ယေရမိ
၃၁ အဲဒီအချိန်ရောက်ရင် ငါဟာ အစ္စရေးမျိုးနွယ်အားလုံးရဲ့ ဘုရားသခင် ဖြစ်လာမယ်။ သူတို့လည်း ငါ့လူတွေ ဖြစ်လာမယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၂ “နားခိုရာဆီ အစ္စရေး လျှောက်လှမ်းလာတဲ့အခါ
ဓားဘေးကနေ လွတ်မြောက်လာသူတွေက တောကန္တာရမှာ မျက်နှာသာ ခံစားရတယ်” လို့ ယေဟောဝါ ပြောတယ်။
၃ ယေဟောဝါက အဝေးကနေ ကျွန်တော့်ဆီ ရောက်လာပြီး ပြောတယ်။
“ငါက ထာဝရမေတ္တာနဲ့ မင်းကို ချစ်တယ်။
ဒါကြောင့် ခိုင်မြဲတဲ့မေတ္တာကြိုးနဲ့ မင်းကို ဆွဲယူတယ်။+
၄ ငါပြန်တည်ဆောက်တဲ့အတွက် မင်း တည်ဆောက်ခံရလိမ့် မယ်။+
အို အစ္စရေးသမီးပျို၊ မင်းက ချူတပ်ဗုံတွေကို ကိုင်ပြီး ရွှင်လန်းစွာ ကခုန်ရလိမ့်မယ်။+
၅ မင်းက ရှမာရိတောင်တန်းတွေပေါ်မှာ စပျစ်ခြံတွေ ပြန်စိုက်ပျိုးလိမ့်မယ်။+
စိုက်ပျိုးသူတွေက အသီးတွေကို စားသုံးရလိမ့်မယ်။+
၆ ဧဖရိမ်တောင်တန်းတွေပေါ်မှာရှိတဲ့ ကင်းစောင့်တွေက
‘ထကြ။ ငါတို့ရဲ့ဘုရားသခင် ယေဟောဝါရှိရာ ဇိအုန်တောင်ကို တက်သွားကြစို့’ လို့ ကြွေးကြော်မယ့်နေ့ ရောက်တော့မယ်။”+
၇ ယေဟောဝါ ပြောတာက–
“ယာကုပ်ရဲ့ သားမြေးတွေကို ဝမ်းသာအားရ ပြောလိုက်ပါ။
လူမျိုးတွေကို ဦးဆောင်ရတဲ့ အတွက် ရွှင်လန်းစွာ သီချင်းဆိုကြ။+
‘အို ယေဟောဝါ၊ လူမျိုးတော်ဖြစ်တဲ့ အစ္စရေးအကြွင်းအကျန်ကို ကယ်တင်လှည့်ပါ’ လို့ကြွေးကြော်ပြီး ချီးမွမ်းကြ။+
၈ ငါက သူတို့ကို မြောက်အရပ်မှာရှိတဲ့ ပြည်ကနေ ပြန်ခေါ်ဆောင်လာမယ်။+
ကမ္ဘာမြေ အစွန်အဖျားကနေ ပြန်စုသိမ်းမယ်။+
မျက်မမြင်သူ၊ ခြေဆွံ့သူ၊+
ကိုယ်ဝန်ဆောင်မိန်းမနဲ့ မီးဖွားခါနီးမိန်းမတွေ ပါလိမ့်မယ်။
လူစုလူဝေးကြီးအဖြစ် ဒီကို ပြန်လာကြလိမ့်မယ်။+
၉ သူတို့ ငိုကြွေးပြီး လာကြလိမ့်မယ်။+
မျက်နှာသာရဖို့ အသနားခံတဲ့အတွက် သူတို့ကို ငါဦးဆောင်ခေါ်လာမယ်။
စမ်းချောင်းတွေဆီ ဖြောင့်ဖြူးတဲ့လမ်းအတိုင်း ငါလမ်းပြပေးမှာဖြစ်လို့+ သူတို့ ခလုတ်တိုက်လဲမှာ မဟုတ်ဘူး။
ငါဟာ အစ္စရေးရဲ့ဖခင်ပဲ၊ ဧဖရိမ်ဟာ ငါ့သားဦးပဲ။”+
၁၀ လူမျိုးတကာတို့၊ ယေဟောဝါပြောတာကို နားထောင်ကြ။
ရပ်ဝေးကျွန်းတွေမှာ ကြေညာကြ–+
“အစ္စရေးကို ကွဲလွင့်စေတဲ့အရှင်က သူ့ကို ပြန်စုသိမ်းမယ်။
သိုးအုပ်ကို စောင့်ရှောက်တဲ့ သိုးထိန်းလို သူ့ကို စောင့်ရှောက်ပေးမယ်။+
