တမန်တော်
၁၉ ကောရိန္သုမြို့မှာ အာပေါလု+ ရှိနေတုန်း ပေါလုကတော့ ကုန်းတွင်းပိုင်းဒေသတွေကို ဖြတ်ပြီး ဧဖက်မြို့ကို+ ရောက်လာတယ်။ အဲဒီမှာ တပည့်တချို့ကို တွေ့တော့၊ ၂ “ခင်ဗျားတို့ ယုံကြည်သူတွေ ဖြစ်လာချိန်မှာ သန့်ရှင်းသော စွမ်းအားတော် ရသလား” လို့မေးတယ်။+ သူတို့က “သန့်ရှင်းသော စွမ်းအားတော်အကြောင်း တစ်ခါမှ မကြားဖူးဘူး” လို့ဖြေတယ်။ ၃ ပေါလုက “ဒါဆိုရင် ဘယ်လိုနှစ်ခြင်းမျိုးကို ခံခဲ့ကြတာလဲ” လို့မေးတော့ “ယောဟန်ဟောခဲ့တဲ့ နှစ်ခြင်းပါ” လို့ဖြေတယ်။+ ၄ “ယောဟန်က လူတွေကို နောင်တရတဲ့ အထိမ်းအမှတ်အဖြစ် နှစ်ခြင်းပေးပြီး+ သူ့နောက်မှာ လာမယ့်သူ ယေရှုကို ယုံကြည်ဖို့ မှာခဲ့တယ်”+ ဆိုပြီး ပေါလု ပြောပြတယ်။ ၅ ဒီစကားကိုကြားတော့ သူတို့က သခင်ယေရှုရဲ့ နာမည်နဲ့ နှစ်ခြင်းခံကြတယ်။ ၆ အဲဒီနောက် ပေါလု လက်တင်တဲ့အခါ သန့်ရှင်းသော စွမ်းအားတော်ကို သူတို့ ရရှိတဲ့အတွက်+ ဘာသာစကားမျိုးစုံ ပြောပြီး ပရောဖက်ပြုကြတယ်။+ ၇ အမျိုးသား ၁၂ ယောက်လောက် ရှိတယ်။
၈ အဲဒီနောက် ပေါလုက တရားဇရပ်ထဲ ဝင်ပြီး+ သုံးလလုံးလုံး ဘုရားသခင့် နိုင်ငံတော်အကြောင်း ရဲရဲရင့်ရင့် ဟောပြောတယ်။ လူတွေ နားလည်လက်ခံလာအောင် ဆွေးနွေးတယ်။+ ၉ ခေါင်းမာသူ တချို့ကတော့ မယုံကြည်ဘဲ လူအများရှေ့မှာ သခင့်လမ်းစဉ်အကြောင်း+ ပုတ်ခတ်ပြောဆိုကြတယ်။ ဒါကြောင့် ပေါလုက တပည့်တွေကို ခေါ်ထုတ်ပြီး အဲဒီကနေ ထွက်သွားတယ်။+ ပြီးတော့ တုရန္နုရဲ့ ကျောင်းခန်းမမှာ နေ့တိုင်း ဟောပြောတယ်။ ၁၀ အဲဒီမှာ နှစ်နှစ်လုံးလုံး ဟောပြောတဲ့အတွက် အာရှနယ်မှာရှိတဲ့ ဂျူးနဲ့ဂရိလူမျိုးအားလုံး ဘုရားသခင်ရဲ့ တရားစကားကို ကြားနာခွင့်ရကြတယ်။
၁၁ ဘုရားသခင်က ပေါလုကိုသုံးပြီး အံ့ဖွယ်အမှုတွေ တစ်ခုပြီးတစ်ခု လုပ်ဆောင်တယ်။+ ၁၂ ပေါလုကိုင်တွယ်အသုံးပြုတဲ့ ပဝါတွေ၊ ခါးစည်းတွေကို လူနာတွေဆီ ယူသွားပေးတဲ့အခါ+ ရောဂါပျောက်ကင်းသွားတယ်။ နတ်ဆိုးတွေလည်း ထွက်သွားတယ်။+ ၁၃ နယ်တကာလှည့်ပြီး နတ်ဆိုးတွေကို နှင်ထုတ်တဲ့ ဂျူးတချို့က “ပေါလုပြောတဲ့ ယေရှုကို တိုင်တည်ပြီး ငါပြောမယ်– မင်းထွက်သွားစမ်း” ဆိုပြီး သခင်ယေရှုနာမည်နဲ့ နတ်ဆိုးကို နှင်ထုတ်ဖို့ ကြိုးစားကြည့်တယ်။+ ၁၄ သကေဝလို့ခေါ်တဲ့ ဂျူးလူမျိုး ပုရောဟိတ်မင်းရဲ့ သားခုနစ်ယောက်လည်း အဲဒီလို လုပ်ကြတယ်။ ၁၅ ဒါပေမဲ့ နတ်ဆိုးက “ယေရှုကို ငါသိတယ်။+ ပေါလုကိုလည်း သိတယ်။+ မင်းတို့က ဘယ်သူတွေလဲ” လို့ပြောတယ်။ ၁၆ အဲဒီနောက် နတ်ဆိုးပူးသူက သူတို့ကို ခုန်အုပ်ပြီး တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူလိုက်တဲ့အတွက် သူတို့ အဝတ်မပါဘဲ ဒဏ်ရာတွေနဲ့ အဲဒီအိမ်ထဲကနေ ထွက်ပြေးကြတယ်။ ၁၇ အဲဒီအကြောင်းကို ဧဖက်မြို့မှာနေတဲ့ ဂျူးတွေရော ဂရိတွေပါ ကြားသိပြီး ကြောက်ရွံ့သွားကြတယ်။ သခင်ယေရှုရဲ့ နာမည်လည်း ထင်ရှားသည်ထက် ထင်ရှားလာတယ်။ ၁၈ ယုံကြည်သူ အတော်များများ ရောက်လာပြီး သူတို့ရဲ့အကျင့်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြပြီးတဲ့နောက် ဝန်ချတောင်းပန်ကြတယ်။ ၁၉ မှော်အတတ်လိုက်စားသူ များစွာလည်း သူတို့ရဲ့စာစောင်တွေ ယူလာပြီး လူအားလုံးရှေ့မှာ မီးရှို့လိုက်တယ်။+ အဲဒီစာစောင်တွေကို တန်ဖိုးတွက်ချက်ကြည့်လိုက်တဲ့အခါ ငွေစ ၅၀,၀၀၀ တန်ဖိုးရှိမှန်း သိလိုက်ရတယ်။ ၂၀ ဒီလိုနဲ့ ယေဟောဝါရဲ့* တရားစကားဟာ အကြီးအကျယ် လွှမ်းမိုးပျံ့နှံ့သွားတော့တယ်။+
၂၁ ဒါတွေဖြစ်ပျက်ပြီးတဲ့နောက် ပေါလုက မက်ဆီဒိုးနီးယားပြည်နဲ့+ အခါယပြည်ကို သွားပြီးရင် ဂျေရုဆလင်မြို့ဆီလည်း+ သွားမယ်လို့ ဆုံးဖြတ်ထားတယ်။ “အဲဒီမြို့ သွားပြီးရင် ရောမမြို့ဆီလည်း+ သွားရမယ်” လို့ ပြောတယ်။ ၂၂ ဒါကြောင့် သူ့ကိုကူညီပေးတဲ့ တိမောသေနဲ့+ ဧရတုတို့+ နှစ်ယောက်ကို မက်ဆီဒိုးနီးယားပြည်ဆီ လွှတ်လိုက်တယ်။ သူကတော့ အာရှနယ်မှာ အတန်ကြာနေတယ်။
၂၃ အဲဒီအချိန်မှာ သခင့်လမ်းစဉ်နဲ့+ ပတ်သက်ပြီး အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်လာတယ်။+ ၂၄ ဒေမေတရိလို့ခေါ်တဲ့ ငွေပန်းထိမ်သမားတစ်ယောက်က အာတေမိဘုရားမရဲ့ ငွေနတ်ကွန်းတွေကို ပြုလုပ်တဲ့အတွက် ပန်းထိမ်သမားတွေ စီးပွားတက်နေတယ်။+ ၂၅ သူက ပန်းထိမ်သမားတွေနဲ့ လုပ်ငန်းတူပညာသည်တွေကို စုဝေးပြီး “မိတ်ဆွေတို့၊ ဒီလုပ်ငန်းနဲ့ ငါတို့ကြီးပွားနေတာ မင်းတို့အသိပဲ။ ၂၆ အခု ပေါလုဆိုတဲ့လူက လူ့လက်နဲ့လုပ်တဲ့ ဘုရားတွေဟာ ဘုရားစစ်ဘုရားမှန် မဟုတ်ဘူးဆိုပြီး ဧဖက်မြို့မှာသာမက+ အာရှတစ်နယ်လုံးမှာရှိတဲ့ လူတွေကို အယုံသွင်းတဲ့အတွက် လူတွေ အယူပြောင်းကုန်ပြီ။ ဒါကို မင်းတို့ မြင်နေကြားနေတာပဲ။+ ၂၇ ငါတို့လုပ်ငန်း ကဲ့ရဲ့ခံရရုံမက အာတေမိဘုရားကျောင်းကိုလည်း လူတွေ အရေးမလုပ်တော့မှာကို စိုးရိမ်မိတယ်။ အာရှတစ်နယ်လုံးမှာရော မြေတစ်ပြင်လုံးမှာရှိတဲ့ လူတွေပါ ကြည်ညိုကိုးကွယ်နေကြတဲ့ ကြီးမြတ်တဲ့ဘုရားမ အာတေမိရဲ့ ဘုန်းအသရေ ညှိုးနွမ်းတော့မယ်” လို့ပြောတယ်။ ၂၈ ဒါကိုကြားတော့ လူတွေ ဒေါသူပုန်ထပြီး “ဧဖက်မြို့သားတွေ ကိုးကွယ်တဲ့ အာတေမိဟာ ကြီးမြတ်တဲ့ ဘုရားမပဲ” လို့အော်ဟစ်ကြတယ်။
