လေ့လာရန် ဆောင်းပါး ၃၅
သီချင်း ၁၂၁ ချုပ်တည်းကြရမယ်
မှားယွင်းတဲ့ အလိုဆန္ဒတွေကို သင် တွန်းလှန်နိုင်
“သေတတ်တဲ့ ခန္ဓာကိုယ်ရဲ့ အလိုဆန္ဒနောက်ကို လိုက်ပြီး အပြစ်ကို ဘုရင်တစ်ပါးလို စိုးမိုးခွင့်မပြုပါနဲ့။”—ရော. ၆:၁၂။
အာရုံစိုက်ရာ
(၁) မှားယွင်းတဲ့ အလိုဆန္ဒတွေ ဝင်လာတဲ့အခါ စိတ်ဓာတ်မကျဖို့၊ (၂) အောင်မြင်စွာ တွန်းလှန်နိုင်ဖို့ ဒီဆောင်းပါးက ကူညီပေးပါမယ်။
၁။ လူတိုင်း ဘာကြုံရတတ်သလဲ။
ယေဟောဝါဘုရား မနှစ်သက်တာတစ်ခုခုကို လုပ်ချင်စိတ် ပြင်းပြဖူးသလား။ ကိုယ့်ကျမှ အဲဒီလိုဖြစ်ရသလားလို့ တွေးပြီး စိတ်ဓာတ်မကျပါနဲ့။ “လူတွေ ကြုံရတတ်တဲ့ သွေးဆောင်ခြင်းကိုပဲ ခင်ဗျားတို့ ခံရတာ” လို့ ကျမ်းစာ ဆိုတယ်။ (၁ ကော. ၁၀:၁၃) ဘယ်အလိုဆန္ဒကိုပဲ သင် တွန်းလှန်နေရပါစေ တခြားသူတွေလည်း သင့်လို တွန်းလှန်နေရတယ်ဆိုတဲ့ သဘောပဲ။ ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီကို လက်ခံမယ်ဆိုရင် အောင်မြင်စွာ သင် တွန်းလှန်နိုင်ပါတယ်။
၂။ ခရစ်ယာန်တချို့နဲ့ ကျမ်းစာသင်သားတချို့ ဘယ်အလိုဆန္ဒတွေကို တွန်းလှန်ရနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၂ “ကိုယ့်အလိုဆန္ဒရဲ့ ဆွဲငင်ဖြားယောင်းမှုကို ခံရတာကသာ လူတိုင်းအတွက် စမ်းသပ်မှုပါ” လို့လည်း ကျမ်းစာ ဆိုတယ်။ (ယာ. ၁:၁၄) ဆိုလိုတာက လူတစ်ယောက်နဲ့တစ်ယောက် ဆွဲငင်ဖြားယောင်းခံရတဲ့ အလိုဆန္ဒ တူချင်မှ တူမယ်။ ဥပမာ၊ ခရစ်ယာန်တချို့မှာ လိင်ခြားသူနဲ့ အကျင့်ယိုယွင်းချင်တဲ့ဆန္ဒ ပေါ်လာနိုင်တယ်။ တချို့မှာကျတော့ လိင်တူသူနဲ့ အကျင့်ယိုယွင်းချင်တဲ့ဆန္ဒ ပေါ်လာနိုင်တယ်။ ညစ်ညမ်းရုပ်ပုံ ကြည့်သူတွေ၊ မူးယစ်ဆေး တလွဲသုံးသူတွေ၊ အရက်အလွန်အကျွံ သောက်သူတွေလည်း ချိုးနှိမ်ထားတဲ့ဆန္ဒ ပြန်ပေါ်လာနိုင်တယ်။ ဒါတွေဟာ ခရစ်ယာန်တချို့နဲ့ ကျမ်းစာသင်သားတချို့ တွန်းလှန်နေရတဲ့ အလိုဆန္ဒ အနည်းငယ်ပဲ ရှိသေးတယ်။ “မှန်တာကို လုပ်ချင်တဲ့အခါ မကောင်းတာ လုပ်ချင်စိတ်က ကျွန်တော့်ဆီမှာ ရှိနှင့်နေတယ်” လို့ ပြောတဲ့ တမန်တော် ပေါလုလို ကျွန်တော်တို့အားလုံး တစ်ချိန်မဟုတ်တစ်ချိန် ခံစားရနိုင်တယ်။—ရော. ၇:၂၁။
အချိန်မရွေး၊ နေရာမရွေး ကျွန်တော်တို့ သွေးဆောင်ခံရနိုင် (စာပိုဒ် ၂ ကို ကြည့်ပါ)c
