ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၁၁/၈ စာ. ၁၁-၁၄
  • ‘ခဏတာမျှသာ!’ ကျွန်တော့်ကျောက်ကပ်ရောဂါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ခဏတာမျှသာ!’ ကျွန်တော့်ကျောက်ကပ်ရောဂါ
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကျွန်တော့်ကျမှ ဘာကြောင့်ဖြစ်ရတာလဲ”
  • ဒိုင်ယာလစ်ဆစ် ပြုလုပ်နေရတဲ့ဘဝ
  • ကျောက်ကပ်အသစ်ဝယ်ခြင်း
  • သေဖို့ရာမကြောက်
  • ‘ခဏတာမျှပါပဲ၊ လီ!’
  • သင်၏ကျောက်ကပ် အသက်အတွက် စစ်ထုတ်ပေးသည့်ကိရိယာ
    နိုးလော့!—၁၉၉၈
  • သွေးနဲ့ပတ်သက်တဲ့ ဘုရားရဲ့အမြင်ကို ကျွန်တော် လက်ခံသွားပြီ
    နိုးလော့!—သွေးနဲ့ပတ်သက်တဲ့ ဘုရားရဲ့အမြင်ကို ကျွန်တော် လက်ခံသွားပြီ
  • ကျောက်ကပ်အထူးကုဆရာဝန်တစ်ဦးက ဘုရားသခင်ကို ဘာကြောင့်ယုံကြည်လာကြောင်း ရှင်းပြ
    နိုးလော့!—၂၀၁၃
  • သွေး
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နိုးလော့!—၁၉၉၇
န၉၇ ၁၁/၈ စာ. ၁၁-၁၄

‘ခဏတာမျှသာ!’ ကျွန်တော့်ကျောက်ကပ်ရောဂါ

၁၉၈၀ ပြည့်နှစ် ဇန်နဝါရီလဆန်းပိုင်းရဲ့နေ့တစ်နေ့ဟာ ကျွန်တော့်အတွက်တော့ မနေ့တစ်နေ့ကလိုပါပဲ။ အမေက ကျွန်တော့်ကိုစျေးဆိုင်မှာ ပေါင်မုန့်သွားဝယ်ခိုင်းပါတယ်၊ ဒါနဲ့ ကျွန်တော် အိမ်ထဲကနေထွက်တော့မယ်လုပ်တုန်း ဖုန်းသံမြည်လာတယ်။ ကျွန်တော့်ရဲ့ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေရဲ့ အဖြေကိုပြောဖို့ ဆရာဝန်ဆီကဖုန်းဖြစ်နေတယ်။ ချက်ချင်းဆိုသလိုပဲ အမေဟာ ချုံးပွဲချ ငိုတော့တာပါပဲ။ ငိုရှိုက်ရင်း ကျွန်တော့်ကျောက်ကပ်တွေဟာ ချို့ယွင်းနေပြီဆိုတဲ့သတင်းဆိုးကို ပြောပြတယ်။ ကျွန်တော့်ကျောက်ကပ်ရဲ့ အလုပ်လုပ်နိုင်စွမ်းဟာ တစ်နှစ် ဒါမှမဟုတ်ရင် နှစ်နှစ်ပဲရှိတော့မယ်တဲ့။ ဆရာဝန်ပြောတဲ့အတိုင်းပါပဲ တစ်နှစ်အကြာမှာ ကျွန်တော်ဟာ ဒိုင်ယာလစ်ဆစ်ပြုလုပ်ရတော့တယ်။

၁၉၆၁ ခုနှစ်၊ မေလ ၂၀ ရက်မှာ ကျွန်တော့်ကို မွေးဖွားခဲ့ပြီး မွေးချင်းခြောက်ယောက်အနက် ကျွန်တော်ကအကြီးဆုံးပါ။ ခြောက်လသားအရွယ်မှာ အမေဟာ ကျွန်တော့်ခါးတောင်းကျိုက်အဝတ်ထဲမှာပေနေတဲ့ ဆီးထဲကသွေးကို ဂရုပြုမိတယ်။ ထပ်ပြီးစစ်ဆေးစမ်းသပ်မှုတွေပြုလုပ်ပြီးတဲ့နောက် ကျွန်တော့်အခြေအနေကို ဖြစ်ခဲလှတဲ့မွေးရာပါချို့ယွင်းမှုဖြစ်တဲ့ အဲလ်ပတ်လက္ခဏာစုလို့ ရောဂါအမည်တပ်ကြတယ်။ အဲဒီရောဂါဖြစ်တဲ့အမျိုးသားတွေဟာ ကြာလာတဲ့အခါ ကျောက်ကပ်နဲ့ဆိုင်တဲ့ချို့ယွင်းမှု ဘာကြောင့်ဖြစ်ရလေ့ရှိတယ်ဆိုတာ မသိကြရသေးဘူး။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်နဲ့မိဘတွေဟာ တစ်ခါမှစကားမစမိတဲ့အတွက် ကျောက်ကပ်ရောဂါကို ကျွန်တော်မစိုးရိမ်ခဲ့ဘူး။

