ယေရမိ
၂၀ အိမေရရဲ့သား၊ ယေဟောဝါရဲ့အိမ်တော် တာဝန်ခံချုပ် ပုရောဟိတ် ပါရှုရက ယေရမိ အဲဒီလို ပရောဖက်ပြုတာကို နားထောင်နေတယ်။ ၂ အဲဒီနောက် ပရောဖက် ယေရမိကို ရိုက်နှက်ပြီး ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ ဗင်ယာမိန် အထက်တံခါးမှာ ထိတ်တုံးခတ်ထားတယ်။+ ၃ နောက်တစ်နေ့မှာ ပါရှုရက ယေရမိကို ထိတ်တုံးဖြုတ်ပေးလိုက်တယ်။ အဲဒီအခါ ယေရမိက–
“ယေဟောဝါဘုရားက မင်းကို ပါရှုရလို့ မခေါ်တော့ဘဲ အရပ်တကာ ကြောက်ရတဲ့သူလို့ ခေါ်တော့မယ်။+ ၄ ယေဟောဝါ ပြောတာက– ‘မင်းကို ကိုယ့်ကိုယ်ကိုယ်ရော မိတ်ဆွေတွေပါ ကြောက်ရတဲ့သူဖြစ်အောင် ငါလုပ်မယ်။ သူတို့ဟာ မင်းရှေ့မှာတင် ရန်သူ့ဓားချက်နဲ့ ကျဆုံးရလိမ့်မယ်။+ ယုဒလူအားလုံးကို ဗာဗုလုန် ဘုရင်လက်ထဲ ငါအပ်မယ်။ သူတို့ကို ဗာဗုလုန်ဆီ ဖမ်းခေါ်သွားပြီး ဓားနဲ့ကွပ်မျက်လိမ့်မယ်။+ ၅ ဒီမြို့ရဲ့ စည်းစိမ်၊ ပစ္စည်းဥစ္စာ၊ တန်ဖိုးရှိတဲ့အရာ၊ ယုဒဘုရင်တွေရဲ့ အဖိုးတန်ရတနာအားလုံးကို ရန်သူတွေလက်ထဲ ငါအပ်မယ်။+ သူတို့ တိုက်ခိုက်သိမ်းယူပြီး ဗာဗုလုန်ပြည်ဆီ သယ်သွားကြမယ်။+ ၆ ပါရှုရ၊ မင်းက လူတွေကို လိမ်ညာပြီး ပရောဖက်ပြုခဲ့တဲ့အတွက် ကိုယ်တိုင်ရော မင်းရဲ့ အိမ်မှာနေထိုင်သူအားလုံး သုံ့ပန်းဘဝ ရောက်သွားမယ်။ ဗာဗုလုန်ကို ရောက်ပြီး အဲဒီမှာ သေရမယ်။ မိတ်ဆွေအားလုံးနဲ့အတူ အဲဒီမှာ သင်္ဂြိုဟ်ခံရမယ်။’”+
၇ အို ယေဟောဝါ၊ ကိုယ်တော်အယုံသွင်းတာကို ကျွန်တော် ခံလိုက်ရပြီ။
ကျွန်တော့်ကို ခွန်အားနဲ့ အနိုင်ယူလိုက်ပြီ။+
ကျွန်တော်ဟာ တစ်နေ့လုံး ရယ်စရာကောင်းတဲ့သူ ဖြစ်နေပြီ။
လူတိုင်း ကျွန်တော့်ကို လှောင်ပြောင်နေကြပြီ။+
၈ ကျွန်တော် ဟောတဲ့အခါတိုင်း “အကြမ်းဖက်မှု၊ ဖျက်ဆီးမှု” ဆိုပြီး အော်ဟစ်ကြွေးကြော်နေရတယ်။
ယေဟောဝါရဲ့ နှုတ်ထွက်စကားကြောင့် ကျွန်တော့်မှာ တစ်နေ့လုံး စော်ကားခံနေရတယ်။ သရော်ခံနေရတယ်။+
၉ ဒါကြောင့် “ဘုရားသခင်အကြောင်း ငါမပြောတော့ဘူး။
နာမတော်ကိုသုံးပြီး မဟောတော့ဘူး”+ လို့ ပြောမိပေမဲ့ ရင်ထဲမှာတော့ နှုတ်ထွက်စကားတွေဟာ အရိုးကိုလောင်မြှိုက်တဲ့ မီးလိုပဲ။