၂၉ ဒါနဲ့ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ လူတွေက ပေါလုရဲ့ခရီးသွားဖော် မက်ဆီဒိုးနီးယားပြည်သားတွေဖြစ်တဲ့ ဂါယုနဲ့ အာရိတ္တာခုကို+ အတင်းဆွဲခေါ်ပြီး ဇာတ်ရုံထဲ တစ်ဟုန်ထိုး ပြေးဝင်သွားတယ်။ ၃၀ ပေါလုလည်း အဲဒီလူစုထဲ ဝင်သွားချင်ပေမဲ့ တပည့်တွေ ခွင့်မပြုကြဘူး။ ၃၁ ပေါလုရဲ့မိတ်ဆွေ ပွဲစီစဉ်သူ တချို့ကတောင် ပေါလုကို ဇာတ်ရုံထဲ အရဲစွန့်မဝင်လာဖို့ လူလွှတ်ပြီး တောင်းပန်ကြတယ်။ ၃၂ လူအုပ်က တစ်ယောက်တစ်ပေါက် အော်ဟစ်ပြီး ရုတ်ရုတ်သဲသဲဖြစ်လာတော့ ဘာအတွက် စုဝေးနေမှန်းတောင် လူအများစု မသိကြတော့ဘူး။ ၃၃ လူတွေက အလက်ဇန္ဒားကို လူအုပ်ထဲကနေ ဆွဲထုတ်ကြသလို ဂျူးတွေလည်း သူ့ကို ရှေ့ရောက်အောင် တွန်းပို့ကြတယ်။ အဲဒီအခါ အလက်ဇန္ဒားက လက်ရိပ်ပြပြီး လူတွေကို ချေပပြောဆိုဖို့ လုပ်တယ်။ ၃၄ ဒါပေမဲ့ သူ့ကို ဂျူးလူမျိုးဖြစ်မှန်း ရိပ်မိသွားတဲ့အခါ လူအားလုံးက “ဧဖက်မြို့သားတွေ ကိုးကွယ်တဲ့ အာတေမိဟာ ကြီးမြတ်တဲ့ ဘုရားမပဲ” ဆိုပြီး နှစ်နာရီလောက် သံပြိုင်ဟစ်အော်ကြတယ်။
၃၅ နောက်ဆုံးမှာ မြို့ဝန်က လူအုပ်ကို တိတ်တိတ်နေခိုင်းပြီး “ဧဖက်မြို့သားတို့၊ ဧဖက်မြို့ဟာ ကြီးမြတ်တဲ့ အာတေမိဘုရားမရဲ့ ဗိမာန်စောင့်ဖြစ်မှန်း၊ မိုးပေါ်ကကျလာတဲ့ ရုပ်တုရဲ့ ဗိမာန်စောင့်ဖြစ်မှန်း မသိတဲ့လူ ရှိလို့လား။ ၃၆ ဒါတွေဟာ ငြင်းခုံနေစရာမှ မဟုတ်တာ။ ဒါကြောင့် ခင်ဗျားတို့အားလုံး စိတ်အေးအေးထားပါ။ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ၃၇ ခင်ဗျားတို့ခေါ်လာတဲ့ ဒီလူတွေဟာ အာတေမိဗိမာန်ကို လုယက်တဲ့လူတွေ၊ ကျုပ်တို့ရဲ့ဘုရားမကို စော်ကားပြောဆိုတဲ့လူတွေမှ မဟုတ်တာ။ ၃၈ ဒါကြောင့် ဒေမေတရိနဲ့+ အပေါင်းပါ ငွေပန်းထိမ်သမားတွေအနေနဲ့ တစ်ယောက်ယောက်ကို တရားစွဲချင်တယ်ဆိုရင် တရားရုံးဖွင့်တဲ့ရက်တွေ ရှိတာပဲ။ နယ်စားမင်းလည်း ရှိတယ်။ အဲဒီအခါကျမှ အမှုသည် အချင်းချင်း တရားရင်ဆိုင်ကြပေါ့။ ၃၉ တခြားအမှုရှိသေးရင်လည်း တရားဝင် အစည်းအဝေးမှာ စီရင်ဆုံးဖြတ်ရမယ်။ ၄၀ ဒီနေ့ကိစ္စမှာ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အတွက် နိုင်ငံတော် အကြည်ညိုပျက်စေတဲ့အမှုနဲ့ ကျုပ်တို့ စွပ်စွဲခံရမယ့်ကိန်း ဆိုက်နေပြီ” လို့ပြောပြီး၊ ၄၁ လူအုပ်ကို ထွက်သွားခိုင်းလိုက်တယ်။