ဒီလိုနဲ့ ၁၉၇၉ ခုနှစ် နွေဦးရဲ့တစ်မနက်မှာ ကျွန်တော်အသက်ရှုလိုက်တဲ့အခါ အမိုးနီးယားဓာတ်ငွေ့အနံ့နဲ့တူတဲ့အနံ့တစ်ခုကို သတိပြုမိတယ်။ ဒါကို ကျွန်တော် သိပ်ဂရုမစိုက်မိလိုက်ဘူး၊ ဒါပေမဲ့ ပင်ပန်းနွမ်းနယ်သလိုတော့ ခံစားလာရတယ်။ နေမကောင်းချင်သလိုဖြစ်တာပဲလို့ ကျွန်တော်ထင်မိတဲ့အတွက် အဲဒါ့ကိုအလေးအနက်မထားမိလိုက်ဘူး။ ဒီဇင်ဘာလမှာ ကျွန်တော့်ရဲ့တစ်နှစ်တစ်ကြိမ်ဆေးစစ်ခြင်းပြုလုပ်ခဲ့ပြီး ဇန်နဝါရီလမှာတော့ အထက်မှာဖော်ပြထားတဲ့အတိုင်း တယ်လီဖုန်းကိုရရှိခဲ့တယ်။

အမေအတွက် ပေါင်မုန့်ဝယ်ဖို့လိုနေသေးတယ်ဆိုတော့ ကျွန်တော်ဟာ တုန်လှုပ်ချောက်ချားစွာနဲ့ပဲ ကားမောင်းပြီးစျေးဆိုင်ကိုထွက်ခဲ့တယ်။ ကျွန်တော့်မှာ ဒီလိုဖြစ်နေတယ်ဆိုတာ ကျွန်တော်ဖြင့်မယုံနိုင်ပါဘူး။ “ကျွန်တော့်အသက်က ၁၈ နှစ်ပဲရှိသေးတာ!” ဆိုပြီးအော်လိုက်မိတယ်။ ကားကို လမ်းဘေးနား ထိုးရပ်လိုက်တယ်။ ကျွန်တော့်မှာ ဆိုးဆိုးရွားရွားဘာဖြစ်နေတယ်ဆိုတာ အခုမှပဲသိလာရတော့တယ်။

“ကျွန်တော့်ကျမှ ဘာကြောင့်ဖြစ်ရတာလဲ”

အဲ့ဒီလမ်းဘေးမှာထိုင်နေရင်း ကျွန်တော်ငိုချမိလိုက်တော့တယ်။ မျက်ရည်တစ်ပေါက်ချင်းကျလာပြီး “ဘုရားသခင်ရယ်၊ ကျွန်တော့်ကျမှ ဘာကြောင့်ဖြစ်ရတာလဲ။ ဘာကြောင့်လဲ။ ကျွန်တော့်ကျောက်ကပ်တွေ ချို့ယွင်းမသွားပါစေနဲ့” ဆိုပြီးလွှတ်ခနဲပြောချလိုက်တယ်။

၁၉၈၀ ပြည့်နှစ်ရဲ့ လများတဖြည်းဖြည်းကုန်ဆုံးလာတာနဲ့အမျှ ကျွန်တော့်ကျန်းမာရေးဟာလည်း ဆိုးသည်ထက်ဆိုးလာပြီး ကျွန်တော့်ရဲ့ဆုတောင်းခြင်းဟာ ပိုပြီးဆောက်တည်ရာမရခံစားရသလို မျက်ရည်စက်လက်နဲ့ဖြစ်လာတယ်။ အဲဒီနှစ်ရဲ့အဆုံးပိုင်းမှာ ကျွန်တော့်ရဲ့ချို့ယွင်းနေတဲ့ကျောက်ကပ်တွေဟာ စစ်ထုတ်နိုင်စွမ်းမရှိတော့လို့ သွေးထဲမှာ စွန့်ပစ်ပစ္စည်းအဆိပ်အတောက်တွေ တိုးပွားလာတဲ့အတွက် ကျွန်တော်ဟာသတိလစ်လစ်သွားတတ်ပြီး မကြာခဏဆိုသလို အော့အန်လေ့ရှိတယ်။ နိုဝင်ဘာလမှာ ကျွန်တော်ဟာ သူငယ်ချင်းအချို့နဲ့အတူ စခန်းချခရီးကို နောက်ဆုံးအနေနဲ့ထွက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် အရမ်းဖျားနေတဲ့အတွက် ရက်သတ္တပတ်အဆုံးပိုင်းနှစ်ရက်စလုံး ကားထဲမှာပဲထိုင်နေပြီး တခိုက်ခိုက်တုန်ရီနေတယ်။ ဘယ်လိုပဲလုပ်လုပ် ကျွန်တော့်မှာ နွေးထွေးလို့ကိုမသွားဘူး။ နောက်ဆုံးတော့ ၁၉၈၁ ခုနှစ် ဇန်နဝါရီလထဲမှာ မရှောင်လွှဲနိုင်တာဖြစ်ခဲ့တယ်—ကျွန်တော့်ကျောက်ကပ်တွေက လုံးဝချို့ယွင်းသွားတော့တယ်။ ဒါကြောင့် ဒိုင်ယာလစ်ဆစ်ကုထုံးကို ခံယူရင်ခံယူ၊ မခံယူရင် သေရုံပဲရှိတော့တယ်။

