ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅.၀၉ ၃၆
  • “အကြီးအကဲတွေကို ခေါ်ပါ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “အကြီးအကဲတွေကို ခေါ်ပါ”
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကြီးအကဲတွေကို ဘယ်အချိန်မှာ အကူအညီတောင်းသင့်သလဲ
  • အကြီးအကဲတွေကို ဘာကြောင့် အကူအညီတောင်းသင့်သလဲ
  • ကျွန်တော်တို့ကို အကြီးအကဲတွေ ဘယ်လို ကူညီပေးကြသလဲ
  • ကိုယ်တိုင်ရဲ့ တာဝန်
  • အကြီးအကဲတို့၊ အပြစ်လုပ်ထားသူကို ကရုဏာ ပြပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • အသင်းတော်ကို စီစဉ်ဖွဲ့စည်းထားပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ညီအစ်ကိုတို့၊ အကြီးအကဲ ဖြစ်ဖို့ တက်လှမ်းနေသလား
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • အကြီးအကဲတို့၊ အသင်းတော်ကနေ ဖယ်ရှားခံရသူတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅.၀၉ ၃၆

လေ့လာရန် ဆောင်းပါး ၃၆

သီချင်း ၁၀၃ လူ့အသွင်ဆု သိုးထိန်းများ

“အကြီးအကဲတွေကို ခေါ်ပါ”

“အသင်းတော် အကြီးအကဲတွေကို ခေါ်ပါစေ။”—ယာ. ၅:၁၄။

အာရုံစိုက်ရာ

ယေဟောဝါနဲ့ ဆက်ဆံရေး အားနည်းလာတဲ့အခါ အကြီးအကဲတွေကို အကူအညီတောင်းဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁။ သိုးတော်စုကို တန်ဖိုးထားကြောင်း ယေဟောဝါ ဘယ်လို ပြသလဲ။

သိုးတော်စုကို ယေဟောဝါဘုရား သိပ်တန်ဖိုးထားတယ်။ သူတို့ကို ယေရှုရဲ့ သွေးနဲ့ ဝယ်ထားတယ်။ ယေရှုကို အသင်းတော်ဦးခေါင်းအဖြစ်၊ အကြီးအကဲတွေကို သိုးထိန်းတွေအဖြစ် ခန့်အပ်ထားတယ်။ (တ. ၂၀:၂၈) သိုးတော်စုကို အကြီးအကဲတွေ မေတ္တာနဲ့ ထိန်းကျောင်းပေးဖို့ ယေဟောဝါကော ယေရှုပါ မျှော်လင့်တယ်။ ဒါကြောင့် သိုးတွေကို အားရှိလန်းဆန်းစေဖို့၊ ယေဟောဝါနဲ့ ဆက်ဆံရေး ပျက်စီးမယ့် အန္တရာယ်ကနေ ကာကွယ်ပေးဖို့ အကြီးအကဲတွေ ကြိုးစားကြတယ်။—ဟေရှာ. ၃၂:၁၊ ၂။

၂။ ဘယ်သူတွေကို ယေဟောဝါ အထူးတလည် ဂရုစိုက်သလဲ။ (ယေဇကျေလ ၃၄:၁၅၊ ၁၆)

၂ သိုးအားလုံးကို ယေဟောဝါ ဂရုစိုက်တယ်။ ဒါပေမဲ့ အားနည်းတဲ့သိုးတွေကို အထူးတလည် ဂရုစိုက်တယ်။ အကြီးအကဲတွေကတစ်ဆင့် ကူညီပေးတယ်။ (ယေဇကျေလ ၃၄:၁၅၊ ၁၆ ကို ဖတ်ပါ။) ဒါပေမဲ့ ကျွန်တော်တို့ဘက်က အကူအညီတောင်းဖို့တော့ ယေဟောဝါ မျှော်လင့်တယ်။ ဒါကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး အားနည်းလာတဲ့အခါ ကျွန်တော်တို့ ဆုတောင်းတဲ့အပြင် အသင်းတော်မှာ ရှိတဲ့ “သိုးထိန်းတွေ” ကိုလည်း အကူအညီတောင်းကြတယ်။—ဧ. ၄:၁၁၊ ၁၂။

