အောင်ပွဲလည်းဖြစ် ဝမ်းနည်း ကြေကွဲဖွယ်လည်းဖြစ်
“လွန်ခဲ့သည့်အနှစ် ၃၀ အတွင်းက တီဘီရောဂါ၏သမိုင်းကြောင်းသည် အောင်ပွဲလည်းဖြစ် ဝမ်းနည်းကြေကွဲဖွယ်လည်းဖြစ်ခဲ့သည်၊ ရောဂါကိုထိန်းချုပ်ပြီး ပျောက်ကွယ်သွားလုနီးပါးလုပ်နိုင်သည့် နည်းလမ်းကိုစွမ်းဆောင်ပေးခဲ့သည့် သိပ္ပံပညာရှင်များ၏အောင်ပွဲဖြစ်ပြီး ၎င်းတို့တွေ့ရှိထားသည့်အရာများကို နေရာအနှံ့တွင် အကျိုးရှိရှိအသုံးပြုရန် ပျက်ကွက်ခြင်း၏ဝမ်းနည်းကြေကွဲစရာလည်းဖြစ်ခဲ့သည်။”—ဂျေ. အာရ်. ဘစ်နော ၁၉၈၂။
တီဘီရောဂါသည် လူများ၏အသက်ကို ခြွေယူနေသည်မှာ ကြာပေပြီ။ ယင်းသည် ဥရောပသားများ တောင်အမေရိကသို့ ရွက်လွှင့်မသွားမီနှစ်များစွာကတည်းက ပီရူးနိုင်ငံရှိ အင်ကာလူမျိုးများကို ဒုက္ခပေးခဲ့သည်။ ဖာရိုတို့ ဘုန်းတန်ခိုးလျှမ်းလျှမ်းတောက်သည့်ခေတ်တွင် အီဂျစ်တို့ကိုလည်း ဒုက္ခပေးခဲ့သည်။ ရှေးခေတ်စာပေများ၌ ရှေးဘေဘီလုန်၊ ဂရိနှင့် တရုတ်ပြည်တို့တွင် မျက်နှာကြီးငယ်မရွေး ဒုက္ခပေးခဲ့ဖူးကြောင်း ဖော်ပြထားသည်။
တီဘီရောဂါသည် ၁၈ ရာစုမှသည် ၂၀ ရာစုအစောပိုင်းအထိ အနောက်နိုင်ငံများတွင် လူအများဆုံးကိုသေစေသည့်ရောဂါဖြစ်ခဲ့သည်။ ဤသို့နှင့် ၁၈၈၂ ခုနှစ်တွင် ဂျာမန်ဆရာဝန် ရောဘတ် ကော့ချ်က ဤရောဂါအတွက် တရားခံဖြစ်သော တုတ်တံပိုးကို တွေ့ရှိကြောင်း တရားဝင်ကြေညာခဲ့သည်။ နောက် ဆယ့်သုံးနှစ်အကြာတွင် ဝီလျမ် ရွန့်ဂျင်သည် ဓာတ်မှန်ရောင်ခြည်ကို တွေ့ရှိခဲ့ရာ အသက်ရှင်လျက်ရှိသော လူသားတို့၏အဆုတ်များတွင် တီဘီအနာကျိတ်လက္ခဏာများကို ရှာဖွေကြည့်နိုင်လေသည်။ ထို့နောက် ၁၉၂၁ ခုနှစ်တွင် ပြင်သစ်သိပ္ပံပညာရှင်များက တီဘီကာကွယ်ဆေးကို တီထွင်လိုက်ကြသည်။ ယင်းကိုတွေ့ရှိသည့် သိပ္ပံပညာရှင်များအမည်ကိုယူထားသည့် ဘီစီဂျီ (ကားလ်မက်-ဂါရင်တုတ်တံပိုး) သည် ထိုရောဂါကို ကာကွယ်သည့် တစ်ခုတည်းသောဆေးဖြစ်နေသည်။ သို့သော် တီဘီရောဂါသည် ဆက်၍အကြီးအကျယ်ဒုက္ခပေးနေသည်။
နောက်ဆုံးတွင် ကုသနိုင်လေပြီ!
