လေ့လာရန် ဆောင်းပါး ၃၀
သီချင်း ၉၇ ဘုရားစကားမှာ အသက်တည်
အခြေခံ ကျမ်းစာသွန်သင်ချက်တွေကနေ သင်ခန်းစာအသစ်တွေ ယူပါ
“ခင်ဗျားတို့ သိပြီးသား ဖြစ်ပေမဲ့၊ အမှန်တရားမှာ ခိုင်မြဲနေကြပေမဲ့ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ခင်ဗျားတို့ကို အမြဲတမ်း သတိပေးချင်တယ်။”—၂ ပေ. ၁:၁၂။
အာရုံစိုက်ရာ
သိတာ နှစ်များစွာကြာပြီ ဖြစ်တဲ့ ကျမ်းစာသွန်သင်ချက်တွေကနေ သင်ခန်းစာအသစ်တွေ ဘယ်လို ယူနိုင်သလဲ။
၁။ ကျမ်းစာသွန်သင်ချက်တွေ သိခါစမှာ ဘယ်လို ခံစားရသလဲ။
အခြေခံ ကျမ်းစာသွန်သင်ချက်တွေကြောင့် ကျွန်တော်တို့အသက်တာ ပြောင်းလဲလာတာ။ ဥပမာ၊ ဘုရားသခင့်နာမည် ယေဟောဝါဆိုတာ သိလိုက်ရချိန်မှာ ဘုရားသခင်နဲ့ စရင်းနှီးလာတယ်။ (ဟေရှာ. ၄၂:၈) လူသေတွေရဲ့ အခြေအနေမှန်ကို သိလိုက်ရချိန်မှာ သေဆုံးသွားတဲ့ ချစ်ရသူတွေ ဝေဒနာခံစားနေရမှာ ကျွန်တော်တို့ စိတ်မပူတော့ဘူး။ (ဒေ. ၉:၁၀) ပရဒိသုကမ္ဘာမြေအကြောင်း ဘုရားသခင့်ကတိတော်ကို သိလိုက်ရချိန်မှာ အနာဂတ်အတွက် မစိုးရိမ်တော့ဘူး။ အနှစ် ၇၀၊ ၈၀ လောက် မဟုတ်ဘဲ ထာဝစဉ် အသက်ရှင်နိုင်တယ်ဆိုတာ စိတ်ချသွားတယ်။—ဆာ. ၃၇:၂၉။ ၉၀:၁၀။
၂။ အမှန်တရားမှာ ခိုင်မြဲနေသူတွေကို သိပြီးသား ကျမ်းစာသွန်သင်ချက်တွေ ပေတရု ဘာကြောင့် ပြန်သတိပေးသလဲ။ (၂ ပေတရု ၁:၁၂၊ ၁၃)
၂ အခြေခံ သွန်သင်ချက်တွေရဲ့ တန်ဖိုးကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။ ပေတရုဒုတိယစောင်ကို ဘယ်သူတွေဆီ ရေးသလဲ စဉ်းစားကြည့်ပါ။ “အမှန်တရားမှာ ခိုင်မြဲနေ” တဲ့ ခရစ်ယာန်တွေဆီ တမန်တော် ပေတရု ရေးတာ။ (၂ ပေတရု ၁:၁၂၊ ၁၃ ကို ဖတ်ပါ။) သူတို့ အမှန်တရားမှာ ခိုင်မြဲနေပေမဲ့ လမ်းလွဲသွားအောင် လုပ်ချင်သူတွေ အသင်းတော်မှာ ရှိနေတယ်။ (၂ ပေ. ၂:၁-၃) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ဖို့ ပေတရု ကူညီပေးချင်တယ်။ ကူညီပေးတဲ့အနေနဲ့ သူတို့ သိပြီးသား ကျမ်းစာသွန်သင်ချက်တချို့ကို ပြန်သတိပေးတယ်။ အဆုံးထိ သမာဓိစောင့်ထိန်းဖို့ အဲဒီသွန်သင်ချက်တွေက ကူညီပေးနိုင်လို့ပဲ။
၃။ အခြေခံ သွန်သင်ချက်တွေကို ခရစ်ယာန်အားလုံး ဘာကြောင့် လေးလေးနက်နက် စဉ်းစားသင့်သလဲ။ ဥပမာပေးပါ။