ဒိုင်ယာလစ်ဆစ် ပြုလုပ်နေရတဲ့ဘဝ

ဒီမတိုင်ခင်လအနည်းငယ်က ကျွန်တော်တို့ရဲ့မိသားစုဆရာဝန်က ဆေးထိုးအပ်ကိုအသုံးမပြုဘဲ ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ သွေးတွေကိုသန့်စင်စေမယ့် ဒိုင်ယာလစ်စစ်ကုသမှုနည်းအသစ်နဲ့ပတ်သက်ပြီး ကျွန်တော့်ကိုပြောပြခဲ့တယ်။ အဲဒီနည်းကို ဝမ်းတွင်းမြှေးဒိုင်ယာလစ်ဆစ် (PD) လို့ခေါ်ကြတယ်။ ကျွန်တော်ဟာ ဆေးထိုးအပ်အသုံးပြုရမှာကို လုံးဝမနှစ်သက်တဲ့အတွက် ချက်ချင်းပဲ အဲဒါကိုစိတ်ဝင်စားသွားတယ်။ ဒိုင်ယာလစ်ဆစ်ကုသနည်းကိုခံယူသူအချို့အတွက် ဒါကနောက်ထပ်နည်းလမ်းဖြစ်တယ်။

အံ့ဩစရာကောင်းတာက ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာထဲမှာရှိတဲ့အမြှေးပါးတစ်ခုဟာ ကျောက်ကပ်အတုလိုပဲစွမ်းဆောင်နိုင်စွမ်းရှိတယ်။ ဝမ်းတွင်းမြှေး—ချောမွေ့ ပြီး၊ အစာခြေအင်္ဂါအဖွဲ့ရဲ့ပတ်လည်မှာ အိတ်သဏ္ဌာန်ဖြစ်နေတဲ့ ထွင်းဖောက်မြင်နိုင်တဲ့အမြှေးပါး—ကိုသွေးများသန့်စင်ဖို့ စစ်ထုတ်ရာအဖြစ် အသုံးပြုနိုင်လေတယ်။ အဲဒီအမြှေးပါးရဲ့ အတွင်းပိုင်းမှာ ဝမ်းတွင်းမြှေးအခေါင်းလို့ခေါ်တဲ့ နေရာလပ်တစ်ခုရှိတယ်။ ဝမ်းတွင်းမြှေးဟာ ကျုံ့နိုင်တဲ့အိတ်တစ်လုံးလိုဖြစ်ပြီး ဝမ်းခေါင်းထဲရှိ ကိုယ်အင်္ဂါများအကြားမှာ ညှပ်ပြီးတည်ရှိနေတယ်။

ဒါကတော့ PD ရဲ့လုပ်ဆောင်မှုပါပဲ– ဝမ်းခေါင်းရဲ့အောက်ပိုင်းမှာ ခွဲစိတ်ပြီးထည့်သွင်းထားတဲ့ ချူပြွန် (ပြွန်) ကတစ်ဆင့် အထူးဒိုင်ယာလစ်ဆစ်အရည်တစ်မျိုးကို ဝမ်းတွင်းမြှေးအခေါင်းထဲသို့ ထည့်ပေးရတယ်။ အဲဒီအရည်ထဲမှာ ဒက်စထရို့ပါဝင်ပြီး၊ တစ်ဖက်စိမ့်ခြင်းနည်းအားဖြင့် စွန့်ပစ်ပစ္စည်းများနဲ့ သွေးထဲမှပိုလျှံနေတဲ့အရည်တွေဟာ ဝမ်းတွင်းမြှေးကတစ်ဆင့် ဝမ်းတွင်းမြှေးအခေါင်းထဲမှာရှိတဲ့ ဒိုင်ယာလစ်ဆစ်အရည်အတွင်းဆီကို ဆွဲယူလိုက်တယ်။ ပုံမှန်အားဖြင့် ကျင်ငယ်အဖြစ်နဲ့ဖယ်ထုတ်ခြင်းခံရတဲ့ စွန့်ပစ်ပစ္စည်းများဟာ အခုဆိုရင် ဒိုင်ယာလစ်ဆစ်အရည်ထဲရောက်ရှိနေပြီ။ တစ်နေ့လေးကြိမ် အသုံးပြုပြီးသားအရည်ကို စွန့်ထုတ်ရပြီး ဝမ်းတွင်းခေါင်းထဲဆီသို့ အရည်အသစ်ပြန်ဖြည့်စေခြင်းဖြင့် လဲလှယ်မှုပြုလုပ်ပေးရတယ်။ လဲလှယ်မှုတစ်ခါပြုလုပ်ရင် ပြီးစီးဖို့ ၄၅ မိနစ်ခန့်ကြာတယ်။ ဒါက ဘာနဲ့တူသလဲဆိုရင် ချောချောမွေ့မွေ့ခရီးဆက်နိုင်ဖို့ ဆီအဟောင်းကိုစွန့်ထုတ်လိုက်ပြီး အသစ်ပြန်ဖြည့်ပေးရသလိုပါပဲ!