သမားတော်များက တီဘီရောဂါသည်များကို ကုသရေးစခန်းသာများသို့ ပို့ပေးခဲ့သည်။ ဤဆေးရုံများကို များသောအားဖြင့် လူနာများအနားယူကာ လေကောင်းလေသန့်ရှူရှိုက်နိုင်သည့် တောင်တန်းဒေသများတွင် တည်ဆောက်ထားသည်။ သို့နှင့် ၁၉၄၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ ဆရာဝန်များသည် တီဘီရောဂါကို ထိထိရောက်ရောက်တိုက်ဖျက်နိုင်သည့် ဦးဆုံးပဋိဇီဝဆေးဖြစ်သော စထရက်ပတိုမိုင်ဆင်ဆေးကို တွေ့ရှိခဲ့ကြသည်။ တီဘီပျောက်စေသည့်အခြားဆေးဝါးများလည်း အလျင်အမြန်ပေါ်ထွက်လာသည်။ နောက်ဆုံးတွင် တီဘီရောဂါသည်များသည် အိုးမကွာအိမ်မကွာပင် ကုသပျောက်ကင်းနိုင်ကြသည်။
ကူးစက်မှုနှုန်း ထိုးကျသွားသည်နှင့်အမျှ အနာဂတ်မှာ ပန်းခင်းသောလမ်းပင်။ ကုသရေးစခန်းသာများကို ပိတ်လိုက်ရသည်၊ တီဘီရောဂါသုတေသနပြုရေးရန်ပုံငွေရှာဖွေမှုလည်း ချုပ်ငြိမ်းသွားသည်။ ကြိုတင်ကာကွယ်ရေးအစီအစဉ်များမှာ ဖျက်သိမ်းခံရကာ သိပ္ပံပညာရှင်များနှင့် ဆရာဝန်များသည် အသစ်သော ဆေးဘက်ဆိုင်ရာအခက်အခဲများကို မျှော်လင့်လာကြသည်။
တီဘီရောဂါကြောင့် ဖွံ့ဖြိုးဆဲကမ္ဘာ့ဒေသများတွင် အသေအပျောက်များနေဆဲဖြစ်သော်လည်း တိုးတက်မှုအမှန်တကယ်ရှိခဲ့သည်။ တီဘီရောဂါကား အတိတ်သမိုင်းတွင် ကျန်ရစ်ခဲ့လေပြီ။ ဤအတိုင်းလူတို့ထင်မှတ်ခဲ့ကြသော်လည်း လူတို့အထင် မှားခဲ့သည်။
သေမင်းတမန်တစ်ကျော့ပြန်
၁၉၈၀ ပြည့်လွန်နှစ်များအလယ်တွင် တီဘီရောဂါသည် ကြောက်ခမန်းလိလိဖြင့် သေမင်းတမန်သဖွယ်တစ်ကျော့ပြန်ပေါ်လာသည်။ သို့နှင့် ၁၉၉၃ ခုနှစ် ဧပြီလတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗ္ဗလျူအိတ်ချ်အို) က “တစ်ကမ္ဘာလုံး၏အရေးပေါ်ကိစ္စ” ဟုကြေညာလိုက်ပြီး “ဤရောဂါ၏ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ချက်ချင်းအရေးယူလုပ်ဆောင်ခြင်းမရှိပါက လာမည့်ဆယ်စုနှစ်တွင် လူပေါင်းသန်း ၃၀ ၏အသက်ကို တောင်းခံလိမ့်မည်” ဟုထပ်ဆင့်လိုက်သည်။ ဒဗ္ဗလျူအိတ်ချ်အို၏သမိုင်းတွင် ဤကဲ့သို့ကြေညာမှုမျိုးသည် ဦးဆုံးအကြိမ်ဖြစ်သည်။