၃ ခရစ်ယာန်တစ်ယောက် ရင့်ကျက်လာတာနဲ့အမျှ အခြေခံ သွန်သင်ချက်တွေကနေ သင်ခန်းစာအသစ်တွေ ယူတတ်လာနိုင်တယ်။ ဥပမာ၊ စားဖိုမှူးတစ်ယောက် ဟင်းချက်သင်ခါစအချိန်နဲ့ ဟင်းချက်ကျွမ်းကျင်လာတဲ့အချိန်ကို နှိုင်းယှဉ်ကြည့်ပါ။ သုံးတဲ့ ပါဝင်ပစ္စည်းတွေ အတူတူပဲ ဖြစ်ပေမဲ့ အတွေ့အကြုံ ရှိလာတာနဲ့အမျှ ပိုအရသာရှိတဲ့၊ ပိုဆန်းသစ်တဲ့ ဟင်းတွေ ချက်တတ်လာနိုင်တယ်။ အဲဒီလိုပဲ အမှန်တရားသက်တမ်း ကြာလာတဲ့အခါ အခြေခံ သွန်သင်ချက်တွေကို မတူညီတဲ့ ရှုထောင့်ကနေ ကြည့်တတ်လာနိုင်တယ်။ နှစ်ခြင်းခံပြီးနောက် ဘဝအခြေအနေတွေ၊ အမှုဆောင်အခွင့်ထူးတွေ ပြောင်းလဲသွားလို့ ဖြစ်နိုင်တယ်။ သိတာကြာပြီ ဖြစ်တဲ့ သွန်သင်ချက်တွေကို လက်ရှိအခြေအနေနဲ့ ဆက်စပ်စဉ်းစားလိုက်တဲ့အခါ ကျင့်သုံးနိုင်ပုံ နည်းလမ်းအသစ်တွေ မြင်လာနိုင်တယ်။ အခြေခံ သွန်သင်ချက် သုံးချက်ကနေ ရင့်ကျက်တဲ့ ခရစ်ယာန်တွေ ဘာသင်ယူနိုင်ကြောင်း သုံးသပ်ကြည့်ရအောင်။
ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်
၄။ ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်တယ်ဆိုတဲ့ အမှန်တရားက သင့်အပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။
၄ “အရာခပ်သိမ်းကို တည်ဆောက်သူကတော့ ဘုရားသခင်ပဲ” လို့ ကျမ်းစာ ဆိုတယ်။ (ဟီ. ၃:၄) ဒါကြောင့် ကမ္ဘာနဲ့ ကမ္ဘာပေါ်မှာ ရှိသမျှကို ဉာဏ်ပညာ၊ တန်ခိုး ကြီးမားတဲ့အရှင် ဖန်ဆင်းထားကြောင်း ကျွန်တော်တို့ သိကြတယ်။ ဒီသွန်သင်ချက်ကနေ ထပ်သိရတာတွေ ရှိသေးတယ်။ ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်လို့ ကျွန်တော်တို့ကို ကောင်းကောင်းသိတယ်၊ ဂရုစိုက်တယ်။ ကျွန်တော်တို့အတွက် ဘာက အကောင်းဆုံးလဲဆိုတာ သိတယ်။ ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်တယ်ဆိုတဲ့ အမှန်တရားဟာ ရိုးရှင်းပေမဲ့ ကျွန်တော်တို့အပေါ် အများကြီး သက်ရောက်မှု ရှိတယ်။ ဘဝအဓိပ္ပာယ် ရှိလာစေတယ်။
၅။ ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်တယ်ဆိုတာ သိတာ နောက်ထပ် ဘယ်လို အကျိုးရှိသလဲ။ (ဟေရှာယ ၄၅:၉-၁၂)
