မြေပုံဆွဲပညာ—ကမ္ဘာကိုသိရှိရန် သော့ချက်တစ်ခု
ကနေဒါနိုင်ငံမှ နိုးလော့! သတင်းထောက်ပေးပို့သည်
“ပရဒိသုသည် အရှေ့ဖျားဒေသတစ်နေရာရာတွင်ရှိ၏။ ယေရုရှလင်မြို့သည် တိုင်းနိုင်ငံအားလုံး၏ဗဟိုချက်ဖြစ်ပြီး ကမ္ဘာသည် သမုဒ္ဒရာရေပြင်ဝန်းရံထားသည့် ချပ်ပြားဝိုင်းဖြစ်သည်။ အလယ်ခေတ်ရှိ ဘုန်းကြီးများ၊ မြေပုံရေးဆွဲသူများက မိမိတို့နေထိုင်သည့်ကမ္ဘာကို ထိုသို့ရှုမြင်ခဲ့ကြသည်။”
ယင်းစကားလုံးများကို ရီးဒါဒိုင်ဂျက်စ် ဂရိတ်ဝါးလ်ဒ်အတ္တလားစ်အယ်ဒီတာများက ယင်းစာအုပ်နိဒါန်းတွင် အသုံးပြုဖော်ပြခဲ့ကြသည်။ သမ္မာကျမ်းစာတွင် ထောက်ခံမှုမတွေ့ရသည့် အဆိုပါဘာသာရေးယုံကြည်ချက်က အလယ်ခေတ်အစောပိုင်းကာလအတွင်း မြေပုံဆွဲပညာတိုးတက်မှုမရှိသလောက်ဖြစ်ရသည့်အကြောင်းရင်းကို တစ်စိတ်တစ်ပိုင်းရှင်းပြပေးသည်။
မြေပုံများသည် ပထဝီဝင်ဗဟုသုတကိုအခြေခံရာ ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ ကမ္ဘာ့အခြေအနေကို နားလည်ရန်မရှိမဖြစ်လိုအပ်သည်။ သို့တိုင် လူအများစုအတွက် ပထဝီဝင်ဆိုင်ရာစာပေသည် အလယ်ခေတ်ကတည်းက တိုးတက်မှုသိပ်မရှိခဲ့ချေ။ လွန်ခဲ့သော နှစ်တစ်ရာခန့်က စာရေးဆရာ မာခ်တွိုင်က မိမိခေတ်အခါကပြဿနာကိုဖော်ပြရန် သူ၏စိတ်ကူးဖြင့်ဖန်တီးထားသော ဇာတ်ကောင်ဟတ်ခ်ဖင်းကို အသုံးပြုခဲ့သည်။ မီးပုံးပျံဖြင့်ပျံသန်းနေရင်း ဟတ်ခ်သည် သူ၏သူငယ်ချင်းတောမ်ဆောယာအား မြေကြီးသည် အစိမ်းရောင်ဖြစ်နေဆဲရှိသောကြောင့် အိန္ဒိယန်းနားပြည်နယ်ကို မရောက်သေးဟု အခိုင်အမာဆိုခဲ့သည်။ မြေပုံတွင် အိန္ဒိယန်းနားသည် ပန်းနုရောင်ဖြစ်သည်ဟု ဟတ်ခ်မှတ်သားထားခဲ့သည်။
များမကြာမီအချိန်က အမေရိကန်အထက်တန်းကျောင်းဆရာတစ်ဦးသည် ကမ္ဘာ့မြေပုံပေါ်တွင် ယူနိုက်တက်စတိတ်ကို ကျောင်းသားတစ်ဦးအားထောက်ပြခိုင်းခြင်းဖြင့် သူ၏ပထဝီသင်ခန်းစာကို စတင်လေ့ရှိသည်။ သူ၏ကျောင်းသင်ခန်းစာကို ဆယ်နှစ်တာကာလကြာကြာ ဤအတိုင်းပင်စတင်ခဲ့သည်။ ထိုအချိန်အတွင်း ပထမ သို့မဟုတ် ဒုတိယမြောက်ကျောင်းသားသည် ယူနိုက်တက်စတိတ်ကို ထောက်ပြနိုင်သည်ဟူ၍မရှိခဲ့ဖူးပါ! ဟုသူမှတ်တမ်းတင်ခဲ့သည်။ တိုင်းမ်စ်မဂ္ဂဇင်းအရ “အမေရိကန်လူမျိုး ၁၀ ယောက်တွင် ၃ ယောက်သည် မြေပုံပေါ်တွင် မြောက်နှင့်တောင်ကိုမခွဲခြားနိုင်ခြင်းက” ပို၍အံ့သြစရာကောင်းပေသည်။