ထိုအချိန်ကတည်းက ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်သော မည်သည့် “ချက်ချင်းအရေးယူလုပ်ဆောင်မှု” မျှမရှိခဲ့ပေ။ အမှန်ဆိုသော် အခြေအနေမှာ ဆိုးသည်ထက်ဆိုးလာသည်။ သမိုင်းတွင် ၁၉၉၅ ခုနှစ်အတွင်း တီဘီကြောင့်သေဆုံးရသည့်ဦးရေသည် အခြားမည်သည့်နှစ်ထက်မဆို များကြောင်း ဒဗ္ဗလျူအိတ်ချ်အိုမှ မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ နောက်အနှစ် ၅၀ အတွင်း တီဘီရောဂါကြောင့် ဖျားနာလာနိုင်သူ သန်း ၅၀၀ အထိရှိမည်ဟု ဒဗ္ဗလျူအိတ်ချ်အိုက သတိပေးသည်။ ကုသ၍မရနိုင်သော၊ ဆေးဝါးအများစုကို ခုခံနိုင်သော တီဘီရောဂါခံစားရသူ များသည်ထက်များလာပါသည်။
သေမင်းတမန် အဘယ်ကြောင့်တစ်ကျော့ပြန်ပေါ်လာရ
အကြောင်းရင်းတစ်ခုမှာ လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း တီဘီထိန်းချုပ်ရေးအစီအစဉ်များမှာ ကမ္ဘာ့ဒေသအတော်များများတွင် ညံ့ဖျင်းဆုတ်ယုတ်ခဲ့သည် သို့မဟုတ် ပျောက်ကွယ်ခဲ့သည်။ ယင်းကြောင့် ရောဂါရှာဖွေရေးနှင့် ရောဂါရှိသူများကို ကုသရေးတို့မှာ နှောင့်နှေးခဲ့ရသည်။ အပြန်အလှန်အားဖြင့် ဤသို့နှောင့်နှေးမှုကြောင့် ပို၍သေဆုံးရပြီး ရောဂါပျံ့နှံ့မှုပို၍များလာသည်။
တီဘီရောဂါတစ်ကျော့ပြန်ပေါ်လာရသည့် နောက်အကြောင်းတစ်ခုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူနေထူထပ်သော မြို့ကြီးများတွင်နေထိုင်ကြသည့် အာဟာရချို့တဲ့နေသော ဆင်းရဲသားဦးရေတိုးများလာခြင်းကြောင့်ဖြစ်သည်။ တီဘီရောဂါသည် ဆင်းရဲသားများတွင်သာဖြစ်တတ်သည့်ရောဂါမဟုတ်ဘဲ မည်သူမဆို ကူးစက်နိုင်ရာ ကျန်းမာသန့်ရှင်းမှုမရှိ၊ ပြွတ်သိပ်ကြပ်ညှပ်စွာနေခြင်းဖြင့် တစ်ယောက်မှတစ်ယောက်သို့ အလွယ်တကူရောဂါကူးစက်နိုင်သည်။ ယင်းအခြေအနေများသည် ရောဂါကို ခုခံနိုင်သည့် လူတို့၏ရောဂါပြီးစနစ်များအလွန်အားနည်းသွားမည့် အခွင့်အလမ်းကိုလည်း ပို၍များစေသည်။
အိတ်ချ်အိုင်ဗွီနှင့် တီဘီ—မြွေပူရာ ကင်းမှောင့်
အဓိကပြဿနာမှာ တီဘီနှင့် အေအိုင်ဒီအက်စ်ဗိုင်းရပ်ဖြစ်သော အိတ်ချ်အိုင်ဗွီတို့ မရဏမိတ်သဟာယဖွဲ့လိုက်ခြင်းဖြစ်သည်။ ခန့်မှန်းချက်အရ ၁၉၉၅ ခုနှစ်အတွင်း အေအိုင်ဒီအက်စ်နှင့်ဆက်နွှယ်သည့်ဝေဒနာကြောင့်သေဆုံးရသူ တစ်သန်းတွင် သုံးပုံတစ်ပုံမှာ တီဘီရောဂါကြောင့် သေခြင်းဖြစ်ဖွယ်ရှိသည်။ အိတ်ချ်အိုင်ဗွီက ခန္ဓာကိုယ်၏တီဘီရောဂါ ခုခံနိုင်စွမ်းကို အားနည်းအောင် ဖန်တီးပေးသည့်အတွက်ဖြစ်သည်။
တီဘီကူးစက်ခံရသူအများစုတွင် ဖျားသည့်အခြေအနေအထိ ဘယ်တော့မျှမရောက်ပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ တီဘီတုတ်တံပိုးများသည် ဖမ်းစားဆဲလ်ငယ်ဟုခေါ်သည့် ဆဲလ်များအတွင်း ပိတ်လှောင်ခံထားရသောကြောင့်ဖြစ်သည်။ ထိုအထဲတွင် လူ့ရောဂါပြီးစနစ်၊ အထူးသဖြင့် တီ ပြန်ရည်ဆဲလ် သို့မဟုတ် တီဆဲလ်များက ယင်းပိုးတို့ကို ပိတ်ခတ်ထားလိုက်သည်။