၅ ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်တယ်ဆိုတဲ့ အမှန်တရားက ကျွန်တော်တို့ကို နှိမ့်ချတတ်လာစေတယ်။ ဖန်ဆင်းရှင်ထက် ပိုတတ်သိနားလည်တယ်လို့ ဘယ်သူမှ မတွေးသင့်ဘူး။ (ဟေရှာယ ၄၅:၉-၁၂ ကို ဖတ်ပါ။) ယောဘအကြောင်း စဉ်းစားကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားသူတွေရဲ့ အမြင်ကို ယောဘ အလွန်အမင်း အာရုံစိုက်မိလာတယ်။ အဲဒီအခါ မိမိဟာ တန်ခိုးကြီး ဖန်ဆင်းရှင် ဖြစ်ကြောင်း ယေဟောဝါ သတိပေးတယ်။ (ယောဘ ၃၈:၁-၄) ဒီလိုနဲ့ ယေဟောဝါရဲ့ နည်းလမ်းတွေဟာ လူတွေရဲ့ နည်းလမ်းထက် အဆမတန် ပိုသာတယ်ဆိုတာ ယောဘ သဘောပေါက်လာတယ်။
၆။ ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်တယ်ဆိုတဲ့ အမှန်တရားကို အထူးသဖြင့် ဘယ်အချိန်မှာ သတိရသင့်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၆ အမှန်တရားသက်တမ်း ကြာလာတဲ့အခါ လမ်းညွှန်မှု ရဖို့ ယေဟောဝါနဲ့ ကျမ်းစာကို အားမကိုးဘဲ ကိုယ့်အမြင်ကို အားကိုးမိလာတတ်တယ်။ (ယောဘ ၃၇:၂၃၊ ၂၄) ဒါပေမဲ့ ဖန်ဆင်းရှင် ယေဟောဝါမှာ အနှိုင်းမဲ့ ဉာဏ်ပညာနဲ့ တန်ခိုး ရှိတယ်ဆိုတာ သတိရတာ ဘာအကျိုးရှိသလဲ။ (ဟေရှာ. ၄၀:၂၂။ ၅၅:၈၊ ၉) နှိမ့်ချမှု ဆက်ရှိစေတယ်။ ကိုယ့်အမြင်ကို အားမကိုးမိဖို့ ကူညီပေးတယ်။
ကိုယ့်အမြင်ကို အားမကိုးမိဖို့ ဘာက ကူညီပေးနိုင်သလဲ (စာပိုဒ် ၆ ကို ကြည့်ပါ)d
၇။ အဖွဲ့အစည်းရဲ့ အပြောင်းအလဲတစ်ခုကို လက်ခံဖို့ ညီအစ်မ ရာဟီလာ ဘာလုပ်သလဲ။
၇ ဆလိုဗေးနီးယားနိုင်ငံက ညီအစ်မ ရာဟီလာအကြောင်း သုံးသပ်ကြည့်ပါ။ ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်တယ်ဆိုတာ သတိရတာက အဖွဲ့အစည်းရဲ့ အပြောင်းအလဲတစ်ခုကို လက်ခံဖို့ ရာဟီလာကို ကူညီပေးတယ်။ “ဦးဆောင်နေသူတွေရဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံရတာ တစ်ခါတလေ မလွယ်ဘူး။ ဥပမာ၊၂၀၂၃ အုပ်ချုပ်ရေးအဖွဲ့ဆီက နောက်ဆုံးရသတင်း #၈ ကြည့်ထားပြီးတာတောင် မုတ်ဆိတ်ထားတဲ့ ညီအစ်ကိုတစ်ယောက် ဟောပြောချက် ပေးတာကို ဦးဆုံး တွေ့လိုက်ရချိန်မှာ စိတ်ထဲ ဘယ်လိုမှ အဆင်မပြေဘူး။ ဒီအပြောင်းအလဲကို လက်ခံနိုင်ဖို့ ကူညီပေးပါလို့ ဆုတောင်းရတယ်” လို့ ပြောတယ်။ ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်လို့ အဖွဲ့အစည်းကို ဘယ်လို အကောင်းဆုံး လမ်းညွှန်ရမလဲဆိုတာ အမြဲသိမှန်း ရာဟီလာ သဘောပေါက်တယ်။ သင်ကော ကျမ်းစာရှင်းပြချက်အသစ်တစ်ခု ဒါမှမဟုတ် လမ်းညွှန်ချက်အသစ်တစ်ခု လက်ခံဖို့ ခက်နေသလား။ ဖန်ဆင်းရှင် ယေဟောဝါဟာ ဉာဏ်ပညာ၊ တန်ခိုး ကြီးမားတယ်ဆိုတာ သတိရလိုက်ပါ။—ရော. ၁၁:၃၃-၃၆။
