နာမ်ဝိညာဉ်ဘုံရှိ ကျွန်ုပ်တို့၏ အကောင်းဆုံးမိတ်ဆွေ
သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို နာမ်ဝိညာဉ်ဘုံတွင်နေထိုင်သူများအကြောင်း အထင်အရှားဖော်ပြပေးထားသည်။ ယေဟောဝါဘုရားသခင်သည် ကောင်းကင်ဘုံတွင်အကြီးမြင့်ဆုံးဖြစ်တော်မူသည်။ ယေဟောဝါပြီးနောက် ယေရှုခရစ်သည် တန်ခိုးအာဏာအကြီးဆုံးဖြစ်သည်။ ဘုရားသခင်အပေါ်သစ္စာရှိသော ကောင်းကင်တမန်များသည် ဘုရားသခင်နှင့် မြေကြီးပေါ်ရှိ ကိုယ်တော်၏လူများအတွက်ပါ ဓမ္မအမှုဆောင်များအဖြစ် အမှုဆောင်ရွက်နေကြပါသည်။ စာတန်နှင့် သူ၏နတ်ဆိုးများမူ ဘုရားသခင်ကိုဆန့်ကျင်၍ လူတို့ကိုလမ်းလွဲစေကြသည်။ ကွယ်လွန်သူများသည် ဘုရားသခင်က သူတို့ကိုရှင်ပြန်ထမြောက်စေမည့်အချိန်တိုင်အောင် သေခြင်း၌အိပ်ပျော်လျက်နေကြသည်။
ကျွန်ုပ်တို့၏ကိုးကွယ်မှုကို နတ်ဆိုးများခံယူလိုကြ
ကွယ်လွန်သူတို့သည် အသက်မရှိသောကြောင့် သူတို့ကိုဝတ်ပြုကိုးကွယ်ခြင်းမှ အဘယ်အကျိုးမျှမရရှိနိုင်ပေ။ ကွယ်လွန်သူများထံ ပူဇော်ပသခြင်းက စာတန်နှင့်နတ်ဆိုးတို့၏လိမ်ညာမှုကို အားပေးအားမြှောက်ပြုရာရောက်သည်။
ဘုရားသခင့်ကောင်းကင်တမန်များသည် ကျွန်ုပ်တို့၏ကိုးကွယ်မှုကို ခံယူလိုပါသလော။ လုံးဝမခံယူလိုပါ! သစ္စာရှိကောင်းကင်တမန်များသည် ဘုရားသခင့်ဘုန်းကိုထင်ရှားစေပြီး လူတို့အား အလားတူပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ကြသည်။ တမန်တော်ယောဟန်သည် ကောင်းကင်တမန်များအား နှစ်ကြိမ်တိုင်တိုင်ကိုးကွယ်ရန် ကြိုးစားခဲ့သော်လည်း သူတို့ကဟန့်တား၍ “မပြုပါနှင့်! . . . ဘုရားသခင်ကိုကိုးကွယ်လော့” ဟုပြောလေသည်။—ဗျာဒိတ် ၁၉:၁၀; ၂၂:၈၊ ၉။
သစ္စာရှိကောင်းကင်တမန်များနှင့်ခြားနားစွာပင် စာတန်နှင့် သူ၏နတ်ဆိုးများသည် ကိုးကွယ်ခြင်းနှင့် ဂုဏ်တင်ခြင်းခံလိုကြသည်။ သာဓကမှာ ယေရှုမြေကြီးပေါ်လူသားအဖြစ်ရှိစဉ် စာတန်သည် ယေရှုအား ဖြားယောင်းသွေးဆောင်ခဲ့သည်။ သမ္မာကျမ်းစာက “စာတန်သည် ယေရှုကို အလွန်မြင့်လှစွာသောတောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း ပြညွှန်၍၊ ‘ကိုယ်တော်သည် ငါ့ကို ညွတ်ပျပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကိုငါပေးမည်’ ဟုဆိုလေ၏” ဟူ၍ဖော်ပြထားသည်။—မဿဲ ၄:၈၊ ၉။