ဤတီဘီတုတ်တံပိုးများသည် အကျပ်ပိတ် အံကျအဖုံးပါသည့် ဖာတောင်းထဲတွင် ထည့်သိမ်းထားသည့် မြွေဟောက်များနှင့်တူသည်။ ဖာတောင်းများမှာ ဖမ်းစားဆဲလ်ငယ်များဖြစ်ပြီး အဖုံးများမှာ တီဆဲလ်များဖြစ်သည်။ အေအိုင်ဒီအက်စ်ဗိုင်းရပ်များ ထိုနေရာသို့ရောက်သွားသောအခါ ဖာတောင်း၏အဖုံးများကို ကန်ထုတ်ပစ်လိုက်သည်။ ဤသို့ဖြင့် တုတ်တံပိုးများမှာ လွတ်မြောက်သွားပြီး ခန္ဓာကိုယ်၏မည်သည့်အပိုင်းကိုမဆို ထင်တိုင်းကြဲပေတော့သည်။
ထို့ကြောင့် အေအိုင်ဒီအက်စ်ရောဂါသည်များသည် ရောဂါပြီးစနစ်ကောင်းကောင်းရှိသူများထက် တီဘီရောဂါကြွဖြစ်ဖို့ ပို၍အကြောင်းများသည်။ “အိတ်ချ်အိုင်ဗွီပိုးရှိထားသည့်လူများသည် မယုံနိုင်လောက်အောင် ရောဂါရလွယ်သည်။ လန်ဒန်မြို့ရှိ ဆေးခန်းတစ်ခုတွင် တီဘီရောဂါသည်တစ်ဦးကို လူနာတင်တွန်းလှည်းပေါ်တင်၍ ဖြတ်တွန်းသွားစဉ် စင်္ကြံ၌ ထိုင်နေသည့် အိတ်ချ်အိုင်ဗွီဝေဒနာသည်နှစ်ဦးခမျာ တီဘီရောဂါကူးစက်ခံခဲ့ရသည်” ဟု စကော့တလန်မှ တီဘီအထူးကုတစ်ယောက်ကဆိုသည်။
ထို့ကြောင့် အေအိုင်ဒီအက်စ်သည် တီဘီရောဂါ ပိုမိုကူးစက်အောင်လုပ်ပေးသည်။ ခန့်မှန်းချက်တစ်ခုအရ သက္ကရာဇ် ၂၀၀၀ အရောက်တွင် အေအိုင်ဒီအက်စ်ရောဂါကပ်ကြောင့် တီဘီဝေဒနာသည် ၁.၄ သန်းရှိလာမည်ဖြစ်ရာ ယင်းကြောင့်မဟုတ်လျှင် ဤမျှများမည်မဟုတ်ပေ။ တီဘီရောဂါတိုးပွားလာမှုတွင် အရေးကြီးသောအချက်မှာ အေအိုင်ဒီအက်စ်ဝေဒနာသည်များသည် ထိုရောဂါအလွန်ရလွယ်ခြင်းလောက်သာမဟုတ်ဘဲ အေအိုင်ဒီအက်စ်ရောဂါမရှိသူအပါအဝင် အခြားသူများကိုလည်း တီဘီရောဂါကူးစက်စေနိုင်ခြင်းပါဖြစ်သည်။
ဆေးဝါးအများစုကို ခုခံနိုင်စွမ်းရှိသည့် တီဘီ
တီဘီရောဂါကို တိုက်ဖျက်ဖို့ခက်ခဲစေသည့် နောက်ဆုံးအချက်မှာ ဆေးဝါးခုခံနိုင်စွမ်းရှိသော တီဘီမျိုးထူးများပေါ်လာခြင်းဖြစ်သည်။ အဆိုပါအာဂမျိုးထူးများသည် ပဋိဇီဝဆေးဝါးများမပေါ်မီခေတ်ကဲ့သို့ ကု၍မရသည့်ရောဂါပြန်ဖြစ်လာစေရန် ခြိမ်းခြောက်နေသည်။