မြေပုံဆွဲခြင်းဆိုင်ရာ ရာဇဝင်မှတ်တမ်း
မြေပုံရေးဆွဲခြင်းသည် ရှေးအကျဆုံးနှင့် ထူးခြားသောဆက်သွယ်ရေးပုံစံတစ်ခုဖြစ်၏။ မြေပုံများကို ကျောက်နှင့်သစ်သားတို့တွင်ထွင်းထုခဲ့ကြသည်; သဲ၊ စာရွက်နှင့် သားရေပုရပိုက်တို့တွင် ရေးဆွဲခဲ့ကြသည်; သားရေများနှင့် ပိတ်စတို့တွင် ရေးဆွဲခဲ့ကြသည်; နှင်းခဲတွင်ပင် ရေးမှတ်ခဲ့ကြသည်။
ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက ရှေးအကျဆုံးမြေပုံသည် ဘီ.စီ.အီး. ၂၃၀၀ ခန့်မှဖြစ်ကာ “တောင်ကြားချိုင့်ဝှမ်းရှိ မြေနေရာကိုဖော်ပြထားဖွယ်ရှိသည့် ဗာဗုလုန်မှရွှံ့စေးပြားငယ်တစ်ခု” ဟုဖော်ပြသည်။ ဗာဗုလုန်လူမျိုးများသည် အစောပိုင်းရပ်ရွာတိုးတက်ရေးဆောင်ရွက်မှုတွင် အလားတူမြို့ရိုးပုံများကို အသုံးပြုခဲ့ကြသည်။
သမ္မာကျမ်းစာက ဘီ.စီ.အီး ရှစ်ရာစုတွင် “မြေကြီးစက်အပေါ်မှာထိုင်” တော်မူသောဘုရားသခင်အကြောင်း ပြောဆိုခဲ့သကဲ့သို့ပင် ဒုတိယရာစုတွင် အလက်ဇန္ဒြီးယားမြို့မှ ဂရိပထဝီဝင်ပညာရှင်တော်လ်မီသည် ကမ္ဘာမြေကြီးလုံးဝန်းကြောင်းကိုသိရှိခဲ့သည်။ (ဟေရှာယ ၄၀:၂၂) အီကွီနော့စ်မဂ္ဂဇင်းအရ တော်လ်မီ၏ပုံများသည် “ကမ္ဘာ၏ယေဘုယျပုံသဏ္ဌာန်ကိုဖော်ပြရန်—သိပြီးသောကမ္ဘာ့ပုံသဏ္ဌာန်ကိုရေးဆွဲရန်—ပထမဆုံးမှတ်တမ်းထားသော ကြိုးပမ်းချက်များတွင်ပါဝင်သည်။”
တော်လ်မီ၏မြေပုံများကို ၁၄၀၀ ပြည့်လွန်နှစ်များနှောင်းပိုင်း၌ မြေပုံစာအုပ်တွင်ပုံနှိပ်မထုတ်ဝေမီအချိန်အထိ ယင်းပုံများကို လူသိနည်းခဲ့သည်။ နောက်ပိုင်းတွင် ယင်းပုံများသည် ကိုလံဘတ်စ်၊ ကာဘော့ထ်၊ မက်ဂဲလ္လန်၊ ဒရဲန့်ခ်နှင့် ဗက်စ်ပုချီအစရှိသည့် ရေကြောင်းသွားလာသူများအတွက် ပထဝီဝင်ဆိုင်ရာအချက်အလက်ရင်းမြစ်ဖြစ်လာခဲ့သည်။ ယနေ့တိုင် တော်လ်မီ၏ကမ္ဘာလုံးကဲ့သို့သော ကမ္ဘာ့မြေပုံသည် ခေတ်သစ်မြေပုံများနှင့်ဆင်တူသော်လည်း သူ၏မြေပုံတွင် ယူရေးရှားမြေသည် အရွယ်ပမာဏချဲ့ထားသည်။ ရီးဒါးဒိုင်ဂျက်စ်အတ္တလားစ်အော့ဖ်သည်ဝါးလ်ဒ်က ဤသို့ချဲ့ကားခြင်းသည် “ကိုလံဘတ်စ်အား အတ္တလန္တိတ်ကိုဖြတ်ကာထွက်စဉ် အာရှသို့ခရီးစဉ်အကွာကို လျှော့တွက်မိစေခဲ့သည်၊ ထို့ကြောင့် သူသည် ကြားတွင်ရှိသောကမ္ဘာသစ်ကို တွေ့ရှိခဲ့ကြောင်း မသိရှိဘဲဖြစ်ခဲ့သည်။” ၁၅၀၇ ခုနှစ်၌ ကမ္ဘာ့မြေပုံတစ်ခုတွင် အမေရိဂုဗက်စ်ပုချီကိုအမှီပြု၍ခေါ်တွင်သော အမေရိကခေါ် ကမ္ဘာသည်ထပ်တိုးခဲ့သည်။
