မဿဲ
၁၉ အဲဒီလို ပြောပြီးတဲ့နောက် ယေရှုက ဂါလိလဲနယ်ကနေ ထွက်သွားတယ်။ ဂျော်ဒန်မြစ်ကိုဖြတ်ပြီး ယုဒနယ်စပ်ကို ရောက်လာတယ်။+ ၂ အဲဒီမှာ လိုက်ပါလာတဲ့ လူအုပ်ကြီးထဲက လူနာတွေကို ကုသပေးတယ်။
၃ ဖာရိရှဲတွေက ယေရှုကို အကဲစမ်းချင်တဲ့အတွက် “ယောက်ျားတစ်ယောက်ဟာ ဇနီးကို ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ကွာရှင်းခွင့်ရှိသလား”+ ဆိုပြီးမေးတယ်။ ၄ ယေရှုက “အစအဦးမှာ ဖန်ဆင်းရှင်က ယောက်ျားနဲ့မိန်းမကို ဖန်ဆင်းခဲ့တဲ့အကြောင်း မဖတ်ဖူးဘူးလား။+ ၅ ‘ဒါကြောင့် ယောက်ျားက မိဘကိုထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်’+ လို့ပြောခဲ့တာကိုလည်း မဖတ်ဖူးဘူးလား။ ၆ သူတို့ဟာ နှစ်ယောက်မဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်း ဖြစ်သွားပြီ။ ဒါကြောင့် ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့”+ လို့ဖြေတယ်။ ၇ “ဒါဆို ကိုယ့်ဇနီးကို ကွာရှင်းမယ်ဆိုရင် ကွာရှင်းစာချုပ်ပေးဖို့ မောရှေ ဘာလို့ခွင့်ပြုခဲ့တာလဲ”+ ဆိုပြီး သူတို့မေးတော့၊ ၈ ယေရှုက “ခင်ဗျားတို့ ခေါင်းမာလို့ မောရှေက ကွာရှင်းခွင့်ပြုခဲ့တာ။+ အစတုန်းက အဲဒီလို မဟုတ်ဘူး။+ ၉ ကျွန်တော်ပြောမယ်။ ကိုယ့်ဇနီးကို လိင်အကျင့်ယိုယွင်းမှု* ကြောင့်မဟုတ်ဘဲ တခြားအကြောင်းကြောင့် ကွာရှင်းပြီး တခြားသူနဲ့ လက်ထပ်တဲ့သူဟာ အိမ်ထောင်ရေး ဖောက်ပြန်သူပဲ”+ လို့ပြောတယ်။
၁၀ တပည့်တွေက “ဒီအတိုင်းသာဆိုရင် အိမ်ထောင်မပြုဘဲ နေတာကမှ ပိုကောင်းဦးမယ်” လို့ ပြောတဲ့အခါ၊ ၁၁ ယေရှုက “ဒါကို လူတိုင်း လက်မခံကြဘူး။ ဆုကျေးဇူး ရထားသူတွေပဲ လက်ခံကြတယ်။+ ၁၂ တချို့က မွေးရာပါ ချို့ယွင်းချက်ကြောင့် အိမ်ထောင်မပြုကြဘူး။ တချို့က သင်းကွပ်ခံရလို့ အိမ်ထောင်မပြုကြဘူး။ တချို့ကျတော့ ကောင်းကင်နိုင်ငံအတွက် ပိုပြီးလုပ်ဆောင်ချင်လို့ အိမ်ထောင်မပြုကြဘူး။* အိမ်ထောင်မပြုဘဲ နေချင်တယ်ဆိုရင် နေနိုင်ပါတယ်”+ လို့ပြောတယ်။
၁၃ လူတွေက သူတို့ရဲ့ ကလေးတွေပေါ် လက်တင်ပြီး ဆုတောင်းပေးစေချင်လို့ ကလေးတွေကို ယေရှုဆီ ခေါ်လာတဲ့အခါ တပည့်တွေ တားကြတယ်။+ ၁၄ ဒါပေမဲ့ ယေရှုက “နေပါစေ။ ကလေးတွေ လာတာကို မတားပါနဲ့။ ကောင်းကင်နိုင်ငံဟာ ဒီကလေးငယ်လို လူတွေရဲ့ နိုင်ငံပဲ”+ လို့ပြောပြီး၊ ၁၅ ကလေးတွေအပေါ်မှာ လက်တင်တယ်။ ပြီးတော့ အဲဒီကနေ ထွက်သွားတယ်။