တီဘီရောဂါပျောက်ဆေးများကို ထိထိရောက်ရောက်မတိုက်ခြင်းသည် ဆေးဝါးအများစုကို ခုခံနိုင်စွမ်းရှိသည့်တီဘီကို မွေးထုတ်ပေးသည့် အဓိကအကြောင်းတရားဖြစ်နေပြန်ရာ ခုတ်ရာတခြားရှာရာတလွဲဖြစ်ရလေသည်။ တီဘီကို အနည်းဆုံး ခြောက်လအထိ ထိထိရောက်ရောက်ကုသရပြီး လူနာများအနေဖြင့် ဆေးလေးမျိုးကို မပျက်မကွက်မှန်မှန်သောက်ဖို့လိုသည်။ လူနာသည် နေ့စဉ် ဆေးလုံး တစ်ဒါဇင်ထက်မက သောက်ဖို့လိုကောင်းလိုမည်။ လူနာများအနေဖြင့် ထိုဆေးကို မှန်မှန်မသောက်လျှင်၊ သို့မဟုတ် အပြီးအထိ ကုသမှုမခံယူလျှင် နှိမ်နင်းသတ်ဖို့ခက်သည့် သို့မဟုတ် မသတ်နိုင်သည့် တီဘီပိုးမျိုးထူးများ ပေါ်လာလေသည်။ အချို့မျိုးထူးများသည် ပုံမှန်အသုံးပြုသောတီဘီဆေးများမှ ခုနစ်မျိုးအထိကိုပင် ခုခံနိုင်စွမ်းရှိကြသည်။
ဆေးဝါးအများစုကို ခုခံနိုင်စွမ်းရှိသည့် တီဘီလူနာကို ကုသဖို့ ခက်ခဲရုံတင်မပါ၊ အကုန်အကျလည်း များသည်။ အခြားတီဘီရောဂါသည်အတွက် ကုသစရိတ်ထက် အဆ ၁၀၀ နီးပါးပိုမိုကုန်ကျနိုင်သည်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုတွင် အဆိုပါလူနာတစ်ယောက်ကို ကုသမှုအတွက် ဆေးဖိုးမှာ ယူ.အက်စ်. ဒေါ်လာ ၂၅၀,၀၀၀ ကျော်သွားနိုင်သည်!
ကမ္ဘာတစ်ဝန်းတွင် လူပေါင်းသန်း ၁၀၀ သည် ဆေးခုခံနိုင်စွမ်းရှိသည့် တီဘီမျိုးထူးကူးစက်ခံနေရနိုင်သည်ဟု ဒဗ္ဗလျူအိတ်ချ်အိုက ခန့်မှန်းထားသည်၊ ယင်းမျိုးထူးတချို့သည် သိရှိထားသော မည်သည့်တီဘီပျောက်ဆေးမျှ မတိုးနိုင်ပေ။ ဤမရဏမျိုးထူးများသည် သာမန်မျိုးထူးများထက် ပို၍ကူးစက်လွယ်သည်။
ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်း
ဤတစ်ကမ္ဘာလုံးဆိုင်ရာအရေးပေါ်ကိစ္စကို ရင်ဆိုင်ရန် အဘယ်ရာလုပ်ဆောင်နေသနည်း။ ရောဂါကို ထိန်းချုပ်ဖို့ အကောင်းဆုံးနည်းမှာ ကူးစက်ရောဂါဖြစ်ရပ်များကို ရောဂါနုသည့်အဆင့်တွင် ရှာဖွေကာ ကုသပေးရန်ဖြစ်သည်။ ယင်းသို့ပြုခြင်းက ဝေဒနာသည်အတွက်သာအကျိုးပြုရုံမကဘဲ အခြားသူများထံ ရောဂါပျံ့မှုကိုပါ ရပ်တန့်ပေးရာလည်းရောက်သည်။
တီဘီကို မကုဘဲပစ်ထားလျှင် ရောဂါခံစားရသူ ထက်ဝက်မက အသက်ဆုံးနိုင်သည်။ သို့သော် သင့်လျော်စွာ ကုသပေးသည့်အခါ ဆေးအမျိုးမျိုးကို ခုခံနိုင်စွမ်းရှိသည့် မျိုးထူးကြောင့်ဖြစ်သော ဖြစ်ရပ်မဟုတ်လျှင် လူနာတိုင်းနီးပါးကို ပျောက်အောင် ကုသနိုင်သည်။
ကျွန်ုပ်တို့သိမြင်ခဲ့သည့်အတိုင်း ကုသမှုထိရောက်ဖို့အတွက် လူနာများအနေဖြင့် ဆေးပတ်လည်အောင်သောက်ဖို့လိုအပ်သည်။ ဤသို့မသောက်ကြသည်မှာ မကြာခဏပင်။ အဘယ်ကြောင့် မသောက်ကြသနည်း။ အကြောင်းမှာ ဆေးကုသမှုခံယူပြီး အပတ်အနည်းငယ်တွင် ချောင်းဆိုးခြင်း၊ ဖျားခြင်းနှင့် အခြားရောဂါလက္ခဏာများ ပျောက်သွားလေ့ရှိသည်။ ယင်းကြောင့် လူနာအများက မိမိတို့ရောဂါကင်းသွားပြီဖြစ်၍ ဆေးသောက်ဖို့မလိုတော့ဟု ယူမှတ်ကြလေသည်။