သက္ကရာဇ် ၁၅၀၀ နှင့် ၁၇၀၀ ကြား ရှာဖွေတွေ့ရှိမှုခေတ်နောက်ပိုင်း ရေကြောင်းခရီးများသည် မြေပုံရေးဆွဲသူများကို ပို၍တိကျသောအချက်အလက်များရရှိစေခဲ့သည်။ သူတို့၏မြေပုံကားချပ်များ သို့မဟုတ် မြေပုံများသည် စစ်မဟာဗျူဟာမှတ်တမ်းများဖြစ်လာခဲ့ပြီး “နိုင်ငံတော်အင်အားကိရိယာများ” နှင့် “စစ်လက်နက်များ” အဖြစ်ဖော်ပြခဲ့ကြသည်။ မြေပုံရေးဆွဲသူများသည် လျှို့ဝှက်ထားရန်ကျိန်ဆိုခဲ့ကြပြီး တစ်သီးပုဂ္ဂလလုပ်ဆောင်ခဲ့ကြကာ သူတို့၏မြေပုံများအတွက် အသက်စွန့်ကာကွယ်ခဲ့ကြသည်။ ရန်သူတစ်ဦးသည် သင်္ဘောတစ်စီးပေါ်တက်လာလျှင် မြေပုံများကို အလေးဆွဲထားသောအိတ်ထဲတွင်ထည့်ကာ ရေထဲသို့ပစ်ချကြသည်။ နှစ်အတန်ကြာ တိုင်းနိုင်ငံများသည် ၎င်းတို့၏တရားဝင်မြေပုံများကို ဂရုတစိုက်စောင့်ရှောက်ခဲ့ကြပြီး စစ်ကာလအတွင်း ယင်းတို့ကို လူနည်းစုကသာကြည့်ခွင့်ရခဲ့ကြသည်။
နယ်မြေသစ်များ တွေ့ရှိကြသည်နှင့်အမျှ နယ်နိမိတ်ဟောင်းများကို ပြန်လည်သတ်မှတ်ရန်လိုအပ်လာခဲ့သည်။ ဒတ်ချ်လူမျိုးပထဝီပညာရှင် ဂါရာဒါးစ် မာဂါတာသည် ပထမဆုံးသိပ္ပံနည်းကျမြေပုံစာအုပ်ကိုရေးဆွဲခြင်းအားဖြင့် ယင်းလိုအပ်ချက်ကိုတုံ့ပြန်ခဲ့သည်။ သူ၏စာအုပ်တွင် မာဂါတာသည် ဒဏ္ဍာရီလာ ဘီလူးအတ္တလားစ်တိုင်တန်၏ပုံကိုအသုံးပြုခဲ့ရာ ထိုအချိန်မှစ၍ “အတ္တလားစ်” ဟူသောစကားလုံးကို မြေပုံပေါင်းချုပ်စာအုပ်အဖြစ်သုံးစွဲလာခဲ့သည်။
ခေတ်သစ်မြေပုံဆွဲပညာ
ပထဝီဆိုင်ရာဗဟုသုတတိုးပွားသည်နှင့်အမျှ မြေပုံအရည်အသွေးများတိုးတက်လာခဲ့သည်။ မြေပုံရေးဆွဲခြင်းနည်းပညာသစ်များသည် ဤတိုးတက်မှုတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည်။ ကနေဒီယံဂျီအိုဂရပ်ဖစ်က ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းအတွင်း မြေတိုင်းများ၏အလွန်ခက်ခဲသောတာဝန်ကို ဖော်ပြသည်– “မြင်း၊ ကနူးလှေ၊ ဖောင်၊ ခြေလျင် . . . တို့ဖြင့် ပူတစ်ခါအေးတစ်လှည့်ဖြတ်ကျော်ကာ မြို့များနှင့် ခြံမြေအိမ်ယာများ၊ သစ်တောများနှင့် လယ်ကွင်းများ၊ ရွှံ့ပေါသောလမ်းများနှင့် ပိုးမွှားပေါသောစိမ့်မြေများကို တိုင်းတာခဲ့ကြသည်။ အကွာအဝေးကိုတိုင်းတာရန် သံကြိုးများနှင့် ထောင့်များကိုတိုင်းရန် ထရန်စစ်ခေါ်မြေတိုင်းကိရိယာများကို အသုံးပြုခဲ့ကြရသည်။ သူတို့သည် ကြယ်နက္ခတ်များ . . . အားဖြင့် အမှတ်အသားများပြုလုပ်ခဲ့ကြပြီး ပင်လယ်ကမ်းရိုးတန်းရေအနက်များကိုတိုင်းတာခဲ့ကြသည်။”
၂၀ ရာစုတွင် မြေပုံရေးဆွဲခြင်းသည် စာသားအတိုင်း မိုးပေါ်ပျံတက်သွားသည်။ ကင်မရာများတပ်ဆင်ထားသောလေယာဉ်ပျံများဖြင့် လေကြောင်းဓာတ်ပုံများကိုစတင်ရိုက်ယူကြသည်။ တစ်ဖန် ၁၉၅၀ ပြည့်လွန်နှစ်များ၏ လှည့်ပတ်နေသောဂြိုဟ်တုများက မြေပုံရေးဆွဲခြင်းကို အာကာသခေတ်ဆီသို့ မောင်းနှင်တက်သွားကြသည်။ ၁၉၈၀ ပြည့်လွန်နှစ်များအကုန်ပိုင်းတွင် မြေပြင်မြေတိုင်းများသည် တစ်ကမ္ဘာလုံး၏ပထဝီဝင်တည်နေရာကို သတ်မှတ်ရန် လွန်ခဲ့သည့်နှစ်အနည်းငယ်က လနှင့်ချီ၍လုပ်ခဲ့ရသည့်အလုပ်ကို ကမ္ဘာတစ်ဝန်းရှိရုပ်သံဖမ်းစက်များဖြင့် တစ်နာရီအတွင်း လုပ်ဆောင်နိုင်ကြပြီ။
ယနေ့မြေပုံရေးဆွဲသူများသည် အီလက်ထရွန်းနစ်များ၏အကူအညီဖြင့် ရေးဆွဲကြသည်။ ကမ္ဘာပတ်လမ်းကြောင်းတွင်ရှိသောကိရိယာများကိုအသုံးပြုခြင်းဖြင့် သူတို့၏မြေပုံများကို ခေတ်နှင့်အညီဖြစ်စေကြကာ ကမ္ဘာပေါ်ရှိခေတ်မီဆန်းပြားသောကိရိယာများဖြင့် အားဖြည့်ပေးကြသည်။ အထူးစီမံထားသောဆော့ဖ်ဝဲပရိုဂရမ်များပါသည့် ကွန်ပျူတာဟတ်ဝဲသည် သတင်းအချက်အလက်များ၊ မြေပုံဆိုင်ရာနှင့် အခြားအချက်အလက်သန်းပေါင်းထောင်သောင်းချီ၍သိုမှီးထားနိုင်စေသည်။ ထို့ကြောင့် စိတ်ကြိုက်ပြုလုပ်ထားသောမြေပုံကို ဆူးချွန်ဖြင့်မျဉ်းကြောင်းသားရန်အချိန်ကုန်စရာမလိုဘဲ မိနစ်ပိုင်းအတွင်းပြီးစီးနိုင်သည်။
ပထဝီဝင်သတင်းအချက်အလက်စနစ် (ဂျီအိုင်အက်စ်) ဖြင့် သတင်းအချက်အလက်တိုင်းနီးပါးကို မြေပုံတစ်ခုပေါ်တွင် ဖော်ပြနိုင်သည်။ ဂျီအိုင်အက်စ်သည် ယာဉ်အသွားအလာကျပ်သည့်အချိန်တွင် ယာဉ်ကြောချောမောစေရန် လတ်တလောမြို့လမ်းပြမြေပုံတစ်ခုကို ထုတ်ပေးနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏အဝေးပြေးလမ်းများပေါ်တွင် သွားလာနေသော ကုန်တင်ကားများကို ခြေရာကောက်ညွှန်ကြားနိုင်ပြီး နို့စားနွားမွေးမြူရေးသမားများအတွက် ကောက်ရိုးထုတ်လုပ်မှုကိုပင် စီမံခန့်ခွဲပေးနိုင်သည်။
