကိုလည်း ကျွန်တော်တို့ တိကျမှန်ကန်စွာ သိလာကြတယ်။+ ၄ အဲဒီဘုန်းအသရေနဲ့ ဂုဏ်အသရေကြောင့် ဘုရားသခင်က ကျွန်တော်တို့ကို တန်ဖိုးကြီးပြီး အလွန်မွန်မြတ်တဲ့ကတိတွေ ပေးသနားတယ်။+ အဲဒီကတိတွေကြောင့် ခင်ဗျားတို့ဟာ ဘုရားသခင်လို ဝိညာဉ်ပုဂ္ဂိုလ်တွေ ဖြစ်လာနိုင်မယ်။+ မှားယွင်းတဲ့အလိုဆန္ဒတွေကြောင့် ပေါ်လာတဲ့ လောကရဲ့ ဖောက်ပြန်ပျက်စီးတတ်တဲ့ အဖြစ်ကနေ ကျွန်တော်တို့ လွတ်မြောက်ခဲ့လို့ အဲဒီကတိတွေကို ဘုရားသခင် ပေးသနားထားတာပါ။
၅ ဒါကြောင့် အစွမ်းကုန် ကြိုးစားအားထုတ်ပြီး+ လုပ်ဆောင်ရမှာက ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းမှာ မွန်မြတ်တဲ့အကျင့်၊+ မွန်မြတ်တဲ့အကျင့်မှာ အသိပညာ၊+ ၆ အသိပညာမှာ ချုပ်တည်းခြင်း၊ ချုပ်တည်းခြင်းမှာ+ ခံနိုင်ရည်၊ ခံနိုင်ရည်မှာ ဘုရားတရားကိုင်းရှိုင်းခြင်း၊+ ၇ ဘုရားတရားကိုင်းရှိုင်းခြင်းမှာ ညီရင်းအစ်ကိုချစ်ခြင်း၊ ညီရင်းအစ်ကိုချစ်ခြင်းမှာ မေတ္တာကို+ ထပ်ဖြည့်စွက်လိုက်ပါ။ ၈ အဲဒီအရည်အသွေးတွေ တိုးပွားများပြားနေမယ်ဆိုရင် သခင်ယေရှုခရစ်အကြောင်း တိကျမှန်ကန်တဲ့ အသိပညာကို လက်တွေ့ကျင့်သုံးတဲ့အခါ မထိရောက်တာ၊ မတိုးတက်တာမျိုး ဖြစ်တော့မှာမဟုတ်ဘူး။+
၉ အဲဒီအရည်အသွေးတွေ မရှိတဲ့သူကတော့ မျက်ကန်းနဲ့ တူတယ်။ အလင်းကိုမမြင်ရအောင် မျက်စိပိတ်ထားတဲ့သူပဲ။*+ အရင်က သူကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ဘုရားသခင် သန့်စင်ပေးလိုက်မှန်း သူမေ့လျော့သွားပြီ။+ ၁၀ ဒါကြောင့် ညီအစ်ကိုတို့၊ ခေါ်တော်မူခြင်းခံရသူ၊+ ရွေးချယ်ခံရသူတွေအဖြစ် သစ္စာရှိမြဲရှိနိုင်ဖို့ အစွမ်းကုန် ကြိုးစားကြပါ။ အဲဒီအရည်အသွေးတွေကို အမြဲ ဖြည့်စွက်နေမယ်ဆိုရင် ခင်ဗျားတို့ ဘယ်တော့မှ ကျရှုံးမှာမဟုတ်ဘူး။+ ၁၁ ကယ်တင်ရှင် သခင်ယေရှုခရစ်ရဲ့ ထာဝရနိုင်ငံတော်ထဲ+ ဝင်ရောက်ခွင့် ကောင်းချီးကို ခင်ဗျားတို့ ကြွယ်ဝစွာ ခံစားရလိမ့်မယ်။+