ဤပြဿနာကို ရင်ဆိုင်ရန် ဒေါ့တ်စ် [DOTS] ဟုခေါ်သည့် အစီအစဉ်တစ်ရပ်ကို ဒဗ္ဗလျူအိတ်ချ်အိုက ကမကထပြုဆောင်ရွက်ခဲ့သည်၊ ယင်းသည် “ဆေးပတ်-တို တိုက်ရိုက်စောင့်ကြည့်ကုသမှု” အတွက် အတိုကောက်ဖြစ်သည်။ ပေးထားသည့်အမည်က ဖော်ပြသည့်အတိုင်း ကျန်းမာရေးလုပ်သားများသည် အနည်းဆုံး ကုသမှုပထမနှစ်လကြာကြာ မိမိတို့၏လူနာများ ပေးထားသည့်ဆေးများကို နေ့စဉ်သောက်မသောက် စောင့်ကြည့်ပေးကြသည်။ သို့သော် ယင်းသို့ပြုရန် အမြဲမလွယ်ပေ၊ အကြောင်းမှာ တီဘီရောဂါသည်အများအပြားသည် နယ်စွန်နယ်ဖျားဒေသများတွင်နေကြသောကြောင့်ဖြစ်သည်။ သူတို့၏ဘဝမှာ ဒုက္ခပြဿနာများနှင့်ပြည့်နေပြီး အချို့ဆိုလျှင် အိမ်မဲ့ယာမဲ့များဖြစ်သောကြောင့် ဆေးသောက်ရန် မှန်မှန်ကြီးကြပ်ပေးရေး စိန်ခေါ်ချက်မှာ ကြီးမားနေတတ်သည်။
ထို့ကြောင့် လူသားထုပေါ် သင့်နေသည့် ဤကပ်ကို နောက်ဆုံးအောင်နိုင်ဖို့အတွက် အလားအလာတစ်စုံတစ်ရာရှိပါသလော။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
တီဘီဆိုင်ရာအချက်အလက် ရှင်းတမ်း
ရောဂါအမျိုးအစား– တီဘီသည် အများအားဖြင့် အဆုတ်များကို တိုက်ခိုက်ပြီး တဖြည်းဖြည်းဖျက်ဆီးပစ်တတ်သည့် ရောဂါမျိုးဖြစ်သည်၊ သို့သော် ခန္ဓာကိုယ်၏အခြားနေရာများဖြစ်သော အထူးသဖြင့် ဦးနှောက်၊ ကျောက်ကပ်နှင့် အရိုးများဆီသို့လည်း ပျံ့နှံ့နိုင်သည်။
ရောဂါလက္ခဏာများ– အဆုတ်တီဘီသည် ချောင်းဆိုးခြင်း၊ ကိုယ်အလေးချိန်လျော့ကျကာ စားချင်သောက်ချင်စိတ်မရှိခြင်း၊ ညဘက်တွင် ချွေးအလွန်အမင်းထွက်ခြင်း၊ အားနည်းလာခြင်း၊ အသက်ရှုမြန်လာခြင်းနှင့် ရင်ဘတ်တွင်နာကျင်ခြင်းတို့ကို ခံစားရတတ်သည်။
ရောဂါရှိမရှိသိနိုင်ပုံ– ကျူဘာကူလင်စစ်ဆေးနည်းအားဖြင့် လူတစ်ဦးတွင် တုတ်တံပိုးစွဲကပ်မှုရှိမရှိ ဖော်ပြနိုင်သည်။ ရင်ဘတ်ကို ဓာတ်မှန်ရိုက်ကြည့်လျှင် အဆုတ်များအား ထိခိုက်မှုဖော်ပြနိုင်သည်။ ယင်းက တီဘီကြွပိုးကူးစက်မှုကို ဖော်ပြနိုင်ကောင်းဖော်ပြနိုင်သည်။ လူနာ၏သလိပ်ကို ဓာတ်ခွဲစမ်းသပ်ကြည့်ခြင်းသည် တီဘီတုတ်တံပိုးများကို ရှာဖွေဖို့ စိတ်အချရဆုံးနည်းဖြစ်သည်။
စမ်းသပ်မှုခံယူသင့်သူ– တီဘီရောဂါလက္ခဏာပြသူ သို့မဟုတ် တီဘီရောဂါသည်တစ်ဦးနှင့်—အထူးသဖြင့် လေဝင်လေထွက်မကောင်းသည့်အခန်များတွင် အနီးကပ် အကြိမ်ကြိမ်ထိတွေ့ဆက်ဆံနေရသူများဖြစ်သည်။
