မဿဲ
၁၃ အဲဒီနေ့မှာ ယေရှုက အိမ်ကနေထွက်ပြီး အိုင်ကမ်းဘေးမှာထိုင်နေတယ်။ ၂ လူတွေ အုပ်လိုက်ကြီး ရောက်လာလို့ လှေပေါ် တက်ထိုင်လိုက်တယ်။ လူအုပ်ကတော့ ကမ်းနားမှာ ရပ်နေကြတယ်။+ ၃ အဲဒီမှာ ယေရှုက အကြောင်းအရာ အတော်များများကို ပုံဥပမာတွေသုံးပြီး အခုလိုသွန်သင်တယ်–+ “တစ်ခါက မျိုးကြဲသူတစ်ယောက် မျိုးစေ့ကြဲဖို့ ထွက်သွားတယ်။+ ၄ မျိုးကြဲတဲ့အခါ မျိုးစေ့တချို့ လမ်းပေါ်ကျပြီး ငှက်တွေ လာကောက်စားသွားတယ်။+ ၅ မျိုးစေ့တချို့က မြေဆီလွှာပါးတဲ့ ကျောက်ခံမြေပေါ် ကျတယ်။ မြေသားတိမ်တော့ ချက်ချင်း အပင်ပေါက်လာတယ်။+ ၆ ဒါပေမဲ့ နေမြင့်လာတဲ့အခါ အပင်ဟာ နေလောင်ပြီး အမြစ်လည်း မစွဲတဲ့အတွက် ညှိုးနွမ်းသွားတယ်။ ၇ မျိုးစေ့တချို့က ဆူးပင်တွေကြားထဲ ကျတဲ့အတွက် ဆူးပင်တွေ ကြီးထွားလာပြီး လွှမ်းမိုးပိတ်ဆို့သွားတယ်။+ ၈ မျိုးစေ့တချို့ကတော့ ကောင်းတဲ့မြေပေါ်ကျပြီး အဆ ၁၀၀၊ အဆ ၆၀၊ အဆ ၃၀ သီးပွင့်ကြတယ်။+ ၉ နားရှိတဲ့သူ ကြားပါစေ။”+
၁၀ တပည့်တွေက ယေရှုဆီလာပြီး “သခင်၊ ဘာလို့ ပုံဥပမာတွေသုံးပြီး ဟောတာလဲ” လို့မေးတဲ့အခါ၊+ ၁၁ ယေရှု အခုလိုဖြေတယ်– “ခင်ဗျားတို့က ကောင်းကင်နိုင်ငံနဲ့ပတ်သက်တဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်တွေအကြောင်း+ နားလည်နိုင်ခွင့်ရကြပေမဲ့ သူတို့ကတော့ မရကြဘူး။ ၁၂ ရှိတဲ့သူတွေဟာ ထပ်ပြီးရလိမ့်မယ်။ အလျှံပယ် ရလိမ့်မယ်။ မရှိတဲ့သူကတော့ ရှိထားတာလေးတောင် အသိမ်းခံရလိမ့်မယ်။+ ၁၃ သူတို့က ကြည့်လျက်နဲ့ မမြင်ဘူး။ ကြားလျက်နဲ့ နားမလည်ဘူး။ ဆိုလိုရင်းကိုလည်း သဘောမပေါက်ဘူး။+ ဒါကြောင့် ပုံဥပမာတွေသုံးပြီး ကျွန်တော်ဟောနေတာ။ ၁၄ ဟေရှာယရဲ့ ပရောဖက်ပြုချက်က သူတို့ဆီမှာ ပြည့်စုံနေတာပဲ။ ‘မင်းတို့ဟာ ကြားလျက်နဲ့ ဆိုလိုရင်းကို လုံးဝသဘောပေါက်မှာ မဟုတ်ဘူး။ ကြည့်လျက်နဲ့ လုံးဝမြင်မှာ မဟုတ်ဘူး။+ ၁၅ ဒီလူတွေဟာ စိတ်တံခါးကို ပိတ်ထားကြတယ်။ ကြားပေမဲ့ မလိုက်နာဘူး။ ဘာမှမကြားရ၊ မမြင်ရအောင် နားမျက်စိကို ပိတ်ထားတယ်။ ဒါကြောင့် ဆိုလိုရင်းကို သဘောမပေါက်ကြဘူး။ ငါ့ဆီ ပြန်မလှည့်လာတော့ ငါလည်း သူတို့ပြန်ကောင်းလာအောင် ကုသပေးလို့ မရဘူး’+ လို့ ရေးထားတယ်။
၁၆ “ခင်ဗျားတို့ကတော့ ဒါတွေကို မြင်ရ၊ ကြားရတဲ့အတွက် ပျော်ရွှင်ချမ်းမြေ့တယ်။+ ၁၇ ကျွန်တော် မှန်တာကို ပြောမယ်။ ပရောဖက်တွေ၊ ဖြောင့်မတ်သူတွေက ခင်ဗျားတို့ မြင်ရတာတွေကို မြင်ချင်ပေမဲ့ မြင်ခွင့်မရခဲ့ဘူး။+ ခင်ဗျားတို့ ကြားရတာတွေကို ကြားချင်ပေမဲ့ ကြားခွင့်မရခဲ့ဘူး။
၁၈ “အခု၊ မျိုးကြဲသူ ပုံဥပမာရဲ့ အဓိပ္ပာယ်ကိုနားထောင်ကြပါ။+ ၁၉ လမ်းပေါ် မျိုးစေ့ကျတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ လူတစ်ယောက်က နိုင်ငံတော်သတင်း ကြားတဲ့အခါ ဆိုလိုရင်းကို သဘောမပေါက်ဘူး။ ဒါကြောင့် သူ့စိတ်နှလုံးထဲကျသွားတဲ့ မျိုးစေ့ကို ဆိုးညစ်သူ+ လာနုတ်ယူသွားတယ်။+ ၂၀ ကျောက်ခံမြေပေါ် မျိုးစေ့ကျတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ လူတစ်ယောက်က နိုင်ငံတော်သတင်း ကြားတဲ့အခါ ဝမ်းသာအားရနဲ့ ချက်ချင်းလက်ခံတယ်။+ ၂၁ ဒါပေမဲ့ သူ့စိတ်နှလုံးထဲမှာ အမြစ်မစွဲတဲ့အတွက် တစ်ခဏပဲ ခံတယ်။ တရားစကားကြောင့် ဒုက္ခရောက်တဲ့အခါ၊ ညှဉ်းဆဲခံရတဲ့အခါ ချက်ချင်းပဲ သူ ကျရှုံးသွားတယ်။ ၂၂ ဆူးပင်တွေကြား မျိုးစေ့ကျတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ လူတစ်ယောက်က တရားစကားကို ကြားပေမဲ့ ဒီလောကစနစ်ရဲ့* စိုးရိမ်ပူပန်စရာတွေ၊+ စည်းစိမ်ရဲ့ လှည့်စားမှုတွေဟာ တရားစကားကို လွှမ်းမိုးပိတ်ဆို့သွားတဲ့အတွက် မသီးပွင့်ဘူး။+ ၂၃ ကောင်းတဲ့မြေပေါ် မျိုးစေ့ကျတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ လူတစ်ယောက်က တရားစကားကို ကြားတဲ့အခါ ဆိုလိုရင်းကို သဘောပေါက်တဲ့အတွက် အဆ ၁၀၀၊ အဆ ၆၀၊ အဆ ၃၀ သီးပွင့်ဖြစ်ထွန်းတယ်။”+