ဆင်းရဲဒုက္ခတွေကို ယေဟောဝါ ဖြစ်ခွင့်ပြုရတဲ့ အကြောင်းရင်း
၈။ ဆင်းရဲဒုက္ခတွေကို ယေဟောဝါ ဖြစ်ခွင့်ပြုရတဲ့ အကြောင်းရင်းတွေ သိတာ ဘာအကျိုးရှိသလဲ။
၈ ဆင်းရဲဒုက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေကို မသိသူတချို့ ဘုရားကို စိတ်ဆိုးကြတယ် ဒါမှမဟုတ် ဘုရား မရှိဘူးလို့ ကောက်ချက်ချကြတယ်။ (ပညာ. ၁၉:၃) တကယ်တော့ ဆင်းရဲဒုက္ခတွေဟာ ယေဟောဝါကြောင့် မဟုတ်ဘဲ လူတွေ အမွေရထားတဲ့ အပြစ်နဲ့ မစုံလင်မှုကြောင့် ဖြစ်တယ်။ ဒါ့အပြင် ယေဟောဝါ စိတ်ရှည်လို့သာ လူသန်းပေါင်းများစွာ ယေဟောဝါအကြောင်း၊ ဆင်းရဲဒုက္ခတွေ ချုပ်ငြိမ်းမယ့်အကြောင်း သိလာကြတာ။ (၂ ပေ. ၃:၉၊ ၁၅) ဆင်းရဲဒုက္ခတွေကို ယေဟောဝါ ဖြစ်ခွင့်ပြုရတဲ့ ဒီအကြောင်းရင်းတွေ သိတာက ကျွန်တော်တို့ကို နှစ်သိမ့်မှု ဖြစ်စေတယ်၊ ယေဟောဝါနဲ့ ပိုရင်းနှီးလာစေတယ်။
၉။ ဆင်းရဲဒုက္ခတွေ ယေဟောဝါ ဖြစ်ခွင့်ပြုရတဲ့ အကြောင်းရင်းတွေကို အထူးသဖြင့် ဘယ်အချိန်မှာ သတိရသင့်သလဲ။
၉ ဆင်းရဲဒုက္ခတွေ ယေဟောဝါ ချုပ်ငြိမ်းစေမယ့်အချိန်ကို စောင့်နေတုန်း စိတ်ရှည်ဖို့ လိုတယ်ဆိုတာ ကျွန်တော်တို့ သိကြတယ်။ ဒါပေမဲ့ ချစ်ရသူတစ်ယောက် ဆုံးပါးသွားတဲ့အခါ၊ ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်မိသားစု ဒုက္ခရောက်တဲ့အခါ၊ မတရားဆက်ဆံခံရတဲ့အခါ ယေဟောဝါ ဘာကြောင့် ကြန့်ကြာနေသလဲလို့ တွေးမိလာနိုင်တယ်။ (ဟဗ. ၁:၂၊ ၃) အဲဒီလိုတွေးမိတဲ့အခါ ဆင်းရဲဒုက္ခတွေကို ယေဟောဝါ ဖြစ်ခွင့်ပြုရတဲ့ အကြောင်းရင်းတွေ သတိရလိုက်ပါ။a (ဆာ. ၃၄:၁၉) ဆင်းရဲဒုက္ခတွေကို တစ်ကြိမ်တည်းအပြီး ချုပ်ငြိမ်းစေဖို့ ရည်ရွယ်ထားကြောင်းလည်း သတိရပါ။
၁၀။ မိခင် ဆုံးသွားလို့ ညီအစ်မ အန်း ဖြေမဆည်နိုင်အောင် ဝမ်းနည်းပေမဲ့ ဘာကြောင့် ခံရပ်နိုင်သလဲ။