၃။ အလိုဆန္ဒအမှားတစ်ခု ထပ်တလဲလဲ ပေါ်လာတဲ့အခါ ဘယ်လို ခံစားမိနိုင်သလဲ။
၃ အလိုဆန္ဒအမှားတစ်ခု ထပ်တလဲလဲ ပေါ်လာတဲ့အခါ တွန်းလှန်နိုင်စွမ်း မရှိဘူးလို့ ခံစားမိနိုင်တယ်။ ကမ္ဘာသစ်ထဲ ယေဟောဝါ ဝင်ခွင့်ပြုတော့မှာ မဟုတ်ဘူး၊ မျှော်လင့်ချက် မရှိဘူးလို့လည်း ခံစားမိနိုင်တယ်။ ခံစားချက်နှစ်ခုစလုံး မမှန်ဘူး။ (၁) အဲဒီလိုခံစားချက်တွေ ဘာကြောင့် ဝင်လာသလဲ၊ (၂) သွေးဆောင်မှုတွေကို အောင်မြင်စွာ ဘယ်လို တွန်းလှန်နိုင်သလဲဆိုတဲ့ မေးခွန်းနှစ်ခုကို ဒီဆောင်းပါးမှာ ဆွေးနွေးကြရအောင်။
“ဆိုးညစ်သူ” က ဘယ်လို ခံစားစေချင်သလဲ
၄။ (က) ကျွန်တော်တို့ကို စာတန် ဘယ်လို အယုံသွင်းချင်သလဲ။ (ခ) သွေးဆောင်မှုတွေကို ကျွန်တော်တို့ ဘာကြောင့် တွန်းလှန်နိုင်သလဲ။
၄ “သွေးဆောင်မှုနောက် ပါမသွားအောင် ကူညီပြီး ဆိုးညစ်သူရဲ့ လက်ကနေ ကယ်တင်ပေးပါ” လို့ ဆုတောင်းဖို့ နောက်လိုက်တွေကို ယေရှု သင်ပေးတယ်။ (မ. ၆:၁၃) ကျွန်တော်တို့ကို စာတန် သွေးဆောင်လာနိုင်တယ်ဆိုတာ ယေရှု အသိအမှတ်ပြုလိုက်တာပဲ။ သွေးဆောင်မှုတွေကို တွန်းလှန်နိုင်စွမ်း မရှိဘူးလို့ ကျွန်တော်တို့ကို စာတန် အယုံသွင်းချင်တယ်။ သွေးဆောင်ခံရတဲ့အခါ ဘယ်သူမှ ယေဟောဝါစကား နားမထောင်ဘူးလို့ စွပ်စွဲတယ်။ (ယောဘ ၂:၄၊ ၅) တကယ်တော့ ကိုယ့်အလိုဆန္ဒရဲ့ ဆွဲငင်ဖြားယောင်းမှုကို ခံလိုက်ရတာ၊ ယေဟောဝါကို သစ္စာဖောက်သွားတာ စာတန်ပဲ။ ကျွန်တော်တို့ကိုလည်း သူ့လိုပဲ ဖြစ်မယ်၊ သွေးဆောင်ခံရတဲ့အခါ ယေဟောဝါကို ချက်ချင်း သစ္စာဖောက်သွားမယ်လို့ အပိုင်တွက်ထားတယ်။ စုံလင်တဲ့ ဘုရားသခင့်သားတော်ကိုတောင် သွေးဆောင်နိုင်မယ်လို့ ထင်နေတာ။ (မ. ၄:၈၊ ၉) သွေးဆောင်မှုတွေကို ကျွန်တော်တို့ တကယ်ပဲ မတွန်းလှန်နိုင်ဘူးလား။ တွန်းလှန်နိုင်ပါတယ်။ ဘာကြောင့်လဲ။ တမန်တော် ပေါလု ပြောသလို “ကျွန်တော့်ကို အစွမ်းခွန်အား ပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်လို့ပဲ။”—ဖိ. ၄:၁၃။
၅။ အလိုဆန္ဒအမှားတွေကို ကျွန်တော်တို့ တွန်းလှန်နိုင်မယ်ဆိုတာ ယေဟောဝါ စိတ်ချကြောင်း ဘယ်လို သိရသလဲ။