၃။ အကြီးအကဲတွေ ကူညီပေးပုံကို သိထားတာ ဘာအကျိုးရှိသလဲ။

၃ ယေဟောဝါနဲ့ ဆက်ဆံရေး အားနည်းလာသူတွေကို အကြီးအကဲတွေကတစ်ဆင့် ကူညီပေးတဲ့ အစီအစဉ်အကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ အကြီးအကဲတွေကို ဘယ်အချိန်မှာ အကူအညီတောင်းသင့်သလဲ၊ ဘာကြောင့် အကူအညီတောင်းသင့်သလဲ၊ ကျွန်တော်တို့ကို အကြီးအကဲတွေ ဘယ်လို ကူညီပေးကြသလဲဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေ သိလာရမယ်။ လောလောဆယ် အကူအညီ လိုအပ်တဲ့ အခြေအနေ မဟုတ်ရင်တောင် ဒီမေးခွန်းတွေရဲ့ အဖြေ သိထားတာ ဘာအကျိုးရှိသလဲ။ ယေဟောဝါ ပြင်ဆင်ပေးထားတဲ့ အစီအစဉ်ကို ပိုလေးမြတ်လာမယ်။ အကူအညီ လိုအပ်လာတဲ့တစ်နေ့ ဘာလုပ်ရမယ်ဆိုတာ သိနေမယ်။

အကြီးအကဲတွေကို ဘယ်အချိန်မှာ အကူအညီတောင်းသင့်သလဲ

၄။ ယာကုပ် ၅:၁၄-၁၆၊ ၁၉၊ ၂၀ ဟာ ဘုရားရေးရာမှာ ဖျားနာသူအကြောင်း ပြောနေမှန်း ဘယ်လို သိရသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၄ “ဖျားနာနေတဲ့သူ ရှိသလား။ ရှိရင် အသင်းတော် အကြီးအကဲတွေကို ခေါ်ပါစေ” လို့ ကျမ်းရေးသူ ယာကုပ် ပြောတယ်။ (ယာကုပ် ၅:၁၄-၁၆၊ ၁၉၊ ၂၀ ကို ဖတ်ပါ။) ကျန်းမာရေး မကောင်းလို့ ဖျားနာသူအကြောင်း ပြောနေတာ မဟုတ်ဘူး။ ဘယ်လို သိရသလဲ။ ဆရာဝန်ကို မဟုတ်ဘဲ အကြီးအကဲတွေကို ခေါ်ဖို့ ပြောထားတယ်။ ဒါ့အပြင် အပြစ်ခွင့်လွှတ်ခံရတဲ့အခါ ပြန်ကျန်းမာလာမယ်လို့ ပြောတယ်။ ဒါကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး အားနည်းလာလို့ ဘုရားရေးရာမှာ ဖျားနာသူအကြောင်း ပြောနေမှန်း သိရတယ်။ ကျွန်တော်တို့ ဖျားနာတဲ့အခါ ဆရာဝန် သွားပြပြီး ကိုယ့်အခြေအနေ ပြောပြရတယ်။ ဆရာဝန်ညွှန်ကြားချက်တွေ လိုက်နာရတယ်။ အဲဒီလိုပဲ ဘုရားရေးရာမှာ ဖျားနာတဲ့အခါ အကြီးအကဲတစ်ယောက်ယောက်ကို ကိုယ့်အခြေအနေ ပြောပြရမယ်။ ကျမ်းစာကို အခြေခံပြီး အကြီးအကဲ ပေးလာတဲ့ အကြံဉာဏ်တွေ လိုက်နာရမယ်။

ရုပ်ပုံ– ၁။ ပခုံးမှာ တစ်ခုခု ဖြစ်နေတဲ့အကြောင်း ဆရာဝန်ကို လူတစ်ယောက် ပြောပြနေ။ ၂။ အကြီးအကဲတစ်ယောက်နဲ့အတူ ခုံတန်းရှည်မှာ ထိုင်ရင်း မိမိအခြေအနေကို ညီအစ်ကိုတစ်ယောက် ပြောပြနေ။

ကျွန်တော်တို့ ဖျားနာတဲ့အခါ ဆရာဝန် သွားပြပြီး ကိုယ့်အခြေအနေ ပြောပြသလို ဘုရားရေးရာမှာ ဖျားနာလာတဲ့အခါ အကြီးအကဲတစ်ယောက်ယောက်ကို ကိုယ့်အခြေအနေ ပြောပြရမယ် (စာပိုဒ် ၄ ကို ကြည့်ပါ)