၂၄ ယေရှုက နောက်ထပ်ပုံဥပမာတစ်ခု ဆက်ပြောတယ်– “ကောင်းကင်နိုင်ငံကို လူတစ်ယောက် လယ်မှာ ကောင်းတဲ့မျိုးစေ့ ကြဲတာနဲ့ ခိုင်းနှိုင်းနိုင်တယ်။ ၂၅ လူတွေ အိပ်ပျော်နေချိန်မှာ ရန်သူရောက်လာပြီး ဂျုံမျိုးစေ့တွေကြားထဲ ပေါင်းမျိုးစေ့ကြဲပြီး ထွက်သွားတယ်။ ၂၆ ဂျုံပင်ပေါက်ပြီး အနှံထွက်လာတဲ့အခါ ပေါင်းပင်တွေလည်း ပေါ်လာတယ်။ ၂၇ လယ်ရှင်ရဲ့ကျွန်တွေက ‘သခင်၊ လယ်မှာ ကောင်းတဲ့မျိုးစေ့ ကြဲထားတယ် မဟုတ်လား။ ဘယ်လိုလုပ်ပြီး ပေါင်းပင်တွေ ပေါက်လာတာလဲ’ ဆိုပြီး လာမေးကြတယ်။ ၂၈ လယ်ရှင်က ‘ဒါဟာ ရန်သူ့လက်ချက်ပဲ’+ လို့ပြောတဲ့အခါ ကျွန်တွေက ‘ပေါင်းပင်တွေကို သွားနုတ်ပစ်ရမလား’ ဆိုပြီး ခွင့်တောင်းတယ်။ ၂၉ အဲဒီအခါ လယ်ရှင်က ‘မနုတ်နဲ့ဦး။ ပေါင်းပင်တွေကို နုတ်လိုက်ရင် ဂျုံပင်တွေကိုပါ ရောနုတ်မိမှာ စိုးရတယ်။ ၃၀ ရိတ်သိမ်းချိန်အထိ နှစ်မျိုးစလုံး ပေါက်ပါစေ။ ရိတ်သိမ်းချိန် ရောက်တဲ့အခါ ပေါင်းပင်တွေကို အရင်နုတ်ပြီး မီးရှို့ဖို့ စည်းထားကြ။ ပြီးမှ ဂျုံပင်တွေကိုရိတ်ပြီး ကျီထဲစုသိမ်းကြဆိုပြီး ရိတ်သိမ်းသူတွေကို ငါမှာမယ်’+ လို့ပြန်ပြောတယ်။”
၃၁ ယေရှုက နောက်ထပ်ပုံဥပမာတစ်ခု ဆက်ပြောတယ်– “ကောင်းကင်နိုင်ငံဟာ လယ်မှာစိုက်တဲ့ မုန်ညင်းစေ့နဲ့* တူတယ်။+ ၃၂ မုန်ညင်းစေ့ဟာ မျိုးစေ့တွေထဲမှာ အသေးဆုံးပဲ။ ဒါပေမဲ့ အပင်ပေါက်တဲ့အခါ ဟင်းသီးဟင်းရွက်ပင်တွေထက် ကြီးလာတယ်။ ငှက်တွေ အကိုင်းအခက်မှာ နားခိုနိုင်တဲ့အထိ အပင်ကြီး ဖြစ်လာတယ်။”
၃၃ ယေရှုက နောက်ထပ်ပုံဥပမာတစ်ခု ဆက်ပြောတယ်– “ကောင်းကင်နိုင်ငံဟာ တဆေးနဲ့တူတယ်။ အမျိုးသမီးတစ်ယောက်က ဂျုံမှုန့်သုံးတောင်းထဲ* တဆေးထည့်ပြီး နယ်လိုက်တဲ့အခါ မုန့်ညက်တစ်ပုံလုံး ဖောင်းကြွလာတယ်။”+