၁၉၈၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ ကျွန်တော့်ရဲ့ဘယ်ဘက်အောက်ပိုင်းမှာ ချူပြွန်ထည့်သွင်းဖို့လိုလာတယ်။ ဒီလိုထည့်ပြီးတာနဲ့ လုပ်ထုံးလုပ်နည်းကို နှစ်ပတ်ကြာကြာလေ့ကျင့်ခဲ့ရတယ်။ မန်းကင်းတဲ့နည်းလမ်းကို အသုံးပြုပြီး တကယ်လို့ အစီအစဉ်အတိုင်းသာမသွားဘူးဆိုရင် အန္တရာယ်ရှိပြီး ဝမ်းတွင်းမြှေးရဲ့သေစေနိုင်လောက်တဲ့ အနာရောဂါဖြစ်တဲ့ ဝမ်းတွင်းမြှေးရောင်ရမ်းခြင်း ဖြစ်သွားနိုင်တယ်။

PD နည်းအားဖြင့်ကုသမှုခံယူပြီးတဲ့နောက် ခြောက်လအကြာ ၁၉၈၁ ခုနှစ် နွေဦးအချိန်မှာ ကျွန်တော့်ဘဝကို အကြီးအကျယ်ပြောင်းလဲစေတဲ့ တခြားဖုန်းခေါ်သံတစ်ခု ကျွန်တော့်မိဘတွေဆီကို ဝင်လာတယ်။

ကျောက်ကပ်အသစ်ဝယ်ခြင်း

၁၉၈၁ ခုနှစ် ဇန်နဝါရီလကတည်းက ကျောက်ကပ်အစားထိုးကုသဖို့ အမျိုးသားစာရင်းထဲမှာ ကျွန်တော့်နာမည်ကို ထည့်ထားခဲ့တယ်။a ဒီလိုအစားထိုးကုသခြင်းက ကျွန်တော့်ဘဝကို ပုံမှန်အတိုင်း ပြန်ဖြစ်သွားမယ်လို့ မျှော်လင့်ပါတယ်။ ရှေ့ဆက်ပြီးဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော်လုံးဝမသိခဲ့ဘူး!

ဩဂုတ်လလယ်မှာ အလှူရှင်တစ်ဦးတွေ့ရှိပြီဖြစ်ကြောင်း ကျွန်တော်တို့ဆီကို ဖုန်းနဲ့အကြောင်းကြားလေတယ်။ ကျွန်တော် ဆေးရုံကိုရောက်သွားတဲ့အချိန်မှာ ည ၁၀ နာရီခန့်ရှိပြီး၊ အစားထိုးဖို့အတွက် ကျွန်တော်နဲ့သင့်တော်ကြောင်းသေချာဖို့ သွေးနမူနာယူကြတယ်။ ကျောက်ကပ်ကတော့ အဲ့ဒီရက်စောစောပိုင်းက မတော်တဆမှုတစ်ခုမှာသေသွားတဲ့ လူငယ်တစ်ဦးရဲ့ကျောက်ကပ်ဖြစ်ပြီး သူ့မိသားစုက ခွင့်ပြုခဲ့တာပါ။

နောက်တစ်နေ့မနက်မှာပဲ ခွဲစိတ်ကုသမယ်လို့ အစီအစဉ်ပြုလုပ်ကြတယ်။ ကျွန်​တော်ဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်လို့ ကျမ်း​စာနဲ့လေ့ကျင့်ထားတဲ့ ကျွန်တော့်ရဲ့ကိုယ့်ကိုကိုယ်သိတဲ့စိတ်က သွေးသွင်းခြင်းကိုလက်မခံတဲ့အတွက် ခွဲစိတ်ကုသမှုမပြုလုပ်မီ အ​ရေး​ကြီးတဲ့အကြောင်းအရာတစ်ခုအပေါ် ညှိနှိုင်းမှုရယူခဲ့ရတယ်။ (တ​မန်​တော် ၁၅:၂၈၊ ၂၉) အဲ့ဒီဦးဆုံးညမှာပဲ မေ့ဆေးဆရာဝန်က ကျွန်​တော့်ကိုလာကြည့်ပြီး ခွဲခန်းထဲမှာ အရေးကြုံလာမယ်ဆိုရင် သွေးသွင်းခြင်းကိုလက်​ခံဖို့ ကျွန်တော့်ကို တိုက်တွန်းပါတယ်။ ကျွန်တော်က ငြင်းလိုက်တယ်။

သူက “တစ်ခုခုဖြစ်လာရင် ငါဘာလုပ်ရမှာလဲ။ မင်းကို ပေးသေရမှာလား” လို့မေးတယ်။

“လုပ်ရမယ့်ဘယ်အရာမဆိုလုပ်ပါ၊ ဒါပေမဲ့ ဘာကြီးပဲဖြစ်နေဖြစ်နေ ကျွန်တော့်ကိုတော့ သွေးလုံးဝမသွင်းပါနဲ့။”

သူထွက်သွားပြီးနောက်မှာပဲ ခွဲစိတ်ဆရာဝန်တွေဝင်လာကြတယ်။ ကျွန်တော်ဟာ အဲဒီအကြောင်းကိုပဲ သူတို့နဲ့အတူထပ်ဆွေးနွေးပြီးနောက် သွေးမဲ့ခွဲစိတ်ဖို့ သူတို့သဘောတူလိုက်တဲ့အတွက် ကျွန်တော့်မှာ အတော်လေးကိုစိတ်သက်သာရာရသွားတယ်။

