လေ့လာရန် ဆောင်းပါး ၂၇
သီချင်း ၇၃ ရဲစွမ်းသတ္တိ ပေးပါ
ဇာဒုတ်လို သတ္တိရှိပါ
“ခွန်အားကြီးပြီး သတ္တိရှိတဲ့ လူငယ်ဇာဒုတ်။”—၁ ရာ. ၁၂:၂၈။
အာရုံစိုက်ရာ
ကျွန်တော်တို့ သတ္တိရှိဖို့ ဇာဒုတ်ရဲ့ စံနမူနာက ဘယ်လို ကူညီပေးနိုင်သလဲ။
၁-၂။ ဇာဒုတ်ဆိုတာ ဘယ်သူလဲ။ (၁ ရာဇဝင်ချုပ် ၁၂:၂၂၊ ၂၆-၂၈)
ဒါဝိဒ်ကို အစ္စရေးဘုရင်အဖြစ် မင်းမြှောက်ဖို့ အမျိုးသား ၃၄၀,၀၀၀ ကျော် ပါတဲ့ လူအုပ်တစ်အုပ် စုရုံးရောက်လာပြီး ဒါဝိဒ်နဲ့အတူ သုံးရက် နေကြတယ်။ သူတို့ရဲ့ စကားပြောသံ၊ ရယ်မောသံ၊ ချီးမွမ်းသီချင်းဆိုသံဟာ ဟေဗြုန်မြို့နားက ကျောက်တောင်တွေတစ်လျှောက် ပဲ့တင်ထပ်နေတယ်။ (၁ ရာ. ၁၂:၃၉) လူအုပ်ထဲက လူငယ်ဇာဒုတ်ကို တော်တော်များများ သတိထားမိကြမှာ မဟုတ်ဘူး။ ယေဟောဝါဘုရားကတော့ သတိထားမိတယ်။ ကျွန်တော်တို့ကိုလည်း သတိထားမိစေချင်တယ်။ (၁ ရာဇဝင်ချုပ် ၁၂:၂၂၊ ၂၆-၂၈ ကို ဖတ်ပါ။) ဇာဒုတ်ဆိုတာ ဘယ်သူလဲ။
၂ ဇာဒုတ်ဆိုတာ ပုရောဟိတ်မင်း အဗျာသာနဲ့ အနီးကပ် တွဲအမှုဆောင်တဲ့ ပုရောဟိတ် ဖြစ်တယ်။ အကြားအမြင်ရသူလည်း ဖြစ်တယ်။ အကြားအမြင်ရသူဆိုတာ ထူးကဲတဲ့ ဉာဏ်ပညာရှိသူ၊ ဘုရားအလိုတော် နားလည်နိုင်စွမ်းရှိသူကို ပြောတာပါ။ (၂ ရှ. ၁၅:၂၇) လူတွေ အကြံဉာဏ်ကောင်း လိုအပ်တဲ့အခါ ဇာဒုတ်ဆီ လာကြတယ်။ ဇာဒုတ်ဟာ သတ္တိရှိသူလည်း ဖြစ်တယ်။ သတ္တိရှိကြောင်း ဇာဒုတ် ဘယ်လို ပြသလဲဆိုတာ ဒီဆောင်းပါးမှာ လေ့လာသွားကြမယ်။
၃။ (က) ယေဟောဝါကို ကိုးကွယ်သူတွေ ဘာကြောင့် သတ္တိရှိရမလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။
၃ နောက်ဆုံးကာလမှာ ဘုရားလူမျိုးကို စာတန် အရှိန်အဟုန်မြှင့် တိုက်ခိုက်နေတယ်။ (၁ ပေ. ၅:၈) ဒါကြောင့် စာတန်နဲ့ စာတန့်စနစ်ဆိုးကို ယေဟောဝါ အဆုံးတိုင်မယ့်အချိန်ကို စောင့်မျှော်နေတုန်းမှာ ကျွန်တော်တို့ သတ္တိရှိဖို့ လိုတယ်။ (ဆာ. ၃၁:၂၄) ဇာဒုတ်လို သတ္တိရှိနိုင်တဲ့ နည်းသုံးနည်းကို သုံးသပ်ကြရအောင်။