၅။ ကိုယ့်အခြေအနေမှန်ကို ဘယ်လို သိနိုင်သလဲ။

၅ အကူအညီ လိုအပ်တယ်လို့ ခံစားရတဲ့ ဘယ်အချိန်မဆို အကြီးအကဲတွေကို ပြောပြဖို့ ယာကုပ် အခန်းကြီး ၅ မှာ အားပေးထားတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး အကြီးအကျယ် ပျက်စီးမသွားခင် အကူအညီတောင်းဖို့တော့ သိပ်အရေးကြီးတယ်။ သတိမထားဘူးဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်နေပါလျက်နဲ့ ကောင်းနေပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စားမိနိုင်တယ်။ (ယာ. ၁:၂၂) ပထမရာစု သာဒိအသင်းတော်က ခရစ်ယာန်တချို့ ကိုယ့်ကိုယ်ကိုယ် အဲဒီလိုလှည့်စားနေကြလို့ သူတို့ရဲ့ အခြေအနေမှန်က ဘာလဲဆိုတာ ယေရှု ပြောပြခဲ့တယ်။ (ဗျာ. ၃:၁၊ ၂) ကျွန်တော်တို့ကော ကိုယ့်အခြေအနေမှန်ကို ဘယ်လို သိနိုင်သလဲ။ ဝတ်ပြုရေးအတွက် အရင်ကလို ထက်သန်သေးရဲ့လားလို့ ဆန်းစစ်ခြင်းအားဖြင့် သိနိုင်တယ်။ (ဗျာ. ၂:၄၊ ၅) ‘ကျမ်းစာဖတ်တာ၊ တွေးတောဆင်ခြင်တာ အရင်ကလောက် ငါ ခုံမင်သေးရဲ့လား။ အစည်းအဝေး တက်တာ၊ အစည်းအဝေးအတွက် ပြင်ဆင်တာကို အရင်ကလောက် အလေးထားသေးရဲ့လား။ အမှုဆောင်မှာ အရင်ကလောက် ထက်သန်သေးရဲ့လား။ အပျော်အပါးနဲ့ပဲ အချိန်ကုန်နေသလား။ ငွေရှာဖို့ပဲ အာရုံရောက်နေသလား’ လို့ ဆန်းစစ်ကြည့်နိုင်တယ်။ တစ်ချက်ချက်နဲ့ ငြိနေတယ်ဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး အားနည်းနေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒီအတိုင်း ထားရင် အခြေအနေ ပိုဆိုးလာနိုင်တယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် လုပ်ဖို့ အခက်တွေ့နေတယ် ဒါမှမဟုတ် ကျမ်းစာစံနှုန်း ချိုးဖောက်မိတဲ့အထိ ဖြစ်သွားပြီဆိုရင် အကြီးအကဲတွေကို အကူအညီတောင်းသင့်တယ်။

၆။ ကြီးလေးတဲ့အပြစ် လုပ်မိရင် ဘာလုပ်ရမလဲ။

၆ အသင်းတော်ကနေ ဖယ်ရှားခံရလောက်တဲ့ ကြီးလေးတဲ့အပြစ် လုပ်မိရင် အကြီးအကဲတစ်ယောက်ယောက်ကို ပြောပြရမယ်။ (၁ ကော. ၅:၁၁-၁၃) ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် ကိုယ့်ဘာသာကိုယ် မလုပ်နိုင်ဘူး။ ယေဟောဝါရဲ့ ခွင့်လွှတ်မှု ရချင်ရင် “နောင်တရကြောင်း လုပ်ရပ်နဲ့ သက်သေပြရမယ်။” (တ. ၂၆:၂၀) အဲဒီလုပ်ရပ်တွေထဲမှာ ကြီးလေးတဲ့အပြစ် လုပ်ထားကြောင်း အကြီးအကဲတွေကို ပြောပြတာ ပါဝင်တယ်။

၇။ ဘယ်သူတွေလည်း အကြီးအကဲတွေရဲ့ အကူအညီ လိုအပ်သလဲ။

၇ ကြီးလေးတဲ့အပြစ် လုပ်မိသူတွေကိုပဲ အကြီးအကဲတွေ ကူညီပေးကြတာ မဟုတ်ပါဘူး။ အားနည်းချက် တွန်းလှန်ရခက်နေသူတွေကိုလည်း ထောက်မပေးကြတယ်။ (တ. ၂၀:၃၅) ဥပမာ၊ သင်ဟာ အမှန်တရား မသိခင်က မူးယစ်ဆေး စွဲသူ၊ ညစ်ညမ်းရုပ်ပုံ ကြည့်သူ၊ လိင်အကျင့်ပျက်သူ ဖြစ်ခဲ့တယ်ဆိုရင် အားနည်းချက် မတွန်းလှန်နိုင်မှာ ကြောက်နေနိုင်တယ်။ ဒါပေမဲ့ သင်တစ်ယောက်တည်း တွန်းလှန်နေစရာ မလိုပါဘူး။ သင် ပြောတာတွေကို ဂရုတစိုက် နားထောင်ပေးမယ်လို့ ယူဆတဲ့ အကြီးအကဲတစ်ယောက်ကို ပြောပြပါ။ ဘာအပြောင်းအလဲတွေ လုပ်ရမယ်ဆိုတာ သူ လက်တွေ့ကျကျ အကြံပေးလာနိုင်တယ်။ အလိုဆန္ဒအမှားတွေအတိုင်း သင် မလုပ်သရွေ့ ယေဟောဝါ နှစ်သက်လက်ခံတယ်ဆိုတာ သတိပေးလာနိုင်တယ်။ (ဒေ. ၄:၁၂) အားနည်းချက်တွေ တစ်ချိန်လုံး တွန်းလှန်ရလို့ သင် စိတ်ဓာတ်ကျနေတယ်ဆိုရင်လည်း ‘ဒါဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကို အလေးအနက်ထားတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မလွန်ကဲဘူးဆိုတဲ့ လက္ခဏာပဲ’ ဆိုပြီး အကြီးအကဲ နှစ်သိမ့်ပေးနိုင်တယ်။—၁ ကော. ၁၀:၁၂။

