သင်၏ကျောက်ကပ် အသက်အတွက် စစ်ထုတ်ပေးသည့်ကိရိယာ
အိုင်ယာလန်နိုင်ငံမှ နိုးလော့! သတင်းထောက်ပေးပို့သည်
ကမ္ဘာမြေကြီးနှင့် လူ့ခန္ဓာကိုယ်တို့တွင် တူညီသောအရာတစ်ခုရှိသည်– အသက်ကိုဆက်လက်ထောက်ပံ့နိုင်ရန် နှစ်မျိုးစလုံးသည် စစ်ထုတ်သည့်ကိရိယာရှိရန်လိုအပ်သည်။ ကမ္ဘာမြေကြီးသည် နေမှအဆက်မပြတ်ထုတ်လွှတ်သည့် အန္တရာယ်ဖြစ်စေသောရောင်ခြည်များမှ အကာအကွယ်ရရန်လိုအပ်သည်။ ကျွန်ုပ်တို့၏လေထုအတွင်းမှ အိုဇုန်းဓာတ်ငွေ့အလွှာသည် ယင်းတို့ကိုစစ်ထုတ်ပေးပြီး အသက်ကိုအထောက်အကူဖြစ်သည့်အလင်းကို ကမ္ဘာသို့ရောက်ရှိစေသည်။ သင်၏ကိုယ်ခန္ဓာကော မည်သို့နည်း။ သင်၏ကိုယ်ခန္ဓာအတွင်းမှ ဓာတုဖြစ်စဉ်အများသည် အဆိပ်ဖြစ်ပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းများကို သင်၏သွေးကြောတွင်းသို့ ထုတ်လွှတ်ပေးသည်။ ၎င်းကို ဆက်၍လက်ခံထားပါက ပြင်းထန်သည့်ပြဿနာများဖြစ်နိုင်ပြီး သေပင်သေနိုင်သည်။ ယင်းတို့ကို အဆက်မပြတ်စစ်၍ ဖယ်ထုတ်ရမည်။
ဤစစ်ထုတ်ခြင်းသည် သင့်ကျောက်ကပ်၏ အဓိကလုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ သို့သော် ဤသေးငယ်သည့်အင်္ဂါသည် သင်၏ကိုယ်ခန္ဓာအတွက် အန္တရာယ်ဖြစ်စေသည့်ပစ္စည်းများကို သတ်မှတ်ခြင်း၊ ခွဲခြားခြင်းနှင့် ဖယ်ထုတ်ခြင်းတို့ကိုပြုကာ တစ်ချိန်တည်း၌ပင်အသက်ရှင်ရန်မရှိမဖြစ်လိုအပ်သောဒြပ်စင်များ ဆက်လက်တည်ရှိနေစေရန် မည်သို့လုပ်ဆောင်နိုင်သနည်း။ သင်ဆက်လက်ကျန်းမာရန် သင်၏ကျောက်ကပ်ကို မည်သို့အကူအညီပေးနိုင်သနည်း။
သင်၏ကျောက်ကပ်အတွင်း မည်သည့်အရာရှိသနည်း
ပုံမှန်အားဖြင့် လူများတွင် ကျောက်ကပ်နှစ်ခုရှိသည်—ကျောကုန်း၏အောက်ပိုင်း ကျောရိုးတစ်ဖက်တစ်ချက်စီတွင်ရှိသည်။ ကျောက်ကပ်တစ်ခုစီသည် အရှည်လေးလက်မခန့်၊ အကျယ်နှစ်လက်မ၊ အထူတစ်လက်မနှင့် အလေးချိန် လေးအောင်စမှ ခြောက်အောင်စခန့်ရှိသည်။ ပူးတွဲပါပုံများတွင်တွေ့ရသည့်အတိုင်း ကျောက်ကပ်ကို အထက်မှအောက်သို့ ထက်ခြမ်းခွဲ၍ကြည့်လျှင် ပါဝင်သည့်အစိတ်အပိုင်းများကို ရှင်းလင်းပီပြင်စွာ တွေ့ မြင်ရသည်။