ဘုရားနိုင်ငံတော်ကို ထောက်ခံပါ
၄။ ဘုရားနိုင်ငံတော်ကို ထောက်ခံဖို့ ဘုရားကျေးကျွန်တွေ ဘာကြောင့် သတ္တိရှိရမလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၄ ဘုရားနိုင်ငံတော်ကို ကျွန်တော်တို့ စိတ်နှလုံး အကြွင်းမဲ့ ထောက်ခံကြတယ်။ ဒါပေမဲ့ ဒီလိုထောက်ခံဖို့ သတ္တိ လိုတတ်တယ်။ (မ. ၆:၃၃) ဥပမာ၊ ဆိုးညစ်တဲ့ ဒီလောကမှာ ဘုရားစံနှုန်းတွေနဲ့အညီ နေထိုင်ဖို့၊ နိုင်ငံတော် သတင်းကောင်း ဟောဖို့ သတ္တိ လိုတယ်။ (၁ သက်. ၂:၂) နိုင်ငံရေးကိစ္စတွေကြောင့် စိတ်ဝမ်းကွဲပြားသည်ထက် ကွဲပြားနေတဲ့ ဒီလောကမှာ ဘယ်ဘက်မှ မပါဖို့ဆိုတာလည်း သတ္တိရှိမှ ရတာ။ (ယော. ၁၈:၃၆) နိုင်ငံရေးမှာ မပါလို့၊ စစ်ထဲ မဝင်လို့ ဘုရားကျေးကျွန်များစွာ ငွေကြေးအခက်အခဲ ကြုံကြရတယ်။ ရိုက်နှက်ခံကြရတယ်။ ထောင်ချခံကြရတယ်။
တခြားသူတွေ နိုင်ငံရေးကိစ္စတွေမှာ ပါတဲ့အခါ သင် ဘာလုပ်မလဲ (စာပိုဒ် ၄ ကို ကြည့်ပါ)
၅။ ဒါဝိဒ်ကို ထောက်ခံဖို့ ဇာဒုတ် ဘာကြောင့် သတ္တိရှိရမလဲ။
၅ ဒါဝိဒ်ကို မင်းမြှောက်ဖို့သက်သက် ဟေဗြုန်မြို့ကို ဇာဒုတ် လာတာ မဟုတ်ဘူး။ လက်နက်အပြည့်အစုံနဲ့ တိုက်ပွဲဝင်ဖို့ လာတာ။ (၁ ရာ. ၁၂:၃၈) ဒါဝိဒ်နဲ့အတူ တိုက်ပွဲဝင်ဖို့၊ အစ္စရေးပြည်ကို ရန်သူတွေလက်ကနေ ကာကွယ်ဖို့ အသင့်ပဲ။ တိုက်ပွဲ အတွေ့အကြုံ သိပ်မရှိပေမဲ့ သတ္တိကတော့ အပြည့်ပဲ။
၆။ သတ္တိရှိခြင်းနဲ့ပတ်သက်ပြီး ဒါဝိဒ်ဟာ ဘယ်လိုနည်းနဲ့ ဇာဒုတ်အတွက် စံနမူနာကောင်း ဖြစ်သလဲ။ (ဆာလံ ၁၃၈:၃)
၆ ဇာဒုတ်လို ပုရောဟိတ်တစ်ယောက် ဘာကြောင့် ဒီလောက် သတ္တိရှိနေသလဲ။ ရဲစွမ်းသတ္တိ ရှိသူများစွာ သူ့ဘေးမှာ ရှိလို့ပဲ။ သူတို့ကို ဇာဒုတ် အတုယူတာ သေချာတယ်။ ဥပမာ၊ ဒါဝိဒ်ကို အစ္စရေးအားလုံး တစ်စိတ်တစ်ဝမ်းတည်း မင်းမြှောက်ချင်ရတဲ့ အကြောင်းရင်းကို စဉ်းစားကြည့်ပါ။ ဒါဝိဒ်ဟာ သတ္တိရှိရှိ “အစ္စရေးတပ်ကို ဦးစီးပြီး တိုက်ပွဲဝင်” တယ်။ (၁ ရာ. ၁၁:၁၊ ၂) ရန်သူတွေကို