၅ ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာမယ့် လူအုပ်ကြီးအကြောင်း မုသာမသုံးနိုင်တဲ့ ယေဟောဝါ ပြောထားတယ်။ လူအနည်းငယ် မဟုတ်ဘဲ မရေတွက်နိုင်အောင်များတဲ့ သစ္စာစောင့်သိသူတွေဟာ “ဝတ်လုံဖြူ ဝတ်ဆင်ထား” ရင်း၊ တစ်နည်းအားဖြင့် သန့်ရှင်းတဲ့ အနေအထားနဲ့ ကမ္ဘာသစ်ထဲ ဝင်လာမယ်လို့ ပြောထားတာပါ။ (ဗျာ. ၇:၉၊ ၁၃၊ ၁၄) ဒီကနေ ဘာသိရသလဲ။ စာတန်နဲ့ မတူဘဲ ယေဟောဝါကတော့ အလိုဆန္ဒအမှားတွေကို ကျွန်တော်တို့ တွန်းလှန်နိုင်မယ်ဆိုတာ စိတ်ချကြောင်း သိရတယ်။
၆-၇။ ကျွန်တော်တို့ကို စာတန် ဘယ်လို အယုံသွင်းချင်သေးသလဲ။
၆ အလိုဆန္ဒအမှားတွေ ရှိနေလို့ ထာဝရအသက် မျှော်လင့်ချက် မရှိတော့ဘူးဆိုပြီးတော့လည်း ကျွန်တော်တို့ကို စာတန် အယုံသွင်းချင်တယ်။ တကယ်တော့ ထာဝစဉ် အသက်ရှင်ဖို့ မထိုက်တန်သူ၊ အစတုံး ဖျက်ဆီးခံရမယ့်သူအဖြစ် ယေဟောဝါ စီရင်ချက် ချထားလို့ မျှော်လင့်ချက် မဲ့နေတာ စာတန်ပဲ။ (က. ၃:၁၅။ ဗျာ. ၂၀:၁၀) သူ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ထာဝရအသက် ကောင်းချီးကို ကျွန်တော်တို့ ရမှာ ဖြစ်လို့ သိပ်ခံပြင်းတယ်။ သူ့လိုပဲ မျှော်လင့်ချက် မရှိဘူးလို့ ခံစားစေချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မျှော်လင့်ချက် မမဲ့ပါဘူး။ ဘာကြောင့်လဲ။ ယေဟောဝါက ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်နိုင်ဖို့ ကူညီပေးချင်တယ်။ ‘ဘယ်သူ့ကိုမှ မပျက်စီးစေချင်ဘူး။ လူအားလုံးကို နောင်တရစေချင်တယ်။’—၂ ပေ. ၃:၉။
၇ အလိုဆန္ဒအမှားတွေကို မတွန်းလှန်နိုင်ဘူး ဒါမှမဟုတ် အနာဂတ်မျှော်လင့်ချက် မရှိဘူးလို့ ခံစားရတယ်ဆိုရင် စာတန် အယုံသွင်းတာ ခံလိုက်ရတာပဲ။ ဒါကို သိထားတာက စာတန်ကို ခုခံတွန်းလှန်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာစေတယ်။—၁ ပေ. ၅:၈၊ ၉။
အမွေရထားတဲ့ အပြစ်က ဘယ်လို ခံစားရစေသလဲ
၈။ ခံစားချက်အမှားတွေ ဘာကြောင့် ဝင်လာနိုင်သေးသလဲ။ (ဆာလံ ၅၁:၅) (“စကားလုံး ရှင်းလင်းချက်” ကိုလည်း ကြည့်ပါ။)
၈ သွေးဆောင်မှုတွေကို မတွန်းလှန်နိုင်ဘူး၊ အနာဂတ်မျှော်လင့်ချက် မရှိဘူးဆိုပြီး ကျွန်တော်တို့ကို ခံစားရစေတာ စာတန်အပြင် နောက်ထပ် ရှိသေးတယ်။ အာဒံ၊ ဧဝဆီက ကျွန်တော်တို့ အမွေရထားတဲ့ အပြစ်ပါ။a—ယောဘ ၁၄:၄။ ဆာလံ ၅၁:၅ ကို ဖတ်ပါ။
၉-၁၀။ (က) အာဒံနဲ့ ဧဝ အပြစ်လုပ်ပြီးနောက် ဘယ်လို ခံစားရသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။) (ခ) အမွေရထားတဲ့ အပြစ်က ကျွန်တော်တို့ကို ဘယ်လို ခံစားရစေသလဲ။