၈။ အမှားလုပ်မိတိုင်း အကြီးအကဲတွေကို ပြောပြစရာ လိုသလား။ ရှင်းပြပါ။

၈ အမှားလုပ်မိတိုင်းတော့ အကြီးအကဲတွေကို ပြောပြစရာ မလိုပါဘူး။ ဥပမာ၊ ညီအစ်ကို/မတစ်ယောက် စိတ်ထိခိုက်အောင် သင် ပြောမိတာ၊ ဒေါသပေါက်ကွဲမိတာ ဖြစ်နိုင်တယ်။ အဲဒီလိုကိစ္စမှာ အကြီးအကဲကို ပြောပြမယ့်အစား ယေရှုရဲ့ အကြံပေးစကားအတိုင်း နှစ်ကိုယ်ကြား ပြေလည်အောင် လုပ်ပါ။ (မ. ၅:၂၃၊ ၂၄) နောက်နောင် နူးညံ့သိမ်မွေ့မှု၊ စိတ်ရှည်မှု၊ ချုပ်တည်းမှု စတဲ့ အရည်အသွေးတွေကို ဘယ်လိုနည်းနဲ့ ပိုတင်ပြနိုင်မလဲဆိုတာ အဖွဲ့အစည်းစာပေတွေမှာ ရှာဖွေလေ့လာပါ။ ဒါတောင် အကူအညီ လိုအပ်နေတုန်းပဲဆိုရင်တော့ အကြီးအကဲတစ်ယောက်ကို အကူအညီတောင်းနိုင်ပါတယ်။ ဖိလိပ္ပိအသင်းတော်ဆီ ရေးတဲ့စာမှာ ဆက်ဆံရေး တင်းမာနေတဲ့ ဧဝေါဒိနဲ့ သုန္တုတ် ပြေလည်လာအောင် ကူညီပေးဖို့ ညီအစ်ကိုတစ်ယောက်ကို တမန်တော် ပေါလု ပြောတယ်။ သင့်ကိုလည်း သင့်အသင်းတော်က အကြီးအကဲတစ်ယောက် အဲဒီလိုကူညီပေးနိုင်တယ်။—ဖိ. ၄:၂၊ ၃။

အကြီးအကဲတွေကို ဘာကြောင့် အကူအညီတောင်းသင့်သလဲ

၉။ ရှက်လို့ဆိုပြီး အကြီးအကဲတွေကို ဘာကြောင့် အကူအညီမတောင်းဘဲ မနေသင့်သလဲ။ (ပညာအလိမ္မာ ၂၈:၁၃)

၉ ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါ ဒါမှမဟုတ် အားနည်းချက် တွန်းလှန်ရခက်နေတဲ့အခါ အကူအညီတောင်းဖို့ ယုံကြည်ခြင်းနဲ့ သတ္တိ သိပ်လိုအပ်တယ်။ ရှက်လို့ဆိုပြီး အကြီးအကဲတွေကို အကူအညီမတောင်းဘဲ မနေသင့်ဘူး။ ဘာကြောင့်လဲ။ ယေဟောဝါက ကျွန်တော်တို့ ယုံကြည်ခြင်း ခိုင်ခံ့နေအောင်၊ မိမိနဲ့ ဆက်ဆံရေး ကောင်းနေအောင် ကူညီပေးဖို့ အကြီးအကဲတွေကို ခန့်အပ်ထားတာ။ အကြီးအကဲတွေကို အကူအညီတောင်းတာဟာ ယေဟောဝါကို ယုံကြည်ကြောင်း ပြရာရောက်တယ်။ ယေဟောဝါရဲ့ ညွှန်ကြားချက်ကို နာခံရာရောက်တယ်။ ဒါကြောင့် ခြေချော်မတတ် ဖြစ်နေတဲ့အခါ ယေဟောဝါရဲ့ အကူအညီ လိုအပ်ကြောင်း အသိအမှတ်ပြုပါ။ (ဆာ. ၉၄:၁၈) ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါလည်း ဝန်ခံပြီး အပြစ်ထပ်မလုပ်တော့ဘူးဆိုရင် ကရုဏာ ခံစားရမယ်ဆိုတာ စိတ်ချပါ။—ပညာအလိမ္မာ ၂၈:၁၃ ကို ဖတ်ပါ။