တိုက်ခိုက်နိုင်ဖို့ ယေဟောဝါကို အမြဲ ယုံကြည်ကိုးစားတယ်။ (ဆာ. ၂၈:၇။ ဆာလံ ၁၃၈:၃ ကို ဖတ်ပါ။) ယောယဒ၊ ယောယဒရဲ့ သား စစ်သူရဲ ဗေနာယ၊ ဒါဝိဒ်ကို ထောက်ခံတဲ့ ဆွေမျိုးစုခေါင်းဆောင် ၂၂ ယောက် စတဲ့ သတ္တိရှိသူတွေကိုလည်း ဇာဒုတ် အတုယူတယ်။ (၁ ရာ. ၁၁:၂၂-၂၅။ ၁၂:၂၆-၂၈) ဒါဝိဒ်ကို မင်းမြှောက်ဖို့၊ ထောက်ခံဖို့ သူတို့အားလုံး အခိုင်အမာ စိတ်ပိုင်းဖြတ်ထားကြတာ။
၇။ (က) သတ္တိရှိခြင်းနဲ့ပတ်သက်ပြီး ခေတ်သစ် ဘယ်စံနမူနာရှင်တွေဆီကနေ သင်ယူနိုင်သလဲ။ (ခ) ဗီဒီယိုမှာ ပါတဲ့ ညီအစ်ကို နစီလူးကို ဘယ်လို အတုယူနိုင်သလဲ။
၇ ဘုရားနိုင်ငံတော်ကို သတ္တိရှိရှိ ထောက်ခံသူတွေအကြောင်း စဉ်းစားလိုက်တဲ့အခါ ကျွန်တော်တို့လည်း ရဲစွမ်းသတ္တိ ရှိလာကြတယ်။ ဥပမာ၊ ဘုရင် ခရစ်တော် ယေရှုအကြောင်း စဉ်းစားကြည့်ပါ။ မြေကြီးပေါ် ရှိတုန်းက စာတန့်လောကရဲ့ နိုင်ငံရေးစနစ်မှာ မပါဝင်ဖို့ ပြတ်ပြတ်သားသား ငြင်းဆိုတယ်။ (မ. ၄:၈-၁၁။ ယော. ၆:၁၄၊ ၁၅) မှန်ရာ လုပ်နိုင်တဲ့ သတ္တိရှိဖို့ ယေဟောဝါကို အမြဲ အားကိုးတယ်။ ဒီနေ့အချိန်မှာလည်း ညီအစ်ကိုငယ်များစွာဟာ နိုင်ငံရေးမှာ မပါဝင်ဖို့၊ စစ်ထဲ မဝင်ဖို့ ငြင်းဆိုကြတယ်။ သတ္တိရှိတဲ့ ခေတ်သစ် စံနမူနာရှင်တွေပါပဲ။ သူတို့ရဲ့ တွေ့ကြုံမှုတွေကို jw.org မှာ ဖတ်နိုင်ပါတယ်။a
ညီအစ်ကို/မတွေကို ကူညီပါ
၈။ ညီအစ်ကို/မတွေကို လက်တွေ့ကျကျ ကူညီဖို့ အကြီးအကဲတွေ ဘယ်လိုအချိန်မျိုးမှာ သတ္တိ လိုနိုင်သလဲ။
၈ ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ အချင်းချင်း ကူညီချင်ကြတယ်။ (၂ ကော. ၈:၄) ဒါပေမဲ့ အဲဒီလိုကူညီဖို့ သတ္တိ လိုချိန်တွေ ရှိတယ်။ ဥပမာ၊ စစ်ဖြစ်ပြီဆိုရင် ညီအစ်ကို/မတွေအတွက် အားပေးမှု၊ ထောက်မမှု၊ ကျမ်းစာ၊ ကျမ်းစာ,စာပေ၊ စားစရာ၊ ဝတ်စရာ၊ နေစရာ လိုအပ်မှန်း ဒေသခံ အကြီးအကဲတွေ သိကြတယ်။ ညီအစ်ကို/မတွေကို ချစ်တဲ့အတွက် အသက်အန္တရာယ် ရှိရင်တောင် လိုအပ်တာတွေ ဖြည့်ဆည်းပေးကြတယ်။ (ယော. ၁၅:၁၂၊ ၁၃) သတ္တိရှိတဲ့ ဇာဒုတ်ကို အတုယူနေကြတာပါပဲ။