၉ အာဒံနဲ့ ဧဝ အပြစ်လုပ်ပြီးနောက် ယေဟောဝါ မမြင်အောင် ပုန်းနေပြီး ခန္ဓာကိုယ်ကို ဖုံးထားကြတယ်။ အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး “အပြစ်က သူတို့ကို အပြစ်ရှိတဲ့စိတ်၊ စိုးရိမ်စိတ်၊ မလုံမလဲဖြစ်တဲ့စိတ်၊ ရှက်စိတ် ဝင်လာစေတယ်” လို့ ထိုးထွင်းအမြင် စာအုပ်မှာ ရှင်းပြထားတယ်။ အပြစ်ရှိတဲ့စိတ်၊ စိုးရိမ်စိတ်၊ မလုံမလဲဖြစ်တဲ့စိတ်၊ ရှက်စိတ်ဆိုတဲ့ အခန်းလေးခန်းပဲ ရှိတဲ့ အိမ်ထဲမှာ သူတို့ ပိတ်မိသွားသလိုပဲ။ တစ်ခန်းနဲ့ တစ်ခန်းပဲ ကူးနေလို့ရမယ်။ အိမ်ထဲကနေတော့ မထွက်နိုင်ဘူး။ အပြစ်သား ဖြစ်သွားလို့ အဲဒီခံစားချက်တွေနဲ့ သူတို့ မလွတ်ကင်းနိုင်ဘူး။
၁၀ ကျွန်တော်တို့အခြေအနေဟာ အာဒံ၊ ဧဝရဲ့ အခြေအနေနဲ့ တစ်ထပ်တည်း တူတာတော့ မဟုတ်ဘူး။ ရွေးဖိုးကနေ သူတို့ အကျိုးမခံစားရပေမဲ့ ကျွန်တော်တို့ အကျိုးခံစားရတယ်။ ရွေးဖိုးက ကျွန်တော်တို့ကို အပြစ်တွေ ဆေးကြောသန့်စင်ပေးပြီး အမှားအမှန်သိစိတ် ကြည်လင်စေတယ်။ (၁ ကော. ၆:၁၁) ဒါပေမဲ့ အပြစ်အမွေရထားသူတွေ ဖြစ်လို့ ကျွန်တော်တို့မှာလည်း အပြစ်ရှိတဲ့စိတ်၊ စိုးရိမ်စိတ်၊ မလုံမလဲဖြစ်တဲ့စိတ်၊ ရှက်စိတ် ရှိပါတယ်။ အပြစ်က လူအားလုံးကို ကြီးစိုးထားဆဲပဲလို့ ကျမ်းစာ ဆိုတယ်။ “အာဒံ အပြစ်ကျူးလွန်ခဲ့သလို မကျူးလွန်တဲ့သူတွေကိုတောင်” ကြီးစိုးထားတာ။ (ရော. ၅:၁၄) ဒါပေမဲ့ အပြစ်အမွေရထားလို့ မှန်တာ ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး၊ အနာဂတ်မျှော်လင့်ချက် မရှိဘူးလို့ ခံစားစရာ လိုသလား။ မလိုပါဘူး။ အဲဒီခံစားချက်တွေကို တွန်းလှန်နိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။
အာဒံနဲ့ ဧဝ အပြစ်လုပ်ပြီးနောက် အပြစ်ရှိတဲ့စိတ်၊ စိုးရိမ်စိတ်၊ မလုံမလဲဖြစ်တဲ့စိတ်၊ ရှက်စိတ် ဝင်လာ (စာပိုဒ် ၉ ကို ကြည့်ပါ)
၁၁။ အလိုဆန္ဒအမှားတွေကို မတွန်းလှန်နိုင်ဘူးလို့ ခံစားလာရရင် ဘာလုပ်သင့်သလဲ။ ဘာကြောင့်လဲ။ (ရောမ ၆:၁၂)