ကာကွယ်ဆေးထိုးခြင်း– ဘီစီဂျီအဖြစ်အများသိထားသည့် ကာကွယ်ဆေးတစ်မျိုးတည်းသာရှိသည်။ သို့သော် ယင်းသည် ကလေးများတွင်ဖြစ်သည့် ပြင်းထန်သောတီဘီကိုသာ ကာကွယ်နိုင်သော်လည်း လူပျိုပေါက်အပျိုပေါက်နှင့် လူကြီးများအတွက်မူ မထိရောက်လှပေ။ ကာကွယ်ဆေးထိုးခြင်းသည် အလွန်ဆုံး ၁၅ နှစ်ခန့်ကြာကြာ အကာအကွယ်ပေးသည်။ ဘီစီဂျီသည် ရောဂါပိုးစွဲကပ်မှုမရှိသေးသူများကိုသာ ကာကွယ်ပေးနိုင်သည်; ရောဂါပိုးရှိပြီးသူများအတွက် ဘာမျှအကျိုးမထူးပါ။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
တီဘီနှင့်ခေတ်ပေါ်ဖက်ရှင်
၁၉ ရာစုအတွင်းတွင် လူများက တီဘီရောဂါလက္ခဏာများသည် အနုပညာရသမြောက်သော စိတ်နေစိတ်ထားကို တိုးမြှင့်ပေးသည်ဟု ယုံကြည်သောကြောင့် တီဘီသည် စိတ်ကူးယဉ်ဆန်ဆန်ကြည်နူးဖွယ်ဖြစ်နေခြင်းမှာ ထူးဆန်းနေပုံရသည်။
ပြင်သစ်လူမျိုး ပြဇာတ်နှင့် ဝတ္ထုရေးဆရာ အလက်ဇန္ဒား ဒူးမက်စ်က ၁၈၂၀ ပြည့်လွန်နှစ်များအစောပိုင်းနှင့်ပတ်သက်ပြီး သူ၏မမ်ဝေါ စာအုပ်တွင် ဤသို့ရေးသားခဲ့သည်– “ရင်ဘတ်ဝေဒနာခံစားခြင်းသည် အားလုံးကြိုက်သည့် ခေတ်ပေါ်ဖက်ရှင်ဖြစ်သည်; လူတိုင်းလူတိုင်း ပိန်ချုံးနေသည်၊ အထူးသဖြင့် ကဗျာဆရာများဖြစ်သည်; အသက်သုံးဆယ်မရောက်မီသေခြင်းသည် အများကြိုက်ပုံစံဖြစ်သည်။”
အင်္ဂလိပ်ကဗျာဆရာ လော့ဒ်ဘိုင်ရွန်၏ ပြောကြားချက်ကား ဤနှယ်– “[တီဘီ] ပိန်ပိန်ပြီး ကျုပ်သေချင်လိုက်တာ . . . ဘာကြောင့်လဲဆိုတော့ မိန်းမပျိုလေးတွေအားလုံးက ‘ဘိုင်ရွန်လေးကို ကြည့်လိုက်စမ်းပါ၊ သနားစရာလေးဟယ်၊ သေမယ့်ရက်ကို သူစောင့်နေတာ စိတ်ဝင်စားစရာတော်တော်ကောင်းတယ်နော်!’ လို့ပြောကြမှာကြောင့်ပါ။”
တီဘီရောဂါနှင့်ပင် သေသွားပုံရသည့် အမေရိကန်စာရေးဆရာ ဟင်နရီ ဒေးဗစ် သိုရော်က ဤသို့ရေးသားထားသည်– “ယိုယွင်းယုတ်လျော့ခြင်းနှင့် ရောဂါတို့ဟာ ပိန်ချုံးသွားစေတဲ့ ချောင်းဆိုးသွေးပါရောဂါလိုပဲ . . . လှပလေ့ရှိပါတယ်။”
တီဘီရောဂါစွဲမက်မှုနှင့်ပတ်သက်၍ ကောက်ချက်ချရာတွင် အမေရိကန်ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းဂျာနယ်ပါ ဆောင်းပါးတစ်ခုက ဤသို့ဖော်ပြထားသည်– “ဤသို့ သဘာဝနှင့်ဆန့်ကျင်၍ထူးခြားစွာ ထိုရောဂါကိုတမ်းတမ်းစွဲဖြစ်နေကြခြင်းသည် ဖက်ရှင်လောကသို့ ထိုးဖောက်ဝင်ရောက်လာသည်; အမျိုးသမီးများသည် ကြည့်လိုက်လျှင် ဖြူဖပ်ဖြူရော်ဖြစ်ခါ ထိမိလျှင်လဲမည့်ပုံစံမျိုး၊ အဖြူရောင်မိတ်ကပ်များကို လိမ်းခြယ်ကာ ပြောင်ပိတ်ပါးပါးအဝတ်များကို ပို၍နှစ်ခြိုက်ကြသည်—အစာအငတ်ခံပြီးကျင့်သည် ယနေ့ခေတ် မော်ဒယ်များနှင့်အလွန်တူသည်။”