ယေရှုက “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် [“ယေဟောဝါ၊” ကဘ] ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်” ဟု မိန့်တော်မူသည်။ (မဿဲ ၄:၁၀) ယေရှုသည် ယေဟောဝါ၏ပညတ္တိကျမ်းကို သိရှိထားပြီး ယင်းကို ချိုးဖောက်ဖို့ ကိုယ်တော်ငြင်းဆိုတော်မူခဲ့သည်။—တရားဟောရာ ၆:၁၃။
မိမိကိုကိုးကွယ်ရန် ယေရှုအား စာတန်မစွမ်းဆောင်နိုင်ခဲ့ငြားလည်း အခြားသူများကိုမူ အောင်မြင်ခဲ့သည်။ မှန်ပါသည်၊ စာတန်ကို တမင်သက်သက်ကိုးကွယ်သူ မရှိသလောက်ပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ စာတန်နှင့်သူ၏နတ်ဆိုးတို့သည် စဉ်းလဲမှု၊ လှည့်ဖြားမှု၊ မုသားနှင့် ကြောက်ရွံ့မှုတို့ ဖြင့် လူများစွာကို စင်ကြယ်သောဝတ်ပြုရေးမှ သွေဖည်သွားစေခဲ့ကြပြီဖြစ်ရာ တမန်တော်ယောဟန်က “လောကီသားအပေါင်းတို့သည် စာတန်၏လက်၌ရှိကြသည်” ဟုရေးထားပါသည်။ (၁ ယောဟန် ၅:၁၉) ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့်ဆန့်ကျင်လျက် ဝတ်ပြုကိုးကွယ်နေသူများသည် ယေဟောဝါအားမဟုတ်ဘဲ စာတန်ကိုဂုဏ်တင်နေကြခြင်းဖြစ်သည်။ သမ္မာကျမ်းစာက “သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အားပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အားပူဇော်ကြ၏” ဟုသတိပေးလေသည်။—၁ ကောရိန္သု ၁၀:၂၀။
ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါပိုင်သတော်မူ
ကျွန်ုပ်တို့၏ကိုးကွယ်မှုကို ဘုရားသခင်တစ်ပါးတည်းသာလျှင် ပိုင်ထိုက်တော်မူသည်။ ယေဟောဝါက မောရှေအား “ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။ အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သော [“အကြွင်းမဲ့စိတ်နှလုံးဖြင့်ဆည်းကပ်ဝတ်ပြုခြင်းကို ကျပ်တည်းစွာပြုစေလိုသော၊” ကဘ] ဘုရား” ဖြစ်တော်မူ၏ဟု မိန့်တော်မူသည်။—ထွက်မြောက်ရာ ၂၀:၃-၅။
ယေဟောဝါ၏ဘုန်းတန်ခိုးတော် ကြီးမြတ်တော်မူခြင်းမှာ ထိတ်လန့်စရာဖြစ်သော်လည်း ကိုယ်တော်ထံ ချဉ်းကပ်ရန်လွယ်ကူပါသည်။ တပည့်တော်ယာကုပ်က “ဘုရားသခင်ကိုချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်” ဟုရေးသားထားသည်။ (ယာကုပ် ၄:၈) တမန်တော်ပေါလုက “ဘုရားသခင်သည် ငါတို့တွင်အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” ဟုရေးသားထားသည်။ (တမန်တော် ၁၇:၂၇) ထို့အပြင် တမန်တော်ယောဟန်က “ငါတို့သည် ဘုရားသခင့် [ယေဟောဝါ] အထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူကား၊ ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင်၊ ဘုရားသခင်သည်နားထောင်တော်မူ၏။ ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သည်သိလျှင်၊ အထံတော်၌တောင်းသောဆုတို့ကို ရမည်ဟုသိရကြ၏” ဟုရေးသားထားသည်။—၁ ယောဟန် ၅:၁၄၊ ၁၅။