မြေပုံများ—အရှိကိုအရှိအတိုင်းဖော်ပြသလော
“မြေပုံတစ်ခုသည် မှားကောင်းမှားမည်ဖြစ်သော်လည်း ဘယ်တော့မျှရယ်စရာမဟုတ်ချေ” ဟုကဗျာဆရာ ဟိုးဝဒ် မက်ကောဒင်ကရေးသားခဲ့သည်။ ဥပမာ၊ စာရွက်တစ်ရွက်ပေါ်တွင် လက်ဖြင့်ဆွဲသောမြေပုံတစ်ပုံသည် သင့်လိုရာခရီးသို့ချိုးကွေ့သည့်လမ်းကို အတိအကျမဖော်ပြသည့်အခါ ရယ်စရာမဟုတ်ချေ။ မြေပုံအားလုံးသည်တိကျပြီး အရှိကိုအရှိအတိုင်းဖော်ပြဖို့ မျှော်လင့်တတ်ကြသည်။ သို့သော် ယင်းတို့အားလုံးသည် မတိကျသကဲ့သို့ အရှိကိုအရှိအတိုင်းလည်း မဖော်ပြချေ။
မော်ကွန်းတိုက်မှူးတစ်ဦးသည် ကနေဒါနိုင်ငံ ကွီဘက်ပြည်နယ်၏ ရောင်စုံနံရံကပ်မြေပုံတစ်ခုကိုရရှိခဲ့ရာ နောက်ပိုင်းတွင် ထင်ထင်ရှားရှားမှားယွင်းမှုဟုထင်ရသောအမှားတစ်ခုကိုတွေ့ရှိခဲ့ကြသည်။ “လက်ဗရာဒေါနယ်မြေအားလုံးသည် ကွီဘက်နယ်ထဲတွင် ပါနေသည်” ဟုသူကရှင်းပြခဲ့သည်။ “ဒီကိစ္စကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကိုထောက်ပြတဲ့အခါ ဒါဟာ သတိမမူမိတာမဟုတ်ဘဲ တမင်သက်သက်ကိုတလွဲဖော်ပြတာဖြစ်ရမယ်လို့ သူကပြောလို့ အံ့သြသွားခဲ့မိတယ်။” လက်ဗရာဒေါနယ်နှင့် ကွီဘက်နယ်တို့အား နယ်ခြားသတ်မှတ်လိုက်ခြင်းနှင့်ပတ်သက်သည့် ၁၉၂၇ ခုနှစ်ဆုံးဖြတ်ချက်ကို ကွီဘက်အနေဖြင့် မည်သို့မျှကျေနပ်ပုံမရရာ ဤမလိုလားအပ်သောအမှန်တည်ရှိသည့်နယ်ခြားကို မြေပုံက မဖော်ပြပေးချေ။
မော်ကွန်းတိုက်မှူး၏လုပ်ဖော်ဆောင်ဖက်က တမင်လိမ်လည်လှည့်ဖြားသော မြေပုံများဆိုင်ရာ နောက်ထပ်နမူနာများကို ထောက်ပြခဲ့သည်။ မော်ကွန်းတိုက်မှူးသည် နောက်ပိုင်းတွင် “လိမ်လည်လှည့်ဖြားသောမြေပုံများ” ခေါင်းစဉ်ဖြင့် ကနေဒီယန်ဂျီအိုဂရပ်ဖစ်တွင် ဆောင်းပါးရေးသားခဲ့ပြီး ယင်းစာအုပ်က “မြေပုံဆွဲပညာသည် ရှုထောင့်တစ်ခုခုကို ထောက်ခံဖို့ အလွယ်တကူအသုံးချခံရနိုင်” သည်ဟုအလေးပေးခဲ့သည်။ သူက ဤသို့ရေးသားခဲ့သည်– “မြေပုံများသည် အမှန်တကယ်ရှိသောအရာ၏သစ္စာရှိသောကိုယ်ပွားများဖြစ်ကြသည်ဟု ကျွန်ုပ်တို့အမြဲသွန်သင်ခံရသော်လည်း ဤမြေပုံများမူ အမှားများနှင့်ပြည့်နေသည်တကား!