၁၁ အလိုဆန္ဒအမှားတွေကို မတွန်းလှန်နိုင်ဘူးလို့ ခံစားလာရရင် အမွေရထားတဲ့ အပြစ်က “စကားလာပြောတယ်” လို့ သဘောထားပြီး လျစ်လျူရှုလိုက်သင့်တယ်။ ဘာကြောင့်လဲ။ အပြစ်ကို “ဘုရင်တစ်ပါးလို” ဆက်စိုးမိုးခွင့်ပြုဖို့ မလိုဘူးလို့ ကျမ်းစာ သွန်သင်ထားလို့ပဲ။ (ရောမ ၆:၁၂ ကို ဖတ်ပါ။) ဆိုလိုတာက အလိုဆန္ဒနောက် မလိုက်ဘဲ နေလို့ရတယ်။ (ဂလ. ၅:၁၆) အလိုဆန္ဒအမှားတွေကို ကျွန်တော်တို့ တွန်းလှန်နိုင်မယ်ဆိုတာ ယေဟောဝါ စိတ်ချတယ်။ စိတ်မချရင် တွန်းလှန်ဖို့ တောင်းဆိုထားမှာ မဟုတ်ဘူး။—တရား. ၃၀:၁၁-၁၄။ ရော. ၆:၆။ ၁ သက်. ၄:၃။
၁၂။ အနာဂတ်မျှော်လင့်ချက် မရှိဘူးလို့ ခံစားလာရရင် ဘာလုပ်သင့်သလဲ။ ဘာကြောင့်လဲ။
၁၂ အလိုဆန္ဒအမှားတွေ ရှိနေလို့ အနာဂတ်မျှော်လင့်ချက် မရှိတော့ဘူးဆိုပြီး ခံစားလာရရင် အမွေရထားတဲ့ အပြစ်က “စကားလာပြောတယ်” လို့ သဘောထားပြီး လျစ်လျူရှုလိုက်သင့်တယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့ အပြစ်အမွေရထားတယ်ဆိုတာ ယေဟောဝါ သိတယ်လို့ ကျမ်းစာ သွန်သင်ထားလို့ပဲ။ (ဆာ. ၁၀၃:၁၃၊ ၁၄) “အရာအားလုံးကို ကိုယ်တော် သိနေတယ်။” အမွေရထားတဲ့ အပြစ်ကြောင့် တစ်ယောက်စီမှာ မတူညီတဲ့ ဆန္ဒတွေ ဝင်လာနိုင်မှန်းလည်း သိနေတယ်။ (၁ ယော. ၃:၁၉၊ ၂၀) ဆန္ဒကို အကောင်အထည်မဖော်သရွေ့ ကျွန်တော်တို့ကို သန့်ရှင်းတယ်လို့ ယေဟောဝါ သတ်မှတ်တယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။
၁၃-၁၄။ အလိုဆန္ဒအမှားတွေ ရှိတာနဲ့ပဲ ကျွန်တော်တို့ကို ယေဟောဝါ လက်မခံတော့ဘူးလား။ ရှင်းပြပါ။
၁၃ အမှားလုပ်တာနဲ့ အမှားလုပ်ချင်တာ မတူဘူးလို့ ကျမ်းစာမှာ ကွဲကွဲပြားပြား ဖော်ပြထားတယ်။ အမှားလုပ်ချင်စိတ်ဟာ ထိန်းချုပ်လို့မရဘဲ အလိုလို ပေါ်လာနိုင်တဲ့အရာ ဖြစ်ပြီး အမှားလုပ်မယ်၊ မလုပ်ဘူးဆိုတာကတော့ ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အရာ ဖြစ်တယ်။ ဥပမာ၊ ပထမရာစု ကောရိန္သုမြို့က ခရစ်ယာန်တချို့ဟာ လိင်တူသမားတွေ ဖြစ်ခဲ့ကြတယ်။ “ခင်ဗျားတို့ထဲက တချို့ဟာ အရင်က အဲဒီလိုလုပ်ခဲ့ကြတယ်” လို့ ပေါလု ပြောတယ်။ သူတို့မှာ လိင်တူဆက်ဆံချင်စိတ် ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူးလား။ မဖြစ်နိုင်ပါဘူး။ အဲဒီလိုဆန္ဒတွေဟာ အမြစ်စွဲနေတတ်လို့ပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး ဆန္ဒကို အကောင်အထည်မဖော်တဲ့ ခရစ်ယာန်တွေကို ယေဟောဝါ နှစ်သက်လက်ခံတယ်။ “ဆေးကြောသန့်စင်” ခံပြီးသူတွေအဖြစ် သတ်မှတ်တယ်။—၁ ကော. ၆:၉-၁၁။
၁၄ သင်လည်း ဘယ်အလိုဆန္ဒပဲ ရှိနေပါစေ အောင်မြင်စွာ တွန်းလှန်နိုင်တယ်။ အလိုဆန္ဒအမှား ပေါ်မလာအောင် မထိန်းချုပ်နိုင်ရင်တောင် “ကိုယ့်အလိုဆန္ဒအတိုင်း၊ ကိုယ့်အထင်အတိုင်း” မလုပ်ဖို့ ထိန်းချုပ်နိုင်တယ်။ (ဧ. ၂:၃) ဘယ်လိုနည်းနဲ့လဲ။
သွေးဆောင်မှုတွေကို အောင်မြင်စွာ တွန်းလှန်နိုင်ပုံ
၁၅။ သွေးဆောင်မှုတွေကို အောင်မြင်စွာ တွန်းလှန်နိုင်ဖို့ ဘာလုပ်ရမလဲ။
၁၅ သွေးဆောင်မှုတွေကို အောင်မြင်စွာ တွန်းလှန်နိုင်ဖို့ဆိုရင် ကိုယ့်အားနည်းချက်ကို ရိုးရိုးသားသား အသိအမှတ်ပြုရမယ်။ “မှားယွင်းတဲ့ အတွေးအခေါ်နဲ့” ကိုယ့်ကိုယ်ကိုယ် မလှည့်စားမိဖို့ သတိထားရမယ်။ (ယာ. ၁:၂၂) ဥပမာ၊ အရက်အလွန်အကျွံ သောက်သူတစ်ယောက်ဟာ ‘ငါ့ထက် ပိုသောက်တဲ့သူတွေတောင် ရှိတာပဲ’ ဆိုပြီး ဆင်ခြေပေးနိုင်တယ်။ ဒါမှမဟုတ် ညစ်ညမ်းရုပ်ပုံ ကြည့်သူတစ်ယောက်ဟာ ‘ငါ့မိန်းမသာ ဒီ့ထက်ကြင်နာယုယတတ်ရင် ငါ ညစ်ညမ်းရုပ်ပုံ ကြည့်ချင်စိတ် ပေါ်လာပါ့မလား’ ဆိုပြီး ကိုယ့်လုပ်ရပ်အတွက် တခြားသူကို အပြစ်ဖို့နိုင်တယ်။ ကိုယ့်အပြစ်ကို အဲဒီလိုလျှော့ပေါ့ပြီး တွေးရင် သွေးဆောင်မှုနောက် အလွယ်တကူ ပါသွားမယ်။ ဒါကြောင့် ကိုယ့်လုပ်ရပ်အမှားအတွက် အကြောင်းပြချက် မရှာပါနဲ့။ ကိုယ့်တာဝန်ကိုယ် ယူပါ။—ဂလ. ၆:၇။
၁၆။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာအောင် ဘယ်လို လုပ်ထားရမလဲ။
၁၆ ကိုယ့်အားနည်းချက်ကို ရိုးရိုးသားသား အသိအမှတ်ပြုတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာအောင်လည်း လုပ်ထားရမယ်။ (၁ ကော. ၉:၂၆၊ ၂၇။ ၁ သက်. ၄:၄။ ၁ ပေ. ၁:၁၅၊ ၁၆) ကိုယ့်အတွက် သွေးဆောင်မှု ဖြစ်စေတဲ့အရာ၊ သွေးဆောင်မှု ဖြစ်စေတဲ့အချိန်ဆိုတာမျိုး သတ်သတ်မှတ်မှတ် ရှိတတ်တယ်။ ဘယ်လိုအချိန်မှာ ဘာက ကိုယ့်အတွက် သွေးဆောင်မှု အဖြစ်ဆုံးလဲလို့ စဉ်းစားပါ။ ဥပမာ၊ ပင်ပန်းနေတဲ့အချိန်တွေလား ဒါမှမဟုတ် ညဘက်တွေလား။ သွေးဆောင်ခံရတဲ့အခါ ဘာလုပ်မယ်ဆိုပြီး ကြိုတင်ပြင်ဆင်ထားပါ။ ကြိုတင်ပြင်ဆင်ဖို့ အကောင်းဆုံးအချိန်ဟာ သွေးဆောင်မခံရခင်အချိန်ပဲ။—ပညာ. ၂၂:၃။