၁၁ ယေဟောဝါက ယာကုပ်ကို ရွေးယူလိမ့်မယ်။+
သူ့ထက် အားကြီးသူရဲ့လက်ကနေ ကယ်တင်လိမ့်မယ်။+
၁၂ သူတို့က ဇိအုန်တောင်ပေါ်ကို လာပြီး ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မယ်။+
ယေဟောဝါရဲ့ ကောင်းမြတ်မှုကြောင့်၊
ကောက်နှံ၊ စပျစ်ဝိုင်အသစ်၊+ ဆီနဲ့ သိုးနွားအုပ်ထဲက သားပေါက်တွေကြောင့် ရွှင်မြူးကြလိမ့်မယ်။+
သူတို့ဟာ ရေဝနေတဲ့ဥယျာဉ်လို ဖြစ်လာမယ်။+
ဘယ်တော့မှ နွမ်းလျမှာ မဟုတ်ဘူး။”+
၁၃ “အဲဒီအချိန်ကျရင် အပျိုစင်တွေ ဝမ်းသာအားရ ကခုန်လိမ့်မယ်။
လူကြီးလူငယ်တွေလည်း ကခုန်ကြလိမ့်မယ်။+
သူတို့ရဲ့ငိုကြွေးခြင်းကို ရွှင်လန်းခြင်းဖြစ်အောင် ငါပြောင်းလဲပေးမယ်။+
သူတို့ကို နှစ်သိမ့်ပေးပြီး ဝမ်းနည်းခြင်းအစား ရွှင်လန်းခြင်းကို ပေးသနားမယ်။+
၁၄ ငါက ပုရောဟိတ်တွေကို အစားအစာ အလျှံပယ်ပေးမယ်။
ငါ့လူတွေဟာ ကောင်းမြတ်ခြင်းကျေးဇူးကြောင့် ကျေနပ်နေလိမ့်မယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၅ “‘ရာမအရပ်မှာ+ မြည်တမ်းသံ၊ ရှိုက်ကြီးတငင် ငိုကြွေးသံကို ကြားနေရတယ်။
ရာခေလက သူ့သားတွေအတွက် ငိုကြွေးနေတယ်။+
သားတွေ မရှိတော့တဲ့အတွက် နှစ်သိမ့်ပေးလို့ မရနိုင်အောင် ဖြစ်နေတယ်’+ လို့
ယေဟောဝါ ပြောတယ်။”
၁၆ ယေဟောဝါ ပြောတာက–
“‘မငိုပါနဲ့တော့။ မျက်ရည် မကျပါနဲ့တော့။
မင်းရဲ့လုပ်ရပ်အတွက် ငါဆုချမှာပါ။
ရန်သူ့ပြည်ကနေ သူတို့ ပြန်လာကြမှာပါ။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၁၇ ‘မင်းအတွက် အနာဂတ်မျှော်လင့်ချက် ရှိတယ်။+
မင်းရဲ့သားတွေ နေရင်းပြည်ကို ပြန်လာလိမ့်မယ်။’+ ဒါဟာ ယေဟောဝါ ပြောတဲ့စကားပဲ။”
၁၈ “ဧဖရိမ်ညည်းတွားတာကို ကျွန်တော် ကြားတယ်–
‘ကိုယ်တော် တည့်မတ်ပေးတဲ့အတွက်
ကျွန်တော်ဟာ နွားရိုင်းလေးလို တည့်မတ်ခံရပါပြီ။
ကျွန်တော့်ကို ပြန်ခေါ်ပါ။
ဝမ်းမြောက်ဝမ်းသာ ပြန်လာပါ့မယ်။
ကိုယ်တော်ဟာ ကျွန်တော့်ဘုရား ယေဟောဝါပဲ။
၁၉ ကျွန်တော် ပြန်လှည့်လာပါပြီ။ အကြီးအကျယ် နောင်တရပါပြီ။+
ကျွန်တော် နားလည်ပါပြီ။ ဝမ်းနည်းလွန်းလို့ ကိုယ့်ပေါင်ကိုယ် ထောင်းပါပြီ။
ငယ်ငယ်တုန်းက လုပ်ရပ်တွေကြောင့်
အရှက်တကွဲ အကျိုးနည်းဖြစ်ရပါပြီ။’”+
၂၀ “ဧဖရိမ်ဟာ ငါ့ရဲ့သားရတနာ၊ ငါ့ရဲ့အချစ်ဆုံးသား မဟုတ်လား။+
သူ့ကို ပြစ်တင်ပြောဆိုခဲ့ပေမဲ့ ငါသတိရနေတုန်းပဲ။