သုံးနာရီခွဲအကြာမှာ ခွဲစိတ်ခြင်းက ချောချောမွေ့မွေနဲ့ပဲပြီးသွားပါတယ်။ ခွဲစိတ်ဆရာဝန်က ကျွန်တော့်မှာ သွေးနဲနဲပဲထွက်တယ်လို့ပြောတယ်။ သတိပြန်လည်လာလူနာခန်းမှာ ကျွန်တော်သတိရတဲ့အခါ စိတ်ထဲမှာအရာသုံးခုက အပြင်းအထန်ဝင်ရောက်လာတယ်—ဦးဆုံးကတော့ ဆာလောင်ခြင်းနဲ့ ရေငတ်ခြင်းဖြစ်ပြီး ဒီနောက်တော့ နာကျင်ခြင်းပါပဲ! ဒါပေမဲ့ ပန်းရောင်သန်းနေတဲ့အဝါရောင်အရည်အပြည့်ရှိတဲ့ ကြမ်းပြင်ပေါ်ကအိတ်ကို တွေ့လိုက်ရတဲ့အခါ အဲဒါတွေအားလုံးက အရာမထင်တော့ပါဘူး။ အဲဒါကတော့ ကျွန်တော့်ရဲ့ကျောက်ကပ်အသစ်က ကျင်ငယ်တွေပါပဲ။ နောက်ဆုံးတော့ ကျွန်တော်ဟာ ကျင်ငယ်စွန့်နိုင်ပါပကော! ချူပြွန်ကို ကျွန်တော့်ဆီးအိမ်ကနေ ဖယ်ရှားလိုက်တဲ့အခါ အခြားသူတွေလိုပဲ ကျွန်တော်လည်းကျင်ငယ်စွန့်နိုင်ခဲ့တဲ့အတွက် အရမ်းပဲပျော်ရွှင်ခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်တော့်ပျော်ရွှင်မှုက ခဏပါပဲ။ နှစ်ရက်အကြာမှာ ကျွန်တော့်ကျောက်ကပ်အသစ်က အလုပ်မလုပ်တော့ဘူးဆိုတဲ့ ဝမ်းနည်းစရာသတင်းကိုကြားလိုက်ရတယ်။ ကျောက်ကပ်အသစ် စအလုပ်လုပ်နိုင်ဖို့ အချိန်ပေးတဲ့အနေနဲ့ ဒိုင်ယာလစ်ဆစ်ကို ပြန်သုံးဖို့လိုလာပြန်တယ်။ ဒိုင်ယာလစ်ဆစ်ကို ရက်သတ္တပတ်အတော်ကြာကြာ ကျွန်တော်ပြုလုပ်ခဲ့ရပြန်တယ်။

အခုဆိုရင် စက်တင်ဘာရဲ့လတစ်ဝက်ကျိုးလို့ ဆေးရုံတက်နေတာကလည်း တစ်လနီးပါးလောက်ရှိနေပြီ။ ကျွန်တော့်ရဲ့အိမ်က ဆေးရုံနဲ့မိုင် ၅၀ လောက်ဝေးတဲ့အတွက် ခရစ်ယာန်ရောင်းရင်းတွေ ကျွန်တော့်ဆီကို လာလည်ပတ်ဖို့ခက်ခဲလှတယ်။ ကျွန်တော့်အသင်းတော်ကို အရမ်းတမ်းတတာပါပဲ။ အသင်းတော်အစည်းအဝေးတွေကို အသံသွင်းထားတဲ့တိတ်ခွေတွေ ကျွန်တော်ရရှိခဲ့ပေမဲ့ အဲဒါတွေကိုနားထောင်တဲ့အခါတိုင်း ရင်ထဲမှာဆို့တက်လာတယ်။ ကျွန်တော်ဟာ ပျင်းရိပြီးငြီးငွေ့ဖွယ်ကောင်းတဲ့အချိန်များစွာကို ယေဟောဝါဘုရားသခင်နဲ့စကားပြောပြီး ဆက်လက်ခံရပ်နိုင်ဖို့ခွန်အားတောင်းဆိုရင်းနဲ့ပဲ အချိန်ဖြုန်းခဲ့ရတယ်။ နောက်ပိုင်းမှာ ဒီထက်ခက်ခဲတဲ့စမ်းသပ်မှုတွေခံရဦးမယ်ဆိုတာကို အဲဒီတုန်းကတော့မသိခဲ့ပါဘူး။