၉။ ၂ ရှမွေလ ၁၅:၂၇-၂၉ အရ ဇာဒုတ်ကို ဒါဝိဒ် ဘာလုပ်ခိုင်းသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၉ အန္တရာယ်များတဲ့ ကာလမှာ မိတ်ဆွေတွေကို ဇာဒုတ် ဘယ်လို ကူညီပေးသလဲ။ ဒါဝိဒ်ကို သတ်ပြီး နန်းလုဖို့ သားတော် အဗရှလုံ ကြံစည်တယ်။ (၂ ရှ. ၁၅:၁၂၊ ၁၃) ဂျေရုဆလင်မြို့ကနေ ဒါဝိဒ် ချက်ချင်း ထွက်ပြေးရတော့တယ်။ “ကဲ၊ ထွက်ပြေးကြစို့။ အဗရှလုံလက်ကနေ လွတ်အောင် မြန်မြန် ပြေးကြစို့” လို့ မင်းမှုထမ်းတွေကို အမိန့်ပေးတယ်။ (၂ ရှ. ၁၅:၁၄) ဒါနဲ့ မင်းမှုထမ်းတွေ ဒါဝိဒ်နဲ့အတူ ထွက်ပြေးကြတယ်။ ဒါပေမဲ့ အဗရှလုံ ဘာတွေ ကြံစည်နေတယ်ဆိုတာ မိမိဆီ သတင်းပို့ပေးမယ့်သူ ထားခဲ့ရမယ်လို့ ဒါဝိဒ် စဉ်းစားမိတယ်။ ဒါကြောင့် ဇာဒုတ်နဲ့ တခြားပုရောဟိတ်တွေကို မြို့ထဲ ပြန်ဝင်ခိုင်းတယ်။ (၂ ရှမွေလ ၁၅:၂၇-၂၉ ကို ဖတ်ပါ။) အန္တရာယ်များတဲ့၊ အသက်အန္တရာယ်တောင် ရှိတဲ့ တာဝန် ပေးလိုက်တာပဲ။ သူတို့ သတိကြီးကြီး ထားမှ ရမယ်။ အဗရှလုံဆိုတာ ကိုယ့်ဖခင်ကိုတောင် သစ္စာဖောက်တဲ့၊ ကောက်ကျစ်တဲ့ အတ္တသမား ဖြစ်တယ်။ ဒါဝိဒ်ကို ကာကွယ်ဖို့ ကိုယ့်ကို ထောက်လှမ်းနေမှန်းသာ အဗရှလုံ သိသွားရင် သူတို့ ဘာဖြစ်သွားနိုင်သလဲ စဉ်းစားကြည့်ပါ။
ဇာဒုတ်ကို ဒါဝိဒ် အန္တရာယ်များတဲ့ တာဝန်ပေး (စာပိုဒ် ၉ ကို ကြည့်ပါ)
၁၀။ ဒါဝိဒ်ကို ဇာဒုတ်နဲ့ ပုရောဟိတ်တွေ ဘယ်လို ကာကွယ်ပေးကြသလဲ။
၁၀ ဒါဝိဒ် အကြံတစ်ခု ထုတ်တယ်။ ဇာဒုတ်နဲ့ မိမိရဲ့ သစ္စာရှိ မိတ်ဆွေ ဟုရှဲကို အဲဒီအကြံအတိုင်း ဆောင်ရွက်စေတယ်။ (၂ ရှ. ၁၅:၃၂-၃၇) ဒါဝိဒ်ရဲ့ အကြံအတိုင်း အဗရှလုံကို ဟုရှဲ ထောက်ခံချင်ယောင်ဆောင်တယ်။ ဒါဝိဒ်ကို ဘယ်လို တိုက်ခိုက်သင့်တယ်ဆိုပြီး အဗရှလုံကို အကြံပေးတယ်။ တကယ်တော့ ဒါဝိဒ် ထွက်ပြေးဖို့ အချိန် ရသွားစေမယ့် အကြံမျိုး ပေးလိုက်တာ။ အဗရှလုံလည်း အဲဒီအကြံ လက်ခံရော ဇာဒုတ်နဲ့ အဗျာသာဆီ ဟုရှဲ အကြောင်းကြားတယ်။ (၂ ရှ. ၁၇:၈-၁၆) ဇာဒုတ်နဲ့ အဗျာသာလည်း ဒါဝိဒ်ဆီ လူလွှတ်ပြီး သတင်းပို့တယ်။ (၂ ရှ. ၁၇:၁၇) ယေဟောဝါရဲ့ အကူအညီကြောင့် ဒါဝိဒ်ကို ဇာဒုတ်နဲ့ ပုရောဟိတ်တွေ ကာကွယ်နိုင်ခဲ့ကြတယ်။—၂ ရှ. ၁၇:၂၁၊ ၂၂။