ကျောက်ကပ်မည်သို့အလုပ်လုပ်ပုံကို ရုပ်လုံးဖော်ကြည့်ရန် ကစားကွင်းတစ်ခုတွင် ပြိုင်ပွဲကြည့်ရန်လာသည့် ထောင်နှင့်ချီသောပွဲကြည့်သူများကို မြင်ယောင်ကြည့်ပါ။ ဦးဆုံး လူအုပ်သည် အလှည့်ကျစီတန်းဝင်ရန် ကျဉ်းမြောင်းသည့် ဝင်ပေါက်လမ်းကြောင်းငယ်များတွင် လူခွဲဝင်ကြရသည်။ ထို့နောက် ဝင်ပေါက်လမ်းကြောင်းအသီးသီးမှလူများသည် လုံခြုံရေးဂိတ်မှတစ်ဆင့် တစ်ယောက်ပြီးတစ်ယောက်ဖြတ်သွားကာ လက်မှတ်မပါသူများ ဖယ်ထုတ်ခံရသည်။ လက်မှတ်ပါသည့် ပွဲကြည့်သူများကို သူတို့၏သတ်မှတ်ထားသည့်ထိုင်ခုံတွင်ထိုင်ရန် ဖြတ်ကျော်ခွင့်ပေးသည်။
ထိုနည်းတူစွာ သင်၏သွေးထဲတွင်ရှိသော များပြားလှသောဒြပ်စင်အားလုံးသည် ကိုယ်ခန္ဓာတစ်ခုလုံးသို့ လည်ပတ်ပျံ့နှံ့ရန်လိုသည်။ သို့ရာတွင် ထိုသို့ပြုလုပ်ရာ၌ ၎င်းတို့သည် ကျောက်ကပ်သွေးလွှတ်ကြောမကြီးတစ်ခုစီမှတစ်ဆင့် ကျောက်ကပ်တစ်ခုစီသို့ အကြိမ်ကြိမ်ဖြတ်သွားရမည်ဖြစ်သည်။ (စာမျက်နှာ ၁၄ မှပုံကိုရှု။) ကျောက်ကပ်အတွင်းသို့ဝင်ရောက်သည်နှင့် ကျောက်ကပ်သွေးလွှတ်ကြောသည်သေးငယ်သည့်သွေးကြောများအဖြစ် ကျောက်ကပ်၏အတွင်းလွှာနှင့် အပြင်လွှာသို့ ယပ်တောင်ပုံဖြာထွက်သွားသည်။ သွေးထဲတွင်ပါသည့်ဒြပ်စင်အမျိုးမျိုးသည် ပို၍သေးငယ်ပြီး ကိုင်တွယ်စီမံရန်ပိုလွယ်ကူသည့် “လမ်းကြောင်းများ” ထဲသို့စီးဝင်သွားသည်။
နောက်ဆုံးတွင် သွေးများသည် အလွန်သေးငယ်သည့်အစုအထွေးများသို့ရောက်ရှိသွားသည်၊ ၎င်းအစုအထွေးတစ်ခုစီတွင် သွေးကြောငယ် ၄၀ ခန့် တင်းကျပ်စွာထွေးယှက်ရစ်ခွေနေသည်။ ယင်းအစုအထွေးကို ဂလိုမဲရူးလပ်စ် ဟုခေါ်ပြီး ယင်းတစ်ခုစီကို ဗိုးမင်းအခွံခေါ် နှစ်ထပ်ရှိသည့်အမြှေးပါးဖြင့် ဝိုင်းရံထားသည်။a ဂလိုမဲရူးလပ်စ်နှင့် ဗိုးမင်းအခွံတို့ပေါင်း၍ သင့်ကျောက်ကပ်၏ ပထမအဆင့် ‘လုံခြုံရေးဂိတ်’ လည်းဖြစ်၊ စစ်ထုတ်ပေးသည့်အခြေခံအစိတ်အပိုင်းလည်းဖြစ်သည့် နက်ဖရွန်ခေါ် ကျောက်ကပ်ဧကမူဖြစ်လာသည်။ ကျောက်ကပ်တစ်ခုစီတွင် နက်ဖရွန်ပေါင်း တစ်သန်းကျော်ရှိသည်။ သို့သော် ယင်းတို့သည် အလွန်သေးငယ်သောကြောင့် တစ်ခုကိုကြည့်ရှုစစ်ဆေးနိုင်ရန် အဏုကြည့်မှန်ပြောင်းလိုအပ်ပေမည်။—စာမျက်နှာ ၁၅ တွင်အဆပေါင်းများစွာပုံကြီးချဲ့ထားသည့် နက်ဖရွန်တစ်ခု၏ပုံကို ကြည့်ပါ။
သင်၏သွေးအတွက် စစ်ထုတ်ခြင်းအဆင့်နှစ်ဆင့်