သေဖို့ရာမကြောက်

အစားထိုးကုသထားတာ ခြောက်ပတ်ကြာခဲ့ပြီးမို့ အခုခံပြင်းစွာထင်ရှားနေတာကတော့ ကျွန်တော့်ရဲ့ကိုယ်ခန္ဓာဟာ ကျောက်ကပ်ကိုငြင်းပယ်နေတယ်ဆိုတာပါပဲ။ ကျွန်တော့်ဝမ်းဗိုက်က ဖောင်းကားပြီးကယ်နေတယ်; ဆရာဝန်တွေက အဲဒီကျောက်ကပ်ကိုထုတ်ပစ်ရလိမ့်မယ်လို့ ကျွန်တော့်ကိုပြောကြတယ်။ သွေးနဲ့ပတ်သက်တဲ့ကိစ္စ ထပ်ပြီးဝင်လာပြန်တယ်။ ကျွန်တော့်သွေးဥအရေအတွက်က အရမ်းနည်းနေလို့ ဒီတစ်ကြိမ်ခွဲစိတ်မှုက ပိုပြီးအရေးကြီးတယ်လို့ ဆရာဝန်တွေကရှင်းပြကြတယ်။ ကျွန်တော့်ရဲ့ကျမ်းစာပေါ်အခြေပြုတဲ့ရပ်တည်မှုကို အလျှော့မပေးဘဲစိတ်ရှည်ရှည်နဲ့ ရှင်းပြလိုက်တဲ့အတွက် နောက်ဆုံးတော့ သွေးမဲ့ခွဲစိတ်ဖို့ သူတို့ကသဘောတူလိုက်ကြတယ်။b

ခွဲစိတ်ကုသမှုပြီးတဲ့နောက် ကျန်းမာရေးဟာ မြန်မြန်ပဲကျဆင်းလာတယ်။ သတိပြန်လည်လာလူနာခန်းထဲ ရောက်နေတဲ့အချိန်မှာပဲ ကျွန်တော့်အဆုတ်တွေဟာ အရည်တွေနဲ့ပြည့်လာတယ်။ တစ်ညလုံး ဒိုင်ယာလစ်ဆစ်ကို အပူတပြင်းပြုလုပ်ပြီးတဲ့နောက်မှာ နဲနဲတော့သက်သာလာတယ်။ ဒါပေမဲ့ နှစ်ရက်ကြာတော့ ကျွန်တော့်ရဲ့အဆုတ်တွေဟာ အရည်တွေနဲ့ပြန်ပြည့်လာပြန်တယ်။ နောက်တစ်ညလည်း ဒိုင်ယာလစ်ဆစ်ကို ပြုလုပ်ရပြန်တယ်။ အဲဒီညကိုတော့ ကျွန်တော်သိပ်မမှတ်မိတော့ဘူး၊ ဒါပေမဲ့ ကျွန်တော်မှတ်မိတာကတော့ အဖေကကျွန်တော့်နံဘေးနားမှာ “လီ! အသက်ရှုလိုက်။ ထပ်ရှု။ ဟုတ်ပြီ! ထပ်ရှုဦး။ ဟုတ်ပြီ။ ဆက်ရှုလိုက်ဦး!” လို့ပြောနေပါတယ်။ ကျွန်တော်အရမ်းကို မောပန်းနေတယ်၊ တစ်ခါမှ ဒီလောက်မမောဖူးပါဘူး။ ဒါတွေပြီးမြောက်သွားပြီး ဘုရားသခင်ရဲ့ကမ္ဘာသစ်မှာပဲ နိုးထလာချင်ပါတော့တယ်။ သေရမှာကို ကျွန်တော်မကြောက်ပါဘူး။—ဗျာဒိတ် ၂၁:၃၊ ၄။

နောက်တစ်နေ့မနက်မှာတော့ ကျွန်တော့်အခြေအနေဟာ သေလုနီးပါးပါပဲ။ ကျွန်တော့်ရဲ့သွေးဆဲလ်ထုထည်၊ လှည့်ပတ်နေတဲ့သွေးထဲမှာရှိတဲ့ သွေးနီဥအချိုးအစားဟာ သာမန်အားဖြင့် ၄၀ ကျော်ရှိရမဲ့အစား ၇.၃ ပဲရှိတယ်! ဆရာဝန်တွေက ကျွန်တော့်ရဲ့အခြေအနေကို အားမရကြဘူး။ ကျွန်တော်ပြန်ကျန်းမာလာဖို့ အရမ်းအရေးကြီးတဲ့အရာလို့ သူတို့ဆိုကြတဲ့ သွေးသွင်းခြင်းကိုလက်ခံဖို့ ထပ်မံပြီးကြိုးစားကြပြန်တယ်။

ကျွန်တော့်ကို အထူးဂရုစိုက်ကုသမှုပေးတဲ့လူနာခန်းကို ပြောင်းရွှေ့လိုက်ပြီး အဲဒီမှာ ကျွန်တော့်ရဲ့သွေးဆဲလ်ထုထည်ဟာ ၆.၉ အထိကျဆင်းသွားတယ်။ ဒါပေမဲ့ အမေရဲ့ထောက်ပံ့မှုကြောင့် သွေးဆဲလ်ထုထည်က တဖြည်းဖြည်းနဲ့ပြန်တက်လာတယ်။ အမေဟာ အိမ်ကဖျော်ရည်စက်နဲ့ သံဓာတ်ကြွယ်ဝလှတဲ့အသီးတွေကို ဖျော်ရည်ပြုလုပ်ပြီး ကျွန်တော့်ဆီယူလာပေးတယ်။ ကျွန်တော့်ကိုအားပေးဖို့ ကျွန်တော်နဲ့တောင် အတူသောက်လိုက်သေးတယ်။ မိခင်မေတ္တာဟာ ထူးခြားလှပါတယ်။