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
တီဘီကူးစက်ခံဖို့လွယ်သလော
“တီဘီဘက်တီးရီးယားရန်မှ ရှောင်ပုန်းနိုင်သည့်နေရာမရှိပါ။ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းအားဖြင့် လေထုထဲသို့ရောက်သွားသည့် တီဘီပိုးတစ်ကောင်ကို ရှူသွင်းမိရုံဖြင့် မည်သူမဆို တီဘီကူးစက်ခံရနိုင်သည်။ ဤပိုးများသည် လေထုထဲတွင် နာရီနှင့်ချီပြီး လွှင့်မျောနေနိုင်သည်; နှစ်နှင့်ချီ၍ပင်နေနိုင်သည်။ ကျွန်ုပ်တို့အားလုံးအတွက် အန္တရာယ်ရှိနေသည်” ဟု ဒဗ္ဗလျူအိတ်ချ်အို ကမ္ဘာလုံးဆိုင်ရာ တီဘီအစီအစဉ်၏ဒါရိုက်တာ ဒေါက်တာ အေရတာ ကိုချီက သတိပေးသည်။
လူတစ်ဦး တီဘီကြောင့် အဖျားမဝင်မီ အရာနှစ်ခု ဖြစ်ရမည်။ ဦးဆုံးအနေဖြင့် တီဘီဘက်တီးရီးယား ကူးစက်ခံရမည်။ ဒုတိယ၊ ကူးစက်မှုမှ ရောဂါအဖြစ်သို့ တိုးတက်ပြောင်းလဲလာရမည်။
အလွန်ကူးစက်လွယ်သူတစ်ယောက်နှင့် ခဏတစ်ဖြုတ် ထိတွေ့ဆက်သွယ်မိရုံဖြင့် ကူးစက်ခံရနိုင်သော်လည်း တီဘီသည် မိသားစုဝင်များစွာ ကျပ်ကျပ်တည်းတည်းနေထိုင်ခြင်းကဲ့သို့ အကြိမ်ကြိမ်ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် ပျံ့နှံ့ကူးစက်ဖို့ ပို၍အကြောင်းများသည်။
ရောဂါကူးစက်ခံထားရသည့်လူတစ်ယောက်က ရှူသွင်းမိသည့် တုတ်တံပိုးများသည် ရင်ဘတ်ထဲတွင် ပွားလာပါသည်။ သို့သော် ၁၀ ဦးတွင် ၉ ဦးသည် ကူးစက်ပျံ့နှံ့မှုကို ရောဂါပြီးစနစ်က ရပ်တန့်သွားအောင် ဟန့်တားနိုင်ရာ ကူးစက်ခံရသူသည် ဖျားမလာပေ။ သို့ရာတွင် အိတ်ချ်အိုင်ဗွီ၊ ဆီးရောဂါများ၊ ဓာတုကုထုံးဖြင့် ကင်ဆာကုသမှုများ သို့မဟုတ် အခြားသော အကြောင်းများကြောင့် ရောဂါပြီးစနစ်သည် အလွန်အမင်းအားနည်းနေလျှင် တစ်ခါတစ်ရံ၌ မြုံနေသော တုတ်တံပိုးသည် သက်ဝင်လှုပ်ရှားလာနိုင်သည်။
[Picture Credit Line on page 4]
New Jersey Medical School—National Tuberculosis Center
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အေအိုင်ဒီအက်စ် ဗိုင်းရပ်စ်ကြောင့် လွတ်ထွက်လာသော တီဘီတုတ်တံပိုးများသည် ဖာတောင်းထဲမှ လွတ်ထွက်လာသည့် မြွေဟောက်နှင့်တူသည်