၁၀။ အပြစ်ဖုံးကွယ်ထားရင် ဘာဖြစ်နိုင်သလဲ။

၁၀ ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါ အကြီးအကဲတွေကို အကူအညီတောင်းရင် ယေဟောဝါရဲ့ ခွင့်လွှတ်မှု ရနိုင်တယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းလာနိုင်တယ်။ အပြစ်ဖုံးကွယ်ထားရင်တော့ ကိုယ့်အခြေအနေ ပိုဆိုးအောင် လုပ်လိုက်သလိုပဲ။ ဥပမာ၊ ဘုရင်ဒါဝိဒ်ဟာ အပြစ်ဖုံးကွယ်ထားလို့ ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်လာတယ်။ စိတ်ဖိစီးလာတယ်။ နေလို့ထိုင်လို့ မကောင်းတော့ဘူး။ (ဆာ. ၃၂:၃-၅) ဖျားနာတဲ့အခါ၊ ထိခိုက်ဒဏ်ရာ ရတဲ့အခါ မကုသဘဲ အချိန်ဆွဲနေရင် ကိုယ်ပဲ ပိုခံရတယ်။ အဲဒီလိုပဲ ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါ အကြီးအကဲတွေကို အကူအညီမတောင်းဘဲ အချိန်ဆွဲနေရင် ကိုယ်ပဲ ပိုနစ်နာမယ်။ ဒါကြောင့်လည်း ယေဟောဝါက ကျွန်တော်တို့ကို မနစ်နာစေချင်လို့ အကြီးအကဲတွေကတစ်ဆင့် “အမှုကို ဖြေရှင်းကြစို့” လို့ ပြောထားတာ။—ဟေရှာ. ၁:၅၊ ၆၊ ၁၈။

၁၁။ ကြီးလေးတဲ့အပြစ် ဖုံးကွယ်ထားရင် တခြားသူတွေပါ ဘယ်လို ထိခိုက်နိုင်သလဲ။

၁၁ ကြီးလေးတဲ့အပြစ် ဖုံးကွယ်ထားရင် တခြားသူတွေပါ ထိခိုက်နိုင်တယ်။ အသင်းတော်အပေါ် သန့်ရှင်းသောစွမ်းအားတော် အပြည့်အဝ မသက်ရောက်ဘဲ ဖြစ်သွားနိုင်တယ်။ ညီအစ်ကို/မတွေရဲ့ ငြိမ်သက်စည်းလုံးမှု ပျက်ပြားသွားနိုင်တယ်။ (ဧ. ၄:၃၀) ဒီ့အပြင် အသင်းတော်ထဲက တစ်ယောက်ယောက် ကြီးလေးတဲ့အပြစ် လုပ်ထားတာ သိရင် အကြီးအကဲတွေကို ပြောပြဖို့ သူ့ကို တိုက်တွန်းသင့်တယ်။ အချိန်အတော်အသင့် ကြာသွားတာတောင် သူ မပြောဘူးဆိုရင် အကြီးအကဲတွေကို ကျွန်တော်တို့ အသိပေးရမယ်။ သိလျက်နဲ့ ဖုံးကွယ်ထားပေးရင် ကျွန်တော်တို့လည်း အပြစ်မကင်းဘူး။ (ဝတ်. ၅:၁) အကြီးအကဲတွေကို အသိပေးတာဟာ ယေဟောဝါကို ချစ်ကြောင်း၊ သစ္စာစောင့်သိကြောင်း ပြရာရောက်တယ်။ အသင်းတော် သန့်ရှင်းနေဖို့၊ ယေဟောဝါနဲ့ အပြစ်လုပ်သူ ဆက်ဆံရေး ပြန်ကောင်းလာဖို့ ကူညီပေးရာရောက်တယ်။