၃၄ ယေရှုက အဲဒီအကြောင်းအရာအားလုံးကို ပုံဥပမာတွေသုံးပြီး လူအုပ်ကို ဟောပြောတယ်။ ပုံဥပမာမပါဘဲ သူ မဟောဘူး။+ ၃၅ ဒါကြောင့် “ငါက နှုတ်ကိုဖွင့်ပြီး ပုံဥပမာတွေ ပြောမယ်။ လူ့လောကအစပြုချိန်* ကတည်းက ထိမ်ဝှက်ထားတဲ့ အရာတွေကို ထုတ်ဖော်မယ်”+ ဆိုပြီး ပရောဖက်ကတစ်ဆင့် ပြောခဲ့တဲ့စကား ပြည့်စုံလာတယ်။
၃၆ ယေရှုက လူအုပ်ကို ပြန်ခိုင်းပြီးတဲ့နောက် အိမ်ထဲဝင်လာတယ်။ တပည့်တွေ ရောက်လာပြီး “လယ်မှာပေါက်တဲ့ ပေါင်းပင်ပုံဥပမာကို ရှင်းပြပါလား” လို့တောင်းဆိုတဲ့အခါ၊ ၃၇ ယေရှု အခုလိုရှင်းပြတယ်– “ကောင်းတဲ့မျိုးစေ့ကို ကြဲတဲ့သူဟာ လူသားပဲ။ ၃၈ လယ်က ဒီလောက၊+ ကောင်းတဲ့မျိုးစေ့က နိုင်ငံတော်သားတွေ၊ ပေါင်းမျိုးစေ့တွေကတော့ ဆိုးညစ်သူရဲ့သားတွေ ဖြစ်တယ်။+ ၃၉ ပေါင်းမျိုးစေ့ကိုကြဲတဲ့ ရန်သူဟာ မာရ်နတ်ဖြစ်တယ်။ ရိတ်သိမ်းချိန်ဟာ လောကစနစ်နိဂုံးပိုင်း၊* ရိတ်သိမ်းသူတွေကတော့ ကောင်းကင်တမန်တွေပေါ့။ ၄၀ ပေါင်းပင်တွေကိုနုတ်ပြီး မီးရှို့လိုက်သလို လောကစနစ်နိဂုံးပိုင်းမှာ* ဖြစ်လိမ့်မယ်။+ ၄၁ လူသားက ကောင်းကင်တမန်တွေ စေလွှတ်မယ်။ ကောင်းကင်တမန်တွေက အပြစ်ကျူးလွန်စေသူတွေနဲ့* မတရားမှုပြုသူတွေကို ကောင်းကင်နိုင်ငံထဲကနေ နုတ်ယူပြီး၊ ၄၂ မီးဖိုထဲ ပစ်ချမယ်။+ အဲဒီမှာ သူတို့ ငိုကြွေးပြီး အံကြိတ်ခံပြင်းနေလိမ့်မယ်။ ၄၃ အဲဒီအချိန်မှာ ဖြောင့်မတ်သူတွေဟာ အဖဘုရားရဲ့ နိုင်ငံမှာ နေလို ထွန်းလင်းကြလိမ့်မယ်။+ နားရှိတဲ့သူ ကြားပါစေ။
၄၄ “ကောင်းကင်နိုင်ငံဟာ လယ်မှာဝှက်ထားတဲ့ ဘဏ္ဍာနဲ့တူတယ်။ လူတစ်ယောက်က အဲဒီဘဏ္ဍာကိုတွေ့တဲ့အခါ ပြန်ဝှက်ထားလိုက်တယ်။ ဝမ်းသာအားရနဲ့ ပိုင်ဆိုင်သမျှကို သွားရောင်းပြီး အဲဒီလယ်ကို ဝယ်တယ်။+
၄၅ “ပြီးတော့ ကောင်းကင်နိုင်ငံဟာ ကုန်သည်တစ်ယောက် နယ်တကာလှည့်ပြီး ရှာနေတဲ့ ပုလဲကောင်းနဲ့တူတယ်။ ၄၆ တန်ဖိုးကြီးတဲ့ ပုလဲတစ်လုံးကို တွေ့တဲ့အခါ ချက်ချင်းပဲ ပိုင်ဆိုင်သမျှကို သွားရောင်းပြီး အဲဒီပုလဲကို ဝယ်တယ်။+