၁၉၉၁ ခုနှစ်တွင် တိုရန်တိုမှ ကမ္ဘာလုံးနှင့်ချောစာသတင်းက ဆိုဗီယက်လက်အောက်ရှိ ကူရီလ်ကျွန်းကို မိမိနိုင်ငံကပိုင်ဆိုင်သည်ဟုဆိုသော ဂျပန်လူမျိုးအစိုးရကိုယ်စားလှယ်တစ်ဦးသည် အငြင်းပွားသောနယ်မြေကို ကွဲပြားသောအရောင်ခြယ်ပေးရန် [အမျိုးသားပထဝီဝင်အဖွဲ့အစည်း] အားတောင်းဆိုခဲ့သည်။ သူတို့သည် အရောင်ကို အဘယ်ကြောင့်ပြောင်းလိုကြသနည်း။ အမျိုးသားပထဝီဝင်မြေပုံရေးဆွဲရေးအကြီးအကဲ ဂျွန်ဂါဗာ ဂျေအာရ်. ကဤသို့ရှင်းပြသည်– “ဂျပန်နိုင်ငံသည် မြေပုံပေါ်တွင် အစိမ်းရောင်ဖြစ်သောကြောင့် သူတို့က အစိမ်းရောင်ပြောင်းလိုကြခြင်းဖြစ်သည်။”
ထို့ကြောင့် မြေပုံပေါ်ရှိအရောင်များကို ဆက်စပ်မှုတစ်ခုခုပြုရန် သို့မဟုတ် ထူးခြားသောအသွင်တစ်ခုကို အလေးပေးဖော်ပြရန် အသုံးပြုနိုင်သည်။ ဥပမာ၊ ၁၉၈၇ ခုနှစ်တွင် ကလွန်ဒိုက်မြစ်၏မြစ်လက်တက်တစ်လျှောက် ရွှေတွေ့ရှိခဲ့ကြရာ ရွှေရှာဖွေသူ ၁၀၀,၀၀၀ ခန့်တို့ စုပြုံတိုးဝှေ့ကြဖို့တွန်းအားပေးရာတွင် မြေပုံများသည့်အထူးအသုံးဝင်ခဲ့သည်။ မြေပုံထုတ်လုပ်သူများသည် ကြီးမားသောအောင်မြင်မှုအလားအလာကိုဖော်ပြရန် အလာစကာနှင့် ယူဂွန်ကို အဝါရင့်ရောင်ခြယ်ခဲ့ကြသည်။
အခြားသောရပ်တည်ချက်များသည် မြေပုံ၏အသွင်အပြင်ကို သိသိသာသာအကျိုးသက်ရောက်နိုင်ပေသည်။ ဥပမာ၊ ၁၉၈၂ ခုနှစ်တွင် “နည်းစနစ်သစ်မြေပုံ” ကိုထုတ်ဝေခဲ့ရာ မြေပုံထိပ်တွင် တောင်ကမ္ဘာလုံးခြမ်းကိုထားရှိခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ထိပ်တွင်ရှိနေခြင်းမှာ ကြီးမြတ်သည်၊ ဂုဏ်သိက္ခာရှိသည်ဟူသည့် သဘောဆောင်သောကြောင့် ထိုသို့သောမြေပုံသည် တောင်ကမ္ဘာလုံးခြင်းရှိ သာ၍ဆင်းရဲသော ကမ္ဘာ့နိုင်ငံများအပေါ်ကောင်းကျိုးသက်ရောက်မည်ဖြစ်သည်။
မြေပုံရေးဆွဲသူများအတွက် စိန်ခေါ်ချက်
မြေပုံရေးဆွဲသူတစ်ဦးသည် အမှန်ကိုဖော်ပြလိုသောအခါတွင်ပင် ပြင်ညီပေါ်တွင် မြေပုံတစ်ပုံဖြစ်ပေါ်လာစေရန် အခက်အခဲရှိသည်။ အကြောင်းမှာ စက်လုံးတစ်လုံး၏မျက်နှာပြင်ကို မျက်နှာပြင်ညီတွင်ရေးဆွဲခြင်းသည် အလွဲလွဲအချော်ချော်ဖြစ်တတ်သောကြောင့်ဖြစ်သည်။ နွှာထားသောလိမ္မော်သီးတစ်လုံး၏အခွံတစ်ခုလုံးကို