ငါ့ရင်ထဲမှာ သူ့အတွက် ဗလောင်ဆူနေတယ်။+
သူ့ကို တကယ် ကရုဏာသက်မိတယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။+
၂၁ “လမ်းပြမှတ်တိုင်တွေကို စိုက်ထူပါ။
ဆိုင်းဘုတ်တွေကို ထောင်ပါ။+
ကိုယ်သွားရမယ့်လမ်းကိုပဲ အာရုံစိုက်ပါ။+
အစ္စရေးသမီးပျို၊ ပြန်လာပါ။ မင်းရဲ့မြို့တွေဆီ ပြန်လာပါ။
၂၂ သစ္စာမဲ့တဲ့သမီးပျို၊ ဘယ်အချိန်အထိ ချီတုံချတုံ ဖြစ်နေမှာလဲ။
ကမ္ဘာမြေပေါ်မှာ ယေဟောဝါ ဖန်ဆင်းလိုက်တဲ့ အသစ်သောအရာတစ်ခုကတော့–
ဇနီးသည်က သူ့ခင်ပွန်းကို အသည်းအသန် လိုက်ရှာလိမ့်မယ်။”
၂၃ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– “သုံ့ပန်းတွေကို ငါပြန်ခေါ်ဆောင်လာတဲ့အခါ ‘အို ဖြောင့်မတ်တဲ့နေရာ၊+ သန့်ရှင်းတဲ့တောင်၊+ မင်းကို ယေဟောဝါဘုရား ကောင်းချီးပေးပါစေ’ ဆိုတဲ့စကားကို ယုဒပြည်နဲ့ မြို့တွေမှာ သူတို့ ပြန်ပြောကြလိမ့်မယ်။ ၂၄ ယုဒပြည်နဲ့မြို့တွေမှာ လယ်သမားတွေ၊ သိုးအုပ်ကို ဦးဆောင်သူတွေ အတူနေထိုင်ကြလိမ့်မယ်။+ ၂၅ မောပန်းနေသူတွေကို ငါလန်းဆန်းစေမယ်။ နွမ်းလျနေသူတွေကို အားဖြည့်ပေးမယ်။”+
၂၆ ဒါနဲ့ ကျွန်တော် နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ပါလား။
၂၇ “ငါက အစ္စရေးအမျိုးနဲ့ ယုဒအမျိုးကို တိုးပွားများပြားစေမယ်။ သူတို့ရဲ့ ခြံမွေးတိရစ္ဆာန်တွေကိုလည်း ပွားများစေမယ်။ အဲဒီနေ့တွေ ရောက်လာတော့မယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၂၈ “ငါက သူတို့ကို နုတ်ပစ်ဖို့၊ ဖြိုဖျက်ဖို့၊ ဖြိုချဖျက်ဆီးဖို့၊ ထိခိုက်စေဖို့ စောင့်ကြည့်ခဲ့သလို+ အခု ပြန်တည်ဆောက်ဖို့၊ စိုက်ပျိုးဖို့ စောင့်ကြည့်နေမယ်”+ လို့ ယေဟောဝါ ပြောတယ်။ ၂၉ “အဲဒီအချိန်ကျရင် ‘ချဉ်တဲ့စပျစ်သီးကို စားတာက အဖေတွေ၊ သွားကျိန်းတာက သားတွေ’ လို့ ပြောတော့မှာ မဟုတ်ဘူး။+ ၃၀ လူတိုင်း ကိုယ့်အပြစ်ကြောင့်ပဲ သေရလိမ့်မယ်။ ချဉ်တဲ့စပျစ်သီးကိုစားရင် စားတဲ့သူပဲ သွားကျိန်းလိမ့်မယ်။”
၃၁ ယေဟောဝါ ပြောတာက– “အစ္စရေးအမျိုး၊ ယုဒအမျိုးနဲ့ ငါပဋိညာဉ်သစ် ဖွဲ့မယ့်နေ့ ရောက်လာလိမ့်မယ်။+ ၃၂ အဲဒီပဋိညာဉ်ဟာ ဘိုးဘေးတွေကို အီဂျစ်ပြည်ကနေ ငါလက်ဆွဲပြီး ခေါ်ထုတ်လာတုန်းက ဖွဲ့ခဲ့တဲ့ပဋိညာဉ်နဲ့ မတူဘူး။+ ‘ငါဟာ သူတို့ရဲ့ စစ်မှန်တဲ့သခင်* ဖြစ်ပေမဲ့ အဲဒီပဋိညာဉ်ကို သူတို့ ချိုးဖောက်ခဲ့ကြတယ်’+ လို့ ယေဟောဝါ ပြောတယ်။”