ကျွန်တော်တို့ကို အကြီးအကဲတွေ ဘယ်လို ကူညီပေးကြသလဲ

၁၂။ ယေဟောဝါနဲ့ ဆက်ဆံရေး အားနည်းသွားသူတွေကို အကြီးအကဲတွေ ဘယ်လို ကူညီပေးကြသလဲ။

၁၂ ယေဟောဝါနဲ့ ဆက်ဆံရေး အားနည်းသွားသူတွေကို ထောက်မပေးဖို့ အကြီးအကဲတွေကို ကျမ်းစာမှာ ညွှန်ကြားထားတယ်။ (၁ သက်. ၅:၁၄) ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်စေမယ့်အရာတစ်ခုခု သင် လုပ်ထားတယ်ဆိုရင် သင့်အတွေး၊ ခံစားချက်ကို “ခပ်ယူ” ဖို့ အကြီးအကဲတွေ မေးခွန်းတွေ မေးလာနိုင်တယ်။ (ပညာ. ၂၀:၅) ယဉ်ကျေးမှုနောက်ခံကြောင့်၊ ပင်ကိုစရိုက်ကြောင့်၊ ရှက်စိတ်ကြောင့် လုပ်ခဲ့မိတာတွေ ပြောပြဖို့ ခက်နေရင်တောင် ပွင့်ပွင့်လင်းလင်း ပြောပြတာ အကြီးအကဲတွေကို ကူညီရာရောက်တယ်။ စကားမှားမှာ မစိုးရိမ်ပါနဲ့။ (ယောဘ ၆:၃) အကြီးအကဲတွေက အလျင်စလို ကောက်ချက်မချကြပါဘူး။ အကြောင်းစုံ နားထောင်ပြီးမှ ကျမ်းစာကို အခြေခံပြီး အကြံဉာဏ် ပေးကြတာပါ။ (ပညာ. ၁၈:၁၃) သိုးထိန်းတာဝန်ဟာ အချိန်ပေးရတဲ့တာဝန် ဖြစ်မှန်း သူတို့ အသိအမှတ်ပြုကြတယ်။ လိုအပ်တဲ့ အကူအညီ ပေးနိုင်ဖို့ တစ်ကြိမ်ထက်မက တွေ့ဆုံရနိုင်တယ်ဆိုတာ သိကြတယ်။

၁၃။ အကြီးအကဲတွေ ဆုတောင်းပေးတာ၊ ကျမ်းစာကို အခြေခံပြီး အကြံဉာဏ် ပေးတာက ဘယ်လိုနည်းနဲ့ အကူအညီဖြစ်စေသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၃ အပြစ်ရှိတယ်ဆိုတဲ့ သင့်ခံစားချက်ကို ပိုဆိုးအောင် မလုပ်မိဖို့ အကြီးအကဲတွေ ကြိုးစားကြတယ်။ သင့်အတွက် ဆုတောင်းပေးကြတယ်။ သူတို့ရဲ့ ဆုတောင်းချက်တွေ “အစွမ်းထက်ပြီး အကျိုးသက်ရောက်မှု ရှိတယ်” ဆိုတာ သင် တွေ့ရလို့ အံ့ဩသွားနိုင်တယ်။ ဒါ့အပြင် “ယေဟောဝါရဲ့ နာမည်ကို သုံးပြီး” သူတို့ “ဆီလိမ်းပေးကြ” တယ်။ (ယာ. ၅:၁၄-၁၆) “ဆီ” ဆိုတာ ကျမ်းစာအမှန်တရားကို ဆိုလိုတယ်။ ဒါကြောင့် ကျမ်းစာ သုံးပြီး သင့်ကို အကြီးအကဲတွေ နှစ်သိမ့်ပေးနိုင်တယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် ကူညီပေးနိုင်တယ်။ (ဟေရှာ. ၅၇:၁၈) ကျမ်းစာကို အခြေခံပြီး သူတို့ ပေးလာတဲ့ အကြံဉာဏ်တွေက မှန်ရာ ဆက်လုပ်မယ်ဆိုတဲ့ သင့်ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေနိုင်တယ်။ အကြီးအကဲတွေရဲ့ အကူအညီကို လက်ခံတဲ့အခါ “လမ်းမှန်က ဒီမှာ။ ဒီလမ်းအတိုင်း လျှောက်ပါ” ဆိုတဲ့ ယေဟောဝါရဲ့ အသံကို သင် နားနဲ့ ဆတ်ဆတ်ကြားရမယ်။—ဟေရှာ. ၃၀:၂၁။

ရုပ်ပုံ– ၁။ ရှေ့ရုပ်ပုံမှာ ပါတဲ့ ဆရာဝန်က လူနာရဲ့ ပခုံးကို စမ်းကြည့်နေ။ နံရံမှာ ပခုံးဓာတ်မှန် တွေ့ရ။ ၂။ ရှေ့ရုပ်ပုံမှာ ပါတဲ့ အကြီးအကဲနဲ့ အကြီးအကဲနောက်တစ်ယောက်က ညီအစ်ကိုရဲ့ အိမ်ကို သွားပြီး ကျမ်းစာနဲ့ အားပေးနေ။ အကြီးအကဲတွေ ပြောတာကို ညီအစ်ကို ပြုံးပြုံးရွှင်ရွှင် နားထောင်နေ။