၁၂ ခင်ဗျားတို့ သိပြီးသားဖြစ်ပေမဲ့၊ အမှန်တရားမှာ ခိုင်မြဲနေကြပေမဲ့ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ခင်ဗျားတို့ကို အမြဲတမ်း သတိပေးချင်တယ်။ ၁၃ ဒီခန္ဓာနဲ့*+ အသက်ရှင်နေသရွေ့ ခင်ဗျားတို့ကို သတိပေးနှိုးဆော်ဖို့+ လိုအပ်တယ်လို့ ကျွန်တော်ယူဆတယ်။ ၁၄ သခင်ယေရှုခရစ် ရှင်းရှင်းလင်းလင်း အသိပေးခဲ့တဲ့အတိုင်း မကြာခင် ဒီခန္ဓာကို စွန့်ရတော့မယ်ဆိုတာ ကျွန်တော်သိနေတယ်။+ ၁၅ ဒါကြောင့် ကျွန်တော် ထွက်ခွာသွားပြီးတဲ့ နောက်ပိုင်းမှာလည်း ဒီအကြောင်းအရာတွေကို ခင်ဗျားတို့ ပြန်အမှတ်ရနေအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားမှာပဲ။
၁၆ သခင်ယေရှုခရစ်ရဲ့ တန်ခိုးအကြောင်း၊ ရောက်ရှိနေခြင်းအကြောင်း ခင်ဗျားတို့ကို ပြောပြတုန်းက လူတွေထွင်ထားတဲ့ ယုံတမ်းစကားတွေကို အခြေခံပြီး ပြောခဲ့တာမဟုတ်ဘူး။ သူ့ရဲ့ ကြီးမြတ်လှတဲ့ ဘုန်းအသရေကို+ ကျွန်တော်တို့ကိုယ်တိုင် မြင်ခဲ့ရလို့ ပြောပြတာပါ။ ၁၇ “သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ”+ ဆိုတဲ့စကားကို မဟာဘုန်းတော်ရှင် ပြောကြားတဲ့အချိန်မှာ အဖဘုရားသခင်ဆီက ဂုဏ်အသရေနဲ့ ဘုန်းအသရေကို သူရရှိခဲ့တယ်။ ၁၈ သန့်ရှင်းတဲ့တောင်ပေါ်မှာ သူနဲ့အတူရှိနေတုန်းက ကောင်းကင်ကထွက်လာတဲ့ အဲဒီစကားသံကို ကျွန်တော်တို့ ကြားခဲ့ရတယ်။
၁၉ ဒါကြောင့် ပရောဖက်ပြုချက်ဟာ ကျွန်တော်တို့အတွက် ပိုပြီးသေချာလာတယ်။ (အရုဏ်တက်ပြီး မိုးသောက်ကြယ်+ မထွက်လာမချင်း) အမှောင်မှာထွန်းထားတဲ့ ဆီမီးကို+ အာရုံစိုက်သလိုမျိုး ခင်ဗျားတို့ရဲ့ စိတ်နှလုံးမှာ အဲဒီပရောဖက်ပြုချက်ကို အာရုံစိုက်နေကြတာ သိပ်ကောင်းပါတယ်။ ၂၀ ကျမ်းစာပရောဖက်ပြုချက်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ အယူအဆကို အခြေခံပြီး ပေါ်ပေါက်လာတာ မဟုတ်မှန်း ခင်ဗျားတို့ ကောင်းကောင်းသိပါတယ်။ ၂၁ ပရောဖက်ပြုချက်ဆိုတာ လူ့အလိုအတိုင်း ဖြစ်ပေါ်လာတာ မဟုတ်ဘူး။+ လူတွေက သန့်ရှင်းသော စွမ်းအားတော်ရဲ့ လှုံ့ဆော်မှုကိုခံရလို့ ဘုရားသခင်ဆီကလာတဲ့ စကားတွေကို ပြန်ဟောတာဖြစ်တယ်။+