ကျွန်ုပ်တို့၏တောင်းဆိုချက်များသည် ယေဟောဝါ၏ “အလိုတော်နှင့်အညီ” ဖြစ်ပါက ကိုယ်တော်ပေးတော်မူမည်ဖြစ်ကြောင်း ယောဟန်ရေးထားသည်ကို သတိပြုပါ။ ဘုရားသခင်၏အလိုတော်သည် အဘယ်အရာဖြစ်တော်မူကြောင်းကို သိနားလည်ရန် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၏သွန်သင်ချက်များကို သိရှိရမည်ဖြစ်သည်။ ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာကိုနားလည်စေဖို့ သင့်အား ပျော်ရွှင်စွာ ကူညီပေးပါလိမ့်မည်။
ယေဟောဝါအကြောင်း သင်သာ၍သိရှိလာသည်နှင့်အမျှ နာမ်ဝိညာဉ်ဘုံတွင် နေထိုင်သူများနှင့်ပတ်သက်သော အသိပညာကို သင်သာ၍ရရှိလာပေမည်။ ဤအသိပညာက လူတို့ကို ကြောက်ရွံ့နေစေရန်နှင့် ကျွန်ဘဝအောက်ရှိနေစေရန် စာတန်အသုံးပြုသော အယူသီးမှုများ၊ ယုံကြည်မှုများနှင့် ထုံးတမ်းစဉ်လာများမှ လွတ်မြောက်စေပါလိမ့်မည်။ ဘုရားသခင်၏တိကျသောအသိပညာအားဖြင့် ဘဝတွင် နေ့စဉ်ကြုံတွေ့နေရသောပြဿနာများကို ကျော်လွှားဖို့ သို့မဟုတ် ရှောင်ရှားဖို့ကူညီပေးစေရန် ကိုယ်တော့်အားယုံကြည်ကိုးစားတတ်လာပါလိမ့်မည်။ သင်သည် ဘုရားသခင်၏မိတ်ဆွေတစ်ဦးဖြစ်လာနိုင်ပါသည်။ ထို့အပြင် ဘုရားသခင်သည် သင့်အတွက် “ခိုလှုံရာဖြစ်၍၊ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့်ကူမတော်မူကြောင်းထင်ရှားလျက်ရှိ” မည်ဖြစ်သည်။—ဆာလံ ၄၆:၁။
နတ်ဆိုးများ ပပျောက်သွားကြရတော့မည်
ကောင်းသောနာမ်ဝိညာဉ်များသည် နာမ်ဝိညာဉ်ဆိုးများကို အောင်ပွဲခံမည်မှာ မည်သည့်အခါမျှသံသယဖြစ်စရာမလိုချေ။ ကောင်းကင်မှ စာတန်နှင့် သူ၏နတ်ဆိုးများကို ရှင်းလင်းသုတ်သင်လိုက်သည့် စစ်ပွဲတစ်ခုသည် နာမ်ဝိညာဉ်ဘုံတွင်ဖြစ်ပြီးခဲ့ပြီ။ ဗျာဒိတ်ကျမ်းက “ကောင်းကင်၌စစ်ဖြစ်၏။ မိက္ခေလ [ရှင်ပြန်ထမြောက်ပြီးဖြစ်သော ယေရှုခရစ်] နှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့်သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်းသူတို့နေစရာမရှိ။ ထိုအခါ၊ ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြား၍ စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်များကိုလည်းကောင်း၊ မြေကြီးသို့ချလိုက်ကြ၏” ဟူ၍ဖော်ပြထားသည်။—ဗျာဒိတ် ၁၂:၇-၉။