ကျွန်တော်ဆေးရုံကဆင်းလာတဲ့ နိုဝင်ဘာလလယ်လောက်မှာ ကျွန်တော့်ရဲ့သွေးဆဲလ်ထုထည်က ၁၁ ရှိလာတယ်။ ၁၉၈၇ ခုနှစ် အစောပိုင်းမှာ ရိုးတွင်းချင်ဆီကနေ သွေးစီးကြောင်းထဲကို သွေးနီဥအသစ်တွေပို့ပေးဖို့ လှုံ့ဆော်ပေးတဲ့ ပေါင်းစပ်ဟော်မုန်းတစ်မျိုးဖြစ်တဲ့ EPO (အီရစ်သရိုပွိုင်တင်) ဆေးဝါးကိုစတင်အသုံးပြုရပြီး အခုဆိုရင် ကျွန်တော့်ရဲ့သွေးဆဲလ်ထုထည်က ၃၃ လောက်ကိုမြင့်တက်လာတယ်။c

‘ခဏတာမျှပါပဲ၊ လီ!’

၁၉၈၄၊ ၁၉၈၈၊ ၁၉၉၀၊ ၁၉၉၃၊ ၁၉၉၅ နဲ့ ၁၉၉၆ ခုနှစ်တို့မှာ ကျွန်တော့်ရဲ့ချို့ယွင်းနေတဲ့ကျောက်ကပ်တွေကြောင့်ပဲ အခြားအရေးကြီးတဲ့ခွဲစိတ်မှုတွေ ဆက်ပြီလုပ်ခဲ့ရတယ်။ ‘ခဏတာမျှပါပဲ’ ဆိုတဲ့အသိက ကျောက်ကပ်ရောဂါဖြစ်နေတဲ့ အဲဒီနှစ်များစွာတစ်လျှောက်မှာ ကျွန်တော့်ကိုစိတ်ဆောင်စေဖို့ကူညီပေးတယ်။ ကျွန်တော်တို့မှာ ကျန်းမာရေး ဒါမှမဟုတ်ရင် အခြားဘာပြဿနာပဲရှိနေပါစေ၊ အဲဒါတွေဟာ ရောက်ရှိလာတော့မယ့် ဘုရားသခင့်နိုင်ငံတော်အောက် ကမ္ဘာသစ်ကျရင် ပယ်ရှင်းခံရမှာပါပဲ။ (မဿဲ ၆:၉၊ ၁၀) ကျွန်တော်ဟာ စိန်ခေါ်ချက်အသစ်နဲ့ စိတ်ဓာတ်ကျဆင်းခြင်းကို ရင်ဆိုင်ရတဲ့အခါတိုင်း ‘ဒါဟာခဏတာပါပဲ၊ လီ!’ ဆိုပြီး ကိုယ့်ကိုကိုယ်ပြောကာ အဲဒါက ကျွန်တော့်ကို အရှိအတိုင်းမြင်စေဖို့ကူညီပေးတယ်။—၂ ကောရိန္သု ၄:၁၇၊ ၁၈။

၁၉၈၆ ခုနှစ်မှာ ကျွန်တော်လက်ထပ်လိုက်တာဟာ ကျွန်တော့်အတွက်တော့အံ့အားသင့်စရာပါပဲ။ ကျွန်တော်ဘယ်တော့မှ အိမ်ထောင်ပြုမှာမဟုတ်ဘူးလို့ ထင်ခဲ့မိတာ။ ‘ကျွန်တော်လိုလူမျိုးကို ဘယ်သူကလက်ထပ်ချင်မှာလဲ’ လို့ကျွန်တော်စဉ်းစားမိတယ်။ ဒါပေမဲ့ ကမ်ဘလီပေါ်လာတယ်။ သူမက ကျွန်တော့်ရဲ့ဖောက်ပြန်ပျက်စီးနေတဲ့ ပြင်ပသဏ္ဌာန်ကိုမဟုတ်ဘဲ အတွင်းလူကိုတွေ့ မြင်တယ်။ သူမကလည်း ကျွန်တော့်ရဲ့အခြေအနေကို ခဏတာပဲဆိုပြီးရှုမြင်တယ်လေ။

၁၉၈၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ပလီဇက်တန်ရှိ ကျွန်တော်တို့ရဲ့ ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမမှာ ကျွန်တော်တို့လက်ထပ်ခဲ့ကြတယ်။ ကျွန်တော့်ရဲ့ရောဂါက မျိုးရိုးဗီဇလိုက်နိုင်တဲ့အတွက် ကျွန်တော်တို့ကလေးမယူဘူးလို့ ဆုံးဖြတ်ထားကြတယ်။ ဒါပေမဲ့ ဒါဟာလည်း ခေတ္တခဏတာပဲဖြစ်မှာပါ။ ယေဟောဝါသာအလိုတော်ရှိမယ်ဆိုရင် ဘုရားသခင်ရဲ့ကမ္ဘာသစ်မှာ ကျွန်တော်တို့ကလေးတွေရလိုပါတယ်။