၁၁။ ညီအစ်ကို/မတွေကို ကူညီပေးတဲ့အခါ ဘယ်လိုနည်းနဲ့ ဇာဒုတ်လို သတ္တိရှိနိုင်သလဲ။
၁၁ ကျွန်တော်တို့လည်း အန္တရာယ်များတဲ့ ကာလမှာ ညီအစ်ကို/မတွေကို ကူညီပေးဖို့ လိုလာတဲ့အခါ ဘယ်လိုနည်းနဲ့ ဇာဒုတ်လို သတ္တိရှိနိုင်သလဲ။ (၁) ညွှန်ကြားချက်ကို လိုက်နာပါ။ အန္တရာယ်များတဲ့ ကာလမှာ ကျွန်တော်တို့ စည်းလုံးနေဖို့ဆိုရင် နာခံမှု ရှိဖို့ သိပ်အရေးကြီးတယ်။ ဒါကြောင့် ဌာနခွဲရုံး ညွှန်ကြားချက်ကို လိုက်နာပါ။ (ဟီ. ၁၃:၁၇) အကြီးအကဲတွေအနေနဲ့လည်း ဘေးအန္တရာယ် မကြုံခင် ဘယ်လို ကြိုတင်ပြင်ဆင်ရမလဲ၊ ဘေးအန္တရာယ် ကြုံပြီဆိုရင် ဘာလုပ်ရမလဲဆိုတာနဲ့ပတ်သက်တဲ့ အဖွဲ့အစည်း ညွှန်ကြားချက်တွေကို မှန်မှန် ပြန်သုံးသပ်သင့်တယ်။ (၁ ကော. ၁၄:၃၃၊ ၄၀) (၂) သတ္တိရှိပါ၊ သတိလည်း ရှိပါ။ (ပညာ. ၂၂:၃) ဘာမဆို စဉ်းစဉ်းစားစား လုပ်ပါ။ မလိုအပ်ဘဲ မစွန့်စားပါနဲ့။ (၃) ယေဟောဝါကို အားကိုးပါ။ သင့်ကိုကော ညီအစ်ကို/မတွေကိုပါ ယေဟောဝါ ဘေးကင်းစေချင်တယ်ဆိုတာ သတိရပါ။ ညီအစ်ကို/မတွေကို ဘေးကင်းကင်း ထောက်မပေးနိုင်ဖို့ သင့်ကို ယေဟောဝါ ကူညီနိုင်တယ်။
၁၂-၁၃။ ညီအစ်ကို ဗစ်တာနဲ့ ညီအစ်ကို ဗီတာလီတို့ဆီကနေ ဘာသင်ယူရသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၂ ယူကရိန်းနိုင်ငံမှာ ညီအစ်ကို/မတွေအတွက် အစာရေစာ သယ်ပို့ပေးရာမှာ ပါဝင်ခဲ့တဲ့ ညီအစ်ကို ဗစ်တာနဲ့ ညီအစ်ကို ဗီတာလီအကြောင်း စဉ်းစားကြည့်ပါ။ “အစားအသောက် ရဖို့ ပစ်သံခတ်သံတွေကြား ကျွန်တော်တို့ နေရာအနှံ့ လိုက်ရှာတယ်။ ညီအစ်ကိုတစ်ယောက်က သူ သိုလှောင်ထားတဲ့ အစားအသောက်တွေ လှူတယ်။ ဒါကြောင့် ညီအစ်ကို/မများစွာအတွက် အချိန်အတိုင်းအတာတစ်ခုအထိ ဖူလုံသွားတယ်။ ညီအစ်ကို လှူတဲ့ ပစ္စည်းတွေကို ထရပ်ကားပေါ် တင်နေတုန်း ကျွန်တော်တို့နဲ့ ၆၆ ပေ (မီတာ ၂၀) ဝန်းကျင်လောက်မှာ ဗုံးကျလာတယ်။ ညီအစ်ကို/မတွေကို ဆက်ကူညီနိုင်ဖို့ လိုအပ်တဲ့ သတ္တိ ပေးပါလို့ တစ်နေ့လုံး ယေဟောဝါဆီ ဆုတောင်းလိုက်ရတာ” လို့ ဗစ်တာ ပြောတယ်။
၁၃ “သတ္တိ တကယ် လိုတာ။ ကျွန်တော် သွားရတဲ့ ပထမဆုံး လမ်းကြောင်းဆိုရင် ၁၂ နာရီ ကြာတယ်။ တစ်လမ်းလုံး ဆုတောင်းတယ်” လို့ ဗီတာလီ ပြောတယ်။ ဗီတာလီဟာ သတ္တိရှိသလို သတိလည်း ရှိတယ်။ “ဉာဏ်ပညာရှိဖို့၊ မလိုအပ်ဘဲ မစွန့်စားမိဖို့ တောက်လျှောက် ဆုတောင်းတယ်။ အာဏာပိုင်တွေ သွားခွင့်ပြုတဲ့ လမ်းကနေပဲ သွားတယ်။ ညီအစ်ကို/မတွေကလည်း လမ်းရှင်းပေးကြတယ်။ အထောက်အပံ့ပစ္စည်းတွေ ထရပ်ကားပေါ် တင်ပေးကြတယ်။ လမ်းမှာ ကျွန်တော်တို့ စားဖို့၊ နားဖို့ စီစဉ်ပေးကြတယ်။ ဒီလိုအချိတ်အဆက်မိမိ လုပ်ဆောင်နေကြတာ မြင်ရလို့ အားရှိခဲ့ရတယ်” လို့ ဗီတာလီ ပြောတယ်။
အန္တရာယ်များတဲ့ ကာလမှာ ညီအစ်ကို/မတွေကို ကူညီပေးရတဲ့အခါ သတ္တိရှိပါ၊ သတိလည်း ရှိပါ (စာပိုဒ် ၁၂-၁၃ ကို ကြည့်ပါ)
ယေဟောဝါအပေါ် ဆက်သစ္စာရှိပါ
၁၄။ ချစ်ရသူတစ်ယောက် ယေဟောဝါအပေါ် သစ္စာမဲ့သွားတဲ့အခါ သင် ဘယ်လို ခံစားရနိုင်သလဲ။
၁၄ မိသားစုဝင် ဒါမှမဟုတ် မိတ်ဆွေရင်းတစ်ယောက် ယေဟောဝါကို ကျောခိုင်းသွားတာဟာ ကျွန်တော်တို့အတွက် ခံရအခက်ဆုံး စမ်းသပ်မှုပါပဲ။ (ဆာ. ၇၈:၄၀။ ပညာ. ၂၄:၁၀) ပိုရင်းနှီးတဲ့သူ ဖြစ်လေ ပိုခံရခက်လေပဲ။ အဲဒီလိုနာကျင်စရာ အဖြစ်မျိုး သင် ကြုံနေရတယ်ဆိုရင် သစ္စာရှိတဲ့ ဇာဒုတ်ရဲ့ စံနမူနာက အားရှိစေပါလိမ့်မယ်။
၁၅။ ယေဟောဝါအပေါ် ဆက်သစ္စာရှိဖို့ ဇာဒုတ် ဘာကြောင့် သတ္တိ လိုသလဲ။ (၁ ဘုရင်များ ၁:၅-၈)