ပြားသွားစေဖို့ကြိုးစားခြင်းနှင့်တူသည်။ တိုက်ကြီးများ၏ပုံသဏ္ဌာန်များသည် တိကျကောင်းတိကျမည်ဖြစ်သော်လည်း အရွယ်အစားများမူ အချိုးမကျဘဲဖြစ်နေတတ်သည်။ ထို့ကြောင့် ဂျွန်ဂါဗာဂျေအာရ်. ကဤသို့ဆိုသည်– “တစ်ခုတည်းသောတိကျသည့်မြေပုံမှာ ကမ္ဘာလုံးပုံဖြစ်သည်။” သို့သော် ကမ္ဘာလုံးပုံများကို သယ်ဆောင်ရန်ခက်သောကြောင့် ရောင်စုံကမ္ဘာမြေကားချပ်တစ်ချပ်သည် တန်ဖိုးထားခံရပြီး အကျိုးပြုသည်။
၁၉၈၈ ခုနှစ်တွင်၊ အမျိုးသားပထဝီလေ့လာရေးအဖွဲ့သည် ကမ္ဘာ့မြေပုံအသစ်တစ်ခုကိုထုတ်ဝေခဲ့သည်။ ဤအဖြစ်ကိုဖော်ပြရန် တိုင်းမ်စ်က မြေပုံရေးဆွဲသူများရင်ဆိုင်ရသည့် ပြဿနာကိုရှင်းပြခဲ့သည်– “မြေပုံပေါ်မှရုပ်ပုံများသည် တိုက်များနှင့်ပင်လယ်များ၏ တိကျသောပုံစံနှင့် တိကျသောသက်ဆိုင်ရာအရွယ်အစားများကို များသောအားဖြင့် မဖော်ပြချေ။” ၁၉၈၈ ခုနှစ်တွင် အမျိုးသားပထဝီဝင်အဖွဲ့အစည်းမှ ထုတ်ဝေသောကမ္ဘာ့မြေပုံနှင့် ယင်းအသင်းကထုတ်ဝေသော အစောပိုင်းထုတ်ကမ္ဘာ့မြေပုံများကိုနှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ယင်းအချက်ကို အလွယ်တကူသိရှိနိုင်သည်။
အဆိုပါမြေပုံများအကြီးအကျယ်ကွာခြားမှုများကိုဆွေးနွေးကာ တိုင်းမ်က ဤသို့ဆိုသည်– “[အမျိုးသားပထဝီဝင်အဖွဲ့အစည်းသည်] အဖွဲ့ဝင် ၁၁ သန်းကိုစေလွှတ်ကာရေးဆွဲသော ကမ္ဘာ့မြေပုံသစ်တွင် ဆိုဗီယက်ပြည်ထောင်စုသည် လွန်ခဲ့သောရာစုနှစ်တစ်ဝက်ခန့်က အမျိုးသားပထဝီဝင်အဖွဲ့အစည်းမြေပုံများတွင် ဖော်ပြထားသောနယ်မြေမှစတုရန်းမိုင် ၁၈ သန်းခန့်—နယ်မြေ၏သုံးပုံနှစ်ပုံထက်မက ပျောက်ဆုံးသွားခဲ့သည်။”
တော်လ်မီခေတ်အခါကတည်းက မြေပုံရေးဆွဲသူများသည် ကမ္ဘာ့ဒေသများ၏ သက်ဆိုင်ရာအရွယ်အစားများဖော်ပြရေးဆိုင်ရာ ပြဿနာနှင့်ရုန်းကန်ခဲ့ရသည်။ ဥပမာ၊ အမျိုးသားပထဝီဝင်အဖွဲ့အစည်းက ၆၆ နှစ်ကြာကြာ အသုံးပြုခဲ့သော တန်းဆွဲထားသောပုံတစ်ခုတွင် အလာစကာသည် တကယ့်အရွယ်ပမာဏ၏ ငါးဆရှိ၏! အလွဲလွဲအချော်ချော်ဖြစ်သော အဆိုပါပြဿနာများသည် ယူ.အက်စ်.မြေပုံရေးဆွဲသူများ၏အကြီးအမှူးအဖြစ် အများ၏ယူမှတ်ထားခြင်းခံရသော အာသာရိုဘင်ဆန်က ဤသို့ဆိုခဲ့ရကြောင်းကို သင်နားလည်ဖို့အကူအညီဖြစ်စေနိုင်သည်– “မြေပုံရေးဆွဲခြင်းသည် သိပ္ပံပညာကဲ့သို့သော ပညာရပ်တစ်ခုဖြစ်သည်။” ဂါဗာ၏အဆိုအရ ၁၉၈၈ ခုနှစ်တွင် နေရှင်နယ်ဂျီအိုကရက်ဖစ်အသင်းမှ ထုတ်ခဲ့သောမြေပုံသည် “ပထဝီဝင်ပညာရပ်နှင့် သဘာဝအလှလေ့လာသောပညာရပ်တို့” စပ်ကြားမျှတမှုအရှိဆုံးဖြစ်သည်။”