၁၀ ဆင်းရဲဒုက္ခတွေကို ယေဟောဝါ ဖြစ်ခွင့်ပြုရတဲ့ အကြောင်းရင်းတွေ သိတာက ခံနိုင်ရည် ရှိလာစေတယ်။ အိန္ဒိယသမုဒ္ဒရာထဲက မားယော့တ်ကျွန်းမှာ နေတဲ့ ညီအစ်မ အန်း ဒီလိုပြောတယ်– “အမေ ဆုံးသွားလို့ ကျွန်မ အခုထိ ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေတုန်းပဲ။ ဒုက္ခတွေ ကြုံရတာ ယေဟောဝါကြောင့် မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် မပြတ် သတိပေးရတယ်။ ယေဟောဝါက ဒုက္ခအားလုံးကို သိပ်အဆုံးတိုင်ပေးချင်တယ်။ ချစ်ရသူတွေကို ပြန်ထမြောက်ပေးချင်တယ်။ ဒီအချက်တွေကို စဉ်းစားလိုက်တဲ့အခါ အံ့ဩစရာကောင်းလောက်အောင် ကျွန်မ စိတ်ငြိမ်သက်သွားတယ်။”
၁၁။ ဆင်းရဲဒုက္ခတွေကို ယေဟောဝါ ဖြစ်ခွင့်ပြုရတဲ့ အကြောင်းရင်းတွေ သိတာက ဆက်ဟောပြောဖို့ ဘယ်လို လှုံ့ဆော်ပေးသလဲ။
၁၁ ဆင်းရဲဒုက္ခတွေကို ယေဟောဝါ ဖြစ်ခွင့်ပြုရတဲ့ အကြောင်းရင်းတွေ သိတာက ဆက်ဟောပြောဖို့ လှုံ့ဆော်ပေးတယ်။ လူတွေကို နောင်တရစေချင်လို့၊ ကယ်တင်ချင်လို့ ယေဟောဝါ စိတ်ရှည်နေတာ ဖြစ်ကြောင်း ပေတရု ရှင်းပြပြီးနောက် “ဘယ်လို လူစားမျိုး ဖြစ်သင့်တယ်ဆိုတာ စဉ်းစားဆင်ခြင်ကြပါ။ သန့်ရှင်းတဲ့အမူအကျင့်တွေ ကျင့်ကြံပြီး ဘုရားတရား ကိုင်းရှိုင်းကြပါ” လို့ ဆက်ပြောတယ်။ (၂ ပေ. ၃:၁၁) ဘုရားတရား ကိုင်းရှိုင်းခြင်းမှာ ဟောပြောခြင်း ပါတယ်။ ယေဟောဝါလိုပဲ ကျွန်တော်တို့ လူတွေကို ချစ်တယ်။ ကမ္ဘာသစ်မှာ အသက်ရှင်စေချင်တယ်။ ယေဟောဝါကလည်း မိမိကို ဝတ်ပြုဖို့ သင့်ဒေသက လူတွေကို အခွင့်အရေး ပေးနေတယ်။ ယေဟောဝါနဲ့ လုပ်ဖော်ဆောင်ဖက် ဖြစ်ရတာ၊ အဆုံးမရောက်ခင် ယေဟောဝါအကြောင်း သိလာအောင် လူများနိုင်သမျှများများကို ကူညီပေးရတာ အခွင့်ထူးပါပဲ။—၁ ကော. ၃:၉။
“နောက်ဆုံးကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေ
၁၂။ “နောက်ဆုံးကာလ” မှာ အသက်ရှင်နေတယ်ဆိုတာ သိတာ ဘာအကျိုးရှိသလဲ။
၁၂ “နောက်ဆုံးကာလ” မှာ ဘယ်လိုလူတွေ များလာမယ်ဆိုတာ ကျမ်းစာမှာ အတိအကျ ကြိုဟောထားတယ်။ (၂ တိ. ၃:၁-၅) ပတ်ဝန်းကျင်ကို ကြည့်လိုက်ရုံနဲ့တင် ဒီကြိုဟောချက် ပြည့်စုံနေမှန်း သိပ်ထင်ရှားတယ်။ လူတွေ ဆိုးသည်ထက် ဆိုးလာတာနဲ့အမျှ ကျမ်းစာဟာ ယုံကြည်ထိုက်တယ်ဆိုတာ ကျွန်တော်တို့ ပိုစိတ်ချလာကြတယ်။—၂ တိ. ၃:၁၃-၁၅။