ကျမ်းစာ သုံးပြီး သင့်ကို အကြီးအကဲတွေ နှစ်သိမ့်ပေးနိုင် (စာပိုဒ် ၁၃-၁၄ ကို ကြည့်ပါ)


၁၄။ ဂလာတိ ၆:၁ အရ ခြေလှမ်းမှားသူကို အကြီးအကဲတွေ ဘယ်လို ကူညီပေးသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၄ ဂလာတိ ၆:၁ ကို ဖတ်ပါ။ ခရစ်ယာန်တစ်ယောက် “ခြေလှမ်းမှားသွား” တယ်ဆိုတာ ဘုရားသခင့်စံနှုန်းတွေ မလိုက်နာတာကို ဆိုလိုတယ်။ ဆုံးဖြတ်ချက် မှားသွားတာ ဖြစ်နိုင်သလို ကြီးလေးတဲ့အပြစ် လုပ်မိတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူ့ကို အကြီးအကဲတွေ ချစ်တဲ့အတွက် “နူးညံ့သိမ်မွေ့တဲ့စိတ်နဲ့ တည့်မတ်ပေး” ကြတယ်။ “တည့်မတ်ပေး” လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ အရိုးအဆစ် လွဲသွားရာကနေ တစ်သက်လုံး ဒုက္ခိတ ဖြစ်မသွားစေဖို့ အရိုးအဆစ် အနေအထားမှန်အောင် ပြန်တည့်ပေးတာကို ရည်ညွှန်းတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်က လူနာကို အရိုးအဆစ် ပြန်တည့်ပေးတဲ့အခါ နာကျင်မှု နည်းနိုင်သမျှ နည်းအောင် ဂရုစိုက်တယ်။ အဲဒီလိုပဲ ခြေလှမ်းမှားသူကို အကြီးအကဲတွေ တည့်မတ်ပေးတဲ့အခါ အနာပေါ် အနာမဆင့်ဖို့ ဂရုစိုက်ကြတယ်။ ဒါ့အပြင် အကြီးအကဲတွေဟာ မိမိတို့ကိုယ်တိုင်လည်း မစုံလင်သူတွေ ဖြစ်တယ်၊ ခြေလှမ်းမှားနိုင်တယ်ဆိုတာ အသိအမှတ်ပြုပြီး “အမြဲသတိထားကြ” တယ်။ ကိုယ် ကူညီပေးနေတဲ့သူထက် ပိုသာတယ်၊ ပိုဖြောင့်မတ်တယ်လို့ မတွေးကြဘူး။ ကိုယ်ချင်းစာကြတယ်။—၁ ပေ. ၃:၈။

၁၅။ အကူအညီ လိုအပ်တဲ့အခါ ဘာလုပ်နိုင်သလဲ။

၁၅ အကြီးအကဲတွေကို ကျွန်တော်တို့ ယုံကြည်စိတ်ချနိုင်တယ်။ ညီအစ်ကို/မတွေရဲ့ အတွင်းရေးကို လျှို့ဝှက်ထားတတ်ဖို့၊ ကိုယ့်အမြင်ကို မဟုတ်ဘဲ ကျမ်းစာကို အခြေခံပြီး အကြံဉာဏ် ပေးတတ်ဖို့၊ အချင်းချင်းရဲ့ ဝန်တွေကို ကူထမ်းပေးတတ်ဖို့ အကြီးအကဲတွေကို ယေဟောဝါ လေ့ကျင့်ပေးထားတယ်။ (ပညာ. ၁၁:၁၃။ ဂလ. ၆:၂) အကြီးအကဲတစ်ယောက်နဲ့ တစ်ယောက် ကိုယ်ရည်ကိုယ်သွေး၊ အတွေ့အကြုံ မတူကြပေမဲ့ ဘယ်အကြီးအကဲကိုမဆို ရင်ဖွင့်နိုင်တယ်။ ကိုယ်ကြားချင်တဲ့စကား မကြားရမချင်း တစ်ယောက်ပြီးတစ်ယောက် အကြံဉာဏ် လိုက်တောင်းတာမျိုးတော့ မဖြစ်သင့်ဘူး။ အဲဒီလိုသာဆိုရင် “အကျိုးဖြစ်ထွန်းတဲ့ သွန်သင်ချက်ကို” နားမထောင်ချင်ဘဲ “ကိုယ်ကြားချင်တာကို” ပြောပေးမယ့်သူ ရှာဖွေသလို ဖြစ်နေမယ်။ (၂ တိ. ၄:၃) အကြီးအကဲတစ်ယောက်ကို ရင်ဖွင့်တဲ့အခါ ‘တခြားအကြီးအကဲတွေကို ပြောပြဖြစ်သေးလား၊ ဘာအကြံဉာဏ် ပေးကြသလဲ’ စသဖြင့် ကျွန်တော်တို့ကို မေးလာနိုင်တယ်။ ကျိုးနွံမှု ရှိတဲ့ အကြီးအကဲတွေဟာ တခြားအကြီးအကဲတွေကို အကြံဉာဏ် တောင်းခံလေ့ရှိကြတယ်။—ပညာ. ၁၃:၁၀။