အဘယ်အနာဂတ်ရှိသနည်း
မြေပုံရေးဆွဲခြင်းတွင် လူများစွာသိထားသည်ထက်မကပါဝင်သည်မှာ ရှင်းနေသည်။ မြေကြီးနှင့်ပတ်သက်၍ အသိပညာပိုရှိလေ ပို၍တိကျသောမြေပုံရရှိနိုင်လေဖြစ်၏။ သို့တိုင် ထိုအသိပညာကို အလွယ်တကူမရရှိနိုင်ချေ။ ထိုကြောင့် လွန်ခဲ့သောနှစ်များစွာက စာရေးဆရာ လွိုက် အေ. ဘရောန်းက “လူတိုင်းသည် စိုးရွံ့မှုမရှိဘဲအိမ်နီးချင်းနိုင်ငံကမ်းခြေသို့ ရွက်လွင့်ပြီး မည်သည့်နိုင်ငံသို့မဆို ပစ်ခတ်ဟန့်တားမှုမရှိသွားလာနိုင်သည့်အချိန်တိုင်အောင် လူများစိတ်ကူးခဲ့ကြသော ကြီးမြတ်သည့်ကမ္ဘာ့မြေပုံများရရှိရန် ရာစုနှစ်များစွာစောင့်ဆိုင်းရဦးမည်။ တစ်နေ့သောအခါ ယင်းကိုပြီးမြောက်နိုင်ပေမည်။”
ဝမ်းသာစရာမှာ သမ္မာကျမ်းစာပရောဖက်ပြုချက်အရ နောက်ဆုံးတွင် ဘုရားသခင့်ခန့်အပ်ခံဘုရင်ယေရှုခရစ်အုပ်စိုးမှုအောက်တွင် ကမ္ဘာတစ်ခုလုံးစည်းလုံးလာပါလိမ့်မည်။ ကိုယ်တော်နှင့်ပတ်သက်၍ သမ္မာကျမ်းစာပရောဖက်ပြုချက်က ဤသို့ကြွေးကြော်သည်– “ပင်လယ်တစ်ပါးမှတစ်ပါးတိုင်အောင်လည်းကောင်း၊ မြစ်မှသည် မြေစွန်းတိုင်အောင်လည်းကောင်း အစိုးရတော်မူလိမ့်မည်။” (ဆာလံ ၇၂:၈) နယ်နိမိတ်ပဋိပက္ခများနှင့် နိုင်ငံရေးပြိုင်ဆိုင်မှုများ နောက်ဆုံးဖယ်ရှားခံရပြီး ပဋိပက္ခဖြစ်နေသောအမျိုးသားအာဏာများမရှိတော့သည့်အချိန်တွင် ပြည့်ဝစုံလင်သောကမ္ဘာ့မြေပုံကိုထုတ်ဖော်နိုင်ပေမည်။
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
တော်လ်မီနှင့် သူ၏ကမ္ဘာ့မြေပုံ
ဂါရာဒါးစ် မာကာတာ
[Credit Line]
တော်လ်မီနှင့် မာကာတာ– Culver Pictures; တော်လ်မီ၏ကမ္ဘာ့မြေပုံ– Gianni Dagli Orti/Corbis; ကမ္ဘာလုံး– Mountain High Maps® Copyright © 1997 Digital Wisdom, Inc.; စာမျက်နှာ ၁၆-၁၉ နောက်ခံ– The Complete Encyclopedia of Illustration/J. G. Heck