ဒီကနေ့ဆိုရင် ကျွန်တော်ဟာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဟိုင်းလန်း အုတ်စ် အသင်းတော်မှာ အကြီးအကဲတစ်ဦးအဖြစ်ထမ်းဆောင်ရတဲ့ အခွင့်ထူးကြီးကိုရရှိပြီး ကမ်ဘလီကလည်း အချိန်ပြည့်ဟောပြောနေသူတစ်ဦးအဖြစ် ဆောင်ရွက်နေပါတယ်။ အခုအချိန်မှာတော့ ကျွန်​တော့်ကျန်းမာရေးဟာ မဆိုစလောက်ကောင်းနေပြီး ၁၉၈၁ ခုနှစ်က ခဲယဉ်းပြင်းထန်တဲ့ဒုက္ခက ကျွန်တော့်ရဲ့ကိုယ်ခန္ဓာကို ယုတ်လျော့စေတဲ့အတွက် ကျွန်တော့်မှာခံနိုင်ရည်နည်းပါးနေတယ်။ အဲဒီအချိန်ကတည်းက ကျွန်တော့်ညီမလေးဆီမှာ အဲလ်ပတ်လက္ခဏာစု စဖြစ်နေပြီး၊ ဒီရောဂါရှိတဲ့ ကျွန်တော့်ရဲ့ညီနှစ်ယောက်ဟာလည်း ကျောက်ကပ်ချို့ယွင်းနေလို့ ဒိုင်ယာလစ်ဆစ်ကို ပြုလုပ်နေရတယ်။ ကျန်တဲ့ညီနှစ်ယောက်ကတော့ ဒေါင်ဒေါင်မြည်ပါပဲ။

ကျွန်တော်ဟာ ဝမ်းတွင်းမြှေးဒိုင်ယာလစ်ဆစ်ကို ဆက်လုပ်နေရပြီး အဲဒါက အသက်ရှင်လှုပ်ရှားခွင့်ကိုပေးတဲ့အတွက် ကျေးဇူးတင်လို့မဆုံးပါဘူး။ နောက်ဆုံးမှာတော့ ဒီနေ့ရှိသမျှပြဿနာအားလုံး—ကျောက်ကပ်ရောဂါအပါအဝင်—ဟာ ခဏတာမျှပဲဖြစ်တဲ့အတွက် ကျွန်တော်ဟာ အနာဂတ်ကို ယုံကြည်စိတ်ချစွာနဲ့ပဲမျှော်လင့်နေပါတော့တယ်။—ဤဆောင်းပါးကိုပုံမနှိပ်မီ သေဆုံးသွားခဲ့သော လီ ကောဒါဝေ ပြောပြသည်။

နိုးလော! မဂ္ဂဇင်းသည် ဆေးကုသနည်းတစ်စုံတစ်ရာကို အကြံပြုနေခြင်းမဟုတ်ပါ။ ဤဆောင်းပါးသည် ဟီမိုဒိုင်ယာလစ်ဆစ်ကဲ့သို့သော အခြားကုသမှုများကို ဟန့်တားနေခြင်းလည်းမဟုတ်ပါ။ ကုသနည်းတိုင်းတွင် ဆိုးကျိုးနှင့်ကောင်းကျိုးဒွန်တွဲနေရာ တစ်ဦးစီအနေနှင့် မည်သည့်နည်းဖြင့်ကုသခြင်းနှင့်ပတ်သက်၍မူ ထိုသူ၏အသိစိတ်ဖြင့် မိမိဘာသာဆုံးဖြတ်ရပေမည်။

[အောက်ခြေမှတ်ချက်များ]

a ခရစ်ယာန်တစ်ဦးအနေဖြင့် အစားထိုးကုသမှုကိုခံယူခြင်း သို့မဟုတ် မခံယူခြင်းဟူသည် တစ်ဦးဆီ၏ဆုံးဖြတ်ချက်သာဖြစ်ပါသည်။—ကင်းမျှော်စင် ၁၉၈၀၊ မတ် ၁၅ စာမျက်နှာ ၃၁ [လိပ်] ကိုရှု။

b အရေးကြီးသော သွေးမဲ့ခွဲစိတ်မှုနှင့်ပတ်သက်ပြီး သာ၍သိလိုပါက ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှထုတ်ဝေသည့် သင့်အသက်ကို အသွေးက မည်သို့ကယ်ဆယ်နိုင်သနည်း [လိပ်] စာမျက်နှာ ၁၆-၁၇ ကိုရှု။

c ခရစ်ယာန်တစ်ဦးအနေဖြင့် EPO ဆေးဝါးများကို သုံးသင့် သို့မဟုတ် မသုံးသင့်ဟူသည် တစ်ဦးချင်းစီ၏ဆုံးဖြတ်ချက်အပေါ် မူတည်ပါသည်။—ကင်းမျှော်စင် ၁၉၉၄၊ အောက်တိုဘာ ၁၊ စာမျက်နှာ ၃၁ ကိုရှု။

[စာမျက်နှာ ၁၃ ပါ ဇယား]

ဝမ်းတွင်းမြှေးဒိုင်ယာလစ်ဆစ်အလုပ်လုပ်ပုံ

အသဲ

အူသိမ်၏ အတွန့်အခေါက်များ

ချူပြွန် (သန့်ရှင်းသောအရည်ကို လက်ခံပြီး အရည်ဟောင်းကိုစွန့်ထုတ်)

ဝမ်းတွင်းမြှေး

ဝမ်းတွင်းမြှေးအခေါင်း

ဆီးအိမ်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ကျွန်တော့်ဇနီး ကမ်ဘလီနဲ့အတူ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