သင်၏သွေးလည်ပတ်မှုတွင်ပါဝင်သော သွေးဆဲလ်များနှင့် ပရိုတင်းတို့သည် မရှိမဖြစ်လိုအပ်သည့်အရာများဖြစ်သည်။ ယင်းတို့သည် သင့်ကိုယ်ခန္ဓာအတွက် အောက်စီဂျင်ထောက်ပံ့ခြင်း၊ ကာကွယ်ခြင်းနှင့် ပျက်စီးရာကိုပြုပြင်ခြင်းစသည့် အရေးကြီးသည့်အရာများကို လုပ်ဆောင်ပေးသည်။ သွေးဆဲလ်များနှင့် ပရိုတင်းတို့ဆုံးရှုံးခြင်းမှကာကွယ်ရန် စစ်ထုတ်ခြင်း၏ပထမအဆင့်တွင် ၎င်းတို့ကို အခြားဒြပ်စင်များမှ ခွဲခြားလိုက်သည်။ ထိုအထူးလုပ်ငန်းတာဝန်ကို ဗိုးမင်းအခွံများက ပြီးမြောက်စေသည်။ သို့သော် မည်သို့လုပ်ဆောင်ကြသနည်း။
ဂလိုမဲရူးလပ်စ်ထဲသို့ ဝင်ရောက်လာသောသွေးကြောများသည် အလွန်ပါးလွှာသည့်နံရံရှိ ဆံခြည်မျှင်သွေးကြောများအဖြစ် ကွဲထွက်သွားသည်။ သို့နှင့် သွေးလည်ပတ်မှုကြောင့်ဖြစ်ပေါ်သည့် သွေးဖိအားကြောင့် အချို့ရေနှင့် သေးငယ်သည့်အခြားမော်လီကျူးများသည် ဆံချည်မျှင်သွေးကြောများ၏ ခိုင်ခံ့သည့်အမြှေးများကိုဖြတ်၍ ဗိုးမင်းအခွံနှင့် ယင်းနှင့်ဆက်သွယ်ထားသည့် ပြွန်ခွေထဲသို့ ရောက်ရှိသွားသည်။ ၎င်းပြွန်ကို ခွေလိမ်ပြွန်ငယ် ဟုခေါ်သည်။ ပိုကြီးမားသောပရိုတင်းမော်လီကျူးများနှင့် သွေးဆဲလ်အားလုံးသည် လည်ပတ်နေသည့်သွေးများထဲတွင်ကျန်နေပြီး ဆံခြည်မျှင်သွေးကြောများတစ်လျှောက် ဆက်လက်စီးဆင်းသွားသည်။
ယခုအခါ စစ်ထုတ်ခြင်းသည် ပို၍ရွေးချယ်လာသည်။ သင်၏ကျောက်ကပ်သည် သင်၏ကိုယ်ခန္ဓာအတွက် အသုံးဝင်သည့်အရာတစ်စုံတစ်ခုမျှ လွတ်မသွားရလေအောင် လုံးဝသေချာရန်ပြုရသည်! ဤအဆင့်တွင် အသုံးဝင်သည့်မော်လီကျူးများအပါအဝင် စွန့်ပစ်ပစ္စည်းများနှင့် အသုံးမလိုသည့်ပစ္စည်းများပါဝင်သည့်အရည်အရောအနှောသည် ပြွန်ငယ်မှတစ်ဆင့် စီးဆင်းလာသည်။ ပြွန်ငယ်၏အတွင်းနံရံတစ်လျှောက်တွင်ရှိသော အထူးဆဲလ်များက ရေ၊ ဆား၊ သကြားဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်၊ ဟော်မုန်းဓာတ်နှင့် အမိုင်နိုအက်ဆစ်ကဲ့သို့သော အသုံးဝင်သည့်မော်လီကျူးများကို သိရှိကြသည်။ ၎င်းမော်လီကျူးများသည် ပြွန်ငယ်နံရံအတွင်းသို့ ပြန်လည်စုပ်ယူခြင်းအားဖြင့် ထိရောက်စွာဆွဲယူခြင်းခံရပြီး လည်ပတ်နေသောသွေးများထဲသို့ ပြန်ရောက်ရှိရန် ပတ်ပတ်လည်ရှိဆံခြည်မျှင်သွေးကြောကွန်ရက်အတွင်းသို့ ပြန်၍ပို့ပေးခြင်းခံရသည်။ ဆံခြည်မျှင်သွေးကြောလေးများစုပေါင်းကာ သေးငယ်သည့်သွေးပြန်ကြောအဖြစ်နှင့် ၎င်းသွေးပြန်ကြောများစုပေါင်းကာ ကျောက်ကပ်သွေးပြန်ကြောဖြစ်လာသည်။ ထိုသို့အားဖြင့် ယခုတွင် စစ်ထုတ်ပြီးသန့်ရှင်းသည့်သွေးများသည် သင်၏ကိုယ်ခန္ဓာကို အထောက်အကူပြုရန် ကျောက်ကပ်မှထွက်ခွာသွားလေသည်။
စွန့်ပစ်ပစ္စည်းများကို ထုတ်ပစ်ခြင်း
သို့သော် ပြွန်ငယ်အတွင်းတွင်ကျန်ခဲ့သည့် အရည်များနှင့်ပတ်သက်၍ကော မည်သို့နည်း။ ၎င်းတွင်ပါဝင်သည့်ပစ္စည်းများသည် သင့်ကိုယ်ခန္ဓာအတွက် မလိုအပ်သည့်အရာများဖြစ်ကြောင်း ထင်ရှားသည်။ အရည်များသည် ပို၍ကြီးမားသည့် ဆီးစုပြွန်ငယ် သို့မဟုတ် ဆီးစုပြွန်ရောက်သည့်အထိ ပြွန်ငယ်တစ်လျှောက်ဆက်လက်စီးဆင်းသွားရာ ပြွန်ငယ်နံရံတွင်ရှိသော အခြားဆဲလ်များက အမိုးနီးယား၊ ပိုတက်စီယမ်၊ ယူရီးယား၊ ယူရစ်အက်ဆစ်နှင့် ပိုနေသည့်ရေများပါဝင်သော နောက်ထပ်အညစ်အကြေးများကို ယင်းထဲသို့လွှတ်ပေးသည်။ နောက်ဆုံးတွင် ဆီးဖြစ်သွားသည်။
နက်ဖရွန်အသီးသီးမှ ဆီးစုပြွန်များစုပေါင်းပြီး ပိရမစ်များ၏ထိပ်များတွင်ရှိ အပေါက်များမှတစ်ဆင့် ဆီးများစီးဆင်းသည်။ ဆီးများသည် ကျောက်ကပ်ဆုံခွက်ကိုဖြတ်ကျော်ပြီးနောက် ကျောက်ကပ်နှင့်ဆီးအိတ်ကို ဆက်သွယ်ထားသည့် ဆီးပြွန်အတိုင်း စီးဆင်းသွားသည်။ ဆီးများသည် သင်၏ကိုယ်ခန္ဓာမှမစွန့်မီ ဆီးအိတ်အတွင်းတွင် စုထားခံရသည်။
သင်၏ကျောက်ကပ်အတွင်းရှိ နှစ်သန်းကျော်သော နက်ဖရွန်များသည် အဏုကြည့်မှန်ပြောင်းဖြင့်သာမြင်ရသည့်သေးငယ်လှသော်လည်း ယင်းတို့သည် အလွန်အကျိုးသက်ရောက်သောအလုပ်များကို လုပ်ဆောင်နေသည်။ ဗြိတိန်နီကာစွယ်စုံကျမ်းသစ်က– “နက်ဖရွန်များ . . . သည် ၄၅ မိနစ်တိုင်းတွင် သွေးထဲတွင်ပါဝင်သည့်ရေ ငါးကွတ်စလုံးကိုစစ်ပေးသည်” ဟုတင်ပြခဲ့သည်။ အမျိုးမျိုးသောပစ္စည်းများကို ပြန်လည်စုပ်ယူပြီး ဖြစ်စဉ်များစွာလုပ်ဆောင်ပြီးသည့်အချိန်တွင် ကျန်းမာရေးကောင်းသည့် သာမန်ကိုယ်ခန္ဓာသည် ၂၄ နာရီတိုင်းတွင် ဆီးအဖြစ် စွန့်ပစ္စည်းနှစ်ကွတ်ခန့်ကို စွန့်ပစ်နိုင်သည်။ အလွန်အလုပ်များပြီးစေ့စပ်လှသည့် စစ်ထုတ်ခြင်းစနစ်ပါတကား!