၁၆ လူတစ်ယောက်က ယေရှုဆီလာပြီး “ဆရာ၊ ထာဝရအသက်ရဖို့ ကျွန်တော် ဘာကောင်းမှုလုပ်ရမလဲ” လို့မေးတဲ့အခါ၊+ ၁၇ ယေရှုက “ကောင်းမှုအကြောင်း ကျွန်တော့်ကို ဘာလို့မေးတာလဲ။ ဘုရားသခင် တစ်ပါးတည်းသာ ကောင်းမြတ်တယ်။+ အသက်ရချင်ရင် ပညတ်တွေကို အမြဲလိုက်နာပါ”+ လို့ဖြေတယ်။ ၁၈ အဲဒီလူက “ဘယ်ပညတ်တွေလဲ” လို့မေးတော့ ယေရှုက “လူ့အသက် မသတ်နဲ့။+ အိမ်ထောင်ရေး မဖောက်ပြန်နဲ့။+ မခိုးနဲ့။+ မဟုတ်မမှန် သက်သေမထွက်ဆိုနဲ့။+ ၁၉ မိဘကို ရိုသေပါ။+ လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ”+ ဆိုတာတွေပေါ့လို့ ဖြေတယ်။ ၂၀ “အဲဒါတွေအားလုံးကို ကျွန်တော် လိုက်နာနေပါတယ်။ နောက်ထပ် ဘာလိုသေးလဲ” လို့ အဲဒီလူငယ် မေးတဲ့အခါ၊ ၂၁ ယေရှုက “ပြည့်ဝစုံလင်သူ ဖြစ်ချင်ရင် ခင်ဗျားရဲ့ ပစ္စည်းတွေကို ရောင်းပြီး ဆင်းရဲသားတွေကို ပေးကမ်းပါ။ ကောင်းကင်ဘဏ္ဍာကို+ ရလိမ့်မယ်။ ပြီးမှ ကျွန်တော့်နောက်လိုက် လုပ်ပါ”+ လို့ပြောတယ်။ ၂၂ ဒီစကားကို ကြားတဲ့အခါ အလွန်ချမ်းသာတဲ့ အဲဒီလူငယ်ဟာ ဝမ်းနည်းပြီး ထွက်သွားတယ်။+ ၂၃ ယေရှုက “ကျွန်တော် မှန်တာကို ပြောမယ်။ ချမ်းသာတဲ့သူတွေ ကောင်းကင်နိုင်ငံဝင်ဖို့ သိပ်ခက်တယ်။+ ၂၄ ကျွန်တော် ပြောဦးမယ်။ ဘုရားသခင့်နိုင်ငံတော်ကို ချမ်းသာတဲ့သူဝင်တာထက် အပ်ပေါက်ထဲ ကုလားအုတ် လျှိုဝင်တာကမှ လွယ်ဦးမယ်” လို့ပြောတယ်။+
၂၅ ဒါကို တပည့်တွေ ကြားတဲ့အခါ တအံ့တသြဖြစ်ပြီး “ဒါဆိုရင် ကယ်တင်ခံရမယ့်သူ ရှိနိုင်ပါဦးမလား”+ လို့မေးတယ်။ ၂၆ ယေရှုက သူတို့ကို စူးစိုက်ကြည့်ပြီး “လူတွေအတွက်တော့ ဒါဟာ မဖြစ်နိုင်တဲ့အရာပဲ။ ဘုရားသခင်အတွက်တော့ အရာအားလုံး ဖြစ်နိုင်တယ်”+ လို့ဖြေလိုက်တယ်။
၂၇ အဲဒီနောက် ပေတရုက “ကျွန်တော်တို့ ရှိသမျှကိုစွန့်ပြီး သခင့်နောက်ကို လိုက်လာပါပြီ။ ကျွန်တော်တို့ ဘာများရမှာလဲ”+ လို့မေးတယ်။ ၂၈ ယေရှုက “ကျွန်တော် မှန်တာကိုပြောမယ်။ ဘုရားသခင်က အရာအားလုံး အသစ်ဖြစ်အောင်လုပ်တဲ့အချိန်မှာ လူသားဟာ ဘုန်းကြီးတဲ့ ရာဇပလ္လင်ပေါ် ထိုင်လိမ့်မယ်။ အဲဒီအခါ ကျွန်တော့်နောက်လိုက်တဲ့ ခင်ဗျားတို့ဟာ ပလ္လင် ၁၂ ခုပေါ် ထိုင်ပြီး အစ္စရေး ၁၂ နွယ်ကို တရားစီရင်ရလိမ့်မယ်။+ ၂၉ ကျွန်တော့်နာမည်ကြောင့် မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ အိမ်၊ မြေယာ တစ်ခုခုကို စွန့်လွှတ်လိုက်ရသူတိုင်း အဆ ၁၀၀ ပြန်ရမယ့်အပြင် ထာဝရအသက်ကိုပါ ရလိမ့်မယ်။+
၃၀ “ရှေ့ဆုံးက လူအတော်များများ နောက်ဆုံးကို ရောက်လိမ့်မယ်။ နောက်ဆုံးကလူတွေ ရှေ့ဆုံးကို ရောက်လိမ့်မယ်။+