၁၅ မိတ်ဆွေရင်း အဗျာသာ သစ္စာဖောက်သွားချိန်မှာ ယေဟောဝါအပေါ် ဇာဒုတ် ဆက်သစ္စာရှိတယ်။ ဒါဝိဒ် နန်းသက်အဆုံးပိုင်း နာမကျန်းဖြစ်နေချိန်မှာ နန်းသိမ်းဖို့ သားတော် အဒေါနိယ ကြိုးစားတယ်။ တကယ်တော့ ရှောလမုန်ကို ဒါဝိဒ်ရဲ့ အရိုက်အရာ ဆက်ခံစေမယ်လို့ ယေဟောဝါ ကတိပေးထားတာ။ (၁ ရာ. ၂၂:၉၊ ၁၀) အဒေါနိယဘက် အဗျာသာ ပါသွားတယ်။ (၁ ဘုရင်များ ၁:၅-၈ ကို ဖတ်ပါ။) ဒါဝိဒ်ကိုကော ယေဟောဝါကိုပါ သစ္စာဖောက်လိုက်တာပဲ။ ဇာဒုတ် ဘယ်လောက်တောင် စိတ်ပျက်ဝမ်းနည်းလိုက်မလဲ။ ပုရောဟိတ်တွေအဖြစ် အဗျာသာနဲ့ အနှစ် ၄၀ ကျော် အတူတူ အမှုဆောင်ခဲ့တာ။ (၂ ရှ. ၈:၁၇) “ဘုရားသခင်ရဲ့ သေတ္တာတော်ကို” အတူတူ ထိန်းသိမ်းခဲ့တာ။ (၂ ရှ. ၁၅:၂၉) ဒါဝိဒ်ကို ဘုရင်အဖြစ် အတူတူ ထောက်ခံခဲ့တာ။ ယေဟောဝါရဲ့ အမှုတော်မှာ အတူတူ လုပ်ခဲ့တာတွေမှ အများကြီးပဲ။—၂ ရှ. ၁၉:၁၁-၁၄။
၁၆။ ဇာဒုတ် ဘာကြောင့် ဆက်သစ္စာရှိနိုင်တာ ဖြစ်မလဲ။
၁၆ အဗျာသာ သစ္စာမဲ့သွားပေမဲ့ ယေဟောဝါအပေါ် ဇာဒုတ် ဆက်သစ္စာရှိတယ်။ ဇာဒုတ် ဆက်သစ္စာရှိနေသေးရဲ့လားလို့ ဒါဝိဒ် တစ်ခါမှ သံသယမဝင်ဘူး။ အဒေါနိယရဲ့ အကြံအစည်ကို သိသွားတော့ ရှောလမုန်ကို ဘုရင်အဖြစ် ဘိသိက်ပေးဖို့ ဇာဒုတ်၊ နာသန်နဲ့ ဗေနာယကို တာဝန်ပေးတယ်။ (၁ ဘု. ၁:၃၂-၃၄) ဒါဝိဒ်မင်းကို ထောက်ခံတဲ့ နာသန်လို သစ္စာရှိ ဘုရားကျေးကျွန်တွေ ရှိနေလို့ ဇာဒုတ် အားရှိခဲ့မှာပဲ။ (၁ ဘု. ၁:၃၈၊ ၃၉) ရှောလမုန် ဘုရင်ဖြစ်လာတော့ “အဗျာသာနေရာမှာ ဇာဒုတ်ကို ပုရောဟိတ် ခန့်လိုက်တယ်။”—၁ ဘု. ၂:၃၅။
၁၇။ ချစ်ရသူတစ်ယောက် ယေဟောဝါအပေါ် သစ္စာမဲ့သွားရင် ဇာဒုတ်ကို သင် ဘယ်လို အတုယူနိုင်သလဲ။
၁၇ ချစ်ရသူတစ်ယောက် ယေဟောဝါအပေါ် သစ္စာမဲ့သွားရင် ဇာဒုတ်ကို သင် ဘယ်လို အတုယူနိုင်သလဲ။ ယေဟောဝါအပေါ် ဆက်သစ္စာရှိကြောင်း ပြပါ။ (ယောရှု ၂၄:၁၅) ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကို အားကိုးပါ။ သစ္စာရှိ ယုံကြည်သူချင်းတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းပါ။ မှန်ရာ လုပ်ဖို့ လိုအပ်တဲ့ ခွန်အား၊ သတ္တိ ယေဟောဝါ ပေးပါလိမ့်မယ်။ သင် သစ္စာစောင့်သိတာကို တန်ဖိုးထားပြီး ဆုချပါလိမ့်မယ်။—၂ ရှ. ၂၂:၂၆။