၁၃။ လုကာ ၁၂:၁၅-၂၁ မှာ ယေရှု ပြောတဲ့ ပုံဥပမာကနေ ဘာသင်ခန်းစာ ယူနိုင်သလဲ။
၁၃ နောက်ဆုံးကာလမှာ အသက်ရှင်နေတယ်ဆိုတဲ့ အမှန်တရားက တကယ် အရေးကြီးတာကို ဦးစားထားဖို့ ကူညီပေးတယ်။ လုကာ ၁၂:၁၅-၂၁ မှာ ယေရှု ပြောတဲ့ ပုံဥပမာကနေ သင်ခန်းစာ ယူနိုင်တယ်။ (ဖတ်ပါ။) ပုံဥပမာထဲက သူဌေးကို “ဆင်ခြင်ဉာဏ်မဲ့သူ” လို့ ဘာကြောင့် ခေါ်သလဲ။ စည်းစိမ်ကြွယ်ဝလို့ မဟုတ်ဘဲ ဦးစားထားရာတွေ မှားနေလို့ပဲ။ သူဌေးက “ကိုယ့်အတွက် ဘဏ္ဍာစုဆောင်းထားပေမဲ့ ဘုရားသခင်ရှေ့မှာ ဆင်းရဲ” နေတယ်။ “ဒီညမှာပဲ မင်းရဲ့အသက်ကို ရုပ်သိမ်းလိမ့်မယ်” လို့ သူဌေးကို ဘုရားသခင် ပြောတယ်။ အသက်ရှင်ခွင့်ရတဲ့ အချိန်တိုတိုလေးမှာ ဦးစားထားသင့်တာကို မထားတာက သူဌေးရဲ့အမှား ဖြစ်သွားတယ်။ ဘာသင်ခန်းစာ ရသလဲ။ ဒီလောကစနစ် အဆုံးတိုင်ဖို့ အချိန် သိပ်မလိုတော့ဘူး။ ဒါကြောင့် ‘တကယ် အရေးကြီးတာကို ဦးစားထားနေမှန်း ငါ့ပန်းတိုင်တွေမှာ ပေါ်လွင်ရဲ့လား။ သားသမီးတွေ ဘယ်လို ပန်းတိုင်ထားဖို့ ငါ အားပေးနေသလဲ။ ငါ့အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာတွေကို ဘာအတွက် အဓိက သုံးနေသလဲ။ ငါ့အတွက် ဘဏ္ဍာ စုဆောင်းဖို့လား။ ကောင်းကင်ဘဏ္ဍာ စုဆောင်းဖို့လား’ လို့ ဆန်းစစ်နိုင်တယ်။
၁၄။ နောက်ဆုံးကာလမှာ အသက်ရှင်နေတယ်ဆိုတာ သတိရဖို့ အရေးကြီးကြောင်း ညီအစ်မ မီကီရဲ့ တွေ့ကြုံမှုကနေ ဘာသိရသလဲ။
၁၄ နောက်ဆုံးကာလမှာ အသက်ရှင်နေတယ်ဆိုတဲ့ အမှန်တရားက ဘယ်လို ဆုံးဖြတ်ချက်တွေ ချသင့်သလဲဆိုတာ သိလာစေတယ်။ မီကီလို့ ခေါ်တဲ့ ညီအစ်မ ဒီလိုပြောတယ်– “အထက်တန်းကျောင်း ပြီးသွားတော့ တက္ကသိုလ် သိပ်တက်ချင်ခဲ့တာ။ တိရစ္ဆာန်တွေအကြောင်း လေ့လာတဲ့ သတ္တဗေဒဘာသာရပ် ဆည်းပူးဖို့ပါ။ တစ်ဖက်မှာ မှန်မှန်ရှေ့ဆောင်လည်း လုပ်ချင်တယ်။ ဟောပြောသူ ပိုလိုအပ်တဲ့ဒေသမှာလည်း သွားအမှုဆောင်ချင်တယ်။ တက္ကသိုလ်တက်ရင်း မှန်မှန်ရှေ့ဆောင် လုပ်ဖို့၊ ပိုလိုအပ်တဲ့ဒေသမှာ သွားအမှုဆောင်ဖို့ တကယ် ဖြစ်နိုင်သလားဆိုတာ သေသေချာချာ စဉ်းစားကြည့်ပါလို့ ရင့်ကျက်တဲ့ ညီအစ်ကို/မတချို့ အကြံပေးကြတယ်။ ဒီလောကစနစ် မကြာခင် အဆုံးတိုင်တော့မယ်ဆိုတာလည်း သတိပေးကြတယ်။ ကမ္ဘာသစ် ရောက်ရင် တိရစ္ဆာန်တွေအကြောင်း