၄၇ “ပြီးတော့ ကောင်းကင်နိုင်ငံဟာ ပင်လယ်ထဲချပြီး ငါးအမျိုးမျိုးကို အုပ်မိတဲ့ ဆွဲပိုက်နဲ့ တူတယ်။ ၄၈ ငါးအပြည့်မိတဲ့အခါ ပိုက်ကို ကမ်းပေါ် ဆွဲတင်ကြတယ်။ ထိုင်ပြီး ကောင်းတဲ့ငါးတွေကို+ ခြင်းထဲရွေးထည့်၊ မကောင်းတဲ့ငါးတွေကိုတော့+ ပစ်လိုက်တယ်။ ၄၉ လောကစနစ်နိဂုံးပိုင်းမှာ* အဲဒီအတိုင်း ဖြစ်လိမ့်မယ်။ ကောင်းကင်တမန်တွေ ရောက်လာတဲ့အခါ ဖြောင့်မတ်သူတွေထဲကနေ ဆိုးညစ်သူတွေကို ခွဲထုတ်ပြီး၊ ၅၀ မီးဖိုထဲ ပစ်ချမယ်။ အဲဒီမှာ သူတို့ ငိုကြွေးပြီး အံကြိတ်ခံပြင်းနေလိမ့်မယ်။
၅၁ “ဒီအကြောင်းအရာအားလုံးရဲ့ ဆိုလိုရင်းကို သဘောပေါက်ကြသလား” လို့ ယေရှုမေးတော့ “သဘောပေါက်ပါတယ်” ဆိုပြီး သူတို့ ပြန်ဖြေတယ်။ ၅၂ ယေရှုက “ဒါဆိုရင် ကောင်းကင်နိုင်ငံအကြောင်း သင်ယူထားတဲ့ ဆရာတိုင်းဟာ ကိုယ့်ဘဏ္ဍာထဲက အသစ်တွေကိုရော အဟောင်းတွေကိုပါ ထုတ်ပြတဲ့ အိမ်ရှင်နဲ့တူတယ်” လို့ပြောတယ်။
၅၃ ယေရှုက အဲဒီပုံဥပမာတွေအကြောင်း ပြောပြီးသွားတဲ့အခါ အဲဒီကနေ ထွက်သွားတယ်။ ၅၄ နေရင်းဒေသကို+ ရောက်တော့ တရားဇရပ်မှာ သွန်သင်တယ်။ လူတွေက တအံ့တသြဖြစ်ပြီး “ဒီလိုဉာဏ်ပညာမျိုး၊ ဒီလိုအံ့ဖွယ်အမှုတွေ လုပ်နိုင်တဲ့အစွမ်းမျိုးကို သူ ဘယ်ကရတာလဲ။+ ၅၅ သူဟာ လက်သမားရဲ့သား မဟုတ်လား။+ သူ့အမေက မာရိ၊ သူ့ညီတွေက ယာကုပ်၊ ယောသပ်၊ ရှိမုန်နဲ့ ယုဒ မဟုတ်လား။+ ၅၆ သူ့နှမတွေလည်း ဒီမြို့မှာ ရှိနေတာပဲ။ ဒါဆိုရင် ဒီလိုဉာဏ်ပညာမျိုး၊ ဒီလိုအံ့ဖွယ်အမှုတွေ လုပ်နိုင်တဲ့အစွမ်းကို သူ ဘယ်ကရတာလဲ”+ လို့ပြောကြတယ်။ ၅၇ ယေရှုကို သူတို့ လက်မခံကြဘူး။+ ယေရှုက “ပရောဖက်ဟာ လူတွေရဲ့လေးစားမှုကို ရတယ်။ ဒါပေမဲ့ သူ့နေရင်းဒေသ၊ သူ့အိမ်မှာတော့ လေးစားမခံရဘူး”+ လို့ပြောတယ်။ ၅၈ သူတို့ ယုံကြည်ခြင်း မရှိတဲ့အတွက် အဲဒီမှာ အံ့ဖွယ်အမှုတွေ အများကြီး လုပ်ပြမနေတော့ဘူး။