၁၈။ ညီအစ်ကို မာကိုနဲ့ ညီအစ်မ ဆီဆေတို့ဆီကနေ ဘာသင်ယူရသလဲ။
၁၈ မာကိုနဲ့ ဇနီး ဆီဆေတို့အကြောင်း စဉ်းစားကြည့်ပါ။ အရွယ်ရောက် သမီးနှစ်ယောက် ယေဟောဝါကို ကျောခိုင်းသွားတယ်။ “မွေးကတည်းက သူတို့လေးတွေကို ချစ်လိုက်ရတာ။ ကာကွယ်ပေးလိုက်ရတာ။ ဒီတော့ ယေဟောဝါကို သူတို့ ကျောခိုင်းသွားချိန်မှာ ကျွန်တော်တို့ ရင်ကျိုးရတာပေါ့။ ဒါပေမဲ့ ခံရပ်နိုင်ဖို့ ယေဟောဝါ ကူညီပေးတယ်။ ကျွန်တော် အားနည်းချိန်မှာ ကျွန်တော့်ဇနီးကို အားရှိနေစေတယ်။ သူ အားနည်းချိန်မှာ ကျွန်တော့်ကို အားရှိနေစေတယ်” လို့ မာကို ပြောတယ်။ “ယေဟောဝါသာ လိုအပ်တဲ့ ခွန်အား မပေးရင် ကျွန်မတို့ ဘယ်လိုမှ ခံရပ်နိုင်မှာ မဟုတ်ဘူး။ သမီးတွေ ဒီလိုဖြစ်သွားတာ ကျွန်မအမှား မကင်းဘူးလို့ ခံစားရတယ်။ ဒါနဲ့ ခံစားချက်ကို ယေဟောဝါဆီ ရင်ဖွင့်တယ်။ နောက်ရက်အနည်းငယ် အကြာမှာပဲ အစည်းအဝေးခန်းမမှာ ဆုံတဲ့ ညီအစ်မတစ်ယောက်က ကျွန်မပခုံးကို ကိုင်၊ မျက်လုံးချင်း ဆိုင်ပြီး ‘ဆီဆေ၊ ညီအစ်မရဲ့ အမှား မဟုတ်ဘူးနော်’ လို့ ပြောတယ်။ တကယ်ဆိုရင် သူနဲ့ မတွေ့တာ နှစ်နဲ့ချီ ကြာပြီ။ ယေဟောဝါရဲ့ အကူအညီကြောင့် ကျွန်မ ရွှင်ရွှင်လန်းလန်း ဆက်အမှုဆောင်နိုင်ခဲ့တယ်” လို့ ဆီဆေ ပြောတယ်။
၁၉။ သင် ဘာဆုံးဖြတ်ထားသလဲ။
၁၉ ယေဟောဝါက ဝတ်ပြုသူအားလုံးကို ဇာဒုတ်လို သတ္တိရှိစေချင်တယ်။ (၂ တိ. ၁:၇) ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အားမကိုးစေချင်ဘူး။ မိမိကို အားကိုးစေချင်တယ်။ ဒါကြောင့် သတ္တိရှိဖို့ လိုတဲ့ အခြေအနေ ကြုံရတဲ့အခါ ယေဟောဝါကို အားကိုးပါ။ သင့်ကို ဇာဒုတ်လို သတ္တိရှိစေမယ်ဆိုတာ စိတ်ချပါ။—၁ ပေ. ၅:၁၀။
သီချင်း ၁၂၆ မြဲမြံနိုးကြား၊ ခွန်အားကြီးပွား
a ခရစ်ယာန်စစ်တွေ ရဲစွမ်းသတ္တိရှိဖို့လို—ကြားနေခြင်းမှာ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။