သင်၏ကျောက်ကပ်ကို ဂရုစိုက်ပါ!
သင်၏ကျောက်ကပ်သည် အလိုအလျောက်သန့်စင်ခြင်း၊ အလိုအလျောက်ပြုပြင်ထိန်းသိမ်းခြင်းတို့နှင့်အတူ ကြာမြင့်စွာအလုပ်လုပ်ဆောင်နိုင်စွမ်းရှိသည်။ သို့သော် သူတို့၏အလုပ်ကိုလုပ်ဆောင်ရန် ကူညီရာတွင် သင်လုပ်ဆောင်ရမည့်အပိုင်းရှိသည်။ သင်၏ကိုယ်ခန္ဓာကျန်းမာရန်အတွက် သင်၏ကျောက်ကပ်ထဲသို့ ရေအမြောက်အမြားဖြတ်သွားရမည်ဖြစ်သည်။ အမှန်ပင် ရေအလုံအလောက်သောက်ခြင်းသည် ကျောက်ကပ်ကူးစက်ရောဂါနှင့် ကျောက်ကပ်တွင်ကျောက်တည်ခြင်းကိုကာကွယ်ရန် အခြေခံနည်းလမ်းဖြစ်သည်ဟု ယူမှတ်ထားကြသည်။b ရေသောက်ခြင်းသည် အစာချေခြင်းနှင့် နှလုံးသွေးကြောအဖွဲ့ကိုလည်း အကူအညီဖြစ်စေသည်ဟု နယူးယောက်၊ လောင်းအိုင်လန်ကောလိပ်ဆေးရုံ၏ ဆီးပညာဌာနမှ ဥက္ကဋ္ဌ ဒေါက်တာ စီ. ဂိုးဒက်ကထောက်ပြခဲ့သည်။
ရေမည်မျှလိုသနည်း။ ဒေါက်တာ ဂိုးဒက်နှင့် အခြားဆရာဝန်များက အခြားအစားအသောက်များအပြင် လူယောက်စီယောက်တိုင်းသည် တစ်နေ့လျှင် အနည်းဆုံးရေနှစ်ကွတ် [၂ လီတာ] သောက်သင့်သည်ဟု အကြံပေးခဲ့သည်။ “လူအများစုသည် ရေဓာတ်ခန်းခြောက်နေသည်” ဟုဒေါက်တာဂိုးဒက်က နိုးလော့! ကိုပြောခဲ့သည်။ သူက သင်၏ကျောက်ကပ်နှင့် နှလုံးသည် ရောဂါကင်းနေသရွေ့ ယင်းတို့အတွက် ရေသည်သင့်လျော်သည်ဟု မှတ်ချက်ပေးခဲ့သည်။ “သို့သော် အလုံအလောက်သောက်ရန်လိုသည်၊ အများစုသည်မသောက်ကြပါ” ဟု ဒေါက်တာဂိုးဒက်ပြောခဲ့သည်။
အချို့သူများသည် လိမ္မော်ရည်ကဲ့သို့ အနံ့အရသာအနည်းငယ်ပေါင်းစပ်ထားသည့်ရေကို ပို၍အရသာတွေ့ကြသည်။ အချို့သူများမှာမူ စမ်းရေ သို့မဟုတ် ကြွကာဗွန်နှင့်စစ်ထားသည့်ရေ၏အရသာကို ပိုနှစ်သက်ကြသည်။ မည်သို့ပင်ဖြစ်ပါစေ သင်၏ကျောက်ကပ်အတွက် ရိုးရိုးရေ သို့မဟုတ် အနံ့အရသာရှိပစ္စည်းမဆိုစလောက်သာပါသည့်ရေသည် အခြားမည်သည့်ဖျော်ရည်ထက်မဆို ပို၍ကောင်းသည်။ အမှန်မှာ သစ်သီးဖျော်ရည်တွင်ပါသည့် သကြားများနှင့် အချိုရေများသည် ကိုယ်ခန္ဓာရေလိုအပ်မှုကိုတိုးစေသည်။ အရက် သို့မဟုတ် ကဖိန်းပါသည့်အရည်များသည် ကိုယ်ခန္ဓာရှိရေကိုလျော့စေသည်။