ကျွန်မ ကြိုက်သလောက် လေ့လာနိုင်မှာ။ ဒါနဲ့ သက်မွေးပညာသင်တန်းတိုလေးပဲ ကျွန်မ တက်လိုက်တယ်။ မှန်မှန်ရှေ့ဆောင် လုပ်လို့ရတဲ့ အလုပ်လေး ရလာတယ်။ နောက်တော့ ဟောပြောသူ ပိုလိုအပ်တဲ့ အီကွေဒေါနိုင်ငံမှာ သွားအမှုဆောင်တယ်။” အခုဆိုရင် ခင်ပွန်းနဲ့အတူ အီကွေဒေါ တိုက်နယ်လုပ်ငန်းမှာ မီကီ ပါဝင်နေတယ်။
၁၅။ သတင်းကောင်း စိတ်ဝင်စားကြောင်း မပြသေးသူတွေကို ဘာကြောင့် လက်မလျှော့သင့်သလဲ။ ဥပမာပေးပါ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၅ သတင်းကောင်းကို လူတွေ လက်မခံတဲ့အခါ ကျွန်တော်တို့ စိတ်ဓာတ်မကျသင့်ဘူး။ လူတွေ ပြောင်းလဲလာနိုင်တယ်။ ယေရှုရဲ့ မိတူဖကွဲညီ ယာကုပ်အကြောင်း စဉ်းစားကြည့်ပါ။ ယေရှုရဲ့ အရည်အသွေးကောင်းတွေကို ငယ်ငယ်ကတည်းက မြင်တယ်။ ယေရှုဟာ မေရှိယ ဖြစ်မှန်း၊ ဘယ်သူနဲ့မှ မတူအောင် ဟောပြောသွန်သင်နိုင်မှန်း သိတယ်။ ဒါပေမဲ့ နှစ်တော်တော် ကြာတဲ့အထိ ယေရှုတပည့် ဖြစ်မလာဘူး။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်မှ တပည့်ဖြစ်လာတယ်။ သိပ်ထက်သန်တဲ့ တပည့်ဖြစ်လာတာ။b (ယော. ၇:၅။ ဂလ. ၂:၉) ဘာသင်ခန်းစာ ရသလဲ။ သတင်းကောင်းကို မိသားစုဆွေမျိုးတွေ စိတ်ဝင်စားကြောင်း မပြသေးရင် ဒါမှမဟုတ် နားမထောင်ချင်တဲ့ အိမ်ရှင်တွေကို ထပ်ခါထပ်ခါ ဟောပြောရရင် လက်မလျှော့လိုက်ပါနဲ့။ နောက်ဆုံးကာလ ဖြစ်လို့ ဟောပြောခြင်းလုပ်ငန်း သိပ်အရေးကြီးနေတယ်ဆိုတာ သတိရပါ။ ဒီနေ့ ကျွန်တော်တို့ ဟောပြောတဲ့ သတင်းတရားဟာ နောင်တစ်ချိန် သူတို့အသက်တာကို ပြောင်းလဲစေမယ့်အရာ ဖြစ်လာနိုင်တယ်။ ကြီးစွာသောဒုက္ခ စပြီးနောက်မှာတောင် သူတို့ ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်တယ်။c
မယုံကြည်သူ ဆွေမျိုးတွေကို လက်မလျှော့တမ်း ဟောပြောဖို့ ဘာက လှုံ့ဆော်ပေးနိုင်သလဲ (စာပိုဒ် ၁၅ ကို ကြည့်ပါ)e
ယေဟောဝါရဲ့ သတိပေးချက်တွေကို အမြဲ တန်ဖိုးထားပါ