၃၃ “နောက်ပိုင်းမှာ အဲဒီပဋိညာဉ်ကို အစ္စရေးအမျိုးနဲ့ ငါဖွဲ့မယ်” လို့ ယေဟောဝါ ပြောတယ်။ “ငါ့ပညတ်ကို သူတို့ရင်ထဲရောက်အောင် သွင်းပေးမယ်။+ သူတို့ရဲ့နှလုံးသားပေါ်မှာ ရေးထားမယ်။+ ငါဟာ သူတို့ရဲ့ဘုရားသခင် ဖြစ်လာပြီး သူတို့ကလည်း ငါ့လူတွေ ဖြစ်လာမယ်။”+
၃၄ “‘ယေဟောဝါကို သိအောင်လုပ်ပါ’+ ဆိုပြီး အိမ်နီးချင်းတွေ၊ ညီအစ်ကိုတွေကို သူတို့ သင်ပေးစရာ မလိုတော့ဘူး။ လူကြီးလူငယ်မရွေး ငါ့ကို သိကြလိမ့်မယ်။+ သူတို့အမှားကို ငါခွင့်လွှတ်မယ်။ သူတို့အပြစ်ကို သတိရမှာ မဟုတ်ဘူး။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၃၅ နေ့ဘက်မှာ အလင်းရောင်ရဖို့ နေမင်းကြီးကို ပေးသနားတဲ့အရှင်၊
ညဘက်မှာ အလင်းရောင်ပေးဖို့ လမင်းနဲ့ ကြယ်စင်တွေအတွက် နိယာမတရားကို ပြဋ္ဌာန်းတဲ့အရှင်၊
ပင်လယ်ကို မွှေနှောက်ပြီး လှိုင်းတွေကို ဟုန်းဟုန်းထစေတဲ့အရှင်၊
ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆိုတဲ့နာမည်ကို ပိုင်ဆိုင်တဲ့အရှင် ပြောတာက–+
၃၆ “‘အဲဒီနိယာမတရားတွေ ပျက်ပြယ်မှသာ
အစ္စရေးရဲ့ သားမြေးတွေလည်း ငါ့ရှေ့မှာ လူမျိုးတစ်မျိုးအဖြစ်ကနေ ပျောက်ကွယ်နိုင်မှာ။+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”
၃၇ ယေဟောဝါ ပြောတာက– “‘အထက်မိုးကောင်းကင်ကို တိုင်းတာနိုင်မှ၊ အောက်အရပ်ကမ္ဘာမြေရဲ့ အုတ်မြစ်တွေကို စူးစမ်းရှာဖွေနိုင်မှ ငါကလည်း အစ္စရေးရဲ့ သားမြေးတွေကို သူတို့လုပ်ခဲ့တာတွေအတွက် ငြင်းပယ်နိုင်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”+
၃၈ ယေဟောဝါ ပြောတာက– “ယေဟောဝါအတွက် မြို့ကိုတည်ဆောက်မယ့်နေ့တွေ ရောက်တော့မယ်။+ ဟာနနေလမျှော်စင်ကနေ+ မြို့ထောင့်တံခါးအထိ+ တည်ဆောက်ကြလိမ့်မယ်။ ၃၉ တိုင်းကြိုးက+ ဂါရက်တောင်ကုန်းဆီ တည့်တည့်တိုင်းပြီး ဂိုအာဒေသဘက်ကို ပတ်လာလိမ့်မယ်။ ၄၀ အသေကောင်တွေ၊ ပြာတွေရှိရာ ချိုင့်ဝှမ်းလွင်ပြင်တစ်ခုလုံး၊ ကိဒြုန်ချိုင့်ဝှမ်းအထိ၊+ အရှေ့ဘက် မြင်းတံခါးထောင့်အထိ+ လှေကားထစ်စိုက်ခင်း တစ်ခုလုံးဟာ ယေဟောဝါအတွက် သန့်ရှင်းမြင့်မြတ်တဲ့နေရာ ဖြစ်လာမယ်။+ အဲဒီမြို့ဟာ နုတ်ပစ်ခံရမှာ၊ ဖြိုချခံရမှာ မဟုတ်ဘူး။”