၁၇။ ယောသပ်ဆီကနေ ဘာသင်ယူနိုင်သလဲ။ (ကမ္ဘာဦး ၃၉:၇-၉) (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၇ ပေါတိဖာရဲ့ဇနီး သွေးဆောင်လာချိန်မှာ ယောသပ် ဘယ်လို တုံ့ပြန်သလဲ။ ချက်ချင်း ပြတ်ပြတ်သားသား ငြင်းတယ်။ (ကမ္ဘာဦး ၃၉:၇-၉ ကို ဖတ်ပါ။) အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်နဲ့ ဘယ်လို စည်းခြားပြီး နေမယ်ဆိုတာ သွေးဆောင်မခံရခင်ကတည်းက ယောသပ် ဆုံးဖြတ်ထားပြီးသားဆိုတာ ဒီကနေ သိရတယ်။ သင်လည်း မှန်တာ လုပ်မယ်ဆိုပြီး သွေးဆောင်မခံရခင်ကတည်းက ဆုံးဖြတ်ထားနိုင်တယ်။ ဒါဆိုရင် သွေးဆောင်ခံရတဲ့အခါ ဆုံးဖြတ်ထားတဲ့အတိုင်း တုံ့ပြန်ဖို့ လွယ်မယ်။
သွေးဆောင်ခံရတဲ့အခါ ယောသပ်လို ချက်ချင်း ငြင်းပယ်ပါ (စာပိုဒ် ၁၇ ကို ကြည့်ပါ)
“အမြဲ ဆန်းစစ်ပါ”
၁၈။ သွေးဆောင်မှုတွေကို အောင်မြင်စွာ တွန်းလှန်နိုင်ဖို့ ဘာလုပ်နိုင်သေးသလဲ။ (၂ ကောရိန္သု ၁၃:၅)
၁၈ သွေးဆောင်မှုတွေကို အောင်မြင်စွာ တွန်းလှန်နိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် “အမြဲဆန်းစစ်” ရမယ်။ (၂ ကောရိန္သု ၁၃:၅ ကို ဖတ်ပါ။) ကိုယ့်အတွေးအခေါ်၊ လုပ်ရပ်တွေကို မကြာခဏ ပြန်သုံးသပ်ပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲပါ။ ဥပမာ၊ ‘သွေးဆောင်မှုတစ်ခုကို ငြင်းပယ်နိုင်ခဲ့ရင်တောင် ငြင်းပယ်ဖို့ ဘယ်လောက်ကြာကြာ အချိန်ယူလိုက်ရသလဲ’ လို့ စဉ်းစားကြည့်ပါ။ ချက်ချင်း မငြင်းပယ်လိုက်နိုင်ရင်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ နောက်တစ်ခါ ဒီ့ထက်ပိုကောင်းကောင်း တုံ့ပြန်နိုင်အောင် ပြင်ဆင်ထားပါ။ ဒီလိုဆန်းစစ်ကြည့်ပါ– ‘မသင့်တော်တဲ့ အတွေး ဝင်လာရင် ခေါင်းထဲကနေ ဒီ့ထက်မြန်မြန် ငါ ထုတ်ပစ်နိုင်မလား။ ငါ ရွေးချယ်တဲ့ ဖျော်ဖြေရေးကြောင့် သွေးဆောင်မှုကို တွန်းလှန်ဖို့ ပိုခက်နေတာများလား။ မသင့်တော်တဲ့ ပြကွက်တွေ မြင်ရင် ငါ ချက်ချင်း မျက်စိလွှဲသလား။ ယေဟောဝါရဲ့ စံနှုန်းတွေ လိုက်နာနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် တအားကြပ်မတ်ရရင်တောင် ငါ့အကျိုးအတွက်ပဲဆိုတာ သဘောပေါက်သလား။’—ဆာ. ၁၀၁:၃။
၁၉။ အမှားသေးသေးလေးတွေ လုပ်မိတာက အလိုဆန္ဒအမှားတွေကို တွန်းလှန်ဖို့ ဘယ်လို ပိုခက်စေနိုင်သလဲ။