၁၆။ ယေဟောဝါရဲ့ သတိပေးချက်တွေကနေ သင် ဘယ်လို အကျိုးရနေသလဲ။ (“တခြားသူတွေကို ကူညီပေးရာမှာ အသုံးပြုပါ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၁၆ လူထုဟောပြောချက်တွေ၊ jw.org မှာ တင်ထားတဲ့ တချို့ဆောင်းပါးတွေ၊ ဗီဒီယိုတွေ၊ လူထုအတွက် စာစောင်တွေဟာ သက်သေခံ မဟုတ်သူတွေအတွက် အဓိက ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ ကျွန်တော်တို့အတွက်လည်း သတိပေးချက်လိုပါပဲ။ အဲဒီသတိပေးချက်တွေက ယေဟောဝါကို ပိုချစ်တတ်လာဖို့၊ ကျမ်းစာကို ပိုယုံကြည်စိတ်ချလာဖို့၊ တခြားသူတွေကို သွန်သင်ပေးရာမှာ ပိုထိရောက်လာဖို့ ကူညီပေးတယ်။—ဆာ. ၁၉:၇။
၁၇။ အခြေခံ ကျမ်းစာသွန်သင်ချက်တွေကို အထူးသဖြင့် ဘယ်အချိန်တွေမှာ သတိရသင့်သလဲ။
၁၇ ကျမ်းစာရှင်းပြချက်အသစ် ကြားရတဲ့အခါ ကျွန်တော်တို့ သိပ်စိတ်လှုပ်ရှားကြတယ်။ ဒါပေမဲ့ အမှန်တရားထဲ ရောက်လာဖို့ ကူညီပေးခဲ့တဲ့ အခြေခံ သွန်သင်ချက်တွေကိုလည်း တန်ဖိုးထားကြပါတယ်။ အဖွဲ့အစည်းလမ်းညွှန်ချက်ထက် ကိုယ့်အမြင် ပိုမှန်တယ်လို့ တွေးမိနေရင် အဖွဲ့အစည်းကို လမ်းညွှန်နေသူဟာ ဉာဏ်ပညာ၊ တန်ခိုး ကြီးမားတဲ့ ဖန်ဆင်းရှင် ယေဟောဝါ ဖြစ်တယ်ဆိုတာ သတိရလိုက်ပါ။ ကိုယ်တိုင် ဒါမှမဟုတ် ချစ်ခင်ရသူတစ်ယောက် အခက်အခဲ ကြုံနေရရင် စိတ်ရှည်ပါ။ ဆင်းရဲဒုက္ခတွေကို ယေဟောဝါ ဖြစ်ခွင့်ပြုရတဲ့ အကြောင်းရင်းတွေ ပြန်စဉ်းစားပါ။ ကိုယ့်အချိန်၊ ပိုင်ဆိုင်ရာတွေကို ဘယ်လို သုံးမလဲ ဆုံးဖြတ်တဲ့အခါ နောက်ဆုံးကာလမှာ အသက်ရှင်နေတယ်ဆိုတဲ့အချက်ကို သတိရပါ။ ယေဟောဝါရဲ့ သတိပေးချက်တွေကြောင့် အစွမ်းခွန်အား ပြည့်ပြီး ဉာဏ်ပညာ ဆက်ရှိနိုင်ကြပါစေ။
သီချင်း ၉၅ လင်းသည်ထက်လင်းလာ
b လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ စာစောင် သင်ခန်းစာ ၈ ကို ကြည့်ပါ။
c ၂၀၂၄၊ မေ ကင်းမျှော်စင် စာမျက်နှာ ၈-၁၃ မှာ ပါတဲ့ “အနာဂတ်မှာ လူတွေကို ယေဟောဝါ ဘယ်လို စီရင်ဆုံးဖြတ်မလဲ” ဆောင်းပါးကို ကြည့်ပါ။
d ပုံအညွှန်း– အကြီးအကဲတစ်ယောက်ရဲ့ အကြံပြုချက်ကို အကြီးအကဲအဖွဲ့ လက်မခံ။ နောက်ပိုင်းမှာ ကြယ်ရောင် လင်းလက်နေတဲ့ ကောင်းကင်ယံကို ကြည့်ရင်း ကိုယ့်အမြင်ထက် ဖန်ဆင်းရှင်ရဲ့အမြင် ပိုအရေးကြီးကြောင်း အကြီးအကဲ ပြန်သုံးသပ်နေ။
e ပုံအညွှန်း– နောက်ဆုံးကာလမှာ အသက်ရှင်နေကြောင်း အထောက်အထားတွေကို ညီအစ်မတစ်ယောက် ကိုယ်ပိုင်လေ့လာမှု လုပ်နေ။ အစ်မဖြစ်သူဆီ ဖုန်းဆက်ပြီး သက်သေခံချင်သွား။