ချုပ်တည်းရလွန်းလို့ ပင်ပန်းလှပြီ။
ဆက်ပြီး မချုပ်တည်းနိုင်တော့ဘူး။+
၁၀ ကောလာဟလတွေ ကြားနေရတယ်။
ကြောက်စရာတွေ ကျွန်တော့်ကို ဝိုင်းရံနေတယ်။+
“သူ့အကြောင်း တိုင်တန်းကြစို့။ တိုင်တန်းကြစို့” လို့ပြောကြတယ်။
လူတွေက ငြိမ်သက်ခြင်းရှိပါစေလို့ နှုတ်ဆက်ပေမဲ့ ကျွန်တော်ကျဆုံးမှာကိုပဲ စောင့်ကြည့်နေတယ်။+
“သူ မိုက်မဲတဲ့အမှား လုပ်မိမှာပါ။
ငါတို့ အနိုင်ရပြီး လက်စားချေနိုင်မှာပါ” လို့ပြောကြတယ်။
၁၁ ဒါပေမဲ့ ယေဟောဝါဟာ ကြောက်စရာကောင်းတဲ့ ခွန်အားကြီးစစ်သည်လို ကျွန်တော်နဲ့အတူ ရှိနေတယ်။+
ဒါကြောင့် ညှဉ်းပန်းနှိပ်စက်နေသူတွေ အနိုင်မရဘဲ တိုက်မိလဲသွားလိမ့်မယ်။+
မအောင်မြင်ဘဲ အကြီးအကျယ် အရှက်ကွဲသွားလိမ့်မယ်။
သူတို့ ထာဝစဉ် အရှက်ကွဲတာကို လူတွေ မေ့လျော့သွားမှာ မဟုတ်ဘူး။+
၁၂ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ၊ ကိုယ်တော်က ဖြောင့်မတ်သူကို စစ်ဆေးတယ်။
စိတ်နှလုံးကိုရော အနက်ရှိုင်းဆုံးခံစားချက်တွေကိုပါ* သိမြင်တယ်။+
ကျွန်တော့်အမှုကို ကိုယ်တော့်ဆီ အပ်ထားတဲ့အတွက်+
ကိုယ်တော် လက်စားချေတာကို မြင်တွေ့ပါရစေ။+
၁၃ ယေဟောဝါအတွက် သီချင်းဆိုကြ။ ယေဟောဝါကို ချီးမွမ်းကြ။
နွမ်းပါးသူကို လူယုတ်မာတွေ လက်ကနေ ဘုရား ကယ်လိုက်ပြီ။
၁၄ ကျွန်တော့်ကိုမွေးတဲ့နေ့ဟာ ကျိန်စာသင့်ပါစေ။
ကျွန်တော့်ကို အမေမွေးတဲ့ရက်ဟာ ကောင်းချီး မရပါစေနဲ့။+
၁၅ အဖေ အပျော်ကြီးပျော်သွားအောင် “သားလေး မွေးပြီ” ဆိုတဲ့ သတင်းကောင်းကို လာပြောတဲ့သူဟာ ကျိန်စာသင့်ပါစေ။
၁၆ အဲဒီလူဟာ ယေဟောဝါ နောင်တမရဘဲ ဖျက်ဆီးလိုက်တဲ့ မြို့တွေလို ဖြစ်ပါစေ။
မနက်မှာ အော်ဟစ်သံ၊ မွန်းတည့်ချိန်မှာ စစ်တိုက်ဖို့ အချက်ပေးသံကို သူကြားရပါစေ။
၁၇ ဘုရားက ကျွန်တော့်ကို အမေ့ဝမ်းထဲမှာကတည်းက ဘာလို့ မသေဆုံးစေတာလဲ။
အဲဒီလိုသာဆိုရင် အမေ့ရဲ့ဝမ်းဟာ ကျွန်တော့်သင်္ချိုင်း ဖြစ်နေမှာ။
ကျွန်တော့်ကို မွေးလာတော့မှာ မဟုတ်ဘူး။+
၁၈ ဒုက္ခနဲ့ သောကတွေ ခံစားဖို့၊
ကျွန်တော့်နေ့ရက်တွေ အရှက်တကွဲ ဇာတ်သိမ်းသွားဖို့
အမေ့ဝမ်းထဲကနေ ကျွန်တော် ဘာလို့ ထွက်လာရတာလဲ။+