မဿဲ
၇ “ကိုယ်တိုင် ဝေဖန် အကဲဖြတ်မခံရဖို့ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့တော့။+ ၂ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တဲ့အတိုင်း ကိုယ်တိုင် ပြန်ခံရလိမ့်မယ်။+ ကိုယ်ချိန်ပေးလိုက်တဲ့ ပမာဏအတိုင်း ပြန်ရလိမ့်မယ်။+ ၃ ကိုယ့်မျက်စိထဲမှာ သစ်သားချောင်း ခံနေတာကို သတိမထားဘဲနဲ့ ညီအစ်ကိုရဲ့ မျက်စိထဲက သစ်စလေးကိုပဲ ဘာလို့ ကြည့်နေတာလဲ။+ ၄ ကိုယ့်မျက်စိထဲမှာ သစ်သားချောင်း ခံနေလျက်နဲ့ ညီအစ်ကိုကို ‘မင်းရဲ့ မျက်စိထဲက သစ်စလေး ထုတ်ပေးပါရစေ’ လို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။ ၅ သူတော်ကောင်း ယောင်ဆောင်သူတို့၊ ကိုယ့်မျက်စိထဲက သစ်သားချောင်းကို အရင် ထုတ်လိုက်ပါဦး။ ဒါမှ ရှင်းရှင်းလင်းလင်း မြင်ရပြီး ညီအစ်ကိုရဲ့ မျက်စိက သစ်စလေးကို ထုတ်ပေးနိုင်မှာပေါ့။
၆ “ခွေးကို မြင့်မြတ်တဲ့အရာတွေ မပေးပါနဲ့။ ဝက်ရှေ့မှာလည်း ပုလဲတွေ မချထားပါနဲ့။+ အဲဒါတွေကို နင်းချေပြီး ခင်ဗျားတို့ကို ပြန်ကိုက်လိမ့်မယ်။
၇ “တောင်းမြဲတောင်းပါ၊ ရလိမ့်မယ်။+ ရှာမြဲရှာပါ၊ တွေ့လိမ့်မယ်။ ခေါက်မြဲခေါက်ပါ၊ တံခါးပွင့်လာလိမ့်မယ်။+ ၈ တောင်းတဲ့သူတိုင်း ရလိမ့်မယ်။+ ရှာတဲ့သူတိုင်း တွေ့လိမ့်မယ်။ ခေါက်တဲ့သူတိုင်းအတွက် တံခါးပွင့်လာလိမ့်မယ်။ ၉ ကိုယ့်ရဲ့ သားက မုန့်ကို တောင်းရင် ကျောက်ခဲ ပေးမလား။ ၁၀ ငါးကို တောင်းရင် မြွေ ပေးမလား။ ၁၁ ခင်ဗျားတို့ အပြစ်သားတွေတောင် ကိုယ့်သားသမီးကို ကောင်းတာတွေ ပေးတတ်ရင် ခင်ဗျားတို့ရဲ့ ကောင်းကင်ဘုံစံ အဖဘုရားက တောင်းတဲ့သူတွေကို ကောင်းတဲ့အရာတွေ+ ပိုလို့တောင် ပေးမှာ မဟုတ်လား။+
၁၂ “ဒါကြောင့် ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။+ ဒါဟာ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းရဲ့* အနှစ်ချုပ်ပဲ။+
၁၃ “ကျဉ်းတဲ့ တံခါးကနေ ဝင်ကြပါ။+ ပျက်စီးခြင်းကို ပို့ဆောင်တဲ့ တံခါးဟာ ကျယ်ဝန်းပြီး လမ်းကလည်း ပြန့်ပြူးတဲ့အတွက် ဝင်တဲ့သူတွေ များတယ်။ ၁၄ အသက်ရှင်ခြင်းကို ပို့ဆောင်တဲ့ တံခါးကတော့ ကျဉ်းမြောင်းပြီး လမ်းကလည်း ကြမ်းတဲ့အတွက် ရှာတွေ့သူတွေ နည်းတယ်။+
