၁ ယောဟန်
၅ ယေရှုသည် ခရစ်တော်ဖြစ်၏ဟု ယုံကြည်သူတိုင်း ဘုရားသခင် ဖြစ်ပေါ်စေတော်မူသောသူဖြစ်၏။ ထိုသို့ဖြစ်ဖွားစေတော်မူသောအရှင်ကို ချစ်သောသူတိုင်းသည် ထိုအရှင်ဖြစ်ပေါ်စေသူကိုလည်း ချစ်၏။ ၂ ငါတို့သည် ဘုရားသခင်ကို ချစ်၍ ကိုယ်တော်၏ပညတ်များကို လိုက်နာလျှင် ဘုရားသခင်၏သားသမီးများကို ချစ်ကြောင်း ငါတို့သိကြ၏။ ၃ ဘုရားသခင်ကို ချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်များသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည်မဟုတ်။ ၄ ဘုရားသခင်ထံမှ ဖြစ်ပေါ်သမျှသည် လောကကိုအောင်နိုင်၏။ လောကကို အောင်နိုင်စေသည်ကား ငါတို့၏ယုံကြည်ခြင်းပေတည်း။
၅ လောကကို အောင်နိုင်သူကား မည်သူနည်း။ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်၏ဟု ယုံကြည်သောသူ မဟုတ်ပေလော။ ၆ ရေအားဖြင့်လည်းကောင်း၊ သွေးအားဖြင့်လည်းကောင်း ကြွလာတော်မူသောသူသည် ယေရှုခရစ်ပင်တည်း။ ကိုယ်တော်သည် ရေအားဖြင့်သာမဟုတ်၊ ရေနှင့်လည်းကောင်း၊ သွေးနှင့်လည်းကောင်း ကြွလာတော်မူ၏။ အမှန်တရားဖြစ်သော ဘုရားသခင့်စွမ်းအားတော်သည် သက်သေခံတော်မူ၏။ ၇ သက်သေသုံးပါး ရှိ၏။ ၈ ဘုရားသခင့်စွမ်းအားတော်တစ်ပါး၊ ရေတစ်ပါး၊ သွေးတစ်ပါး ဖြစ်၏။ ဤသုံးပါးတို့သည် တစ်ညီတစ်ညွတ်တည်း ရှိ၏။
၉ လူတို့၏သက်သေကို လက်ခံလျှင် ဘုရားသခင်၏သက်သေကို သာ၍လက်ခံရမည်။ ဘုရားသခင်၏သက်သေကား သားတော်နှင့်ပတ်သက်သော သက်သေဖြစ်၏။ ၁၀ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည် ကိုယ်တိုင် သက်သေကို ရ၏။ ဘုရားသခင်ကို မယုံကြည်သောသူသည် ကိုယ်တော်ကို မုသာသုံးသည်ဟု ဆိုရာရောက်၏။ အကြောင်းမူကား သားတော်နှင့်ပတ်သက်သည့် ဘုရားသခင်ပေးသော သက်သေကို မယုံကြည်သောကြောင့်ဖြစ်၏။ ၁၁ ငါတို့ကို ဘုရားသခင်ပေးတော်မူသော သက်သေသည် ထာဝရအသက်ဖြစ်၏။ ထိုအသက်သည် သားတော်၌ ရှိ၏။ ၁၂ သားတော်ကို လက်ခံသောသူသည် ထိုအသက်ကိုရ၏။ ဘုရားသခင့်သားတော်ကို လက်မခံသောသူ၌ ထိုအသက်မရှိ။
၁၃ ဘုရားသခင့်သားတော်၏နာမကို ယုံကြည်သော သင်တို့သည် ထာဝရအသက်ကို ရရှိထားကြောင်း သိစေရန် ဤအကြောင်းအရာများကို ငါရေးလိုက်၏။ ၁၄ အလိုတော်နှင့်အညီ ငါတို့တောင်းသမျှကို ကိုယ်တော် နားညောင်းတော်မူကြောင်း ငါတို့ယုံကြည်စိတ်ချကြ၏။ ၁၅ ငါတို့တောင်းသမျှကို ကိုယ်တော်နားညောင်းတော်မူကြောင်း သိထားလျှင် ကိုယ်တော်ထံ တောင်းလျှောက်ထားရာများကို ရမည်ဟု ငါတို့သိကြ၏။
၁၆ မိမိညီအစ်ကိုသည် သေပြစ်မထိုက်သောအပြစ် ကျူးလွန်နေသည်ကိုတွေ့လျှင် ဆုတောင်းပေးလော့။ ဘုရားသခင်သည် ထိုသူအား အသက်ပေးတော်မူမည်။ ဤတွင် သေပြစ်မထိုက်သောအပြစ် ကျူးလွန်သူတို့အကြောင်း ငါဆိုနေခြင်းဖြစ်၏။ သေပြစ်ထိုက်သော အပြစ်လည်း ရှိ၏။ ထိုအပြစ်မျိုးအတွက် ဆုတောင်းရမည်ဟု ငါမဆို။ ၁၇ မဖြောင့်မတ်မှုအားလုံးသည် အပြစ်ဖြစ်၏။ သေပြစ်မထိုက်သော အပြစ်လည်းရှိသေး၏။
၁၈ ဘုရားသခင် ဖြစ်ပေါ်စေတော်မူသောသူမည်သည်ကား အပြစ်ကို ပြုလေ့မရှိ။ ဘုရားသခင် ဖြစ်ပေါ်စေတော်မူသောအရှင်သည် ထိုသူကို စောင့်ရှောက်တော်မူမည်။ ဆိုးညစ်သူသည် သူ့ကို မထိခိုက်နိုင်။ ၁၉ ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြောင်း၊ တစ်လောကလုံးသည် ဆိုးညစ်သူ၏ဩဇာအောက်တွင် ရှိနေကြောင်း ငါတို့သိကြ၏။ ၂၀ ဘုရားသခင်၏သားတော် ကြွလာပြီဖြစ်ကြောင်းကို ငါတို့သိကြ၏။ စစ်မှန်သောအရှင်ကို သိကျွမ်းခြင်းအလိုငှာ ငါတို့အား ဉာဏ်စွမ်း ပေးထားတော်မူ၏။ ငါတို့သည် သားတော်ယေရှုခရစ်အားဖြင့် ထိုစစ်မှန်သောအရှင်နှင့် တစ်လုံးတစ်ဝတည်း ရှိကြ၏။ ထိုအရှင်ကား စစ်မှန်သောဘုရားသခင်ဖြစ်တော်မူ၍ ထာဝရအသက်ပေးသော အရှင်ပေတည်း။ ၂၁ သားသမီးတို့၊ ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။