တစ်နေ့လျှင် ရေနှစ်ကွတ်သောက်သည့်အကျင့်ဖြစ်ရန် အမှန်စိန်ခေါ်ချက်ဖြစ်နိုင်သည်။ တစ်ခုမှာ ခါတိုင်းထက်ပို၍ အပေါ့စွန့်ရသည့်အတွက် များစွာသောသူများအတွက် စိတ်ကသိကအောင့်ဖြစ်စေသည်။ သို့သော် ဤအပိုကြိုးစားအားထုတ်မှုများအတွက် သင်၏ကိုယ်ခန္ဓာသည် သင့်ကိုကျေးဇူးတင်ပေလိမ့်မည်။ ရေကိုအလုံအလောက်သောက်ခြင်းသည် သင်၏ကျန်းမာရေးကောင်းရန် အကူအညီဖြစ်စေသည့်အပြင် သင်၏ရုပ်ဆင်းရူပကာကိုပင် တိုးတက်ကောင်းမွန်စေနိုင်သည်။ ဆရာဝန်များက ကောင်းမွန်သည့်အာဟာရနှင့် အရည်ဓာတ်များစွာပါသည့်အစာများသည် ပြင်ဆင်ခြယ်သခြင်းထက် သင်၏အသားအရေကို ပို၍လှပစေသည်ဟု ထောက်ပြသည်။
ဝမ်းနည်းစရာမှာ ကျွန်ုပ်တို့၏ရေငတ်ခြင်းပြယန္တရားသည် ချို့တဲ့သည့်အပြင် အသက်ကြီးလာသည်နှင့်အမျှ ယင်းသည် လှုံ့ဆော်ပေးသည့်အားပို၍နည်းလာသည်။ ထို့ကြောင့် ကျွန်ုပ်တို့ရေမည်မျှလိုအပ်သည်ကိုသိရှိရန် ရေဆာခြင်းတစ်ခုတည်းအပေါ်တွင် အမှီမပြုနိုင်ပါ။ ရေလုံလောက်စွာသောက်ဖြစ်အောင်သောက်ရန် သင်မည်သို့ပြုလုပ်နိုင်သနည်း။ အချို့သောသူများသည် သူတို့၏တစ်နေ့တာကို ရေဖန်ခွက်နှစ်ခွက်သောက်ခြင်းဖြင့်အစပြုပြီး နောက်ပိုင်း ကြားအချိန်များတွင်လည်း ပုံမှန်ရေသောက်ကြသည်။ အခြားသူများမှာ ရေကိုထွင်းဖောက်မြင်နိုင်သည့်ရေအိုးများဖြင့် ရေကို မြင်နိုင်သည့်နေရာများနှင့် လက်လှမ်းမီနိုင်သည့်နေရာများတွင် ရေကိုထားခြင်းဖြင့် တစ်နေ့တာလုံး ရေတစွတ်စွတ်သောက်ရန် သတိပေးချက်ဖြစ်စေကြသည်။ မည်သည့်နည်းကိုမဆို သင်အသုံးပြုပါစေ သန့်ရှင်းသည့်ရေကို လုံလောက်စွာသောက်ပေးခြင်းသည် သင့်ကိုအသက်ဆက်ရှင်စေသည့် သင်၏ကျောက်ကပ်—အံ့သြဖွယ်စစ်ထုတ်သည့်ကိရိယာ—ကိုသင်တန်ဖိုးထားကြောင်းတင်ပြသည့် နည်းလမ်းကောင်းဖြစ်သည်။
[အောက်ခြေမှတ်ချက်များ]
a ၁၈၄၀ ပြည့်နှစ်အစောပိုင်းက အင်္ဂလိပ်ခွဲစိတ်ပါရဂူနှင့် တစ်ရှူးဗေဒပညာရှင် ဝီလျံ ဗိုးမင်းသည် ဤသေးငယ်သည့် အခွံနှင့် ၎င်း၏လုပ်ဆောင်ချက်ကို ရှင်းလင်းတင်ပြခဲ့သည်။ သို့နှင့် ၎င်းသည် သူ့နာမည်တွင်လာသည်။