စစ်၏အကျိုးရလဒ်ကား အဘယ်နည်း။ မှတ်တမ်းက “ထို့ကြောင့်၊ ကောင်းကင်နှင့်ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ စာတန် သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍၊ ပြင်းစွာသောအမျက်ဒေါသနှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီဟု ဆိုကြသည်ကိုငါကြား၏” ဟုဆက်၍ဖော်ပြသည်။ (ဗျာဒိတ် ၁၂:၁၂) စာတန်နှင့် သူ၏နတ်ဆိုးများသည် ကောင်းကင်တွင်ဒုက္ခခြင်းမပေးနိုင်တော့သဖြင့် ထိုတွင်ရှိသူများသည် ရွှင်လန်းဝမ်းမြောက်ကြသည်။ သို့သော်လည်း ကောင်းကင်မှ သူချပစ်ခံရခြင်းက မြေကြီးပေါ်တွင်ရှိသူများအတွက် မကောင်းခြင်းဖြစ်စေပြီး ဆင်းရဲမှုအကြီးအကျယ်ဖြစ်စေနေသည်။ ယနေ့ ကျွန်ုပ်တို့သည် အဆိုးရွားဆုံးအချိန်တွင် အသက်ရှင်နေကြရသည်။—၂ တိမောသေ ၃:၁-၅။
ဆိုးသွမ်းမှုမရှိတော့မည့် အနာဂတ်
သို့တိုင် သမ္မာကျမ်းစာက မျှော်လင့်ချက်ကိုလည်း ကမ်းလှမ်းထားသည်။ စာတန်ကိုမဖယ်ရှားမီ သူ၌ “ကာလတစ်ခဏသာ” ရှိကြောင်း ကျွန်ုပ်တို့ကို ယင်းက ယုံကြည်စိတ်ချစေသည်။ ထိုသို့ဖြစ်ပျက်သည့်အခါ ယေဟောဝါနှင့် မိတ်သဟာယဖွဲ့လိုသူ မြေကြီးပေါ်ရှိသူအပေါင်းတို့ကို ကိုယ်တော်သည် ထူးမြတ်လှသောကောင်းချီးမင်္ဂလာများ သွန်းလောင်းပေးတော်မူပေမည်။ အနာဂတ်အတွက် ကိုယ်တော်၏ကတိပြုချက်အနည်းငယ်ကို သုံးသပ်ကြည့်ကြစို့–
“ပြည်တော်၌ များစွာသောစပါးရှိ၍၊ အသီးအနှံသည် . . . တောင်ထိပ်ပေါ်မှာလှုပ်ရှားလိမ့်မည်။”—ဆာလံ ၇၂:၁၆။
‘ငါရွေးကောက်သောသူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။ အချည်းနှီးမလုပ်မဆောင်ရကြ။’—ဟေရှာယ ၆၅:၂၂၊ ၂၃။
“မြို့သားကလည်း၊ ‘ငါနာသည်ဟုမဆိုရ။’”—ဟေရှာယ ၃၃:၂၄။
“ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည်သီချင်းဆိုကြလိမ့်မည်။”—ဟေရှာယ ၃၅:၅၊ ၆။
“ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၄။
“ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉။
စစ်မှန်သောဘုရားသခင်ယေဟောဝါသာလျှင် ဤမြင့်မြတ်သောကတိတော်များကို ပြည့်စုံစေနိုင်မည်ဖြစ်သည်။ ကိုယ်တော်၏ရည်ရွယ်တော်မူချက် အထမြောက်အောင်မြင်ခြင်းကို မည်သည့်အရာကမျှတားဆီး၍ရနိုင်မည်မဟုတ်။ “ဘုရားသခင်တတ်နိုင်တော်မမူသောအမှု မရှိ။”—လုကာ ၁:၃၇။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
သင်သည် ဘုရားသခင်၏ မိတ်ဆွေ ဖြစ်လာသောအခါ ဘဝ၏ပြဿနာများကိုကိုင်တွယ်ရာတွင် ကိုယ်တော်သည် သင့်အားကူညီပေးလိမ့်မည်