ကိုယ်တိုင်ရဲ့ တာဝန်

၁၆။ ကျွန်တော်တို့တစ်ယောက်ချင်းစီမှာ ဘာတာဝန် ရှိသလဲ။

၁၆ ကျွန်တော်တို့ကို အကြီးအကဲတွေ အကြံဉာဏ် ပေးပေမဲ့ ဆုံးဖြတ်ချက် ချမပေးကြဘူး။ ယေဟောဝါကို ချစ်ကြောင်း၊ စိတ်ရွှင်လန်းစေချင်ကြောင်း အပြောအဆို၊ လုပ်ရပ်နဲ့ သက်သေပြရမှာဟာ ကျွန်တော်တို့တစ်ယောက်ချင်းစီရဲ့ တာဝန် ဖြစ်တယ်။ (ရော. ၁၄:၁၂) ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့၊ သစ္စာစောင့်သိနိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်။ ဒါကြောင့် ဘာလုပ်ပါဆိုပြီး ကျွန်တော်တို့ကို အကြီးအကဲတွေ မပြောကြဘူး။ ယေဟောဝါရဲ့ အမြင်ကို သိဖို့ ကျမ်းစာ သုံးပြီး ကူညီပေးကြတယ်။ သူတို့ ပေးလာတဲ့ အကြံဉာဏ်ကို လိုက်နာတာဟာ “ပိုင်းခြားသိမြင်နိုင်စွမ်း” သုံးပြီး ဆုံးဖြတ်ချက်ကောင်း ချတတ်အောင် လေ့ကျင့်တာပဲ။—ဟီ. ၅:၁၄။

၁၇။ ဘာဆုံးဖြတ်ထားသင့်သလဲ။

၁၇ ယေဟောဝါရဲ့ သိုးတော်စုထဲ ရှိနေရတာ အခွင့်ထူးပါပဲ။ ယေဟောဝါက ကျွန်တော်တို့ ထာဝရအသက် ရဖို့ “သိုးထိန်းကောင်း” ယေရှုကို ရွေးဖိုးပေးစေတယ်။ (ယော. ၁၀:၁၁) “မင်းတို့ကို ငါ့စိတ်နဲ့ ကိုက်ညီတဲ့ သိုးထိန်းတွေ ပေးမယ်။ သူတို့က အသိပညာရှိရှိ၊ ထိုးထွင်းသိမြင်မှုရှိရှိ ကျွေးမွေးမယ်” ဆိုတဲ့ ကတိအတိုင်း အသင်းတော်အကြီးအကဲတွေ ခန့်အပ်ပေးတယ်။ (ယေ. ၃:၁၅) ဒါကြောင့် ဘုရားရေးရာမှာ အားနည်းလာတဲ့အခါ ဒါမှမဟုတ် ဖျားနာတဲ့အထိ ဖြစ်သွားတဲ့အခါ အကြီးအကဲတွေကို အကူအညီတောင်းဖို့ မတွန့်ဆုတ်သင့်ဘူး။ အကြီးအကဲတွေကတစ်ဆင့် ကူညီပေးတဲ့ ယေဟောဝါရဲ့ အစီအစဉ်ကနေ အကျိုးအပြည့်အဝ ရယူဖို့ ဆုံးဖြတ်ထားကြရအောင်။

သင် ဘယ်လို ဖြေမလဲ

  • အကြီးအကဲတွေကို ဘယ်အချိန်မှာ အကူအညီတောင်းသင့်သလဲ။

  • အကြီးအကဲတွေကို ဘာကြောင့် အကူအညီတောင်းသင့်သလဲ။

  • ကျွန်တော်တို့ကို အကြီးအကဲတွေ ဘယ်လို ကူညီပေးကြသလဲ။

သီချင်း ၃၁ ဘုရားနဲ့အတူ လျှောက်လှမ်းပါ

    မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ လက်သင်္ကေတပြဘာသာစကား
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