b နိုးလော့! ၁၉၉၃၊ ဩဂုတ် ၂၂ ရက်ထုတ်၊ စာမျက်နှာ ၂၀-၂၂ [လိပ်] နှင့် ၁၉၈၆၊ မတ် ၈ ရက်ထုတ် စာမျက်နှာ ၁၈ [လိပ်] ကိုကြည့်ပါ။
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]
နက်ဖရွန်—အခြေခံစစ်ထုတ်မှုယူနစ်
ကျောက်ကပ်တစ်ခုစီတွင် နက်ဖရွန်တစ်သန်းကျော်ရှိသည်။ နက်ဖရွန်တစ်ခုစီတွင် ပျမ်းမျှအားဖြင့် အရှည် ၁.၂ လက်မခန့်နှင့် အကျယ် .၀၀၂ လက်မမျှသာရှိသည့် ပြွန်ငယ်စနစ်ကို တွေ့ရသည်။ သို့သော်လည်း ကျောက်ကပ်တစ်ခုအတွင်းရှိ ၎င်းပြွန်ငယ်အားလုံးကို ဖြေဖြန့်ကြည့်နိုင်မည်ဆိုလျှင် ယင်းတို့ကို ၁၉ မိုင်ခန့် ဆန့်ထုတ်နိုင်ပေမည်!
ဗိုးမင်းအခွံသည် အမှန်တွင် နက်ဖရွန်၏ ခွေလိမ်ပြွန်ငယ်၏အဆုံးတွင်ရှိသည့် အဖုအထစ်လေးဖြစ်သည်။ ဤပြွန်ငယ်ကို ဆံခြည်မျှင်သွေးကြောဟုခေါ်သည့် အလွန်သေးငယ်သော သွေးကြောငယ်ကွန်ရက်ဖြင့် ဝိုင်းရံထားသည်။ ပြွန်ငယ်သည် နက်ဖရွန်ကစစ်ထုတ်လိုက်သည့် စွန့်ပစ်ပစ္စည်းနှင့် အဆိပ်ဖြစ်ပစ္စည်းများကိုသယ်ဆောင်သွားသော ကြီးမားသည့်ဆီးစုပြွန်အတွင်းသို့ စီးဆင်းသွားသည်။
[စာမျက်နှာ ၁၄၊ ၁၅ ပါ ဇယား]
ကျောက်ကပ်သွေးပြန်ကြောသည် စစ်ပြီးသောသွေးသန့်ကို ကိုယ်ခန္ဓာထဲသို့ယူဆောင်
ကျောက်ကပ်သွေးလွှတ်ကြောသည် မစစ်ရသေးသည့်သွေးများကို ကျောက်ကပ်သို့ပို့ပေး
ကျောက်ကပ်ပိရမစ်များသည် လုံးချွန်ပုံရှိပြီး ကျောက်ကပ်အခွက်ထဲသို့ ဆီးများကို စီးဆင်းစေ
ကျောက်ကပ် အပြင်လွှာတွင် နက်ဖရွန်တစ်ခုစီ၏ ဂလိုမဲရူးလပ်စ်များရှိသည်
ကျောက်ကပ် အခွက်သည် ကတော့ပုံရှိပြီး ဆီးများကိုစုဆောင်းကာ ဆီးပြွန်အတွင်းသို့ပို့ပေး
ဆီးပြွန်သည် ကျောက်ကပ်ထဲမှဆီးများကို ဆီးအိတ်ထဲသို့စီးဆင်းစေ
[စာမျက်နှာ ၁၅ ပါ ဇယား]
နက်ဖရွန်၊ နှစ်သန်းခန့်ရှိသော အလွန့်အလွန် သေးငယ်သည့် စစ်ထုတ်ပြွန်ငယ်များဖြစ်၊ သွေးကိုသန့်စင်ပေး
ဗိုးမင်းအခွံ
ဂလိုမဲရူးလပ်စ်
ဆီးသည် ပြွန်လိမ်များဖြင့် စုဆောင်းခြင်းခံရပြီး ဆီးအိတ်ထဲသို့သွားသည်
ဆံခြည်မျှင်သွေးကြောများ