၁၉ အမှားလုပ်ဖို့ ရမယ်မရှာပါနဲ့။ “စိတ်နှလုံးဟာ အရာအားလုံးထက် စဉ်းလဲတယ်။ ထင်ရာစိုင်းတတ်တယ်” လို့ ကျမ်းစာ ဆိုတယ်။ (ယေ. ၁၇:၉) “ဆိုးညစ်တဲ့ အကြံအစည်တွေဟာ စိတ်နှလုံးထဲက ထွက်လာတယ်” လို့ ယေရှု ပြောတယ်။ (မ. ၁၅:၁၉) ဥပမာ၊ ညစ်ညမ်းရုပ်ပုံ ကြည့်တဲ့အကျင့် ချိုးနှိမ်ထားသူတစ်ယောက်ဟာ အချိန်အတော်ကြာပြီးနောက် ဘယ်လို တွေးမိနိုင်သလဲ။ ‘ဝတ်လစ်စားလစ်ပုံမှ မဟုတ်တာ၊ လိင်စိတ်ကြွစေတဲ့ ရုပ်ပုံတွေ ကြည့်တာ ဘာမှ မဖြစ်ပါဘူး’ လို့ တွေးမိနိုင်တယ်။ ဒါမှမဟုတ် ‘လက်တွေ့မလုပ်သရွေ့ စိတ်ကူးယဉ်တာလောက်က မမှားပါဘူး’ လို့ တွေးမိနိုင်တယ်။ အဲဒီလိုတွေးတာဟာ “အပြစ်ရှိတဲ့ အလိုဆန္ဒတွေကို ဖြည့်ဆည်းဖို့” စဉ်းလဲတဲ့ စိတ်နှလုံးက ကြံစည်နေတာပဲ။ (ရော. ၁၃:၁၄) ဒါကြောင့် အမှားအကြီးကြီး လုပ်မိစေနိုင်တဲ့ အမှားသေးသေးလေးတွေ မလုပ်မိဖို့ သတိထားပါ။b အမှားလုပ်ဖို့ အကြောင်းရှာတာ၊ ကြံစည်တာမျိုး မလုပ်ပါနဲ့။
၂၀။ ကျွန်တော်တို့မှာ ဘယ်အနာဂတ်မျှော်လင့်ချက် ရှိသလဲ။ အခုအချိန်မှာ ဘယ်ကနေ အကူအညီ ရမလဲ။
၂၀ မဟာကရုဏာတော်ကြောင့် ကမ္ဘာသစ်မှာ ထာဝစဉ် အသက်ရှင်ဖို့ ကျွန်တော်တို့ မျှော်လင့်နိုင်တယ်။ နောက်ဆိုရင် အလိုဆန္ဒအမှားတွေကို တွန်းလှန်နေစရာ မလိုဘဲ ယေဟောဝါကို သန့်ရှင်းစင်ကြယ်တဲ့ စိတ်နှလုံးနဲ့ ဝတ်ပြုနိုင်တော့မှာ။ အဲဒီအချိန် မရောက်ခင်မှာလည်း သွေးဆောင်မှုတွေကို ယေဟောဝါရဲ့ အကူအညီနဲ့ တွန်းလှန်နိုင်တယ်၊ အနာဂတ်မျှော်လင့်ချက် ရှိတယ်ဆိုတာ စိတ်ချနေနိုင်ပါတယ်။
သီချင်း ၁၂၂ မယိမ်းမယိုင် ကြံ့ကြံ့ခံရပ်တည်နေကြ
a စကားလုံး ရှင်းလင်းချက်။ ကျမ်းစာမှာ “အပြစ်” လို့ ပြောတဲ့အခါ ခိုးတာ၊ အိမ်ထောင်ရေးဖောက်ပြန်တာ၊ လူသတ်တာတို့လို လုပ်ရပ်တစ်ခုကို ရည်ညွှန်းလေ့ရှိတယ်။ (ထွ. ၂၀:၁၃-၁၅။ ၁ ကော. ၆:၁၈) ဒါပေမဲ့ ကျမ်းပိုဒ်တချို့မှာ “အပြစ်” လို့ ပြောတဲ့အခါ အပြစ်တစ်ခုခု လုပ်မထားပေမဲ့ မွေးကတည်းက အမွေရထားလို့ ရှိနေနှင့်ပြီးသား အပြစ်ကို ရည်ညွှန်းတယ်။
b ပညာအလိမ္မာ ၇:၇-၂၃ မှာ ဖော်ပြထားတဲ့ လူငယ်ဟာ လိင်အကျင့်ယိုယွင်းခြင်းဆိုတဲ့ အမှားအကြီးကြီး မလုပ်ခင်မှာ အမှားသေးသေးလေးတွေ လုပ်ခဲ့တယ်ဆိုတာ သတိပြုပါ။
c ပုံအညွှန်း– ဘယ်ဘက်။ ကော်ဖီဆိုင် ထိုင်နေတုန်း အမျိုးသားနှစ်ယောက် ချစ်ကြည်နူးနေတာကို လူငယ်ညီအစ်ကို သတိထားမိ။ ညာဘက်။ လူနှစ်ယောက် ဆေးလိပ်သောက်နေတာကို ညီအစ်မတစ်ယောက် တွေ့။