၁၅ “သိုးရေခြုံပြီး ဝင်လာတဲ့+ ပရောဖက် အတုအယောင်တွေကို+ သတိထားကြ။ တကယ်တော့ သူတို့ဟာ ငမ်းငမ်းတက် ဖြစ်နေတဲ့ ဝံပုလွေတွေပဲ။+ ၁၆ သူတို့ရဲ့ အသီးကို* ကြည့်ပြီး သူတို့ကို ခွဲခြားသိလိမ့်မယ်။ ဆူးပင်ကနေ စပျစ်သီး ခူးလို့မှ မရတာ။ ဆူးလေပင်ကနေ သဖန်းသီး ခူးလို့မှ မရတာ။+ ၁၇ အလားတူပဲ၊ ကောင်းတဲ့ အပင်ဟာ ကောင်းတဲ့ အသီး သီးတတ်တယ်။ မကောင်းတဲ့ အပင်ကတော့ မကောင်းတဲ့ အသီးပဲ သီးတတ်တယ်။+ ၁၈ ကောင်းတဲ့ အပင်ဟာ မကောင်းတဲ့ အသီး မသီးဘူး။ မကောင်းတဲ့ အပင်လည်း ကောင်းတဲ့ အသီး မသီးဘူး။+ ၁၉ ကောင်းတဲ့ အသီး မသီးရင် ခုတ်လှဲပြီး မီးထဲ ပစ်ချခံရတတ်တယ်။+ ၂၀ ဒါကြောင့် သူတို့ရဲ့ အသီးကို ကြည့်ပြီး သူတို့ကို ခွဲခြားသိလိမ့်မယ်။+
၂၁ “‘သခင်၊ သခင်’ လို့ ကျွန်တော့်ကို ခေါ်တဲ့သူတိုင်း ကောင်းကင်နိုင်ငံကို ဝင်ရမှာ မဟုတ်ဘူး။ ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော့်အဖရဲ့ အလိုတော်ကို ဆောင်တဲ့သူပဲ ဝင်ရလိမ့်မယ်။+ ၂၂ အဲဒီနေ့မှာ လူအများက ‘သခင်၊ သခင်၊+ ကျွန်တော်တို့ သခင့်နာမည်ကို သုံးပြီး ပရောဖက်ပြုခဲ့တယ်၊ နတ်ဆိုးတွေကို နှင်ထုတ်ခဲ့တယ်၊ အံ့ဖွယ်အမှုတွေကိုလည်း လုပ်ပြခဲ့တယ် မဟုတ်လား’+ ဆိုပြီး ပြောကြလိမ့်မယ်။ ၂၃ အဲဒီအခါ ကျွန်တော်က ‘တရားမဲ့သူတို့၊ မင်းတို့ကို ငါ လုံးဝ မသိဘူး။ ငါ့ရှေ့က ထွက်သွားကြ’+ ဆိုပြီး သူတို့ကို ပြောမယ်။
၂၄ “ဒါကြောင့် ကျွန်တော် ပြောနေတဲ့ ဒီစကားတွေကို ကြားပြီး လိုက်နာတဲ့သူဟာ ကျောက်သားပေါ်မှာ အိမ်ဆောက်တဲ့ သတိပညာရှိသူနဲ့ တူတယ်။+ ၂၅ မိုးသဲသဲမဲမဲ ရွာလို့ ရေတွေ တက်လာပြီး လေပြင်း တိုက်ခတ်တဲ့အခါ အဲဒီအိမ်ဟာ ကျောက်ဆောင်ပေါ်မှာ ဆောက်ထားတဲ့အတွက် မပြိုလဲဘူး။ ၂၆ ကျွန်တော် ပြောနေတဲ့ ဒီစကားတွေကို ကြားပေမဲ့ မလိုက်နာသူကတော့ သဲပေါ်မှာ အိမ်ဆောက်တဲ့ ဉာဏ်မရှိသူနဲ့ တူတယ်။+ ၂၇ မိုးသဲသဲမဲမဲ ရွာလို့ ရေတွေ တက်လာပြီး လေပြင်း တိုက်ခတ်တဲ့အခါ+ အဲဒီအိမ် ပြိုလဲပြီး လုံးဝ ပျက်စီးသွားတယ်။”
၂၈ အဲဒီလို ပြောပြီးသွားတဲ့အခါ လူအုပ်က ယေရှုရဲ့ သွန်သင်ပုံကို အံ့သြကြတယ်။+ ၂၉ ယေရှုက ကျမ်းတတ်တွေလို မဟုတ်ဘဲ ဘုရားပေး အခွင့်အာဏာ ရှိသူတစ်ယောက်လို သွန်သင်ပေးလို့ပဲ။+